◾ ကိုဗစ် – ၁၉ ကပ်ဘေး နှင့် စီးပွားရေးကျဆင်းမှုလှိုင်း ၂ လှိုင်းကို တုံ့ပြန်ခြင်း

ကိုဗစ်-၁၉ ကူးစက်ရောဂါလှိုင်းကြီးသည် တကမ္ဘာလုံးကို တစ်လုံးပြီးတစ်လုံး ရိုက်ခတ်နေသကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့်လည်း ပထမလှိုင်း၊ဒုတိယလှိုင်း အစရှိသဖြင့်ခေါ်ဝေါပြောဆိုနေခြင်းဖြစ်သည်။ တကယ်တော့ ကိုဗစ်-၁၉ လှိုင်းသည် တပြိုင်နက်တည်း လှိုင်းလုံး၂လုံးဖြင့် ကမ္ဘာကိုရိုက်ခတ်နေသကဲ့သို့ဖြစ်သည်။ ပထမတစ်လုံးက ကူးစက်ရောဂါလှိုင်းလုံးဖြစ်ပြီး ဒုတိယတစ်လုံးကတော့ စီးပွားရေးကျဆင်းမှုလှိုင်းလုံးဖြစ်သည်။ ပညာရှင်များက တော့ Curve လို့ခေါ်ကြသည်။ ပညာရှင်များက ကိုဗစ်-၁၉လှိုင်းလုံး၂လုံး၏ ရိုက်ခတ်မှု လှိုင်းအမြင့်ပေ အမြင့် ဆုံးသို့ မတက်နိုင်ရန် ထိုမျဉ်းကွေး သို့မဟုတ် Curves များကို ပြားသွားအောင်လုပ်ရမည်ဟုဆိုကြသည်။ Flattening the Covid-19 Curve; Flattening the Economic Recession Curve အစရှိသဖြင့် ရေးသားနေ ကြသည်။ ထိုမျဉ်းကွေး၂ခုကို ပိပြားသွားအောင် မလုပ်နိုင်လျှင် ကမ္ဘာကြီးပိုခံစားရလိမ့်မည်ဟုဆိုကြသည်။


သို့သော်လည်း တစ်ခုနှင့်တစ်ခုက ပြောင်းပြန်အချိုးကျသလို ဖြစ်နေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိသည့် ပြည် သူများ၏ ကျန်းမာရေးနှင့် ယင်းတို့၏ စားဝတ်နေရေး ဖူလုံမှုအပါအဝင် စီးပွားရေးတို့သည် ပြောင်းပြန်အချိုးကျ ဖြစ်နေသည်။ တစ်ခုကို ပြားအောင်ဖိလျှင် တစ်ခုကထောင်လာမည်ကဲ့သို့ဖြစ်နေသည်။ ထိုလှိုင်းလုံး၂လုံး၏ လှိုင်း ထိပ်ကို တပြိုင်နက်တည်း ပြားအောင်ဖိရန်လိုနေသည်။ ထိုသို့လုပ်နိုင်မှ နိုင်ငံများရှိ ပြည်သူများသည် ကျန်းမာ ရေးလုံခြုံမှုနှင့် စီးပွားရေးလုံခြုံမှုကို တပြိုင်နက်တည်း ခံစားရနိုင်မည်ဖြစ်သည်။ ယင်းလုံခြုံမှု ၂ခုသည် အပြန်အ လှန် အမှီသဟဲပြုလျက်လည်းရှိသည်။ ကျန်းမာရေးမကောင်းလျှင် အလုပ်မလုပ်နိုင်ဖြစ်မည်။ ထိုအခါ စီးပွားရေး လည်းမကောင်းဖြစ်မည်။ ကျန်းမာရေးကောင်းပြီး စီးပွားရေးမကောင်း၊ အလုပ်အကိုင်မရှိလျှင် ကြာလာလျှင် ကျန်းမာရေးလည်းထိခိုက်လာမည်။ အလုပ်မရှိ၊ ဝင်ငွေမရှိသဖြင့် လုံလောက်သည့် စားနပ်ရိက္ခာ မဝယ်နိုင်သဖြင့် ငတ်မွတ်ခေါင်းပါးခြင်း၊ အဟာရချို့တဲ့ခြင်း၊ စိတ်ဓါတ်ကျဆင်းခြင်း အစရှိသည့် ကျန်းမာရေးဆိုင်ရာ ပြသနာများ ပေါ်ပေါက်လာနိုင်သည်။ ရေရှည်တွင် လူမှုရေး၊ ၊ နိုင်ငံရေး၊ လူမှုရေးပြသနာများကြီးထွားလာမည်ဖြစ်သည်။


◾ကိုဗစ်ကူးစက်လှိုင်းနှင့် စီးပွားရေးကျဆင်းမှုလှိုင်း

Source: Pierre Olivier Gourinchas (2020)


