ကိုဗစ်-၁၉ ဘယ်လိုခုခံကာကွယ်မည်နည်း

ယနေ့ထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူပေါင်း ၈၅ဦးရှိသွားပြီဖြစ်သည်။ အများစုမှ နိုင်ငံခြား သားများ၊ နိုင်ငံခြားမှပြန်လာသူများထံမှ ကူးစက်ခံရခြင်းဖြစ်သော်လည်း အချို့မှာတော့ ခရီးသွားရာဇဝင်မရှိ၊ နိုင်ငံခြားသားများ (သို့) နိုင်ငံခြားပြန်များဖြင့်လည်း ထိတွေ့ခဲ့မှု မရှိခဲ့သူများဖြစ်သည်။ ပြည်တွင်းနေသူ အချင်း ချင်းကြား ပျံ့နှံ့မှု (Local Transmission) စတင်ပြီဟုဆိုနိုင်သည်။ ထို့အတွက် ပိုမိုသတိထားရတော့မည်။


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါပိုးစတင်တွေ့ရှိသည့် အချိန်သည် တရုတ်နိုင်ငံ ဟူဗေးပြည်နယ် ဝူဟန်မြို့တွင် စတင်တွေ့ရှိ ဖြစ်ပွားခဲ့သည့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလနှင့် အခြား ဥရောပနိုင်ငံများ၊ အမေရိကန်နိုင်ငံတို့ဖြင့် နှိုင်းယှဉ်လျှင် အချိန် ၂-၃လခန့် နောက်ကျသဖြင့် ယင်းနိုင်ငံများ၏ အတွေ့အကြုံများ၊ သင်ခန်းစာများကို ရယူ အသုံးချနိုင်သလို၊ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုကို ယခုအချိန်ထိ အောင်မြင်စွာ ထိန်းချုပ်ထားနိုင်သည့် ဒေသ တွင်းနိုင်ငံများဖြစ်သည့် တိုင်ဝမ်၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်တို့နှင့် အိန္ဒိယနိုင်ငံ ကီရယ်လာ ပြည်နယ်အစိုးရအဖွဲ့များ၏ ထိန်းချုပ်ရေးလုပ်ကိုင်ဆောင်ရွက်ချက်များကို မိမိနိုင်ငံ၏ ပကတိအခြေအနေများဖြင့် ကိုက်ညီစွာ အသုံးချနိုင်ပါသည်။
ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ရာတွင် အချိန်သည် အထူးအရေးကြီးသည်။ စောစီးစွာ ထိန်းချုပ်ရေး ဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို ချမှတ်လုပ်ဆောင်သည့် နိုင်ငံများသည် အောင်မြင်စွာ ထိန်းချုပ်နိုင်သလို နိုင်ငံတနိုင်ငံလုံးကိုလည်း ပိတ်ဆို့ထားခြင်း lock-down လည်းလုပ်စရာမလိုသည်ကိုတွေ့ရသည်။

ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ရာတွင် အောင်မြင်စွာလုပ်ဆောင်နိုင်သည့် နိုင်ငံများ၏ လုပ်ဆောင်ချက်များမှ အရေးပါသည့် သင်ခန်းစာယူသင့်သည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။


