ဆောင်းပါးများ

▄ ကိုဗစ်-၁၉နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ

ကိုဗစ်-၁၉က ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုမိုအထိနာစေသည်၊ ဆင်းရဲမှုကိုပိုမိုကြီးထွားလာစေနိုင်သည်ကို ပညာရှင်များ ကလေ့လာသုံးသပ်နေကြသည်။ ရောဂါပိုးကူးစက်ခံရသူအများဆုံးတွေ့ရှိရာ နိုင်ငံပေါင်း၃၀တွင် ၁၇နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြသည်။ ဤသည်မှာလည်း အထူးအဆန်းမဟုတ်။ သူဋ္ဌေးအိမ်နှင့်ဆင်းရဲသားအိမ်လိုပင် ဖြစ်သည်။ အဓိကကွာခြားချက်မှာတော့ ဖွံ့ဖြိုးပြီးချမ်းသာသည့်နိုင်ငံများ၏ စီးပွားရေးအဆောက်အအုံနှင့် ကိုဗစ်- ၁၉ကပ်ဘေးကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးနှင့် စီးပွားရေးသက်ရောက်မှုများကို ကုစားရာ၌ သုံးစွဲနိုင် သည့် လက်နက်ကိရိယာများသည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မတူညီခြင်းကြောင့်ဖြစ်သည်။

◾️ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဓိက အားနည်းချက်များမှာတော့-

၁) ကိုဗစ်မတိုင်ခင်ကတည်းက ဆင်းရဲမှုနှုန်း မြင့်မားခြင်းနှင့် မညီမျှမှု (သို့) ဆင်းရဲချမ်းသာကွာဟမှုကြီးမားခြင်း
၂) ကျဘန်းလုပ်သူများနှင့် အသေးစားလုပ်ငန်းများတွင်လုပ်ကိုင်သူများခြင်း (a large informal economy)
၃) အိမ်မှအလုပ်လုပ်ကိုင်နိုင်သူဦးရေ နည်းပါးခြင်း (သို့) Work from Home လုပ်နိုင်သူဦးရေ နည်းပါးခြင်း
၄) အချို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍသည် နိုင်ငံဂျီဒီပီကို အဓိက ပံ့ပိုးရာ လမ်းကြောင်းဖြစ်ခြင်း
၅) ပြည်တွင်း၌ မတည်ငြိမ်မှုများ၊ ဆူပူဆန္ဒပြမှုများနှင့် ပြည်တွင်းစစ်မီးတောက်လောက်နေခြင်း (အချို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်)
၆) အစိုးရယန္တရားသည် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် သေးငယ်၍ အခွန်ဘဏ္ဍာကောက်ခံ ရရှိနိုင်မှု နည်းပါး ခြင်း
၇) အစိုးရ၏ ဘတ်ဂျက်မှဘဏ္ဍာငွေသုံးစွဲနိုင်မှု အကန့်အသတ်ရှိနေခြင်းနှင့်
၈) နိုင်ငံတကာ ဘဏ္ဍာငွေကြေးဈေးကွက်မှ ချေးငွေရယူနိုင်မှု မသေချာမရေရာသည့် အခြေအနေရှိနေခြင်းတို့ ဖြစ်သည်။

◾️ လက်ရှိဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေအနေ

ကိုဗစ်-၁၉ ပထမလှိုင်းဒဏ်ကို ဖွံ့ဖြိုးဆဲနိုင်ငံများ အလွန်အမင်း မခံရဟုသုံးသပ်ကြသော်လည်း စီးပွားရေးရိုက် ခတ်မှုကတော့ အစောပိုင်းကပင် ပြင်းထန်ခဲ့သည်။ အထူးသဖြင့်တော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် မှီခို နေသည့် နိုင်ငံများနှင့် အထည်ချုပ်လုပ်ငန်းများမှ အလုပ်အကိုင်များစွာ ဖန်တီးပေးထားသည့် ဘင်္ဂလားဒေ့ရှ်လို နိုင်ငံများဖြစ်သည်။ ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများအုပ်စု၌ အလယ်အလတ်အဆင့်ရှိ အာဂျင်တီးနား၊မက်ဆီကို၊ ဘရာဇီး တူရကီ၊အင်ဒိုနီးရှားနိုင်ငံများသည် ကြီးမားသည့် ကြွေးမြီပြသနာဖြင့် ရင်ဆိုင်နေရသည်။ ရေနံတင်ပို့သည့် နိုင်ငံ များလည်း ရေနံဈေးနှုန်းများ ကျဆင်းမှုကြောင့် စီးပွားရေးသက်ရောက်မှုကို ပြင်းထန်စွာခံစားနေရသည်။ အထူး သဖြင့်တော့ လက်တင်အမေရိကနိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့် တောင်အာရှနိုင်ငံများသည် ကိုဗစ်-၁၉ဒဏ် အခံရဆုံးဖြစ်သည်ဟုဆိုနိုင်သည်။

လက်တင်အမေရိကနိုင်ငံများသည် ရင်းနှီးမြှုပ်နှံသူများအတွက် ဆုံရှုံးနိုင်မှုအန္တရာယ်များသည့်ဒေသဖြစ်သည်။ “Whenever US sneezes, emerging Latin America catches cold”ဆိုသည့်ဆိုရိုးလည်းရှိသဖြင့် ထိုနိုင်ငံများ မှ ရင်းနှီးမြှုပ်နှံသူများ အလုံးအရင်းဖြင့် ထွက်ခွာခြင်း၊ ချေးငွေအသစ်များ ထုတ်ပေးရန် ငြင်းဆန်ခံရခြင်း၊ ကမ္ဘာ လုံးဆိုင်ရာ ထုတ်လုပ်မှုများ ကျဆင်းသွားသဖြင့် ရေနံအပါအဝင် သံယံဇာတကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းထိုး ကျသွားခြင်းကြောင့် ပို့ကုန်ရငွေ ကျဆင်းသွားခြင်းများကို ထိုနိုင်ငံများလက်ရှိတွင် ခံစားနေရသည်။ လက်တင်အ မေရိကနိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီပြသနာသည် ကြီးမားလှသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ ၂၀၂၀ခု နှစ်၌ ပြန်လည်ပေးဆပ်ရတော့မည့် ကြွေးမြီပမာဏသည် အမေရိကန်ဒေါ်လာ ၅.၆ထွီလီယံရှိသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)က ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကုစားမှုအစီအစဉ်များအတွက် အမေရိကန်ဒေါ်လာ ၂.၅ထွီလီယံ လိုအပ်မည်ဟု ခန့်မှန်းထားခဲ့သည်။ လက်ရှိမှာပင် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း၁၂၀က နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ထံ ချေးငွေဆိုင်ရာ အကူအညီတောင်းခံထားပြီဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလုပ်လက်မဲ့ရာခိုင်နှုန်းသည် တိုးပွားလျက်ရှိပြီး အထက်တွင်ဖေါ်ပြခဲ့သလို အိမ်မှနေ၍ အလုပ်လုပ်ကိုင်နိုင်သူ အရေအတွက်သည် အလုပ်သမားစုစုပေါင်း၏ ၂၀%ခန့်သာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင်တော့ ၄၀%ခန့်ရှိသည်။ အရှေ့၊ အရှေ့တောင်နှင့် အလယ်ပိုင်းဥရောပနိုင်ငံများ၊ အာရှတိုက် အလယ်ပိုင်း၊ တောင်နှင့်အရှေ့ပိုင်းရှိ မြေထဲပင်လယ်ကွေ့နိုင်ငံများအပါအဝင် နိုင်ငံပေါင်း၃၈နိုင်ငံတွင် သုတေသ နပြုလုပ်ချက်အရ ထိုနိုင်ငံများရှိ အလုပ်သမားအင်အား၏ ၃၀%သည် အလုပ်လက်မဲ့ဖြစ်နိုင်သည့် အခြေအနေ၌ ရှိနေသည်။

ထိုအတွက်ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ (အထူးသဖြင့် ဝင်ငွေအလယ်အလတ်ရှိနိုင်ငံများ)အတွက် ကြွေးမြီပြသနာ ဖြေရှင်းရေးသည် အထူးအရေးကြီးနေသည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ အလှူရှင်နိုင်ငံများမှ ကြွေးမြီကုစားမှု အစီအစဉ်များပြုလုပ်မည် အကူအညီပေးအပ်မည်ဟု ကတိပြုနေသော်လည်း အဓိကအဟန့်အတားမှာ ပုဂ္ဂလိက ကြွေးရှင်များဖြစ်သည်။ နိုင်ငံတကာမှ ကိုဗစ်-၁၉ကုစားမှုအစီအစဉ်များအတွက် ပေးအပ်လိုက်သည့် ကြွေးသစ် များသည် အထူးလိုအပ်နေသည့် ဆင်းရဲသားပြည်သူများထံ မရောက်ရှိဘဲ ပုဂ္ဂလိကကြွေးရှင်များ၏ ကြွေးဟောင်း ဆပ်သည့်အထဲပါသွားမည်ကို စိုးရိမ်နေရသည်။ ထို့အတွက်ကြောင့်လည်း တရုတ်အစိုးရအပါအဝင် ချေးငွေ ထုတ်ပေးထားသူများက ပုဂ္ဂလိကကြွေးရှင်များကိုယ်တိုင် ကြွေးမြီပြန်လည်ပေးဆပ်မှုများကို ဆိုင်းငံ့ထားရန် သ ဘောတူညီမှသာ မိမိတို့အနေဖြင့်လည်း ဆိုင်းငံ့ပြီး ထပ်မံထုတ်ချေးနိုင်မည်ဟု တောင်းဆိုနေလျက်ရှိသည်။

◾️ မြန်မာနိုင်ငံနှင့်ကိုဗစ်-၁၉

ဤဆောင်းပါးရေးနေစဉ်မှာပင် ပြည်တွင်းကူးစက်မှုများ များပြားလာပြီး လူဦးရေ၆သန်းကျော်ရှိ ရန်ကုန်မြို့တွင် လည်း ကူးစက်မှုများရှိလာရာ အထူးသတိပြုရတော့မည့် အခြေအနေတွင်ရှိနေသည်။ ပထမလှိုင်းဖြစ်ပေါ်စဉ်က ကူးစက်မှုနှုန်း နည်းပါးပြီး ကောင်းစွာထိန်းချုပ်နိုင်ခဲ့သည်။ အိမ်နီးခြင်း တောင်အာရှနိုင်ငံများတွင် ဖြစ်ပေါ်နေ သည့်ကူးစက်မှုနှုန်းကလည်း ကြောက်ခမန်းလိလိဖြစ်သည်။ ထိုအတွက်ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံစဉ်းစား၍ အရေးယူဆောင်ရွက်ရတော့မည်ဖြစ်သည်။ နိုင်ငံတိုင်း၏ အစိုးရများအနေဖြင့် (အထူးသ ဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအစိုးရများ) အကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည်။ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း ကျန်းမာရေးရှုဒေါင့်မှ သုံးသပ်ရန်လိုအပ်သလို စီးပွားရေးကိုလည်း ထည့်သွင်းမစဉ်းစား၍ မရချေ။ ထိုအခါ မြန်မာ နိုင်ငံအစိုးရအနေဖြင့်လည်း မည်သို့ဆောင်ရွက်သင့်သနည်း။