ကူးစက်ခံရသူ အရေအတွက်များလာပြီး ကျန်းမာရေးဋ္ဌာနများ၏ ပေးအပ်နိုင်သည့် ဝန်ဆောင်မှုအင်အား (ဆရာ ဝန်၊သူနာပြု၊ကုတင်၊ အသက်ရှုစက်၊ဆေးဝါး)ကိုကျော်လွန်သွားပြီဆိုလျှင် နိုင်ငံများအနေဖြင့် အခြားနည်းရွေးစ ရာမရှိ။ လော့ဒ်ဒေါင်းလို့ခေါ်သည့် တရုတ်အစိုးရ၏ ကိုဗစ်-၁၉ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိရာနှင့် ဗဟိုချက်ဖြစ်သည့် လူဦးရေ၁၁သန်းရှိသည့် ဝူဟန်မြို့ အပါအဝင် ဟူဘေးပြည်နယ်ရှိ မြို့ကြီးများကို ဇန်နဝါရီလ၂၃ရက်နေ့မှစတင်၍ လော့ဒ်ဒေါင်း (အခြားပြည်နယ်များရှိ မြို့များတွင်လည်း အသွားအလာကန့်သတ်မှုများပြုလုပ်)ဟုခေါ်သည့် တစ်မြို့လုံးရှိပြည်သူများအား မိမိတို့၏ နေအိမ်များတွင်သာနေရန် (အရေးပေါ်ကိစ္စမှလွှဲ၍ ပြင်ပသို့ထွက်ခွင့်မပြု) ကူးစက်ခံရသူများနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေဖေါ်ထုတ်၍ quarantineဟုခေါ်သည့် သတ်မှတ်နေရာများတွင် ကန့်သတ်ထားခြင်း၊ ကျောင်းများ၊ရုပ်ရှင်ရုံများ၊ ဘတ်စ်ကား၊ရထား၊လေယာဉ် အသွားအလာများအားလုံးကို ပိတ်ဆို့ခြင်းပြုလုပ်ကြရသည်။ ထိုသို့ပြုလုပ်မှသာ ကိုဗစ်-၁၉ကူးစက်ခံရမှုနှုန်းနှင့် အရေအတွက်သည် ပေးအပ် နိုင်သည့် ကျန်းမာရေးဝန်ဆောင်မှုအင်အား (အစက်မျဉ်း၏အောက်)သို့ အပြာရောင်မျဉ်းကွေးအတိုင်း ကျဆင်း သွားမည်။ ထိုသို့မဟုတ်ဘဲ ကူးစက်မှုအရေအတွက် အနည်းငယ်သာရှိသေးသည့် အခြေအနေတွင်တော့ Mitigation Strategy ဟုခေါ်သည့် ရောဂါကူးစက်မှုနှုန်းကို ကျဆင်းသွားရန် လူစုလူဝေးများ မပြုလုပ်ရန်၊ လူတစ်ဦးနှင့်တစ်ဦး ၆ပေခွဲနေထိုင်ကျရန်၊ အပြင်ထွက်လျှင် နှာခေါင်းစီးတပ်ဆင်ရန်၊ မကြာခဏလက်ဆေးရန်နှင့် ကူးစက်ခံရသည်ဟုယူဆသူများကို ရှာဖွေဖေါ်ထုတ် စစ်ဆေးပြီး သီးသန့်ထားခြင်း၊ သတ်မှတ်ဆေးရုံများ၌ ကုသပေးခြင်း၊ ယင်းတို့နှင့်ထိတွေ့ခဲ့သူများကို သီးခြားကန့်သတ်ထားခြင်း (identify, test, isolate, treatment, trace, quarantine) တို့ပြုလုပ်နိုင်သည်။ ပထမနည်းလမ်းကို ကူးစက်ရောဂါနှိမ်နင်းရေး ကျွမ်းကျင်သူများက Suppression Strategyဟုလည်းခေါ်သည်။ အီတလီ၊စပိန်၊ဗြိတိန်၊မလေး၊စင်ကာပူ(လက်ရှိအချိန်)တို့လည်း ပထမနည်းလမ်းကို ကူးစက်ခံရသူအရေအတွက် ထိုးတက်သွားသဖြင့် ရွေးချယ်လုပ်ဆောင်ကြရသည်။


Imperial College London တက္ကသိုလ်မှ Covid-19 Response Team၏ မတ်လ၂၆ရက်နေ့ နေ့စွဲဖြင့် ထုတ်ဝေခဲ့သည့် “Report 12: The Global Impact of COVID-19 and Strategies for Mitigation and Suppression” ၏ တွက်ချက်မှု modelingအရ မြန်မာနိုင်ငံတါင် Mitigation Strategy သုံးလျှင် သေဆုံးမှုထက်ဝက်ခန့်လျှော့ချသွားမည်ဖြစ်သော်လည်း ကျန်းမာရေး ယန္တရား ပြိုလဲသွားနိုင်သည်။ လူနာပေါင်း ၉သိန်းကျော်ကို ၃လ-၆လအတွင်း လက်ခံကုသပေးရန် ဆေးရုံကုတင်၊ ဆရာဝန်၊ သူနာပြုနှင့် ဆေးပစ္စည်းများ မလုံလောက်နိုင်။ ထို့ကြောင့် ယင်းစာတမ်း၌ ရေးသားသူပညာရှင်များက လက်ရှိမှာလည်း နိုင်ငံအများအပြားတွင် ကျင့်သုံးနေရသည့် Suppression Strategy ကို အသုံးချရန် နိုင်ငံ အားလုံးကို အကြံပြုထားသည်။ တတ်နိုင်သမျှ အစောဆုံး ထိုမဟာဗျူဟာကို အသုံးပြုရန် တိုက်တွန်းထားသည်။