၁) အချိန်သည် အင်မတန်အရေးကြီးသည်။ စောနိုင်သမျှ စောစီးစွာ နယ်စပ်နှင့်ပြည်ဝင်ခွင့် ထိန်းချုပ်မှုများကို ပြု လုပ်သည့်နိုင်ငံများသည် ထိန်းချုပ်နိုင်သည်ကိုတွေ့ရသည်။ အမေရိကန်နိုင်ငံသည် နောက်ကျခဲ့သဖြင့် နယူးယောက်ပြည်နယ်တွင် အသေအပျောက်များခဲ့ရသည်။ အထူးသတိပြုရမည်မှာ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ၏ ဝန်နှင့်အား မျှတစေရေးဖြစ်သည်။ နယူးယောက်တိုင်းမ် သတင်းစာကြီးပါ သတင်းဆောင်းပါးတစ်စောင်အရ အမေရိကန်ပြည် ထောင်စုတွင် ၁၈လအတွင်း လူသန်းပေါင်း၁၀၀ ကူးစက်ခံရခြင်းနှင့် ၁၈ပတ်အတွင်း ကူးစက်ခံရမှု၏အထူးကွာခြားချက်ကို ဖေါ်ပြထားသည်။ ၁၈လအတွင်း လူသန်း၁၀၀ကိုကူးစက်ခြင်းက လူနာအများဆုံးဆေးရုံများသို့တက်ရောက်ကုသချိန်၌ လိုအပ်မည့် အသက်ရှုစက် (ventilators)အရေအတွက်သည် ၁၈ပတ်အတွင်း လူသန်းပေါင်း၁၀၀ကူးစက်ခံရပါက လိုအပ်မည့် အသက်ရှုစက် (ventilators) အရေအတွက်ထက် များစွာကွာခြားသွားမည်ဖြစ်သဖြင့် ၁၈ပတ်အတွင်း လူသန်းပေါင်း၁၀၀ကုစက်ခံရပါက အခြားရောဂါဝေဒနာရှင်များအတွက်ပါ အသက်ရှုစက် (ventilators) မလုံလောက်ဖြစ်ပြီး ကိုဗစ်-၁၉ မကူးစက်ခံရသူအများအပြားပါ သေဆုံးနိုင်သည်။ Collateral damage ဟုဆိုနိုင်သည်။
၂) Identification, Tracing and testing ကူးစက်ခံရသူ (သို့) ကူးစက်နေပြီဟု သံသယရှိသူများကို ဖေါ်ထုတ်ခြင်း၊ ယင်းတို့နှင့်ထိတွေ့သူများကို ရှာဖွေဖေါ်ထုတ်ခြင်းနှင့် ရောဂါရှိမရှိဆေးစစ်ခြင်းသည် အင်မတန် အဓိကကျသည့်လုပ်ဆောင်ချက်များဖြစ်သည်။ ယင်းတို့နှင့်ဆက်စပ်ပြီး သံသယရှိသူများနှင့် ထိတွေ့ခဲ့သူများအား သီးခြားခွဲထားခြင်း quarantineသည်လည်း အထူးလုပ်ဆောင်ရမည့်ကိစ္စဖြစ်သည်။
၃) Social distancing/physical distancing သည် ထိရောက်သည့် ကာကွယ်ရေးနည်းလမ်းတစ်ခုဖြစ်သည်။ အထူးသဖြင့် မျက်နှာဖုံး maskများကို မဝတ်ဆင်မနေရ ပြဋ္ဌာန်းခြင်း (သို့) ဝတ်ဆင်သည့် နိုင်ငံများတွင် ကူးစက် မှုနည်းသည်ကိုတွေ့ရသည်။ မျက်နှာဖုံး maskများ ဝတ်ဆင်ခြင်းနှင့်အတူ လက်အိပ်စွတ်ခြင်း၊ လက်ဆေးခြင်း၊ ပိုးသတ်ခြင်းများကို ပြည်သူများလိုက်နာဆောင်ရွက်ရန် တိုက်တွန်းခြင်း၊ အမိန့်အာဏာဖြင့်ခိုင်းစေခြင်းနှင့် ပံ့ပိုးပေးခြင်းတို့ဖြစ်သည်။ လူစုလူဝေး ပွဲလမ်းသဘင်များအား တားမြစ်ခြင်းနှင့် ထိရောက်စွာ အရေးယူခြင်း။
၄) မျက်နှာဖုံး၊ လက်အိတ်၊ ဆပ်ပြာ၊ ပိုးသတ်ဆေး၊ ပီပီအီးဝတ်စုံများအပါအဝင် ကျန်းမာရေးဝန်ထမ်းများအား အကာအကွယ်ပေးသည့် ပစ္စည်းများ လုံလောက်စွာ ဖြန့်ဝေနိုင်မှု
၅) Lock-down ကို ထိရောက်စွာဆောင်ရွက်ခြင်းနှင့် မြို့လုံးကျွတ် Lock-downနှင့် အပိုင်းလိုက် မြို့နယ်အလိုက် ရပ်ကွက်အလိုက် Lock-down
၆) Quarantine နှင့် Lock-down များပြုလုပ်ရာတွင် (မြို့လုံးကျွတ် (သို့) နယ်မြေအလိုက်) လိုအပ်သည့် အထောက်အပံ့များကို အစိုးရမှ ထိရောက်စွာ ပေးဝေနိုင်မှု

တိုင်ဝမ်အစိုးရ၏ လုပ်ဆောင်ချက်များ (Taiwan’s List of Actions)