ယခင်ဆောင်းပါးများ၌ ရေးသားခဲ့သလိုပင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လော့ခ်ဒေါင်းချရန် ခက်ခဲသည်။ အထူးသ ဖြင့် လူနေထူထပ်သည့် မြို့ကြီးများတွင်ဖြစ်သည်။ မိသားစုအများစု နေထိုင်ရာအိမ်များသည် သေးငယ်၍ မိသား စုဝင် များပြားသဖြင့် အိမ်တွင်နေထိုင်ရန် ခက်ခဲသလို လက်ဆေးရန်ရေပင် လွယ်ကူစွာ မရနိုင်သည့် နေရာများ လည်းရှိသဖြင့် လော့ခ်ဒေါင်းလုပ်ခြင်းသည် လက်တွေ့မကျဟု အချို့သော ပညာရှင်များက သုံးသပ်ကြသည်။ တချိန်တည်းမှာပင် ကျဘန်းအလုပ်သမားအင်အားသည် အလုပ်သမားစုစုပေါင်း၏ ၇၀-၈၀%ခန့်ဖြစ်သဖြင့် ၎င်း တို့အနေဖြင့် အလုပ်ထွက်မလုပ်လျှင် ငတ်မည့်အခြေအနေရှိနေသည်။ ထို့အတွက်ကြောင့် နိုင်ငံတော်အနေဖြင့် ရန်ကုန်မြို့ကို အပြီးသတ် လော့ခ်ဒေါင်းလုပ်မထားဘဲ အခြားဒေသများသို့ ဝင်ထွက်ခွင့်ကိုသာ ပထမဆင့်အနေ ဖြင့် ကန့်သတ်ထားခြင်းမျိုး ပြုလုပ်ထားသင့်သည်လားဆိုသည်ကို စဉ်းစားသင့်သည်။ ပြီးလျှင်လက်ရှိ ကူးစက်ခံ ထားရသည်ဟု သံသယရှိသူအားလုံးကို နေအိမ်မှာပင်၂၁ရက်နေထိုင်ရန် ရပ်ရွာလူထု၏ လူသားဆန်သည့် အကူ အညီမျိုးဖြင့် ကန့်သတ်ထားသင့်သည်။ ထို့ပြင် ကူးစက်နိုင်ချေ မြင့်မားသည့် နေရာများ (ဥပမာ စားသောက်ဆိုင် များ၊ဘီယာဆိုင်များ၊ အလှပြင်ဆိုင်များ)ကို ပါဆယ်ရောင်းချခွင့်သာ ပေးထားသင့်သည်။ အသက်အရွယ်ကြီးရင့် သူများကိုလည်း တတ်နိုင်သမျှ နေအိမ်မှာ သီးသန့်နေထိုင်ရန် တိုက်တွန်းထားသင့်သည်။ မလိုအပ်ဘဲ အပြင် ထွက်ခြင်းကိုလည်း တတ်နိုင်သမျှ လျှော့ချရန် ပြည်သူလူထုကို မေတ္တာရပ်ခံထားသင့်သည်။ထိုသို့ဆောင်ရွက် လိုက်ပါက အခြားမြို့များသို့ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။

ပထမဦးစားပေး ဆောင်ရွက်ရန်လိုအပ်သည်မှာတော့ ကူးစက်မှုနှုန်းကို ထိန်းချုပ်ခြင်းဖြစ်သည်။ စီးပွားရေးသက် ရောက်မှုကို ထည့်သွင်းစဉ်းစားရန်လိုအပ်သော်လည်း ကျန်းမာရေးကို ပထမဦးစားပေး ထားရှိရမည်ဖြစ်သည်။ ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်သည့် တောင်ကိုရီးယားလိုနိုင်ငံမျိုးတွင် စီးပွားရေးသက်ရောက်မှုက ကူးစက်မှုများ သည့်နိုင်ငံများထက် သက်သာကြောင်းကို တွေ့ရှိရသည်။ ထို့ကြောင့် နံပါတ်တစ်ဦးစားပေးသည် ကူးစက်မှုကို အလျင်အမြန် ထိန်းချုပ်ရေးဖြစ်သည်။

ဒုတိယဦးစားပေးမှာတော့ လူမှုစီးပွားဖြစ်သည်။ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ အောက်ခြေဝင်ငွေ နည်းပြည်သူများကို အထောက်အပံ့ပေးသည့် အစီအစဉ်များသည် အထိရောက်ဆုံးဖြစ်သည်။ ပုံမှန်ဝင်ငွေရလမ်း မရှိသည့် ကျဘန်းအလုပ်သမားများသည့် အာဖရိကနိုင်ငံများတွင် ငွေကြေးထောက်ပံ့မှု (cash transfer)နှင့် အခြားလူမှုရေးထောက်ပံ့မှုများသည် အထိရောက်ဆုံးဟု လေ့လာသူများကဆိုသည်။ မြန်မာနိုင်ငံတွင်လည်း လက်ရှိ စီးပွားရေးကုစားမှု အစီအစဉ်အောက် အကောင်အထည်ဖေါ်နေသည့် လူမှုထောက်ပံ့ရေး အစီအစဉ်များ ကိုတိုးချဲ့ဆောင်ရွက်သင့်သည်။ ဥပမာ ဧပြီလတွင် ဝင်ငွေနည်းမိသားစုများကို ပစ္စည်းထောက်ပံ့သည့် အစီအစဉ် မျိုး၊ ငွေ၂၀၀၀၀ကျပ် ထောက်ပံ့သည့် အစီအစဉ်များကို ရန်ကုန်မြို့ရှိ ဝင်ငွေနည်းမိသားစုများကို ထပ်မံပေးအပ် ခြင်းမျိုးဖြစ်သည်။ ကျေးလက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့် cash for work အစီအစဉ်များကိုလည်း တိုးချဲ့ဆောင်ရွက်သင့်သည်။ ထိရောက်မှုရှိသည်ဟု ကြားသိနေရသည်။

တတိယစဉ်းစားရမည့်အချက်မှာတော့ အစိုးရ၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာအင်အားကို မည်သို့တိုးချဲ့မည် နည်းဆိုသည်ကိုဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကံကောင်းသည့်အချက်မှာ ကြွေးမြီပြသနာ ကြီးမားစွာရှိမနေ ခြင်းဖြစ်သည်။ သို့သော်လည်း အထက်ဖေါ်ပြပါ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အားနည်းချက်၈ချက်လုံးသည် မြန်မာနိုင်ငံ၌ လည်းရှိနေသလိုဖြစ်နေသည့်အတွက် ပြည်သူလူထုအား ထိရောက်သည့် အကူအညီများပေးအပ်နိုင်ရန် လိုအပ် သည့် ဘဏ္ဍာငွေကြေးရှာဖွေရာတွင် အကန့်အသတ်များရှိနေသည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာငွေကြေးဈေး ကွက်နှင့် ထိတွေ့မှုမရှိသလောက် ဖြစ်သည့်အတွက် ပြင်ပဈေးကွက်မှ အစိုးရချေးယူနိုင်ရန် မလွယ်ကူ။ ထို့ကြောင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)၊ ကမ္ဘာ့ဘဏ်နှင့် တရားဝင်ဖွံ့ဖြိုးမှုဆိုင်ရာ အလှူ ရှင်နိုင်ငံများကိုသား အားကိုးရမည်ဖြစ်သည်။ ထိုအဖွဲ့အစည်းများထံမှ ချေးငွေများ ထပ်မံရရှိရန် ကြိုးပမ်းရတော့ မည်ဖြစ်သည်။

ကိုဗစ်-၁၉သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကျပ်အတည်းကို ဖြစ်စေသည်ဆိုသော်လည်း အခွင့်အလမ်းများကို လည်း ဖန်တီးပေးနိုင်သည်ဟု ပညာရှင်အချို့က သုံးသပ်ကြသည်။ တရုတ်နိုင်ငံတွင် လုပ်ခလစာများသည် ကိုဗစ် မဖြစ်ခင်တည်းက မြင့်တက်နေသည့်အတွက် လုပ်သားအဓိကထား ထုတ်လုပ်ရသည့်စက်ရုံများသည် မြန်မာနိုင် ငံကဲ့သို့ လုပ်အားခသက်သာသည့် နိုင်ငံများသို့ ပြောင်းရွှေ့လိုသည်။ တချိန်တည်းမှာပင် ကိုဗစ်-၁၉ကြောင့် ထုတ် လုပ်ရေးလုပ်ငန်းများ ပြတ်တောက်သွားရခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူ အများအပြားသည် တရုတ်နိုင်ငံ တစ်နိုင်ငံ တည်းမှာပင် ယင်းတို့၏စက်ရုံများအားလုံးကို စုပြုံမထားဘဲ အခြားဒေသတွင်းနိုင်ငံများသို့ ပြောင်းရွှေ့ရန် စဉ်းစား လျက်ရှိသည်။ ထိုအခွင့်အလမ်းကို အမိအရယူနိုင်လျှင် ကိုဗစ်-၁၉အလွန်ကာလတွင် အလုပ်အကိုင် အများအ ပြားဖန်တီးပေးနိုင်မည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများ လာချင်အောင်ဆွဲဆောင်ရန် စည်းမျဉ်းစည်းကမ်းများ ဖြေ လျှော့ခြင်း၊ ပြင်ဆင်ခြင်းတို့ကိုလည်း ဆောင်ရွက်သင့်သည်။ လက်ရှိ မြန်မာနိုင်ငံ၏ Doing Business အဆင့်အ တန်းမြင့်တက်လာသည်ကို ဆက်လက်မြင့်တက်လာအောင် ဆောင်ရွက်ခြင်း၊ ကြန့်ကြာမှုများကို တတ်နိုင်သမျှ လျှော့ချခြင်းများ ပြုလုပ်သွားပါက ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည်ဖြစ်သည်။

ကိုဗစ်-၁၉အလွန်ကာလတွင် ပြန်လည်ထူထောင်ရေးအတွက် တင်ကြိုစဉ်းစားထားသင့်သည်မှာတော့ မြန်မာနိုင် ငံတွင် အမှန်တကယ် လိုအပ်နေသည့် အခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လုပ်ကိုင်ရန် မည်သို့သော စနစ်ဖြင့် ဆွဲဆောင်မည်နည်းဆိုသည်ကိုဖြစ်သည်။ လက်ရှိ စီမံကိန်းဘဏ် ညွှန်ကြားချက်သည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးအတွက် အခြေခံစည်းမျဉ်းမူဘောင်တစ်ခုဖြစ်သော်လည်း ယင်းကိုထပ် မံပြီး ခိုင်မာသည့် ဥပဒေအဖြင့် ပြောင်းလဲ၍ အရင်းအနှီးကြီးမားသည့် အခြေခံအဆောက်အအုံ စီမံကိန်းများအ တွက်ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးရန် လိုအပ်သည်။ ထပ်မံပြီးလည်း နိုင်ငံတော်၏ လက်ရှိပိုင်ဆိုင်မှု များ (public assets)ကို ထိရောက်စွာမည်သို့ ရင်းနှီးမြှုပ်နှံမည်နည်းဆိုသည်ကို စနစ်တကျ မူဘောင်ချမှတ် ဆောင်ရွက်သင့်သည်။ ထိုပိုင်ဆိုင်မှုများကို အရင်းအနှီးအဖြင့် ပြောင်းလဲခြင်းဖြင့် အစိုးရ၏ ဘဏ္ဍာငွေအရအသုံး ကိုဘောင်ကို ချဲ့ထွင်နိုင်မည်ဖြစ်သည်။

နောက်ဆုံးအနေဖြင့် ကိုဗစ်-၁၉အလွန်ကာလတွင် အလျင်အမြန် ပြောင်းလဲရမည့်အရာမှာတော့ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းကြီးများပင်ဖြစ်သည်။ Natural Resource Governance Institute (NRGI)မှ ၂၀၁၆ခုနှစ်က ထုတ်ပြန်ခဲ့သည့် Gilded Gatekeepers: Myanmar’s State-Owned Oil, Gas and Mining Enterprises အရ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်းတစ်ခုတည်းက သူ၏ Other Account (သီးသန့်ငွေစာရင်း)သို့ ၂၀၁၃-၁၄ခုနှစ်တွင် လွှဲပြောင်းခဲ့သည့် ငွေပမာဏသည် အမေရိကန်ဒေါ်လာ၁.၄ဘီလီယံရှိသည်။ ထိုငွေပမာဏကို ၂၀၁၃-၁၄ခုနှစ် ကျန်းမာရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ၇၅၀သန်းနှင့် ပညာရေးအသုံးစရိတ် အမေရိကန် ဒေါ်လာ ၁.၁ဘီလီယံတို့ဖြင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ထို့အတွက်ကြောင့် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးသည် ၂၀၂၀ခုနှစ်အလွန် အစိုးရအတွက် ဦးစားပေးလုပ်ရမည့် မူဝါဒဆိုင်ရာလုပ်ငန်းဖြစ်ပါ သည်။ သို့မှသာလျှင် နိုင်ငံတော်၏ ဘဏ္ဍာငွေအရအသုံးဘောင်ကျယ်လာမည်ဖြစ်ပြီး လိုအပ်သည့် ကိုဗစ်-၁၉ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

◾️ နိဂုံး

ကိုဗစ်-၁၉က ကျွန်တော်တို့ပြည်သူအားလုံးကို သင်ခန်းစာများပေးအပ်နေပါသည်။ ကပ်ဘေးဆိုသည်မှာ အယုတ်အလတ်အမြတ် မရွေးတတ်ပါ။ ထို့အတွက်ကြောင့် ကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုသာ ရှေ့တန်းတင် သည့် အုပ်စုများအနေဖြင့်လည်း ကိုဗစ်-၁၉အလွန်မှာတော့ မိမိတို့၏ရေရှည်အကျိုးစီးပွားအတွက် နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံး အကျိုးစီးပွားကို တတ်နိုင်သမျှ မျှော်ကိုးဆောင်ရွက်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

◾️ ခိုင်ဝင်း

◾️ Ref:

Patrick R. P. Heller and Lorenzo Delesgues (2016); Gilded Gatekeepers: Myanmar’s State-Owned Oil, Gas and Mining Enterprises, NRGI.
Simeon Djankov and Ugo Panniza (Eds)(2020), Covid-19 in Developing Economies; a VoxEU.org eBook, CEPR Press.