ထိုသို့ Suppression Strategy ကိုရွေးချယ်ရလျှင် အကျိုးဆက်များအဖြင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးရိုက် ခတ်မှုများကို ၃မျိုးခွဲခြားသတ်မှတ်နိုင်သည်ဟု စီးပွားရေးပညာရှင် Richard Baldwinနှင့် Beatrice Weder Di Mauro တို့က ယင်းတို့တည်းဖြတ်ပြီး မကြာခင်က ထုတ်ဝေခဲ့သည့် “Mitigating the COVID Economic Crisis: Act Fast and Do Whatever It Takes” စာအုပ်၏ နိဒါန်းအခန်း၌ ရှင်းလင်းတင်ပြထားသည်။ ယင်း၃မျိုးမှာ
၁) နာမကျန်းသူများ အလုပ်မလုပ်နိုင်သဖြင့် ကုန်ထုတ်စွမ်းအား ကျဆင်းလာခြင်း (medical shock)၂) လော့ဒ်ဒေါင်းကဲ့သို့ တားမြစ်ကန့်သတ်ရမှုများကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်လာရခြင်း (economic impact of containment measures)၃) ရှေ့အလားအလာများကို တင်ကြိုမှန်းဆ၍ ဖြစ်ပေါ်လာသည့် စိုးရိမ်ပူပန်မှုများကြောင့် အသုံးအစွဲ၊ အသွား အလာများနှင့် ရင်းနှီးမြှုပ်နှံမှုများ လျှော့နည်းလာခြင်း (expectation shock)
ယင်းတို့က ၂၀၀၈ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ငွေရေးကြေးရေး အကျပ်အတည်းအချိန်ကကဲ့သို့ပင် စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများသည် သုံးစွဲမှုများကို ရပ်တံ့ထားလိုက်ကြပြီး အားလုံးသည် စောင့်ကြည့်အုံးမည်ဆိုသည့် စိတ်ဖြစ်နေကြသည် “As in the Global Crisis of 2008-09, the COVID-19 crisis has consumers and firms all around the world putting off spending; they are in wait-and-see mode” ဟုဆိုသည်။ ယခုအကြိမ် ကြုံတွေ့ရမည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု (global recession)သည် ၂၀၀၈ခုနှစ်ကထက် ပိုမိုဆိုးဝါးမည်ဖြစ်သလို၊ ၁၉၃၀ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ် (global depression)လိုပင် ကမ္ဘာလုံး ဆိုင်ရာ စီးပွားကျဆင်းမှုသည် အချိန်ကြာမြင့်နိုင်သလို ကျဆင်းမှုသည်လည်း ပြင်းထန်နိုင်သည်ဟု ပညာရှင်များ ကသုံးသပ်နေကြသည်။ ကိုဗစ်-၁၉ကြောင့်ဖြစ်ပေါ်လာနေသည့် စီးပွားရေးကျဆင်းမှုသည် ကုန်ထုတ်လုပ်ငန်း များ၏ ဗဟိုချက်များမှ ထုတ်လုပ်မှုများပြတ်တောက်ခြင်း (supply shock)ကိုဖြစ်ပေါ်စေသလို၊ စားသုံးသူများ စီးပွားရေးလုပ်ငန်းများ၏ သုံးစွဲမှုများလျှော့ချနေခြင်းကြောင့် ဝယ်လိုအားများလျှော့နည်းလာခြင်း (demand shock)ကိုလည်းဖြစ်စေသည်။ ယခုတခါ ကျဆင်းမှုသည် ၂၀၀၈ခုနှစ်ကကဲ့သို့ ငွေရေးကြေးရေးကဏ္ဍတွင် ဖြစ် ပေါ်ခြင်းမဟုတ်ဘဲ real economy ဟုခေါ်သည့် အမှန်တကယ် ထုတ်လုပ်၊သယ်ပို့၊ ရောင်းဝယ်ဖေါက်ကားနေ သည့်ဈေးကွက်များအတွင်း ဖြစ်ပေါ်ခြင်းကြောင့် နိုင်ငံတကာအသိုက်အဝန်း၏ ပူးပေါင်းဖြေရှင်းခြင်းမရှိပါက အလွန်ဆိုးဝါးသွားနိုင်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။