တိုင်ဝမ်အစိုးရသည် ၂၀၀၃ခုနှစ် SARS (Severe Acute Respiratory Syndrome) ဖြစ်ပြီးနောက်ပိုင်းထဲကစ၍ National Health Command Center (NHCC) အမျိုးသား ကျန်းမာရေးကွဲကဲမှုဗဟိုဋ္ဌာနကိုတည်ထောင်ခဲ့ပြီး ယင်းအောက်တွင် Central Epidemic Command Center ကပ်ရောဂါထိန်းချုပ်ကွပ်ကဲရေး ဗဟိုဋ္ဌာနကိုလည်း ဖွဲ့စည်းထားခဲ့သည်။ ဇန်နဝါရီလမှစတင်၍ ထိုကပ်ရောဂါထိန်းချုပ်ကွပ်ကဲရေး ဗဟိုဋ္ဌာနကို စတင်အလုပ်လုပ်စေ ခဲ့သည်။ ယင်းဗဟိုဋ္ဌာနမှ လုပ်ဆောင်ချက် ၁၂၄ချက်ကိုဆောင်ရွက်ခဲ့သည်။ ယင်းလုပ်ဆောင်ချက်များကို အုပ်စု အမျိုးအစား ၃ခုခွဲခြားထားသည်။ ၎င်းတို့မှာ-


၁- နယ်စပ်ဝင်ပေါက်များ ထိန်းချုပ်ရေး၊ ခရီးသွားလာမှု ကန့်သတ်ချက်များနှင့် ရောဂါပိုးရှိသူ ရှာဖွေဖေါ်ထုတ်ခြင်း (Actions on Border Control, Travel Restrictions and Case Finding)
၂- အရင်းအမြစ်များ ခွဲဝေမှုနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များ (Actions on Resource Distribution)
၃- သတင်းအချက်အလက် ဖြန့်ဝေမှုနှင့် နိုင်ငံရေး (Actions on Communication and Politics) တို့ဖြစ်သည်။


နံပါတ်၁အုပ်စုတွင်ပါဝင်သည့် မူဝါဒဆိုင်ရာ လုပ်ဆောင်ချက်များမှာ ဝူဟန်မြို့မှလာသည့် လေယာဉ်များပေါ်သို့ ဒီဇင်ဘာ၃၁ရက်နေ့တွင် ခရီးသည်များအား ဆင်းခွင့်မပေးဘဲ တိုင်ဝမ်အာဏာပိုင်များမှ လေယာဉ်ပေါ်၌ ဖျားနာ သူများ ပါမပါကို တက်ရောက် စစ်ဆေးခြင်း၊ အဖျားတိုင်းခြင်း။ ဝူဟန်မြို့ကိုသွားရောက်မည့် ခရီးသည်များကို သတိပေးသည့်အနေဖြင့် မြို့အဆင့်ကို-၂ (၁မှ၃ရှိ) သတ်မှတ်ခြင်းနှင့် ထိုမှတဆင့် အန္တရာယ်ရှိသည့်အဆင့်-၃ သတ်မှတ်ခြင်း။ ဝူဟန်မြို့မှလာရောက်မည့် ုတိုင်ဝမ် ပြည်ဝင်ခွင့်ဗီဇာ ရရှိပြီးသည့် ခရီးသွား ၄၀၀ကျော်၏ ပြည်ဝင် ခွင့်ဗီဇာများကို ပယ်ဖျက်၍ တိုင်ဝမ်နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်မပြုခြင်းတို့ပါဝင်သည်။ ထို့ပြင် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မည့် ခရီးသွားလုပ်ငန်းများ၏ ခရီးစဉ်များကို ပိတ်ပင်ခြင်းတို့ကိုပြုလုပ်သလို၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံများမှ ပြန်လာသူများကို ၁၄ရက် အိမ်မှာနေခိုင်းခြင်းနှင့် ချိုးဖေါက်ပါက ငွေဒဏ်ရိုက်ခြင်း တို့ကိုလည်းပြုလုပ်သည်။ ငွေဒဏ် အမေရိကန်ဒေါ်လာ ၅၀၀၀မှ ၁၀၀၀၀ထိ အိမ်မှာနေရန်ကန့်သတ်ထားမှုအား ချိုးဖေါက်ပါက ရိုက်မည်ဖြစ်သည်။