▄ တရုတ်အစိုးရ မှားယွင်းခဲ့သလား


ယမန်နေ့က ကမ္ဘာစစ်၂ခုကြားကာလ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှုများ ကျဆင်းသွားရ ခြင်းကို ရေးသားခဲ့သည်။ ဂလိုဘယ်လိုက်ဇေးရှင်းဆိုသည့် ပေါင်းစည်းမှုယန္တရားကြီးသည် နိုင်ငံများကို စီးပွားရေး လူမှုရေး၊ယဉ်ကျေးမှုမှသည် နိုင်ငံရေးစနစ်များအထိ လစ်ဘရယ်အရင်းရှင်စနစ်အောက်တွင် ပေါင်းစည်းပေးနိုင် သည်ဟုဆိုသော်လည်း သမိုင်းကြောင်းပြန်ကြည့်သည့်အခါ ယင်းပေါင်းစည်းမှုကြောင့်ပင် တန်ပြန်ရေစီးကြောင်း များ၊ ဆန့်ကျင်မှုများမှသည် နောက်ဆုံး အာဏာရှင် ဖက်ဆစ်စနစ်၊ကွန်မြူနစ်စနစ်တို့ထိ ပေါ်ပေါက်ခဲ့ရသည်ကို မေ့ပစ်၍မရနိုင်။ အထူးသဖြင့်ကတော့ capital market liberalizationဟုခေါ်ဆိုသည့် နိုင်ငံများ၏ ဘဏ်များနှင့် ငွေရေးကြေးရေးဈေးကွက်ကို အချိန်မကျခင် စောလျင်စွာ အတားအဆီးမရှိ ဖွင့်လှစ်ပေးခဲ့ခြင်းက အတိတ်မှ သင်ခန်းစာယူနိုင်သလို မျက်မှောက်ခေတ် ၁၉၈၀-၉၀ခုနှစ်များမှသည် ၂၀၀၈ခုနှစ်နှင့် လက်ရှိအချိန်ထိ မှန်ကန် လျက်ရှိသည်။
တချိန်တည်းမှာပင် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှုကြောင့် အကျိုးဖြစ်ထွန်းသည့် အုပ်စုများ နိုင်ငံများလည်းရှိသည်။ ထိုအထဲတွင် အဆင့်မြင့်ပညာတတ်သူများနှင့် အရှေ့အာရှနိုင်ငံများက ထိပ်ဆုံးကဖြစ် သည်။ အရှေ့အာရှနိုင်ငံများထဲမှ နှစ်ပေါင်း၃၀-၄၀အတွင်း ကမ္ဘာ့စူပါပါဝါ အမေရိကန်ပြည်ထောင်စုကိုပင် နည်းပ ညာဖွံ့ဖြိုးမှုမှာ ယှဉ်ပြိုင်လာနိုင်သည့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းမှာလည်း အံ့မခန်းဖြစ်သည်။


▄ တရုတ်နိုင်ငံနှင့် ဂလိုဘယ်လိုက်ဇေးရှင်း


ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း နှစ်ပေါင်း၂၀ကျော်သည် စက်မှုဖွံ့ဖြိုးသည့် အနောက်အုပ်စုနိုင်ငံများတွင် အစိုးရ၏ အခန်းကဏ္ဍ ကြီးထွားချိန်ဖြစ်သည်။ ကမ္ဘာစစ်နှင့်အတူ နိုင်ငံတော်အစိုးရများ၏ အခန်းကဏ္ဍသည် အရေးပါဆုံး ဖြစ်ခဲ့သည်။ ယခုကိုဗစ်-၁၉ကာလလိုပင် ပုဂ္ဂလိက အခန်းကဏ္ဍ အင်အားချိနဲ့သွားပြီး နိုင်ငံတော်မှ ပြန်လည်ထူ ထောင်ရေးနှင့် နိုင်ငံသားများ၏ စားဝတ်နေရေးကို အဓိကဖြည့်တင်းရသူဖြစ်လာခဲ့သည်။ ဥရောပတိုက် အနောက်ပိုင်း နိုင်ငံများတွင် Welfare State ဆိုသည့် ပြည်တော်သာ အစိုးရများပေါ်ထွန်းလာခဲ့သည်။ မိမိတို့ နိုင်ငံများ၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း သုတေသနလုပ်ငန်းများ၊ ပညာရေး၊ကျန်းမာရေးတို့ကို လည်း နိုင်ငံတော်မှသာ ဦးဆောင်ဦးရွက်ပြုရသည်။ အရင်းရှင်စနစ် စစ်စစ်နိုင်ငံဟုဆိုသည့် အမေရိကန်ပြည် ထောင်စုမှာပင် စစ်ပြီးခေတ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ စီမံကိန်းများ၊ သိပ္ပံပညာထွန်းကားရေးတို့ကို နိုင်ငံတော်ကပင် အဓိက ဦးဆောင်ရသည်။ ၁၉၇၀ခုနှစ်များမှစ၍သာ အစိုးရဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အကျပ်အတည်းများ၊ လိုငွေပြမှုများကြောင့် နိုင်ငံတော်၏ အခန်းကဏ္ဍကို တဖြေးဖြေး လျှော့ချလာခဲ့သည်။ အမေရိကန်တွင် သမ္မတရီဂင်၊ ဗြိတိန်တွင် မာဂရက်သက်ချာတို့ အာဏာရလာချိန်မှာတော့ စည်းမျဉ်းစည်းကမ်း များဖြေလျှော့မှုများပြုလုပ်လာသလို ထိုအချိန်မှစ၍ ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းသည်လည်း အင်အား ကောင်းလာခဲ့သည်။


ဂလိုဘယ်လိုက်ဇေးရှင်း စတင်အင်အားကောင်းလာပြီး နိုင်ငံတကာ ကုမ္ပဏီကြီးများသည် အမြတ်အစွန်းများများ ရရှိရန်၊ ထုတ်လုပ်မှု စရိတ်များသက်သာရန် လုပ်အားခသက်သာသည့် နိုင်ငံရပ်ခြားတွင် ရင်းနှီးမြှုပ်နှံမှုများပြု လုပ်လာသည့်အချိန်နှင့် တရုတ်ပြည်၌ တိန့်ရှောင်ဖိန် အာဏာရလာပြီး တံခါးဖွင့်ဝါဒနှင့် ပြုပြင်ပြောင်းလဲရေးများ စတင်ပြုလုပ်သည့် ၁၉၇၈ခုနှစ်တို့သည် အံကိုက်လိုဖြစ်ခဲ့သည်။ အရှေ့အာရှ ကျားလေးကောင် ခြေရာအတိုင်း တရုတ်လည်း စတင်လျှောက်လှမ်းခဲ့သည်။


ဂလိုဘယ်လိုက်ဇေးရှင်း၏ အသီးအပွင့်များကို ဆွတ်ခူးတတ်သူသာ ဆွတ်ခူးနိုင်၍ မဆွတ်ခူးတတ်သည့် နိုင်ငံများ မှာတော့ အရှေ့အာရှနိုင်ငံများထက် ဖွံ့ဖြိုးမှုမှာ ရှေ့ရောက်ခဲ့သော်လည်း လက်တင်အမေရိက နိုင်ငံအများစုသည် ဂျပန်၊တောင်ကိုရီးယား၊စင်ကာပူတို့လို ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ ယနေ့တိုင် မရောက်နိုင်ဖြစ်နေခဲ့သည်။ ကြွေးမြီ ဝဲ ဂယက်ထဲ တဝဲလည်လည် ဖြစ်နေခဲ့သည်။


တရုတ်နိုင်ငံသည် မည်သည့်အတွက်ကြောင့် အောက်ဆုံးအဆင့်မှ လျင်မြန်စွာ အလယ်အလတ် ဝင်ငွေရှိသည့် နိုင်ငံအဆင့်သို့ နှစ်ပေါင်း၃၀-၄၀အတွင်း ရောက်ရှိခဲ့သနည်း။ ဖြေဆိုရလျှင် တရုတ်အစိုးရသည် အမေရိကန်ဦး ဆောင်သည့် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)၊ ကမ္ဘာ့ ဘဏ်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့မှ ချမှတ်ထားသည့် ကုန်သွယ်ရေးဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းများ ကို လိုသည်ကိုယူ၍ မိမိနိုင်ငံနှင့် မသင့်တော်သည်ကို ပစ်ပယ်ခြင်းကြောင့်ဟုဆိုရမည်။ ထိုအဖွဲ့အစည်းများ ဦးဆောင်ဦးရွက်ပြုသည့် လစ်ဘရယ်အရင်းရှင်စနစ်၊ အထိန်းအချုပ်နည်းသည့် ဈေးကွက်စီးပွားရေးစနစ်တွင် ဝင်ရောက်ကစားသော်လည်း မိမိနိုင်ငံ အကျိုးရှိမည့် စည်းမျဉ်းစည်းကမ်းကိုသာ လိုက်နာ၍ မိမိနိုင်ငံ အကျိုးမဲ့မည့် မိမိနိုင်ငံ၏ ပကတိ အခြေအနေများဖြင့် မကိုက်ညီသည့် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာခြင်း၊ မသိကျိုးကျွံ ပြုခြင်းဖြင့် ရှောင်ရှားခဲ့ခြင်းကြောင့်သာ လျင်မြင်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး အဆင့်မြင့် 5G ကဲ့သို့နည်းပညာများကို ရရှိလာခြင်းဖြစ်သည်။


တရုတ်နိုင်ငံသည် နိုင်ငံရေးစနစ်မှာ တစ်ပါတီ ကွန်မြူနစ်ဖြစ်ပြီး ဘုံဝါဒကိုအခြေတည်သဖြင့် ၁၉၇၈ခုနှစ်မတိုင်မီ က စီးပွားရေးတွင် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများသာ အဓိကဖြစ်သည်။ ထိုနိုင်ငံတော်ပိုင်များကို နိုင်ငံတ ကာအဖွဲ့အစည်းများ၊ အကြံပေးများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖတ်စာစာအုပ်ထဲကလို အကုန်လုံး အစုလိုက်အပြုံ လိုက် ပုဂ္ဂလိကပိုင်မပြုလုပ်ဘဲ ယင်းတို့ထဲမှ ပုဂ္ဂလိကကုမ္ပဏီအဖြင့် ပြောင်းလဲလို့ရသည့်အပိုင်းကို ခွဲထုတ်ပြီး စတော့ရှယ်ယာ ဈေးကွက်တင်၍ နိုင်ငံတော်ပိုင် ပုဂ္ဂလိကကုမ္ပဏီအဖြင့် ပြောင်းလဲခဲ့သည်။ နိုင်ငံတော်က ချက်ခြင်းလက်ငင်း မပြောင်းလဲနိုင်သည့် အစိတ်အပိုင်းကို ဆက်လက်ထိန်းသိမ်းထား၍ ပြုပြင်ပြောင်းလဲရေးများ ကိုအဆင့်ဆင့် အချိန်အခါကြည့် လုပ်ဆောင်ခဲ့သည်။ ထို့အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည့် အခါတွင်လည်း ၁၀၀% ပိုင်ဆိုင်မှုပေး၍ လုပ်ဆောင်ခွင့်မပေးဘဲ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ (သို့) ပြည် တွင်းကုမ္ပဏီများဖြင့် ဖက်စပ်လုပ်ကိုင်စေခြင်းဖြင့် နည်းပညာရရှိအောင် ဆောင်ရွက်ခဲ့ခြင်းမျိုးကိုလည်း ပြုလုပ်ခဲ့ သည်။ ငွေရေးကြေးရေးဈေးကွက်ကိုလည်း အိုင်အမ်အက်ဖ်နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများ တိုက်တွန်း သည့်အတိုင်း ယနေ့တိုင် အပြည့်အ၀ ဖြေလျှော့မှုများကို မပြုလုပ်ခဲ့ချေ။
တနည်းအားဖြင့် တရုတ်အစိုးရသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုကဏ္ဍဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာမူဝါဒများကို ကောင်းစွာရေးဆွဲ အကောင်အထည်ဖေါ်ဆောင်ခဲ့သည်ဟုဆိုနိုင်သည်။