လက်ရှိအချိန် တကမ္ဘာလုံးကြုံတွေ့နေရသည်မှာ ကိုဗစ်-၁၉ကပ်ရောဂါနှင့် စီးပွားရေးကျဆင်းမှုဖြစ်သည်ဟု ပါမောက္ခ Pierre Olivier Gourinchas ကသူ၏ “Flattening the Pandemic & Recession Curves” စာတမ်း တွင်ရေးသားထားသည်။ ထို၂ခုကြောင့် လူတစ်ဦးခြင်းစီ၏ ကျိုးကြောင်းညီညွှတ်သည့် လုပ်ဆောင်မှုများကြောင့် လူ့အဖွဲ့အစည်းတစ်ခုလုံးတွင် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာရသည်။ “Economists will recognize that the problem in both cases-infection and recession-there are externalities: actions that are individually perfectly sensible, but collectively harmful”. ကပ်ရောဂါကြောင့် လူတစ်ဦးခြင်းစီသည် ကူး စက်မခံရစေရန် အိမ်တွင်နေခြင်း၊ အသွားအလာမလုပ်ခြင်း၊ ရှေ့စီးပွားရေးအလားအလာများကို မျှော်တွေး၍ အသုံးအစွဲများကို လျှော့ပေါ့ခြင်းပြုလုပ်သည်။ ဘေးထွက်ဆိုးကျိုးမှာတော့ ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ် ငန်းများ၊ တက္ကစီများ၊ စားသောက်ဆိုင်များ၊ ကာရာအိုကေများ အများစုဝင်ငွေထိုးကျသွားပြီး အလုပ်သမားများ အား အလုပ်ဖြုတ်ရခြင်း၊ ထပ်မံရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်များကို ဖျက်သိမ်းရခြင်းတို့ပြုလုပ်ရသည်။ ထိုအခါ အလုပ်ပြုတ်သွားသည့် အလုပ်သမားများမှာလည်း ဝင်ငွေမရှိတော့သဖြင့် ယခင်ကကဲ့သို့ မသုံးနိုင်တော့ချေ။ ထို အခါ ဘေးထွက်ဆိုးကျိုးအဖြင့် ယင်းတို့ဝယ်ယူသုံးစွဲနေလေ့ရှိသည့် လုပ်ငန်းများလည်း အရောင်းအဝယ်များမဖြစ် တော့ဘဲ ဝင်ငွေထိုးကျသွားခြင်းဖြစ်သည်။ ထိုအခါ ထပ်ဆင့်၍ ယင်းတို့၏ အလုပ်သမားများကို အလုပ်ဖြုတ်ပစ် ရခြင်းမျိုးလုပ်ရပြန်သည်။ ဝန်ဆောင်မှုလုပ်ငန်းများတွင်သာမကဘဲ ကုန်ထုတ်လုပ်ငန်းများလည်း ထိုနည်းတူပင် ဖြစ်သည်။ နောက်ဆက်တွဲအားဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများအား ချေးငွေထုတ်ပေးထား ခဲ့သည့် ဘဏ်များ၊ငွေရေးကြေးရေးအဖွဲ့များလည်း ထိုလုပ်ငန်းများ ချေးငွေနှင့်အတိုးမပေးနိုင်တော့သဖြင့် non-performing loans ဟုခေါ်သည့် ချေးငွေဆိုးများ ကြွေးဆုံးများပိုများလာမည်။ ထိုအခါဘဏ်လုပ်ငန်းများမှာ လည်း ချေးငွေများထပ်မချေးနိုင်တော့သဖြင့် ဘဏ်ချေးငွေများကို မီခိုနေရသည့် အသေးစားအလတ်စား လုပ် ငန်းများမှာလည်း ချေးငွေထပ်မရသဖြင့် လိုအပ်သည့်ပစ္စည်းများ၊ ကုန်ကြမ်းများမဝယ်နိုင်။ လုပ်ငန်းများရပ်ဆိုင်း ခြင်းအစရှိသည့် စီးပွားရေးနှင့် ဘဏ္ဍာငွေကြေးကဏ္ဍများအားလုံးတွင် ကြီးမားသည့် စီးပွားရေးကျဆင်းမှုဖြင့် ကြုံတွေ့ရတော့မည်။ ယခုပင် အမေရိကန်နှင့် ဥရောပနိုင်ငံများ၊ တရုတ်နိုင်ငံတို့ ကြုံတွေ့နေရပြီးဖြစ်သည်။ ထို့အ တွက်ကြောင့် အောက်တွင်ဖေါ်ပြထားသည့် စီးပွားရေးကျဆင်းမှု မျဉ်းကွေး(curve)ကိုလည်း ပိပြားသွားအောင် အနီလိုင်းမှအပြာလိုင်းအတွင်းသို့ရောက်အောင် အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် လိုသည်ဟု စီးပွားရေးပညာရှင်များက တိုက်တွန်းလျက်ရှိသည်။


◾ စီးပွားရေးကျဆင်းမှုမျဉ်းကွေးကို မည်သို့ပိပြားအောင်လုပ်မည်နည်း။

ကိုဗစ်-၁၉ကူးစက်မှုကိုကာကွယ်တားဆီးရန် ကုန်ထုတ်လုပ်ငန်း၅၀ရာခိုင်နှုန်း ပထမလတွင် လော့ဒ်ဒေါင်းလုပ်ခံ ပြီး နောက်၂လဆက်တိုက် ကုန်ထုတ်လုပ်ငန်း၂၅ရာခိုင်နှုန်း လော့ဒ်ဒေါင်းအလုပ်ခံရလျှင် ထိုနိုင်ငံ၏ ဂျီဒီပီ ၁၀ ရာခိုင်နှုန်း ယမန်နှစ်ကထက် ကျသွားနိုင်သည်ဟု Pierre Olivier Gourinchas ကသူ၏စာတမ်းတွင် သုံးသပ်ပြ ထားသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ကလည်း ၂၀၂၀ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ သည် ယခင်နှစ်ကထက် အနှုတ်၃ရာခိုင်နှုန်းပြနိုင်သည်ဟု ခန့်မှန်းထားသည်။