နံပါတ်၂အုပ်စုတွင် မျက်နှာဖုံးများကို အစိုးရမှဖြန့်ဝေပေးမည့် လက်လီဆိုင်များကို သတ်မှတ်ဈေးဖြင့် ရောင်းချ ခိုင်းခြင်း၊ ခရီးသွားလုပ်ငန်းများ အေးဂျင့်များဖြင့် ပူးပေါင်း၍ quarantine ကန့်သတ်ခြင်းကို တိုးမြှင့်လုပ်ဆောင် ခြင်း၊ နေ့စဉ် မျက်နှာဖုံး၄သန်းကို ပြည်တွင်းထုတ်လုပ်သူများကို ထုတ်လုပ်ခိုင်းခြင်းနှင့် ပြည်ပတင်ပို့မှုကို ဆိုင်းငံ့ ခြင်း၊ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများကို ဈေးတင်ရောင်းချပါက အရေးယူခြင်း ဒဏ်ရိုက်ခြင်း၊ အစိုးရပိုင် နေရာဋ္ဌာန များကို စောင့်ကြည့်သူများအား ထားရှိသည့်နေရာများအဖြင့် ပြောင်းလဲခြင်းတို့ပါဝင်သည်။


နံပါတ်၃အုပ်စုတွင်တော့ သတင်းမှားဖြန့်ဝေသူများကို တိုင်ဝမ်ငွေ ၃သန်း (အမေရိကန်ဒေါ်လာ ၁၀၀၀၀)ထိ ဒဏ်ငွေရိုက်ခြင်း၊ တိုင်ဝမ် အထူးစုံစမ်းစစ်ဆေးရေးဋ္ဌာနမှ သတင်းမှားဖြန့်ဝေသူ၆ဦးကို စုံစမ်းဖေါ်ထုတ်ခြင်း၊ ဆောင်းရာသီ ကျောင်းပိတ်ရက်များကို ထပ်တိုးမြှင့်သတ်မှတ်ခြင်း၊ ပညာရေးဝန်ကြီးဋ္ဌာနမှ ကျောင်းသားတစ်ဦး သည် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရ၍ ကျောင်းပျက်ကွက်ပါက ယင်းကို ကျောင်းသား၏ အတန်းတက်ရောက်မှု အချိန်စာရင်းတွင် မထည့်သွင်းခြင်း၊ ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနမှ ဘတ်စ်ကားများ၊ ရထားများအား သန့်ရှင်းရေးပြု လုပ်ခြင်းနှင့်ပတ်သက်ပြီး ညွှန်ကြားချက်ထုတ်ပြန်ခြင်း အစရှိသည်တို့ပါဝင်သည်။


တိုင်ဝမ်အစိုးရ၏ လုပ်ဆောင်ချက်များကို လေ့လာကြည့်လျှင် အာဏာနှင့်မက်လုံးပေးခြင်း၊ သတင်းအချက်အ လက်မှန်ပေးအပ်ခြင်း (သို့) မူဝါဒဆိုင်ရာကိရိယာများမှ အာဏာ (authority)၊ ဘဏ္ဍာငွေကြေး အခွန်အခသုံးစွဲ မှု (tax incentives/disincentives)နှင့် သတင်းအချက်အလက် (information)တို့ကိုထိရောက်စွာ အသုံးချ သည်ကိုတွေ့ရသည်။


အခြားအောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံတွင်လည်း ကူးစက်ခံရသူများနှင့် ၎င်းတို့နှင့် ထိ တွေ့ခဲ့သူများကို ဖေါ်ထုတ်ခြင်း၊ ကန့်သတ်နေရာများတွင်ထားရှိခြင်းနှင့် လူအများအပြားကို ကျယ်ပြန့်စွာ အလွယ် တကူ ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်မှုကို ပြုလုပ်ပေးခဲ့သည်ကိုတွေ့ရသည်။ ထို့ပြင် တောင်ကိုရီးယားနိုင်ငံ တွင် မျက်နှာဖုံးများကို လူအများအပြား ကျယ်ပြန့်စွာ ဝတ်ဆင်၍သွားလာခြင်းသည်လည်း ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ရာတွင် များစွာအထောက်အကူဖြစ်ခဲ့သည်။ စင်ကာပူနိုင်ငံသည် ပြည်ပမှပြန်ဝင်လာသူများမှ ရောဂါပိုး ကူးစက်မှုအများဆုံးဖြစ်ရာမှ မျက်နှာဖုံးဝတ်ဆင်ခြင်းကို မမြှင့်တင်ခဲ့သဖြင့် ပြည်တွင်းနေသူအချင်းချင်းကြား ကူးစက်မှုများ ဘော်ဒါဆောင်များတွင် အများဆုံးဖြစ်ပွားခဲ့သည်ကိုတွေ့ရသည်။ ထို့အတွက်ကြောင့် မျက်နှာဖုံး ဝတ်ဆင်ခြင်းကို အပြင်ထွက်ပါက မဝတ်မနေရ (mandatory) ဖြစ်သင့်သည်။ ယင်းနိုင်ငံများ၏ အားသာချက်မှာ နည်းပညာကို ကောင်းစွာအသုံးချ၍ ကူးစက်သူများဖြင့် ထိတွေ့သူများကို ခြေရာခံခြင်း၊ ကန့်သတ်စောင့်ကြည့် နိုင်ခြင်းတို့ဖြစ်သည်။