▄ တရုတ်အစိုးရ မှားသလား

ဖွံ့ဖြိုးမှုသမိုင်းကို လေ့လာကြည့်လျှင် နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံ၏စီးပွားရေးအဆောက်အအုံ ပြောင်း လဲရန်လိုအပ်သည်။ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ၏စီးပွားရေးအဆောက်အအုံလည်း ပြောင်းလဲမည်ဖြစ် သည်။ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ ယင်းနှင့်ဆက်စပ်နေသည့် ဝန်ဆောင်မှုလုပ်ငန်းများလည်း ဟန်ချက်ညီ စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ကျေးလက်အခြေပြု စိုက်ပျိုးရေး၏ အခန်းကဏ္ဍကို ဖြေးဖြေးခြင်း လျှော့ချ သွားပြီး ကျေးလက်မှ ပိုလျံလုပ်သားများကို စက်မှုကဏ္ဍတွင်ပါဝင်သည့် ကုန်ထုတ်လုပ်ငန်း စက်ရုံအလုပ်ရုံများ၌ ပြောင်းရွှေ့ခန့်ထားခြင်းဖြင့် နိုင်ငံ၏ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေမည်ဖြစ်သည်။


တရုတ်အစိုးရသည် စက်မှုကဏ္ဍနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုတို့အတွက် မိမိ၏အားသာချက်၊အားနည်းချက်များကို ကောင်းစွာ အသုံးချနိုင်ခဲ့သည်။ နိုင်ငံတော်မှ ယင်းကဏ္ဍ၂ခုဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများကို ငွေအား၊နည်းပညာပိုင်းနှင့် အခြားအကူအညီအမျိုးမျိုးကို ကူညီထောက်ပံ့ပေးခဲ့သလို ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ကူညီထောက်ပံ့ပေးခဲ့သည်။


စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် ပို့ကုန်များကို အဓိကပစ်မှတ်ထား၍ နိုင်ငံတွင်းထုတ်လုပ်လိုက်သည့် ပို့ကုန် များအခြားနိုင်ငံများမှ ပို့ကုန်များဖြင့် ယှဉ်ပြိုင်နိုင်ရန် ပြည်တွင်းစက်မှုလုပ်ငန်းများကို နည်းပညာအကူအညီပေး ခြင်း၊ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများထုတ်ချေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်း၊ အခွန်နှုန်းလျော့ပေးခြင်း တို့ကို ပြုလုပ်ခဲ့သည်။ ပြည်တွင်းစက်မှုထုတ်ကုန်များဖြင့် ယှဉ်ပြိုင်လာနိုင်သည့် သွင်းကုန်များအပေါ် အခွန် နှုန်းတိုးမြှင့် ကောက်ခံခြင်း၊ ပို့ကုန်များထုတ်လုပ်ရန် ပြည်ပမှတင်သွင်းရသည့် သွင်းအားစုများအပေါ် အခွန်နှုန်း လျှော့ပေါ့ခြင်းတို့ပြုလုပ်ခဲ့သည်။ တနည်းအားဖြင့် ပြည်တွင်းစက်မှုလုပ်ငန်းများ အစောပိုင်းကာလ နိုင်ငံတကာ ဈေးကွက်၌ အခြားနိုင်ငံများမှ ပို့ကုန်များဖြင့် မယှဉ်ပြိုင်နိုင်ခင် ယှဉ်ပြိုင်နိုင်လာအောင် အကာအကွယ်ပေးခြင်း (protectionism)ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်းက မှားယွင်းသည်လား။ အဖြေမှာတော့ ထိုသို့မပြုလုပ်ပါက တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများ အနေဖြင့် မည်သို့မိမိရှေ့ရောက်နေသည့် ပြည်ပကုမ္ပဏီများဖြင့် ယှဉ်ပြိုင်နိုင်မည်နည်း။ နိုင်ငံတကာအဖွဲ့အစည်း များ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်ပါက အလှမ်းပေါင်းများစွာ မိမိနိုင်ငံရှေ့ရောက်ရှိနေသည့် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ပို့ကုန်ပစ္စည်းများဖြင့် ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်။ ထို့အတွက်ကြောင့် တရုတ်အစိုးရသည် မိမိ နိုင်ငံ၏ ပကတိအခြေအနေများမှ အားသာချက်များကို ကောင်းစွာအသုံးချ၍ ပြည်တွင်းထုတ်ကုန်များ နိုင်ငံတ ကာ တန်ဖိုးကွင်းဆက်များ (Global Value Chains)အတွင်းသို့ ဝင်ရောက်နိုင်ရန် လိုအပ်သည့် အကူအညီများ ပေးအပ်ခဲ့ခြင်းဖြင့် နိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် အခြေခံစီးပွားရေးအဆောက်အအုံ ပြောင်းလဲရေးကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ ထိရောက်သည့် အားပေးကူညီမှုနှင့် စက်မှုကဏ္ဍဆိုင်ရာ မူဝါဒ မပါဝင်ဘဲ တရုတ်နိုင်ငံသည် လက်ရှိအခြေအနေ ရောက်ရှိလာမည်မဟုတ်ချေ။ ထို့ကြောင့် တရုတ်အစိုးရ အား မှားသည်ဟု မဆိုနိုင်။


အမေရိကန်ပြည်ထောင်စုအပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ အခြေခံစီးပွားရေးအ ဆောက်အအုံ ပြောင်းလဲမှုကို စနစ်တကျ လေ့လာဆန်းစစ်ပြီး လိုအပ်သည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒချမှတ် အကောင်အထည်ဖေါ်ဆောင်ရမည်ဖြစ်သည်။ ဥပမာ တရုတ်နိုင်ငံတွင် လုပ်အားခသက်သာခြင်း ကြောင့် လုပ်အားအဓိကထား စက်မှုလုပ်ငန်းများ မိမိနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်းကြောင့် သက်ဆိုင်ရာကဏ္ဍများတွင် အလုပ်လက်မဲ့များ တိုးပွားလာလျှင် ထိုကဏ္ဍများမှ အလုပ်သမားများအား နည်းပ ညာအဆင့်မြင့်သည့် စက်မှုလုပ်ငန်းများ၌ လုပ်ကိုင်နိုင်အောင် မည်သို့အကူအညီပေးမည်နည်းဆိုသည်ကို စဉ်း စားရန် လိုအပ်လာသည်။ ထိုသို့စဉ်းစားသုံးသပ်၍ မူဝါဒချမှတ် တုန့်ပြန်ခြင်းကသာ အကောင်းဆုံးအဖြေဖြင့်လိမ့် မည်။


အစိုရများမှ ကုန်ထုတ်လုပ်မှုများတွင် ဝင်ရောက်စွက်ဖက်ခြင်းက သီအိုရီအရ မမှန်ကန်ဟုဆိုကြသည်။ ထိုသို့ လုပ်ဆောင်ခြင်းက အခြားနိုင်ငံများကိုလည်း ထိခိုက်စေသည်ဟုဆိုသည်။ သို့သော်လည်း ယင်းအယူအဆ မမှန် ကန်ကြောင်းကို ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ ဒယ်နီရိုဒစ် (Professor Dani Rodrik)က ငြင်းဆိုထားသည်။ တရုတ်အစိုးရ၏ ကြီးမားသည့် အထောက်အပံ့ အကူအညီများပေးအပ်ခြင်းကြောင့် တရုတ်နိုင်ငံတွင် ဆိုလာစွမ်း အင်ထုတ်လုပ်မှု နည်းပညာအဆင့်မြင့်လာသလို၊ စရိတ်များကျဆင်းလာပြီဖြစ်သည်။ ထိုဆိုလာစွမ်းအင်နည်းပ ညာဖွံ့ဖြိုးတိုးတက်မှုနှင့် ထုတ်လုပ်မှုစရိတ်များ ကျဆင်းလာခြင်းက တကမ္ဘာလုံးကို အကျိုးဖြစ်စေသည်ဟု ယင်း ကထောက်ပြထားသည်။


ထို့အတွက်ကြောင့် အစိုးရများ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှု မူဝါဒများ၊ အကူအညီများအား မထိရောက်သည့် ဝင်ရောက်စွက်ဖက်မှုဟု ဝါးလုံးရှည်ဖြင့် သိမ်းကျုံးမသတ်မှတ်ဘဲ It depends on government’s capacity အစိုးရများ၏ စွမ်းဆောင်ရည်အပေါ်သာတည်မှီသည်ဟုဆိုရမည်။ မကောင်းသည့်နေရာများလည်းရှိနိုင်သည်။ နိုင်ငံများ၏ မတူညီသည့် နည်းပညာနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးမှု ပကတိ အခြေအနေများ၊ အရှိတရားများပေါ်မူတည် ပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း မည်သည့်အတိုင်းအတာထိ အစိုးရများ၏ စက်မှုကဏ္ဍမူဝါဒများ ကူညီထောက်ပံ့မှုများသည် လက်ခံနိုင်ဖွယ်ရှိသည်ကို သုံးသပ်ဆုံးဖြတ်ရန်လိုအပ်လာပြီဖြစ်သည်။


ထို့အတွက်ကြောင့်လည်း ဘောဂဗေဒ နိုဘယ်ဆုရှင်များ၊ ထင်ရှားသည့် ပညာရှင်များ၊ နိုင်ငံခေါင်းဆောင်များပါ ဝင်သည့် အဖွဲ့တစ်ဖွဲ့က အမေရိကန်-တရုတ် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးများအတွက် ပူးတွဲကြေငြာချက် တစ်ခုထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်၌ နိုင်ငံများအတွက် ကုန်သွယ်ရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင် ရာမူဘောင်တစ်ခုကို တင်ပြခဲ့သည်။ အဆိုပါ မူဘောင်အောက်တွင် အစိတ်အပိုင်း(၄)ခုပါဝင်ပြီး တရုတ်အစိုးရ၏ အခြားနိုင်ငံများ၏ ယှဉ်ပြိုင်နိုင်မှုကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်ရန် လုပ်ဆောင်သည့် မူဝါဒမျိုး၊ ဈေးကွက်လက်ဝါး ကြီးအုပ်ရန် ချမှတ်လုပ်ဆောင်မှုမျိုးကို ခွင့်မပြုခြင်း၊ တရုတ်အစိုးရ၏ ထိခိုက်လိုသည့် ရည်ရွယ်ချက်ဖြင့် မဟုတ် ဘဲချမှတ်လိုက်သည့် မူဝါဒကြောင့် အခြားနိုင်ငံတစ်နိုင်ငံအနေဖြင့် ထိခိုက်နစ်နာခဲ့လျှင် အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီး တရုတ်ဘက်မှလည်းပြင်ဆင်၍ မိတ်ဘက်နိုင်ငံဘက်မှလည်း တရုတ်နိုင်ငံအား ဖြေလျှော့မှု များပြုလုပ်ပေးနိုင်သည့် အပိုင်း၌ဖြေလျှော့ပေးခြင်း၊ တရုတ်အစိုးရ၏ မူဝါဒကြောင့် အခြားနိုင်ငံထိခိုက်ခဲ့လျှင် ထိုနိုင်ငံအနေဖြင့်လည်း ထိခိုက်နစ်နာမှု သက်သာစေသည့် တန်ပြန်မူဝါဒများ ချမှတ်ခွင့်နှင့် တရုတ်အစိုးရ၏ မူဝါ ဒကြောင့် အခြားနိုင်ငံတစ်နိုင်ငံကိုသာမကဘဲ နိုင်ငံများစွာကို ထိခိုက်စေလျှင် နိုင်ငံတကာ စံနှုန်းများ၊ စည်းမျဉ်း စည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်ရန်တို့ဖြစ်သည်။


ထိုအချက်များကို လေ့လာကြည့်ခြင်းအားဖြင့် နိုင်ငံတိုင်းသည် ကိုဗစ်-၁၉အလွန်ကာလ၌ စက်မှုကဏ္ဍဖွံ့ဖြိုးတိုး တက်မှုအတွက် ထိရောက်သည့်မူဝါဒများချမှတ်ရန် နိုင်ငံတော်၏ အခန်းကဏ္ဍကို တရုတ်အစိုးရလိုပင် မြှင့်တင် ရတော့မည်ဖြစ်သည်။


◾️ ခိုင်ဝင်း

၆ ၊ စက်တင်ဘာ ၊ ၂၀၂၀ ။

◾️ Ref:
The US-China Trade Policy Working Group (2019), Joint Statement: US-China Trade Relations; A Way Forward.