ထိုကဲ့သို့ကြီးမားသည့် စီးပွားရေးကျဆင်းမှု ပမာဏကို တုန့်ပြန်ရန် ဖွံ့ဖြိုးပြီးနိုင်ငံအစိုးရများအနေဖြင့် ဘဏ္ဍာရေးမူ ဝါဒအရ ဘတ်ဂျက်အသုံးစရိတ်များကို ကျဆင်းမှုနှုန်းနှင့် တူညီသည့်အတိုင်းအတာဖြင့် တုန့်ပြန်ရန်လိုသည်ဟု ပညာရှင်များက သုံးသပ်ကြသည်။ ဗြိတိန်နိုင်ငံက stimulus package အဖြင့် အမေရိကန်ဒေါ်လာ ၃၉ဘီလီယံ သုံးစွဲမည်ဟု ကြေငြာသည်။ ထိုပမာဏသည် ဗြိတိန်နိုင်ငံ ဂျီဒီပီ၏ ၁.၅ရာခိုင်နှုန်းသာရှိသည်။ စီးပွားရေးကျဆင်း မှုသည် ဂျီဒီပီ၏ ၁၀ရာခိုင်နှုန်းရှိလျှင် စီးပွားရေးကျဆင်းမှုကို တုန့်ပြန်သည့်အစီအစဉ်များအတွက်လည်း ဂျီဒီပီ ၁၀ရာခိုင်နှုန်းသုံးသင့်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။


“Mitigating the COVID Economic Crisis: Act Fast and Do Whatever It Takes”စာအုပ်တွင်ရေးသားကြ သည့် ကမ္ဘာကျော် စီးပွားရေးပညာရှင်များသည် ၎င်းတို့၏စာတမ်းများတွင် စာအုပ်ခေါင်းစဉ်အတိုင်းပင် အစိုးရ များ၊ နိုင်ငံတကာအဖွဲ့အစည်းများကို အထက်ဖေါ်ပြပါ မျဉ်းကွေး၂ကြောင်း (သို့) ကိုဗစ်-၁၉လှိုင်းနှင့် စီးပွားရေးကျ ဆင်းမှုလှိုင်း၂ခု၏ မျဉ်းကွေးများပိပြားသွားစေရန် အချိန်မီ အလျင်အမြင်တုန့်ပြန်ရန်နှင့် မည်သို့ပင်တုန့်ပြန်ရစေ ကာမူ တုန့်ပြန်ရန်တိုက်တွန်းထားကြသည်။ ထိုလှိုင်းလုံး၂လုံးသည် ကြီးမားလွန်းသည့်အတွက် သမရိုးကျနည်း ဖြင့်ဖြေရှင်း၍မရနိုင်။
ထိုစာအုပ်ထဲတွင် ရေးသားကြသည့် စီးပွားရေးပညာရှင်များက အစိုးရများသည် ပထမ ကိုဗစ်-၁၉ကာကွယ်တား ဆီးကုသမှုအတွက် အသုံးစရိတ်များကို မြှင့်တင်ရန်အကြံပြုကြသည်။ နိုင်ငံများ၏ လက်ရှိကျန်းမာရေးစနစ် စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် ဆေးရုံသစ် (တည်ဆောက်နိုင်လျှင်)၊ ဆေးခန်းများ၊ ဓါတ်ခွဲခန်းများ၊ ကိုဗစ်-၁၉ရောဂါရှိမရှိ စစ်ဆေးသည့်စက်များနှင့်စစ်ဆေးသည့်ပစ္စည်းများ၊ လိုအပ်သည့် ပီပီအီး (personal protective equipment)၊ ventilatorsများ၊ ဆေးရုံသုံးကုတင်များ၊ ဆေးရုံသုံး နှာခေါင်းစည်းများ ထုတ်လုပ်ဝယ်ယူရန်အတွက် အသုံးစရိတ်များမြှင့်တင်ရန်အကြံပြုသည်။ ဆရာဝန်၊ သူနာပြုများ ထပ်မံခန့်အပ်နိုင် လျှင် ခန့်အပ်ရန်နှင့် လက်ရှိ ရှေ့တန်းတိုက်စစ်မှူးများဖြစ်ကြသည့် ဆရာဝန်၊သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များအတွက် လစာနှင့် အခြားခံစားခွင့်များတိုးမြှင့်သတ်မှတ်ပေးရန် အကြံပြုကြသည်။

ဒုတိယအနေဖြင့် အလုပ်သမားများ အလုပ်ဆက်လက်ရှိနေရန် (သို့) ယင်းတို့လက်ရှိလစာအတိုင်း ဆက်လက် ဝင်ငွေရှိနေရန် နိုင်ငံတော်မှပံ့ပိုးပေးရန်၊ စီးပွားရေးလုပ်ငန်းအများစု ဒေဝါလီမခံရဘဲ ဆက်လက်ရပ်တည်နိုင်စေ ရန် လိုအပ်သည့် ချေးငွေ၊ အခွန်လျှော့ပေါ့ခြင်း၊ ပြန်လည်ပေးသွင်းရမည့် ချေးငွေများကို ရပ်ဆိုင်းပေးထားခြင်းနှင့် တိုက်ရိုက် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတော်မှ အထောက်အပံ့များပေးခြင်းနှင့် စီးပွားရေးပြသနာသည် ငွေရေး ကြေးရေးကဏ္ဍတွင် ထပ်ဆင့်အကျပ်အတည်းမဖြစ်စေရန် ဘဏ်များနှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများကို လိုအပ်သည့် အထောက်အပံ့များပေးအပ်ရန် အကြံပြုထားကြသည်။