အသွားအလာ ကန့်သတ်ခံထားရသူများကိုလည်း အဆိုပါနိုင်ငံများတွင် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကို လည်း ကျွမ်းကျင်သူ စိတ်ကျန်းမာရေးဝန်ထမ်းများက ပေးအပ်သည်ကိုလည်းတွေ့ရသည်။

မြန်မာနိုင်ငံအနေ အခြေအနေနှင့် ဆက်လက်လုပ်ဆောင်ရန်များ

မြန်မာနိုင်ငံ၌ ပြီးခဲ့သည် ဧပြီလ၁၄ရက်နေ့ထိ
ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ အတည်ပြုလူနာ ၇၄ဦးရှိနေပြီဖြစ် သည်။ အရေအတွက်မှာ နည်းသည်ဟုဆိုနိုင်သော်လည်း စိုးရိမ်စရာလည်းဖြစ်လာသည်။ အမေရိကန်ပြည် ထောင်စုတွင် မတ်လ၃ရက်နေ့ထိ ကူးစက်ခံရသူ ၁၀၇ဦးနှင့် သေဆုံးသူ၆ဦးသာရှိသော်လည်း ၁လအတွင်း အဆပေါင်းများစွာမြင့်တက်သွား၍ ယခုဆိုလျှင် လူပေါင်း၂သောင်းကျော် သေဆုံးသွားပြီဖြစ်သည်။ ပြည်ထောင် စု ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဋ္ဌာနနှင့် လက်အောက်ခံဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများက အတတ် နိုင်ဆုံး ကြိုးစား၍ ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ထိန်းချုပ်နေလေသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရများကလည်းတတ်နိုင်သမျှ ဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါသည်။


သို့သော် ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုကို ခုခံကာကွယ်ရာတွင် အထက်၌ဖေါ်ပြခဲ့သလို အချိန်နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့များ၏ လုပ်ဆောင်ချက်များက အဓိကကျသဖြင့် အောက်ပါအချက်များကို ပြည်ထောင်စုအစိုးရနှင့် ကူးစက်မှု၏ ဗဟိုချက်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့အနေဖြင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည်ဟု ထင်မြင်မိပါသည်။


၁) မြန်မာနိုင်ငံ၏ လက်ရှိကျန်းမာရေးစနစ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ဆောင်မှုနေရာ များဖြစ်သည့် ဆေးရုံများ၏ ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ကုသပေးနိုင်သည့် အင်အား (ဥပမာ ကုတင်အရေအ တွက်၊ ဆရာဝန်အရေအတွက်) ကိုထုတ်ပြန်ပြီး ယင်အင်အားနှင့် ကုစက်မှုများပါလာက ပေးအပ်ရမည့် ဝန်ထုတ် တို့မမျှကြောင်းကို ပြည်သူကိုတင်ပြသင့်သည်။ ကိုဗစ်-၁၉ရောဂါသည် ကူးစက်ခံရသူအားလုံး၏ ၂၀ရာခိုင်နှုန်း ခန့်သာ ဆေးရုံတွင် တက်ရောက်ကုသရန်လိုအပ်သည်ဟု သုတေသနလေ့လာချက်များအရသိရသည်။ ထိုအထဲ မှ ၅ရာခိုင်နှုန်းခန့်သည် အထူးကြပ်မတ်ဆောင်များတွင် Ventilatorsများဖြင့် ကုသပေးရန်လိုအပ်သည်။ အထူး သဖြင့် သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါအခံရှိသူများသည် အန္တရာယ်အများဆုံးဖြစ်သည်။ ထိုသို့ တွက်ချက်မှုများကို ပြည်သူလူထု သိရှိပါက ၎င်းတို့၏သတိထားမှုများလည်း ပိုမိုမြင့်တက်လာနိုင်သည်။
၂) ဆက်စပ်ပြီးလည်း ရောဂါပိုးရှိသူများကို ဖေါ်ထုတ်စစ်ဆေးခြင်း၊ ထိတွေ့ခဲ့သူများကို ဖေါ်ထုတ်၍ သီးခြားကန့် သတ်ထားခြင်းပြုလုပ်ရာတွင်လည်း quarantine centers ထားရှိသည့်နေရာများ၏ အရေအတွက်တို့ကိုဖေါ်ပြ၍ ထပ်မံ တိုးချဲ့ရန်စီစဉ်နေသည့် တက္ကသိုလ်များကဲ့သို့ နေရာများမှ ထပ်တိုးအရေအတွက်ကိုပါ တွက်ချက်ပေးသင့် ပါသည်။