◾️ စာရေးသူသည် သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့၏ အုပ်ချုပ်မှုဒါရိုက်တာ တစ်ယောက်ဖြစ်ပါသည်။

▄ သမိုင်းတစ်ကျော့ပြန်ခြင်း

သမိုင်းတစ်ကျော့ပြန်တတ်သည်ဆိုသည့်အတိုင်း လက်ရှိအချိန် ကိုဗစ်-၁၉ကပ်ဘေး ခံစားနေရသည့် ကမ္ဘာကြီး သည်လည်း ပထမကမ္ဘာစစ်ပြီးနှင့် ဒုတိယကမ္ဘာစစ်မဖြစ်မီ ကြားကာလနှင့်တူသည်ဟု ပညာရှင်များက သုံးသပ် ကြသည်။ ယင်းတို့က လတ်တလော ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး၊ အလယ်အလတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးလိုလို ကြုံတွေ့နေရသည့် ဂလိုဘယ်လိုက်ဇေးရှင်းနှင့်သက်ဆိုင်သော အခြေအနေ(၃)ခုပေါ် မူတည်ပြီးသုံးသပ်ကြခြင်း ဖြစ်သည်။ လက်ရှိကာလနှင့် ထိုအတိတ်ကာလသည် ကပ်ဘေးဆိုက်ခဲ့ရခြင်းလည်း တူညီသည်။ ပထမကမ္ဘာစစ် ပြီးဆုံးသည့်နှစ် ၁၉၁၈ခုနှစ်၌ စပိန်တုတ်ကွေးဟုခေါ်သည့် ယခုကိုဗစ်-၁၉လို ကပ်ဘေးကြီး ကမ္ဘာပေါ်တွင် ကျ ရောက်ခဲ့သည်။

တူညီသည့် အချက်(၃)ချက်မှာတော့ ဘဏ်များနှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ အကျပ်အတည်းဖြင့် ကြုံတွေ့နေရပြီး ကြွေးမြီြ့ပသနာကြီးထွားနေခြင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံတကာကုန်သွယ်မှု၏ ဘေး ထွက်ဆိုးကျိုးများကို တုန့်ပြန်သည့်အင်အားများကြီးထွားလာခြင်း (ထိုအချိန်တွင် နာဇီပါတီဂျာမဏီတွင်အာဏာ ရခဲ့သလို အီတလီ၌လည်း မူဆိုလီနီ၏ ဖက်ဆစ်ပါတီ အာဏာရလာသည်)နှင့် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံ တကာကုန်သွယ်ရေးကို ထိန်းကျောင်းကြပ်မတ်သည့် နိုင်ငံတကာအဖွဲ့အစည်းများတွင် အားနည်းချက်များရှိနေ ခြင်းနှင့် ယင်းတို့ကို ပီပြင်စွာ ပြုပြင်ပြောင်းလဲခြင်း (သို့) စည်းမျဉ်းစည်းကမ်းအသစ်များ၊ အဖွဲ့အစည်းအသစ်များ မပေါ်ပေါက်နိုင်ခြင်းတို့ဖြစ်သည်။

ယခုလက်ရှိအချိန် ၂၁ရာစုတွင်လည်း ကိုဗစ်-၁၉မဖြစ်မီကပင် ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်ကြသည့် အမေရိကန်နှင့် ဥရောပရှိ နိုင်ငံအများအပြား၏ ကြွေးမြီစုစုပေါင်း ပမာဏသည် အတော်မြင့်မားနေပြီဖြစ်သည်။ အမေရိကန်အစိုး ရ တင်ရှိနေသည့် ကြွေးမြီပမာဏသည် နိုင်ငံဂျီဒီပီကို ကျော်လွန်သွားပြီဖြစ်သည်။ ထို့အတူ အမေရိကန်ရှိ အိမ် ထောင်စုများတွင် တင်ရှိနေသည့် ကြွေးမြီပမာဏကလည်း မနည်းချေ။ အလားတူ ဗြိတိန်အစိုးရ တင်ရှိနေသည့် ကြွေးမြီကလည်း မနည်းချေ။ တချိန်တည်းမှာပင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အလယ်အလတ်အဆင့်ရှိနိုင်ငံများ တင်ရှိ နေသည့် ကြွေးမြီပမာဏ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၆ထွီလီယံကျော်ရှိသည်ဟုသိရသည်။ မည်သည့် နိုင်ငံအုပ်စုဝင်ဖြစ်စေ နိုင်ငံများအလွန်အမင်း ကြွေးတင်ခြင်းက ရေရှည်အတွက်မကောင်းဟု ပညာရှင်များက သမိုင်းအထောက်အထားများ ကိုးကားရေးသားကြသည်။ အထူးသဖြင့်တော့ ဖွံ့ဖြိုးဆဲနှင့် အလယ်အလတ်အဆင့် နိုင်ငံများအတွက် ကြွေးမြီပြသနာက ကြီးမားလွန်းလှသည်။ ကြွေးမြီပြသနာ ဤမျှလောက်ကြီးမားလာရခြင်းမှာ လည်း ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများ သြဇာအာဏာ အဆမတန် ကြီးထွားလာခြင်းကြောင့်ဖြစ် သည်။ ကြွေးပိနေခြင်းက နိုင်ငံများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည်ဟု ပညာရှင်များ ကသုံးသပ်ကြသည်။

ဒုတိယကမ္ဘာစစ်မဖြစ်မီ ၁၉၂၀-၃၀ခုနှစ်များက ဥရောပတိုက်နိုင်ငံများ၊ လက်တင်အမေရိကနိုင်ငံများနှင့် နောက် ဆုံး အမေရိကန်နိုင်ငံတို့တွင် ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ ဘဏ္ဍာရေးအကျပ်အတည်းဖြင့် ရင်ဆိုင် ခဲ့ရသည်မှာ ၂၀၀၈ခုနှစ် အမေရိကန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ဘဏ္ဍာရေးအကျပ်အတည်းလိုပင် နိုင်ငံများ၏ ငွေရေးကြေးရေးဈေးကွက် (capital market) ကို အထိန်းအကွပ်မရှိ ဖွင့်လှစ်ပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ အရင်း ရှင်စနစ်၏ အဓိကပြသနာမှာ ဘဏ္ဍာငွေကြေးဈေးကွက်ကို နိုင်နင်းစွာ ထိန်းကျောင်းနိုင်မှုမရှိဘဲ ယင်းက ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများကို လွှမ်းမိုးချုပ်ကိုင်လာခြင်းဖြစ်သည်။

Financialization of real economy ဟုဆိုနိုင်သည်။ အထူးသဖြင့် ကာလတိုချေးငွေများ ပုံစံမျိုးစုံဖြင့် နိုင်ငံအတွင်း ဝင်ရောက်လာခြင်း ကနိုင်ငံများအတွက် အန္တရာယ်များလှသည်။ ရေနံ၊သံယံဇာတနှင့် အခြားပို့ကုန်များ ဈေးကောင်းနေလျှင် ပြသနာ မရှိ။ ယင်းတို့ဈေးနှုန်းများ ကျဆင်းပြီဆိုသည်နှင့် ချေးငွေများ၊ အရင်းအနှီးများလည်း ပို့ကုန်အမှီပြုသည့်နိုင်ငံများ မှ အလုံးအရင်းဖြင့် ထွက်ခွာကြတော့သည်။ ပြီးခဲ့သည့် မတ်လနှင့်ဧပြီလအတွင်းမှာပင် emerging economies ဟုခေါ်သည့် မက်ဆီကို၊အာဂျင်တီးနား၊တူရကီ၊ အင်ဒိုနီးရှား၊ချီလီ အစရှိသည့်နိုင်ငံများမှ ဘဏ္ဍာငွေကြေး အရင်း အနှီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀ဘီလီယံခန့် ထွက်ခွာသွားသဖြင့် ကိုဗစ်-၁၉ဖြစ်၍ ယင်းနိုင်ငံများ ငွေလိုနေချိန် ထပ်မချေးငှားတော့သည့်ပြင် တင်ရှိနေသည့် အကြွေးများကို ပြန်တောင်းခြင်းခံနေရပြီဖြစ်သည်။

ထိုကဲ့သို့ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ မတည်ငြိမ်ခြင်း၊ ကုန်ဈေးနှုန်းများ ကျဆင်းခြင်း၊ အလုပ် လက်မဲ့နှုန်းမြင့်မားလာသည့်အခါ နိုင်ငံများသည် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှုအပေါ် ဆန့်ကျင်မှုများ ပြုလုပ်လာကြသည်။ ပထမကမ္ဘာစစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်မီကလည်း စီးပွားရေးကျဆင်းလာ သည့်အခါ အမေရိကန်ပြည်ထောင်စုတွင် ၁၉၃၀ခုနှစ် စီးပွားပျက်ကပ်ဖြစ်ပွားပြီး (၁၉၂၀-၃၀ခုနှစ်များ)ဥရောပနှင့် အမေရိကန်နိုင်ငံတို့တွင် protectionism ဟုခေါ်ဝေါသည့် ကိုယ်ကျိုးစီးပွားကာကွယ်သည့် မူဝါဒများရေပန်းစားခဲ့ သည်။ ကိုယ်ကျိုးစီးပွားကာကွယ်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ပြည်တွင်းစိုက်ပျိုးရေးနှင့် စက်မှုလက်မှု လုပ်ငန်းများ ပြည်ပမှတင်သွင်းလာသည့် အလားတူထွက်ကုန်များ၊ထုတ်ကုန်များနှင့် မယှဉ်ပြိုင်နိုင်မည်ကို စိုးရိမ်ခြင်းကြောင့် အကန့်အသတ်ဖြင့်သာ သွင်းကုန်များကို တင်သွင်းခွင့်ပြုခြင်း (ဥပမာ quota system) သွင်းကုန်ပစ္စည်းများကို အခွန်နှုန်းတိုးမြှင့်ကောက်ခံခြင်းတို့ဖြစ်သည်။ ပြည်ပမှပြောင်းရွှေ့လာသည့် နိုင်ငံခြားသားများ(Immigrants)ကို မုန်းတီးမှုများကလည်း ပိုမိုကြီးထွားလာခဲ့သည်။ ယင်းတို့က မိမိတို့၏ အလုပ်အကိုင်များကို ခိုးယူသွားသည်ဟု စွတ်စွဲပြောဆိုကြသည်။ ယခုလည်း အမေရိကန်-တရုတ် ကုန်သွယ်ရေးပဋိပက္ခ၌ အမေရိကန်နိုင်ငံသားများ၏ အလုပ်အကိုင်များကို တရုတ်အလုပ်သမားများက ရယူသွားကြ၍ မိမိတို့ အလုပ်လက်မဲ့ ဖြစ်ကြရသည်ဟု ထင်မြင်ယူဆချက်များရှိနေသည်။ အလားတူ မက်ဆီကိုနှင့် အခြားနိုင်ငံများမှ တရားဝင်နှင့်တရားမဝင် ပြောင်းရွှေ့လာသူများအပေါ် အမေရိကန် နိုင်ငံသား အုပ်စုဝင်အချို့၏ အမြင်သည် လုံးဝမကောင်းချေ။ ထိုအချက်ကို သမ္မတထရန့်က မဲဆွယ်ရာတွင် ကောင်းစွာအသုံးချခဲ့၍ သမ္မတရာထူးကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ လူမျိုးရေးအစွန်းရောက်မှုများလည်း ကြီးထွားလာခဲ့ရသည်။ အမျိုးသားရေးဝါဒီများလည်း တန်ခိုးထွားခဲ့ရသည်။ အတိတ်ကလည်း ဟစ်တလာ အာဏာရလာခြင်းမှာ အမျိုးသားရေး၊လူမျိုးရေးကို စီးပွားကျဆင်းချိန် အသုံးချခဲ့ခြင်းကြောင့်ဖြစ်သည်။