သမ္မတအိုဘားမား၏ စီးပွားရေးကောင်စီတွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး လက်ရှိဟားဗတ်တက္ကသိုလ်မှ ပါမော က္ခ Jason Furmanက အစိုးရများသည် ကိုဗစ်-၁၉ကာလ မူဝါဒချမှတ်ရာ၌ အဟန့်အတား၃ခုရှိသည်။ ၎င်းတို့မှာ မသေချာမရေရာမှု (uncertainty)၊ အချိန်အရေးကြီးခြင်း (time)နှင့် အစိုးရ၏စွမ်းဆောင်ရည် (capacity)တို့ဖြစ် ကြသည်။ ထိုကဲ့သို့သော အကန့်အသတ်၃ခုရှိနေသည့်အတွက် မူဝါဒချမှတ်ရာတွင် အကျိုးသက်ရောက်မှု ၆ခုရှိသည်ဟု Jason Furman ကရေးသားထားသည်။ ယင်းတို့မှာ-


၁) အစိုးရအထောက်အပံ့များ၏ ပမာဏကြီးမားခြင်းသည် နည်းခြင်းထက် ပိုကောင်း၏ (better to do too much rather than too little)၂) တတ်နိုင်သမျှ လက်ရှိအစိုးရပေးအပ်နေသည့် အစိုးရအထောက်အပံ့ လမ်းကြောင်းများကို အသုံးပြုပါ (use existing mechanisms as much as possible)၃) လိုအပ်သည့်နေရာများတွင် အထောက်အပံ့ပေးအပ်သည့် အစီအစဉ်သစ်များ ရေးဆွဲချမှတ်ပါ (invent new programmes where necessary)၄) ပုံစံတစ်မျိုးတည်းမဟုတ်ဘဲ ပုံစံအမျိုးမျိုးဖြင့် မူဝါဒဆိုင်ရာတုန့်ပြန်မှုများကို ဆောင်ရွက်၍ ထောက်ပံ့မှုပေး အပ်ရန် ဦးတည်အုပ်စုများတွင် မပါဝင်သူများ အထောက်အပံ့ရရှိသွားခြင်းနှင့် ရပြီးသူများ ထပ်မံရရှိခြင်းကို မစိုးရိမ်ရန် (diversify and do not fear duplication and unintended winners in the response)၅) ပုဂ္ဂလိကကဏ္ဍကို တတ်နိုင်သမျှ ထည့်သွင်းအသုံးပြုရန် (enlist the private sector as much as possible)၆) အစိုးရ၏ မူဝါဒဆိုင်ရာ တုန့်ပြန်မှုများသည် ထိရောက်ပြီး လိုအပ်နေချိန်တွင် လိုအပ်သည့်ပမာဏကို တိုးချဲ့၍ ရေရှည်ပေးအပ်နိုင်ရမည် (ensure response is dynamic and persistent)ထိုကဲ့သို့သော အကန့်အသတ်များ၊ ယင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် မူဝါဒဆိုင်ရာ သက်ရောက်မှုများကြောင့် မူဝါဒဆိုင်ရာ တုန့်ပြန်မှုများသည် မည်သို့ဖြစ်သင့်သနည်းဆိုသည်ကို Jason Furman ကအောက်ပါအတိုင်း အ ကြံပြုထားသည်။


၁) ကျန်းမာရေးကဏ္ဍတွင် လိုသလောက်သုံးစွဲရန် (spare no expense on health)၂) လက်ရှိပေးအပ်နေသည့် လူမှုဖူလုံရေး အထောက်အပံ့လမ်းကြောင်းများကို အသုံးချ၍ ဦးတည်အုပ်စု ပစ်မှတ်ထား၍ အထောက်အပံ့များ ပေးအပ်သွားရန် (targeted assistance using existing mechanisms)၃) အိမ်ထောင်စုများအား ငွေကြေးထောက်ပံ့မှု ပေးအပ်ရန် (cash assistance to households)၄) စီးပွားရေးလုပ်ငန်းများအား ထောက်ပံ့ကူညီရန် (assistance to businesses)

အထက်ပါအကြံပြုချက်များသည် ချမ်းသာသည့် ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် အဓိကရည်ညွှန်းခြင်းဖြစ်သည်။ ဝင်ငွေ အလယ်အလတ်အဆင့်ရှိနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် (အထူးသဖြင့် ကြွေးပိနေသည့်နိုင်ငံများ) နိုင်ငံတကာ ငွေ ကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)၊ ကမ္ဘာ့ဘဏ်တို့မှဦးဆောင်၍ ချမ်းသာသည့်နိုင်ငံများမှ အကြွေးရှင်များအနေ ဖြင့် ယင်းတို့၏ ချေးငွေများကို ဆိုင်းငံ့ထားရန် သို့မဟုတ် ချေးငွေများအား ရှော်ပစ်ရန် အကြံပြုကြသည်။ အစိုးရ ချေးငွေများနှင့် ပုဂ္ဂလိကချေးငွေများ၂မျိုးစလုံးကို ဆိုင်းငံ့ထားရန် သို့မဟုတ် ရှော်ပစ်ရန် တိုက်တွန်းထားသည်။ ပါရီကလပ်အဖွဲ့ဝင်မဟုတ်သည့် တရုတ်နိုင်ငံကိုလည်း ယင်း၏ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ပေးအပ်ထားသည့် ချေးငွေ များအတွက် အလားတူတိုက်တွန်းထားသည်။