၃) ရန်ကုန်မြို့ကို ဝူဟန်မြို့ကဲ့သို့ လုံးဝပိတ်ဆို့ချရန် မလွယ်ကူ။ ထို့အတွက်ကြောင့် ရောဂါကာကွယ်ရေးလုပ်ငန်း များတွင် အထိရောက်ဆုံးဖြစ်သည့် မျက်နှာဖုံးဝတ်ဆင်ခြင်း (mask wearing) ကို အပြင်ထွက်သူတိုင်း ဝတ်ဆင် ရမည်ဟု အမိန့်ထုတ်သင့်သည်။ လက်ရှိ ကြားသိနေရသည်မှာ ဆင်ခြေဖုံးရပ်ကွက်များတွင် သင်္ကြန်ကာလ အပြင်မထွက်ရန် တားမြစ်ထားသော်လည်း အများစုမှာ သွားလာလျက်ရှိပြီး မျက်နှာဖုံးများကိုလည်း အများစု မဝတ်ဆင်ကြဟုသိရသည်။ ဒေသတွင်းနိုင်ငံများ၏ အတွေ့အကြုံအရ မျက်နှာဖုံးဝတ်ဆင်ခြင်းသည် အင်မတန် ထိရောက်သည်ကို တွေ့ရသည်။


၄) Quarantine ကိုမလိုက်နာလျှင် မည်သို့အရေးယူမည်၊ လူစုလူဝေး ပြုလုပ်လျှင် မည်သို့အရေးယူမည်၊ အပြင် ထွက်လျှင် မျက်နှာဖုံး Mask မဝတ်ဆင်ပါက မည်သို့အရေးယူမည်ဆိုသည်ကို တရားဝင် လူအများသိရှိအောင် ထုတ်ပြန်ကြေငြာသင့်သည် (ယခုဤစာရေးနေချိန်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ယင်း၏ ဖေ့စ်ဘွတ် စာမျက်နှာမှ ယခုည၈နာရီသတင်းတွင် ထုတ်ပြန်ကြေငြာမည်ဟုသိရသည်)။


၅) မျက်နှာဖုံးများကို လုံလောက်စွာ ထုတ်လုပ်ဖြန့်ဝေနိုင်ရန် အစီအစဉ်များပြုလုပ်သင့်သည်။ နေ့စဉ် အရေအ တွက် မည်မျှလိုအပ်နိုင်သည်ကို တွက်ချက်၍ သက်ဆိုင်ရာ အထည်ချုပ်လုပ်ငန်းများ၊ ဖြန့်ဝေသည့်ဆိုင်များ၊ ဖြန့် ဝေပေးမည့် အရပ်ဘက်အဖွဲ့အစည်းများဖြင့် ဆွေးနွေးညှိနှိုင်း၍ ရန်ကုန်မြို့နေရာအသီးသီးရှိ ပြည်သူများထံ ရောက်ရှိအောင် မည်သို့ဖြန့်ဝေသွားမည်၊ ရောင်းချသွားမည်၊ လှူဒါန်းနိုင်သည်ကို ထုတ်ပြန်သွားရမည်။ ဈေး သတ်မှတ်၍ ဈေးတင်ရောင်းချသူများကို အရေးယူမည်ဟု အမိန့်အာဏာထုတ်ပြန်ရမည်။ ကိုဗစ်-၁၉ကူးစက်ရော ဂါ ကာကွယ်ရေးအတွက် အခြားအရေးကြီးသည့် ပစ္စည်းများဖြစ်သည့် လက်ဆေးဆပ်ပြာ၊ ပိုးသတ်ဆေး အစရှိ သည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များဖြင့် ညှိနှိုင်းဆောင်ရွက်သင့်သည်။