အတိတ်ကာလ ကမ္ဘာစစ်၂ခုကြားအချိန်၌လည်း နိုင်ငံတကာအဖွဲ့အစည်းများသည် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ကုန်သွယ်ရေး၊ နိုင်ငံများအကြား ငွေကြေးစီးဆင်းမှုတို့ကို ထိရောက်စွာ ထိန်းကျောင်းကြပ်မတ်နိုင်ခြင်း မရှိခဲ့ချေ။ ပထမကမ္ဘာစစ်ပြီး တည်ထောင်ခဲ့သည့် နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations)၊ Bank for International Settlement (BIS)အစရှိသည်တို့မှာလည်း ယနေ့ခေတ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)၊ ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများလိုပင် ကမ္ဘာလုံးဆိုင်ရာ ပြ သနာများကို ထိရောက်စွာ မဖြေရှင်းပေးနိုင်သဖြင့် နိုင်ငံများသည် မိမိနိုင်ငံအကျိုးစီးပွားတစ်ခုတည်းကိုသာ ဗဟို ပြုသည့် မူဝါဒများချမှတ်လာခဲ့ပြီး begger thy neighbors ဟုခေါ်သည့် မိမိအကျိုးရှိရန် သူတစ်ပါးနိုင်ငံကို ဒုက္ခ ဖြစ်စေသည့် ကုန်သွယ်ရေးစည်းမျဉ်းများ၊ အခွန်နှုန်းထားများ သတ်မှတ်ခဲ့ကြသည်။ ကိုလိုနီနိုင်ငံများကိုလည်း တတ်နိုင်သမျှ ခေါင်းပုံဖြတ်ပြီး အင်အားကြီးနိုင်ငံများအကြား ပြင်းထန်သည့် အားပြိုင်မှုများကြောင့် အဆုံးတွင် ဒုတိယကမ္ဘာစစ်မီး တောက်လောင်ရတော့သည်။

ပရင်စတန်တက္ကသိုလ်မှ ပါမောက္ခ ဟဲရိုးဂျိမ်းစ် (Professor Harold James)ကသူ၏ “End of Globalization: Lessons from Great Depression” စာအုပ်၌ ပထမကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ အမေရိကန်နိုင်ငံသည် စူပါပါဝါ ဖြစ်လာသော်လည်း နိုင်ငံတကာရေးရာများကို ထိရောက်စွာ ဖြေရှင်းနိုင်သည့် စွမ်းဆောင်ရည် အမေရိကန်အစိုးရ ၌မရှိခြင်းကြောင့် စီးပွားပျက်ကပ်၊ ဒုတိယကမ္ဘာစစ်တို့ကို မတားဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ထားသည်။


ယနေ့မျက်မှောက်အချိန်တွင်လည်း ကိုဗစ်-၁၉ကပ်ဘေးမဖြစ်မီတည်းက ၂၀၀၈ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်း နောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအခြေအနေများသည် (အထူးသဖြင့် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပတိုက်နိုင်ငံများ) ကမ္ဘာစစ်၂ခုကြားကာလနှင့် တူညီမှုများရှိနေသဖြင့် ယနေ့ထိ အင်အား အကြီးဆုံးနိုင်ငံအဖြင့် ရပ်တည်နေသည့် အမေရိကန်ပြည်ထောင်စု၏ ဦးဆောင်မှုသည် နိုင်ငံတကာပြသနာများ ကိုဖြေရှင်းရန်အတွက် အထူးလိုအပ်နေသည်။ သို့သော်လည်း လက်ရှိကိုဗစ်-၁၉ကာလမှာပင် သမ္မတထရန့် အစိုး ရ၏ ဦးဆောင်မှုသည် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူမဖြစ်စေဘဲ ပဋိပက္ခများကို သာတိုးပွားစေသလို ဖြစ်နေခဲ့သည်။ သို့ဖြစ်၍ လာမည့်နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်ရွေးကောက်ပွဲ သည်လည်း ကမ္ဘာသူကမ္ဘာသားအားလုံးအတွက် အထူးအရေးကြီးလျက်ရှိသည်။

ခိုင်ဝင်း
၅ ၊ စက်တင်ဘာ ၊ ၂၀၂၀ ။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအခက်အခဲ နှင့် ကိုဗစ်ဂယက်


တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး

မြန်မာ့ကုန်သွယ်ရေးတွင် အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်သည့် နယ်စပ်ကုန်သွယ်ရေးအနေဖြင့် ကိုဗစ်ကာလအတွင်းအခြေအနေ နှင့် အခက်အခဲများမှာ နိုင်ငံ၏စီးပွားရေးအတွက်အရေးပါသောအခြေအနေတွင်‌ ရှိနေပါသည်။ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ပြုလုပ်သော နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် တို့ဖြစ်ပါသည်။ ထိုနိုင်ငံများထဲမှာမှ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးသည် ကုန်စည်စီးဆင်းမှုအများဆုံး ဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ ခုအနက်မှတရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှု ပမာဏများသောကြောင့် အထူးလေ့လာစောင့်ကြည့်ရန်လိုအပ်ပါသည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်များထဲမှ မူဆယ်ဂိတ်တစ်ခုထဲမှပင် နေ့စဉ် အမေရိကန်ဒေါ်လာ ၁၀ သန်းမှ ၁၅ သန်းထိ ငွေကြေးလည်ပတ်မှုရှိနေပါသည်။ မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များမှာ ဆန်၊ ပြောင်း၊ သကြား၊ စိုက်ပျိုးထုတ်ကုန်များနှင့် ရေထွက်ကုန်စည်များဖြစ်ပါသည်။ အဓိကသွင်းကုန်များသည် ဆောက်လုပ်ရေးပစ္စည်း၊ စက်ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများ နှင့်အခြားသော ကုန်ကြမ်းများဖြစ်ကြပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင်သာမက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွင်ပါ အလွန်အရေးပါသော အိမ်နီးချင်းနိုင်ငံဖြစ်ပါသည်။

နယ်စပ်တင်ပို့ကုန်တန်ဖိုးကျဆင်းလာ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ နယ်စပ်ကုန်သွယ်ရေးဒေတာအချက်အလက်အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (၁.၁၀.၂၀၁၉ မှ ၁၉.၆.၂၀၂၀) တွင် နယ်စပ်ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၁.၁၀.၂၀၁၈ မှ ၁၉.၆.၂၀၁၉) ထက် အမေရိကန်‌ဒေါ်လာ၂၉၈မီလီယံလောက် တိုးတက်လာခဲ့ပါသည်။ သို့သော် နယ်စပ်တင်ပို့ကုန်တန်ဖိုးမှာ ယခုဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၄၅ မီလီယံသာတိုးခဲ့ပြီး နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၅၃ မီလီယံတိုးတက်ခဲ့သောကြောင့် နယ်စပ်တင်ပို့ကုန်တန်ဖိုး နှင့် နယ်စပ်သွင်းကုန်တန်ဖိုးကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နယ်စပ်တင်ပို့ကုန်တန်ဖိုးမှာ နယ်စပ်သွင်းကုန်တန်ဖိုးထက် နည်းပါးပါသည်။ ထို့အပြင် တရုတ်-မြန်မာနယ်စပ်ဂိတ်များရှိနယ်စပ်ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးများသည်ကျဆင်းလာပြီး ထိုင်း-မြန်မာနယ်စပ်ဂိတ်များတွင်တော့ နယ်စပ်ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးသည် တိုးတက်လာခဲ့ပါသည်။

ဆုံးရှုံးနစ်နာမှုများနှင့်အပြိုင် ကိုဗစ်ကာလ

Covid-19 ကူးစက်မြန်ရောဂါ ကမ္ဘာတစ်ဝှမ်းစတင်ပြန့်နှံ့မှုကို အကြောင်းပြု၍ တရုတ်-မြန်မာနယ်စပ်ကုန်သွယ် ရေးတွင် ဒေါ်လာ သန်းနှင့်ချီ၍ဆုံးရှုံးနစ်နာမှုများရှိလာခဲ့ပါသည်။ တရုတ်နိုင်ငံဘက်မှ နယ်စပ်ကုန်သွယ်ရေး အပေါ်ချမှတ်ထားသော တစ်ဖက်သတ်ဆန်သော စည်းမျဉ်းစည်းကမ်းများသည် မြန်မာနိုင်ငံဘက်မှ တင်ပို့နေသော ပုတ်သိုးပျက်စီးလွယ်သည့် စိုက်ပျိုးထုတ်ကုန်များနှင့်ရေထွက်ကုန်စည်များအပေါ် များစွာအကျိုးသက်ရောက်မှု ရှိပါသည်။ လက်တွေ့မှာတော့ Covid-19 ကူးစက်မြန်ရောဂါပြန့်ပွားမှု မဖြစ်ပေါ်ခင် ၂၀၁၈ ခုနှစ်ဝန်းကျင်လောက်ကပင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး စည်းမျဉ်းများ ပြုပြင်ပြောင်းလဲမှုများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်ပါသည်။ “General Administration of Customs of China-GACC” မှ စည်းမျဉ်းဉပဒေများ ပြုပြင်ပြောင်းလဲများပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အရေးပါသော ထွက်ကုန်၊ တင်ပို့ကုန် ဖြစ်သည့် ဆန်စပါး ကို တရုတ်ဘက်သို့ တင်ပို့မှုတွင် ပိုးမွှားကင်းစင်ကြောင်းထောက်ခံချက်လက်မှတ် လိုအပ်မှုကြောင့် ဧပြီလ ထဲတွင် နယ်စပ်ကုန် ဆန်စပါးတင်ပို့မှု၌ အခက်အခဲများရှိခဲ့ပါသည်။ အဆိုပါလိုအပ်နေသော ထောက်ခံချက်လက်မှတ်သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဌာနထုတ်ပေးရန်တာဝန်ရှိပြီး အချိန်မီထုတ်ပေးဖို့ အားနည်းခဲ့ပါသည်။ ထို့ကြောင့် ဆန်စပါးတန်ချိန် ၃၀၀၀ နယ်စပ်တွင်သောင်တင်ခဲ့ပါသည်။ မေလထဲတွင် နယ်စပ်မှ သကြားပြောင်းတင်ပို့မှုမှာလည်း တင်ပို့ခွင့်ပိတ်ခံရသောကြောင့် ဆုံးရှုံးမှုများစွာကြုံတွေ့ရပါသည်။ တင်ပို့ခွင့်မရသောသကြားပြောင်းတန်ချိန် ၁သိန်းလောက်ကို ရွှေလီမြစ်ထဲသို့ စွန့်ပစ်ရသည်အထိ အခြေအနေဆိုးခဲ့ပါသည်။ နှစ်စဉ်တင်ပို့နေခဲ့သော်လည်း ယခုနှစ်တွင် တရားဝင်တင်ပို့ခွင့်ရသော ဆန်၊ ဖရဲ၊ သခွား နှင့် သရက်တို့သာ တင်ပို့ခွင့်လွယ်ကူပြီး ပြောင်းသီးနှံ တင်ပို့မှုမှာ တရားဝင်လက်ခံထားသော တင်ပို့ကုန်မဟုတ်သောကြောင့် အခက်အခဲများပိုမိုကြုံတွေ့ရပါသည်။ သကြားပြောင်းသည် ပြောင်းစိုဖြစ်သည့်အတွက် တာရှည်ထားမခံသည့်အပြင် ပြန်လည်သယ်ဆောင်ပါက သယ်‌ဆောင်စရိတ်ထပ်ကုန်ကျမည်ဖြစ်သည့်အတွက် ကုန်စည်များကို စွန့်ပစ်ရခြင်းဖြစ်ပါသည်။ သကြားပြောင်းအဓိကစိုက်ပျိုးသော ရှမ်းရွာများရှိတောင်သူများ ဆုံးရှုံးနစ်နာမှုများနှင့်ကြုံတွေ့ရပါသည်။ နှစ်စဉ်တင်ပို့နေကျကုန်စည်ဖြစ်သော်လည်း မေလ နှောင်းပိုင်းတွင်လည်း ဖရဲတင်ပို့မှု၌ ကုန်တင်ပို့မှုတန်ချိန် ၁၈၀,၀၀၀ကျော် လျော့ကျမှုများရှိခဲ့ပါသည်။ လက်ရှိတွင် နာနတ်သီးကုန်သည်များအနေဖြင့်လည်း တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် တရားဝင်ကုန်စည်အဖြစ် တင်ပို့ခွင့် ရရှိရေးအတွက် ကုန်သည်အဖွဲ့များအနေဖြင့် တောင်းဆိုမှုများ ရှိလာခဲ့ပါသည်။ ပြီးခဲ့နှစ်များ၌လည်း နာနတ်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၇၀၀ မီလီယံ ခန့်ဆုံးရှုံးမှုများ ရှိခဲ့ပါသည်။ GACC၏ တရားဝင်တင်ပို့ခွင့်ရသည့် စာရင်းတွင် နာနတ်မပါသောကြောင့် တရားဝင်တင်ပို့ခွင့်ရရှိရန်တောင်းဆိုလျက်ရှိပါသည်။ မြန်မာနိုင်ငံဘက်မှ တရုတ်-မြန်မာနယ်စပ်ရှိတင်ပို့လျက်ရှိ သောကုန်စည်များအနေဖြင့် တာရှည်ထားမခံသော ပုတ်သိုးလွယ်သည့် စိုက်ပျိုးရေထုတ်ကုန်များမှာ ပမာဏများပြီး ဆုံးရှုံးနစ်နာမှုများရှိခဲ့လျင်လည်း နယ်စပ်‌ဒေသရှိတောင်သူလယ်သမားများအနေဖြင့်ဆုံးရှုံးနစ်နာမှုကြီးမားစွာခံစား ရပါသည်။ ထို့အပြင် နယ်စပ်ဒေသများတွင် မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိသော ပြည်တွင်းလက်နက်ကိုင် တိုက်ပွဲများသည်လည်း ကုန်သွယ်မှုကို ထိခိုက်မှုရှိနိုင်ပါသည်။