◾ အစိုးရများ လိုအပ်သည့် ဘဏ္ဍာငွေကြေး မည်သို့ရှာဖွေမည်နည်း

လူ့အဖွဲ့အစည်းအပေါ် လူတန်းစားခွဲခြားမှုမရှိဘဲ ကျရောက်လာသည့် ကိုဗစ်-၁၉ကူးစက်ရောဂါ ကပ်ဘေးကြီကို တုန့်ပြန်ရာတွင် အစိုးရများသည် မိမိတို့နိုင်ငံတွင်းရှိ အယုတ်အလတ်အမြတ်မရွေးဘဲ အထောက်အပံ့များပေးအပ် ရမည်ဆိုလျှင် ဘဏ္ဍာငွေကြေး အမြောက်အမြား လိုအပ်မည်ဖြစ်သည်။အဓိက ဗဟိုဘဏ်များမှ ငွေစက္ကူများရိုက်ထုတ်၍ အစိုးရများ၏ လိုငွေများကို ထောက်ပံ့ပေးရန်၊ အစိုးရများ၏ ငွေတိုက်စာချုပ်များကို ဗဟိုဘဏ်မှဝယ်ယူခြင်းဖြင့် ကိုဗစ်-၁၉အတွက် အစိုးရများလိုအပ်နေသည့် ဘဏ္ဍာငွေ ကြေးကို ဗဟိုဘဏ်များမှ ဖန်တီးပေးရန်ဖြစ်သည်။ လက်ရှိနိုင်ငံတကာ၌ အတိုးနှုန်းများ အင်မတန်နိမ့်ဆင်းနေ သည့် အခြေအနေတွင် အစိုးရများအနေဖြင့် လိုငွေပြမှုကို စိုးရိမ်စရာမလိုဟု သုံးသပ်ကြသည်။ စီးပွားရေး နိုဘယ် ဆုရှင် Paul Krugman ကသူ၏စာတမ်း၌ အမေရိကန်အစိုးရအနေဖြင့် perpetual deficit ထာဝရ လိုငွေပြသုံး စွဲရန်၊ ဂျီဒီပီ၏၂ရာခိုင်နှုန်း လိုငွေပြဘတ်ဂျက်ရေးဆွဲပြီး သုံးစွဲရန်အကြံပြုထားသည်။ သူဋ္ဌေးကြီး George Soros ကလည်း perpetual bonds လိုအမည်ပေးထားသည့် အတိုးသာပေးရန်လိုပြီး အရင်းပြန်ဆပ်ရန် မလိုသည့် ငွေတိုက်စာချုပ်များ ဥရောပသမဂ္ဂအနေဖြင့် ထုတ်၍သုံးစွဲရန် (အမေရိကန်ဒေါ်လာ၁.၁ထွီလီယံတန်ဖိုးရှိ) အကြံပြုထားသည် ။ အတိုးနှုန်းက အင်မတန်နိမ့်သဖြင့် ဥရောပသမဂ္ဂအနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံသာ အတိုးပေးရန်လိုပြီး လက်ရှိ ဥရောပသမဂ္ဂ ၂၀၂၀ခုနှစ်ဘတ်ဂျက်၏ ၃ရာခိုင်နှုန်းသာရှိသဖြင့် စိုးရိမ် စရာမရှိဟု ယင်း၏ဆောင်းပါး “The EU Should Issue Perpetual Bonds” တွင်သုံးသပ်ပြထားသည်။ တနည်း အားဖြင့်ဆိုလျှင် ကမ္ဘာပေါ်၌ အပေါဆုံးက ငွေဖြစ်ပြီး အရှားဆုံးက အမှန်တကယ် အများပြည်သူနှင့် စီးပွားရေး လုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများ၊ အလုပ်အကိုင်များ ရှားပါးနေခြင်းဖြစ်သည်။


မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း ကိုဗစ်-၁၉ကပ်ဘေးကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွားရိုက်ခတ်မှုများ သက်သာစေရန် အစီအစဉ်များချမှတ်လုပ်ဆောင်နေသည်ကိုတွေ့ရသည်။ မကြာခင်က ကျန်းမာရေးကဏ္ဍတွင် လိုအပ်နေသည့် ကိုဗစ်-၁၉ကာကွယ်တာဆီးကုသရေးလုပ်ငန်းများတွင်သုံးစွဲရန် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း၅၀ချေးငွေရယူခဲ့သည်။ အလားတူ ဥရောပသမဂ္ဂကလည်း ကိုဗစ်-၁၉ကြောင့် ထိခိုက်နစ်နာသွား သည့် အထည်ချုပ်လုပ်ငန်းများမှ အမျိုးသမီး အလုပ်သမားများအား ပံ့ပိုးကူညီရန် ယူရိုငွေ၅သန်း မေလ၁ရက်နေ့ မှစတင်ပေးအပ်သွားမည်ဖြစ်သည်။ အလားတူ ဧပြီလ သင်္ကြန်မတိုင်မီကလည်း နိုင်ငံတော်မှ အခြေခံလူတန်း စားများအတွက် ဆန်၊ဆီ၊ကြက်သွန် အစရှိသည့်စားကုန်များ ထောက်ပံ့မှုပြုခဲ့သည်။ ပြည်သူများ ကိုဗစ်-၁၉ကူးစက်ခြင်းမခံရစေရန် အိမ်တွင်နေရန် အစိုးရမှ လျှပ်စစ်မီတာခများကို ယူနစ်၁၅၀ထိ အခမဲ့ခွင့်ပြုခြင်း၊ အခြားလည်း အတိုးနှုန်းများ လျှော့ချခြင်း၊ပေးသွင်းရမည့် အခွန်အခများ ရပ်ဆိုင်းထားခြင်း၊ ထိခိုက်နစ်နာ သွားသည့် ခရီးသွားလုပ်ငန်းများအတွက် ချေးငွေများထုတ်ပေးရန် စီစဉ်နေခြင်းတို့ကို ကြားသိနေရသည်။
သို့သော်လည်း ထိုအထောက်အပံ့ အစီအစဉ်များသည် လုံလောက်လားဆိုသည်ကို တိုင်းပြည်၏ လူမှုစီးပွား အခြေအနေမျာကို လျင်မြန်စွာသုံးသပ်၍ ဆုံးဖြတ်ရတော့မည်ဖြစ်သည်။ အိမ်နီးချင်း ထိုင်း၊မလေး၊စင်ကာပူ၊ ဟောင်ကောင်တို့၏ တုန့်ပြန်မှုအသုံးစရိတ်များနှင့် နှိုင်းယှဉ်လျှင် လက်ရှိတုန့်ပြန်မှုသည် မလုံလောက်ဟု ယူဆ ရသည်။

Source: Baldwin & Beatrice (2020)

ယခုအခါဆိုလျှင် ပြည်ပတွင် တရားဝင်၊တရားမဝင် အလုပ်လုပ်နေကြသည့် ရွေ့ပြောင်းအလုပ်သမား ၄သန်းခန့် သည် ယင်းတို့လုပ်ကိုင်နေသည့် တိုင်းပြည်များတွင် စီးပွားရေးကျဆင်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားသဖြင့် မြန်မာနိုင်ငံသို့ အသီးသီး ပြန်လည်ဝင်ရောက်နေကြသည်။ ၎င်းတို့အပေါ်မှီခိုနေသည့် မိသားစုပေါင်းသန်းချီ၏ စားဝတ်နေရေး အခြေအနေများသည် အလွန်ဆိုးဝါးသွားနိုင်သည်။ ထိုပြန်ပမှပြန်လာသူများနှင့် ၎င်းတို့မိသားစု များအတွက် မည်သို့သော အလုပ်အကိုင်များ၊ အထောက်အပံ့ အစီအစဉ်များ ဖန်တီးပေးမည်ဆိုသည်မှာ အထူး အရေးကြီးလာသည်။ တချိန်တည်းမှာပင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပြိုလဲမသွားအောင် တတ်နိုင်သမျှ မည်သို့ ပံ့ပိုးထားမည်နည်း၊ ပြိုလဲသွားပါက ယင်းလုပ်ငန်းများမှ အလုပ်သမားများကို မည်သို့ထောက်ပံ့ကူညီ သွားမည်နည်းဆိုသည်မှာလည်း ထည့်သွင်းစဉ်းစားထားရန် လိုအပ်လာသည်။ ဆင်းရဲသားအခြေခံလူတန်းစား များအတွက် အချိန်သည်အင်မတန်အရေးကြီးသည်။ ဝင်ငွေမရှိဘဲ တစ်လရပ်တည်ရန် အလွန်ခက်ခဲလိမ့်မည်။ ပြည်သူ့အရေးဂျာနယ်တွင် သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက လူမှုဖူလုံရေး အသက်ကယ်စနစ်မရှိသဖြင့် နိုင်ငံတော်မှ ဒေါ်လာဘီလီယံများစွာ မဆိုင်းမတွထုတ်သုံးရန် စဉ်းစားသင့်ပြီဟု တိုက်တွန်းထားသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အထောက်အပံ့ အစီစဉ်များကို အရှိန်အဟုန်တိုးမြှင့်၍ နိုင်ငံတကာတွင် လက်ရှိချမှတ်ဆောင်ရွက်နေသည်များကို နှိုင်းယှဉ်ချင့်ချိန် ဆောင်ရွက်သွားရန် တိုက်တွန်းလိုက်ရပါသည်။


ခိုင်ဝင်း

၂၅ ၊ ဧပြီ ၊ ၂၀၂၀ ။


စကားချပ် ။။ ဤ ဆောင်းပါးကို ဖော်ပြပါ၊ ပုံများနှင့် တွဲ၍ ဖတ်ရှုပါ။ PDF ဖြင့် ဖတ်ရှုလျှင် ပို၍ အဆင်ပြေနိုင်ပါလိမ့်မည်ဟု ယူဆမိပါသည်။ ထို့ကြောင့် PDF Download link ဖြင့် သိမ်းဆည်းဖတ်ရှုနိုင်ပါသည်။


PDF Download Link >>>

http://www.mediafire.com/file/jqlvauismhtejyl/Covid_19_Pandemic_by_Khine_Win.pdf/file?fbclid=IwAR19B7UeuunaiRwUT_GAIdgqcWTs1QmwGoO6ZxLo-DAT0ESz0J61Fh4HEgw