၆) ဈေးများနှင့် ဈေးသည်များကို စနစ်တကျ စီမံခန့်ခွဲရေးသည်လည်း ရန်ကုန်မြို့၏ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေး အစီအစဉ်များတွင် အရေးကြီးသည့်ကဏ္ဍတွင်ရှိနေသည်။ ဈေးသည်များ မျက်နှာဖုံးဝတ်ဆင်ရန်၊ လက်အိပ်ဝတ်ရန်၊ ဈေးဆိုင်နှင့် ဈေးဝယ်သူကြား အနည်းဆုံး၆ပေခွာထားရန်၊ ဈေးဆိုင်များရှေ့လိုင်းဆွဲထားရန်၊ ဈေးဝယ်လာသူတိုင်း မျက်နှာဖုံးဝတ်ဆင်ထားရန်တို့ကို အာဏာဖြင့်သက်ဝင်အောင်ပြုလုပ်သင့်သည်။ ဈေးများ ကိုလည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ်မရှိစေရန် လိုအပ်လျှင် အနေအထား ပြန်လည်ပြင်ဆင်သင့် သည်။ အချို့ဈေးများကို ပိတ်သင့်ကပိတ်သိမ်းရမည်။ ဆင်ခြေဖုံး ရပ်ကွက်များရှိ ဈေးများကို စနစ်တကျ ပြန်လည် နေရာချထားခြင်းများ ရပ်ရွာအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သင့်သည်။ ဈေးများနှင့် ဈေးသည်များ သည် ရန်ကုန်မြို့ရှိ လူအများစုအတွက် မရှိမဖြစ်သွားနေကြသည့် နေရာများဖြစ်သည်။ဈေးသည်အများ ဈေး ရောင်းရာမှ ရောဂါကူူးစက်ခံရပါက ဈေးရောင်းမချနိုင်ပါက ပြည်သူအများစုနေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲများဖြစ်ပေါ်လာနိုင်သည်။ ယခုလည်း ဈေးသည်များ မျက်နှာဖုံးဝတ်ဆင်ရန်၊ လက်အိတ်ဝတ်ရန် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက အချို့မြို့နယ်များတွင် တိုက်တွန်းလုပ်ဆောင်နေသည်ကိုတွေ့ရ သည်။


၇) နောက်ထပ်အနည်းဆုံး ၂ပတ်ခန့် ဆက်လက်၍ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများမှာ ယခုလိုပင် အသွားအလာ ကန့်သတ်ထားရန်လိုအပ်အုံံးမည်ဟုယူဆသည်။ ထိုသို့ဆက်လက် ကန့်သတ်ပါက အခြေခံ ပုံမှန်မဟုတ်သည့် စီးပွားရေးနယ်ပယ်မှာ လုပ်ကိုင်နေကြရသည့် လက်လုပ်လက်စားများအတွက် ကူညီထောက်ပံ့မှု အစီအစဉ်များ ကို အစိုးရ၊ ပုဂ္ဂလိက၊ အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်းရေးဆွဲလုပ်ကိုင်သင့်သည်ဟုထင်မြင်သည်။ အခြေခံ လူတန်းစားအား စားဝတ်နေရေး မရှိမဖြစ်လိုအပ်ချက်များကို ထိရောက်စွာ ဆက်လက်ဖြည့်ဆည်းပေးနိုင်မှသာ Lockdown ကန့်သတ်ထားရှိမှုများအောင်မြင်မည်ဖြစ်သည်။