ကြိုးပမ်းဆောင်ရွက်မှုများ

နယ်စပ်ကုန်သွယ်ရေးကုန်သည်အဖွဲ့အစည်းများမှလည်း တင်ပို့ကုန်များအဆင်ပြေစေရေးအတွက်ကြိုးပမ်းမှုများ ရှိပါသည်။ ယူနန်ပြည်ဘက်မှ အထွေအထွေအုပ်ချုပ်ရေးမှူးနှင့် မြန်မာဘက်ကတာဝန်ရှိသူများအနေဖြင့် နယ်စပ်ကုန်သွယ်ရေးပြဿများဖြေရှင်းရန်ကူမင်းတွင်တွေ့ဆုံ၍ဆွေးနွေးမှုများပြုလုပ်ခဲ့တာရှိသလို စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်မှလည်း တရုတ်သံအမတ်နှင့် နယ်စပ်ကုန်သွယ်မှု အဆင်ပြေ ချောမွေ့စေရေးအတွက် မေလထဲတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသေးသည်။ ပြည်ထောင်စုအစိုးရအဖွဲ့နေဖြင့် ပြည်တွင်းကုန်သည်ကိုယ်စားလှယ်များနှင့်လည်းဆွေးနွေးမှုများပြုလုပ်လျက်ရှိပါသည်။ကုန်သွယ်ရေးဝန်ကြီးဌာနမှလည်း တရားဝင် တင်သွင်းခွင့်မရသေးသော ကုန်စည်များအတွက် တရားဝင်တင်သွင်းခွင့်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိကာလတွင် မူဆယ်နယ်စပ်ဂိတ်၌ ပဲ၊ သရက်နှင့်အခြားသောကုန်စည်များ တင်ပို့ရန်အတွက် ကုန်တင်ကား ၅၀၀လောက် ဝင်ချီ ထွက်ချီ ရှိပြီး ကုန်တင်ကားယာဉ်မောင်း အစားထိုးမောင်းနှင်မှုစနစ်များလည်း ရှိလာပါသည်။ ကိုဗစ်ရောဂါကာကွယ်ရန်အတွက် တရုတ်ဘက်မှ သတ်မှတ်ထားသော ယာဉ်မောင်းများသာ တရုတ်နယ်စပ်ဘက်သို့ ကုန်တင်ကားမောင်းနှင်လာခွင့်ရှိနေပါသည်။ ကုန်သည်များအနေဖြင့် နှစ်နိုင်ငံကုန်သွယ် ရေးသဘောတူစာချုပ်များကို ပိုမိုကောင်းမွန်စေရေးနှင့် မြန်မာကုန်သည်များ၏ တင်ပို့ကုန်လုပ်ငန်းများ အဆင်ပြေစေရန် အစိုးရထံ၌ မျှော်လင့်ချက်များစွာထားရှိထားပါသည်။

ယေဘုယျသုံးသပ်ချက်များ

“နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်အားကောင်းမှု မရှိသည့်အခါ မတည်ငြိမ်သော တရုတ်ဈေးကွက်နှင့် ပြောင်းလဲနေသောတရုတ်နိုင်ငံ၏ မူဝါဒများကြောင့် နယ်စပ်ကုန်သွယ်ရေးသည် တည်ငြိမ်မှုမရှိပါ။”

တရုတ်၏ အချိုးကျ ကုန်သွယ်ရေး မူဝါဒ စနစ်ကြောင့် တရုတ်နယ်စပ်တွင် တရားမဝင်ကုန်သွယ်ရေးများလည်း ရှိနေပါသည်။ တရားမဝင်နယ်စပ်ကုန်သွယ်ရေးမှာ အထူးသဖြင့် တောင်ယာစိုက်ပျိုးရေးထွက်ကုန်များ တင်ပို့သည့် ကုန်သည်များအနေဖြင့် တရုတ်၏ သွင်းကုန်မူဝါဒ အသစ်ကြောင့် အခက်အခဲများ ကြုံတွေ့ရပါသည်။ တရုတ်ကုန်သည်များသည် မြန်မာကုန်သည်များ နှင့် ညှိနှိုင်းဆွေးနွေးမှုများတွင် အသာစီးရကြပါသည်။ မြန်မာကုန်သည်များနှင့် လယ်သမားများသည် ကုန်ပစ္စည်းများကို ဈေးပေါပေါနှင့် တရုတ်သို့ ရောင်းချနေရပါသည်။ အထူးသဖြင့် ကချင်ပြည်နယ် ရှိ ဒေသခံ လယ်သမားများနှင့် ကုန်သည်များ၏ စီးပွားရေးသည် တရုတ် ဈေးကွက်ကို မှီခိုနေရပါသည်။ ထိုအခါ တရုတ်ဈေးကွက်အပြောင်းအလဲများ ကြောင့် အခတ် အခဲများစွာ အဆင်မပြေမှုများစွာနှင့် ကြုံတွေ့ရပါသည်။ အစိုးရထိန်းချုပ်မှုရှိသော ဒေသများတွင်သာမက အစိုးရထိန်းချုပ်မှုအောက်မရှိသော ဒေသများတွင်လည်း တရုတ်-မြန်မာနယ်စပ်ဒေသတွင်နေထိုင်သော ‌ပြည်တွင်းရှိဒေသခံများသည် နယ်စပ် ကုန်သွယ်မှုစီးပွားရေးကိုသာများစွာမှီခိုကြပါသည်။ နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်အားကောင်းမှု မရှိသည့်အခါ မတည်ငြိမ်သော တရုတ်ဈေးကွက်နှင့် ပြောင်းလဲနေသောတရုတ်နိုင်ငံ၏ မူဝါဒများကြောင့် နယ်စပ်ကုန်သွယ်ရေးသည် တည်ငြိမ်မှုမရှိပါ။ ထို့အပြင် နယ်စပ် ဒေသပို့ကုန်ပစ္စည်းများသည် ပြည်တွင်း၌ပင် ကုန်ချော အဖြစ်ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများလည်း နည်းပါးလွန်းပါသည်။ ထို့အပြင် ပြည်တွင်းဈေးကွက်သို့ လွယ်လွယ်ကူကူတင်ပို့ရောင်းချဖို့ အတွက်လည်း အခက်အခဲများစွာရှိနေပါသည်။ ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများသည်လည်း နယ်စပ်ဒေသများတွင် ဖြစ်ပွားလေ့ရှိသောကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် ဆုံးရှုံးနစ်နာ မှုများနှင့် ကြုံတွေ့ ရလေ့ ရှိပါသည်။ ထို့ကြောင့် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသော ကိုဗစ်ရောဂါကူးစက်ပြန့်နှံ့မှုကြောင့်ပင်မဟုတ်ဘဲ နယ်စပ်ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ မူဝါဒ ပြောင်းလဲမှုများ၊ ဈေးကွက်ပြောင်းလဲမှုများ နှင့် မြန်မာနိုင်ငံတွင်း ဒေသတွင်းမတည်ငြိမ်သော ပဋိပက္ခများကြောင့်လည်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို ပိုမို ကျဆင်းလာစေသည်ဟု ဆိုနိုင်ပါသည်။