အဆုံးသတ်

Imperial College London တက္ကသိုလ်မှ Covid-19 Response Team၏ မတ်လ၂၆ရက်နေ့ နေ့စွဲဖြင့် ထုတ်ဝေခဲ့သည့် “Report 12: The Global Impact of COVID-19 and Strategies for Mitigation and Suppression” တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကို မတုန့်ပြန်ဘဲ do nothing policy လုပ်လျှင် တကမ္ဘာလုံး၌ လူသန်းပေါင်း၇၀၀၀ ကူးစက်ခံရနိုင်၍ လူသန်းပေါင်း၄၀သေဆုံးနိုင်သည်။ ထိုသို့မဟုတ်ဘဲ Mitigation Strategy ဟုခေါ်သည့် သက်ကြီးရွယ်အိုများကို အပြင်မထွက်စေခြင်း၊ သီးခြားထားရှိခြင်းနှင့် လူအားလုံး တတ်နိုင်သမျှ အသွားအလာများကို လျှော့ချပါက လူသန်းပေါင်း၂၀၏ အသက်ကိုကယ်တယ်နိုင်မည်။ သေဆုံးမှု ၅၀ရာခိုင်နှုန်း လျှော့ကျသွားမည်။ သို့သော် ဤအခြေအနေတွင်ပင် ဆေးရုံများ၊ ကျန်းမာရေးဝန်ဆောင်မှုဋ္ဌာနများ၊ ကျန်းမာ ရေးဝန်ထမ်းများ ဝန်နှင့်အားမမျှတော့ဘဲ overwhelm အခြေအနေဆိုးဝါးသွားနိုင်သည်ဟုဆိုသည်။ အထူးသ ဖြင့် ဝင်ငွေနည်းနိုင်ငံများ (low income countries)တွင် အခြေအနေဆိုးဝါးသွားနိုင်သည်ဟုရေးသားထားသည်။ Suppression Strategy ဟုခေါ်ဝေါသည့် ယခုကဲ့သို့ ကျောင်းများ၊ ရုံးများ၊ စားသောက်ဆိုင်များကို လချီပိတ်ခိုင်း ထားပြီး၊ အသွားအလာများလည်း ပိတ်ပင်ထားခြင်း၊ ပွဲလမ်းသဘင်များပိတ်ပင်ထားခြင်းများကို စောစီးစွာ ပြုလုပ် ပါက တကမ္ဘာလုံး၌ သေဆုံးမှု ၃၈.၈သန်းလျှော့ကျသွားမည်။ ကူးစက်မှုများလာပြီး သေဆုံးမှုနှုန်းများလာမှ လုပ်လျှင် သေဆုံးမှု ၃၀သန်းလောက်လျှော့ကျသွားနိုင်သည်။ ထိုကြောင့် မြန်မာနိုင်ငံတွင်လည်း Suppression Strategy ကို နိုင်ငံ၏ ပကတိအခြေအနေများဖြင့် ကိုက်ညီစွာ ဆက်လက်ကျင့်သုံးသွားရမည်သာဖြစ်သည်။

ထို့ပြင် သေဆုံးနိုင်သူအများစုမှာလည်း သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများဟုဆိုသည်။ ဖွံ့ဖြိုးပြီးနိုင်ငံ များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကွာခြားချက်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သက်ကြီးရွယ်အို (အသက်၆၅နှစ်အထက်) ရာခိုင်နှုန်းသည်များသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်တော့ လူဦးရေစုစုပေါင်းတွင်ပါဝင်သည့် သက်ကြီးရွယ်အို ရာခိုင် နှုန်းသည်နည်းသည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သက်ကြီးရွယ်အိုများသည် မိသားစုဦးရေများသည့် အိမ်များ တွင်နေထိုင်ကြရသည်။ ထိုအတွက်ကြောင့် ပြင်ပနှင့်ပိုမိုအဆက်အသွယ်များ၍ ရောဂါပိုးကူးစက်ခံရနိုင်ချေ ပိုများ သည်။


ထို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ မိသားစုများတွင် ရှားပါးသည့် သက်ကြီးရွယ်အိုများကို ကာကွယ်ရန် မိသားစု ဝင်သားသမီးမြေးမြစ်များအပေါ် များစွာမူတည်နေသည်။ သက်ကြီးရွယ်အိုများရှိသည့် မိသားစုဝင်များအနေဖြင့် တတ်နိုင်သမျှ အိမ်ပြင်မထွက်ခြင်း၊ မည်သည့်ကိစ္စနှင့်မဆို ထွက်လျှင်လည်း မမေ့မလျှော့ မျက်နှာဖုံး(mask) ဝတ်ဆင်သွားရန် တိုက်တွန်းလိုက်ရပါသည်။

ခိုင်ဝင်း
၁၆ ၊ ဧပြီ၊ ၂၀၂၀ ။

References:

Beth Duff Brown, How Taiwan Use Big Data, Transparency and a Central Command to Protect Its People from Corona Virus; March 3 2020, Stanford: Stanford Health Policy.
https://healthpolicy.fsi.stanford.edu/…/how-taiwan-used-big…?
Nicholas Kristof & Stuart A. Thomson, “How Much Worse the Corona Virus Could Get, In Charts”, March 13, 2020, New York Times.
https://www.nytimes.com/…/o…/coronavirus-trump-response.html
Patrick GT Walker, Charles Whittaker, Oliver Watson et al. The Global Impact of COVID-19 and Strategies for Mitigation and Suppression. Imperial College London (26-03-2020), doi: https://doi.org/10.25561/77735.