အကြံပြုချက်များ

ကိုဗစ်ကာလအတွင်း နှင့် ကိုဗစ်ကာလအလွန်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းစီးပွားရေး အခြေအနေအရ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို တက်နိုင်သမျှ တိုးမြှင့်ဆောင်ရွက်နိုင်ချေများ ရှာဖွေဖို့လိုအပ်လာပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တရုတ်-မြန်မာနယ်စပ်ရှိ ကုန်သွယ်ရေး အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ကြိုးပမ်းမှုများလည်း ရှိပါသည်။ သို့သော်လည်း ပိုမိုကောင်းမွန်သော မူဝါဒနဲ့ မဟာဗျုစီမံကိန်းများလိုအပ်နေပါသည်။ မြန်မာနိုင်ငံအနေဖြင့်တော့ တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်ရေးထိုးသွားသည့် သဘောတူညီမှုစာချုပ် ၃၃ ခုမှ နယ်စပ်ကုန်သွယ်ရေးအဆင်ပြေလာနိုင် မှုရှိ၊မရှိဆိုတာကိုမျှော်လင့်နေပါသည်။ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်နှင့် ကုန်သွယ်ရေးပေါ်လစီအပေါ် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ စွမ်းရည်ကိုလည်းလေ့လာရန်လိုအပ်ပါသည်။ အချို့သောပညာရှင်များအနေဖြင့် နယ်စပ်ကုန်သွယ်ရေးဈေးကွက်ကို ဒေသတွင်းဈေးကွက်သို့ပြောင်းလဲဖို့ အကြံပြုကြပါသည်။ သို့သော်လည်း ဒေသတွင်းဈေးကွက်လိုအပ်မှုပမာဏသည် နယ်စပ်ကုန်သွယ်ရေးဈေးကွက်ပမာဏလောက်များနိုင်ပါ့မလား ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်ပါသည်။
အစိုးရနှင့် တာဝန်ရှိသူများအနေဖြင့်
– ဒေသတွင်းကုန်သည်များနှင့်တောင်ယာစိုက်ပျိုးသူများ၏ ကိုယ်စားလှယ်များထံမှ စကားသံများကိုအမြဲမပြတ် နားထောင်ဆွေးနွေးခြင်း၊
– တရုတ်-မြန်မာနှစ်နိုင်ငံအကြားနယ်စပ်ကုန်သွယ်ရေးသဘောတူစာချုပ်များကိုသေချာလေ့လာပြီးမှပြည်သူ့ သဘောထားနှင့်အညီချုပ်ဆိုခြင်း နှင့်
– မြန်မာနိုင်ငံ၏နယ်စပ်ကုန်သွယ်ရေးမှုဝါဒကို ပြန်လည်ဆန်းစစ်လေ့လာခြင်း၊
-တင်ပို့ကုန်ပစ္စည်းများအတွက်ပြည်တွင်းပြည်ပစျေးကွက်အသစ်များရှာဖွေပေးခြင်းနှင့်တန်ဖိုးမြှင့်ကုန်စည်ထုတ်လုပ်နိုင်ရန်ပံပိုးပေးခြင်း၊
– လက်ရှိတင်ပို့ကုန်ပစ္စည်းများအရည်အသွေးစံချိန်မှီရန် ပံပိုးပေးခြင်းတို့ကို ပိုမိုအားစိုက်ထုတ်၍ ကြိုးပမ်းခြင်းဖြင့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဟု ယူဆပါသည်။
နယ်စပ်ကုန်သွယ်ရေးသည် နိုင်ငံတစ်ခုအတွက် အရေးပါအချက်အခြာကျသောကဏ္ဍ ဖြစ်သည့်အလျောက်အမြဲမပျက် စောင့်ကြည့်လေ့လာရမည့် ကိစ္စရပ်တစ်ခုဖြစ်ပါသည်။

မေပိုးသူ
၁.၇.၂၀၂၀

ကိုးကား-
https://www.youtube.com/watch?v=dM01eNdUVkk
https://www.commerce.gov.mm/en/dobt/border-trade-data
https://www.globalnewlightofmyanmar.com/import-of-raw-mate…/
https://www.globalnewlightofmyanmar.com/myanmar-total-bord…/
https://burma.irrawaddy.com/news/2020/05/12/222395.html…
https://www.globalnewlightofmyanmar.com/pineapple-growers-…/
https://www.globalnewlightofmyanmar.com/sino-myanmar-trade…/
http://mizzima.com/…/tin-ore-shipment-remains-normal-despit…
https://economictimes.indiatimes.com/…/articl…/75346359.cms…
http://mizzima.com/…/myanmar-china-check-out-delays-trade-g…
https://www.thefarmermedia.com/news/15119
http://burmese.dvb.no/archives/385089…
https://www.bbc.com/burmese/burma-52004130

◾ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအခက်အခဲနှင့်…

Posted by Sandhi Governance Institute on Wednesday, July 1, 2020

မြန်မာနိုင်ငံ၏ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များ

အကျဉ်းချုပ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် Coronavirus Disease – 2019 (Covid-19) ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါကူးစက်မှုများ ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် ကူးစက်ပြန့်ပွားလျှက်ရှိပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)၏ Global Situation Report-147 အရ ကမ္ဘာ့အနှံ့အပြားတွင် Coronavirus Disease – 2019 (Covid-19) ရောဂါကူးစက်ခံရသူ စုစုပေါင်း လူဦးရေ ၇,၈၂၃,၂၈၉ ဦး ကူးစက်ခံနေရပြီး သေဆုံးသူ ဦးရေ ၄၃၁,၅၄၁ ဦး ရှိနေပြီ ဖြစ်ပါသည်။1 ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)မှ ကူးစက်မြန်ကပ်ရောဂါဟု ၁၃.၃.၂၀၂၀ ရက်နေ့က ကြေညာခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် Coronavirus Disease – 2019 (Covid-19) ရောဂါ စတင်ကူးစက်မှုများကို တွေ့ရှိခဲ့ရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ဇွန်လ၊ ၁၆ရက်နေ့ အထိ Coronavirus Disease – 2019 (Covid-19) ရောဂါ ကူးစက်ခံရသူ ဦးရေသည် ၂၆၂ ဦးရှိပြီး သေဆုံးသူဦးရေ ၆ ဦး ရှိပါသည်။ မြန်မာနိုင်ငံ၏ အစိုးရအနေဖြင့်လည်း ပြည်သူများ၏ ရောဂါပြန့်ပွားမှု အခြေအနေ ကို ကာကွယ်တားဆီးရန်အတွက် စီမံချက်များကိုလည်း လုပ်ဆောင်လျှက်ရှိပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် Coronavirus Disease – 2019 (Covid-19) ရောဂါ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးမှတဆင့် မြို့နယ်အလိုက်အထိ ကွင်းဆင်းဆောင်ရွက်မှုများ၊ ညွှန်ကြားချက်များ၊ အမိန့် ကြေညာချက်များနှင့် ပြည်သူများ ကိုရိုနာ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကို ထုတ်ပြန်၍ စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။ ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်သည့် နေ့စဉ် သတင်းနှင့်ထုတ်ပြန်ချက်များ၊ ကျန်းမာရေးဝန်ထမ်းများအတွက် လုပ်ငန်းလမ်းညွှန်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ ရောဂါစောင့်ကြပ်ကြည့်ရှု့ရေးနှင့် ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်သည့် သတင်းအချက်အလက်များအား ပြည်သူများသိရှိ စေရန်အတွက် ဝဒ်ဆိုဒ်မှတဆင့် နေ့စဉ် ထုတ်ပြန်ပေးခြင်းများကိုလည်း လုပ်ဆောင်နေပါသည်။ နေစဉ် နိုင်ငံတော် ပိုင် သတင်း မီဒီယာများမှလည်း ကိုရိုနာရောဂါ ကူးစက်မှုမရှိစေရန် အသိပညာပေး အစီအစဉ်များ၊ ပညာပေးသီချင်း များ၊ ရုပ်ပုံများဖြင့် ထုတ်လွှင့်ပြသခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေးအသိပညာရေချိန်ကို မြှင့်တင်ပေးနေပါ သည်။ ထို့အပြင် ပြည်သူများနေ့စဉ်သွားလာလှုပ်ရှားမှုများတွင် သတိထားနေထိုင်ရမည့် အသိပေးချက်များကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှလည်း ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ တိုင်းဒေသကြီး အစိုးရများမှ ထုတ်ပြန်သည့် ဒေသန္တရ အမိန့်များနှင့် ပြည်သူများလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များ ကို နေ့စဉ်နေတိုင်း ဆော်ဩပေးလျှက်ရှိပါသည်။ သို့ရာတွင် ကမ္ဘာ့အနှံ့အပြားတွင် ကူးစက်နေသည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန်ပွားမှုကို ပျောက်ကင်းစေသည့် ဆေးဝါးများ မပေါ်ပေါက်သေးသည့်အတွက် ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ပြည်သူလူထု၏ ပြုမူနေထိုင်ခြင်းသည်သာ အကောင်းဆုံး ထိန်းချုပ် ကာကွယ်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကိုရိုနာဗိုင်းရပ် ရောဂါ ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် လက်ရှိ နိုင်ငံတော်၏ လုပ်ဆောင်ချက် များ၊ ပြည်သူတို့၏ လိုက်နာဆောင်ရွက်မှုများနှင့် အခက်အခဲများကို လေ့လာတင်ပြခြင်းဖြစ်ပါသည်။

✦ နိဒါန်း

2019 Novel Coronavirus (2019-nCov) ရောဂါပိုးကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှု့ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် မိမိတွင်တွေ့ရှိပါက လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် ဝန်ကြီးဌာန အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် “2019 Novel Coronavirus (2019-nCov) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေ ဗဟိုကော်မတီ” ကို ဖွဲစည်းခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် 2019 Novel Coronavirus (2019-nCov) Acute Respiratory Disease နှင့် ပတ်သက်သည့် ဆေးကုသမှုဆိုင်ရာ အကြံပြုချက်များဆောင်ရွက်နိုင်ရန်အတွက် Clinical Management Committee ကိုလည်း ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါသည်။ “2019 Novel Coronavirus (2019-nCov) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေ ဗဟိုကော်မတီ” ကို 2019 Novel Coronavirus (2019-nCov) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှု့ ခြင်းလုပ်ငန်းများတွင် ဝန်ကြီးဌာန အချင်းချင်း စနစ်တကျပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း လုပ်ငန်းများအား ကြီးကြပ်ခြင်း၊ မြန်မာနိုင်ငံအတွင်းဝင်ရောက် လာသော ခရီးသွားဧည့်သည်များနှင့် ပြည်ပမှပြန်လည်ရောက်ရှိ လာသော မြန်မာနိုင်ငံသားများအား ကျန်းမာရေးအသိပညာပေးနိုင်ရန်နှင့် ၎င်းတို့တွင် ရောဂါပိုးကူးစက်ဖြစ်ပွား မှုအား စောင့်ကြပ်ကြည့်ရှု့ခြင်း၊ ရောဂါလက္ခဏာပေါ်ပေါက်လာပါက ရောဂါ ဆက်လက်ပြန့်ပွားမှုမရှိစေရေး ဆောလျင်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ကြီးကြပ်ခြင်း၊ ပြည်ပသို့ထွက်ခွာမည့် မြန်မာနိုင်ငံသားများအား ကျန်းမာရေးအသိပညာပေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြီးကြပ်ခြင်း၊ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော ခရီးသွားဧည့်သည်များ တည်းခိုသည့် ဟိုတယ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှု့ခြင်း၊ သံသယလူနာတွေ့ရှိပါက သတင်းပေးပို့ခြင်း၊ ညွှန်းပို့ကုသမှုပေးခြင်း၊ ဟိုတယ်ဝန်ထမ်းများနှင့် မိသားစုများသို့ ရောဂါကူးစက်မှုမရှိစေရေး၊ ကာကွယ်ရေးလုပ်ငန်းများအား အဓိကပူးပေါင်းဆောင်ရွက်ရန် ကြီးကြပ်ခြင်း၊ ပြည်သူလူထုနှင့် ခရီးသွားဧည့်သည်များအား အသိပညာပေးရေး၊ သတင်းထုတ်ပြန်နိုင်ရေးအတွက် ညှိနှိုင်းဆောင် ရွက်ရန်နှင့် မီဒီယာများမှ တိကျမှန်ကန်သော သတင်းများအား အချိန်နှင့်တပြေးညီ ဖြန့်ဝေနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့် ကြပ်ကြည့်ရှု့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့် ကြပ်ကြည့်ရှု့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပူးပေါင်းဆောင် ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဝင်ထွက်ပေါက်များတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများအား ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် လမ်းညွှန်ကြီးကြပ် ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်များတွင် သက်ဆိုင်ရာ ဌာနအချင်းချင်းပူးပေါင်း ညှိနှိုင်းဆက်သွယ်ရာတွင် ပိုမိုလျင်မြန်ထိရောက်စွာ အကောင်အထည်ဖော်ရေး ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံခြားသား ခရီးသည်များ၌ ရောဂါတွေ့ရှိခြင်း၊ ပြန်လည်ဝင်ရောက်လာသော နိုင်ငံများတွင် International Health Regulations (2005) အရ ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များအား ပံ့ပိုးဆောင်ရွက်ခြင်း၊ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) နှင့် International Civil Aviation Organization (ICAO) တို့၏ ဆုံးဖြတ်ချက်အရ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အရေးယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ခြင်း၊ ရောဂါ ကာကွယ်ကုသရန် လိုအပ်သောဆေးနှင့် ဆေးပစ္စည်း (Personal Protective Equipment and Masks များအပါအဝင်) ဓါတ်ခွဲခန်းသုံး ပစ္စည်းများကို တင်သွင်းနိုင်ရေး ပံ့ပိုးဆောင်ရွက်ခြင်း၊ ဝူဟန်မြို့တွင် ရောက်ရှိနေသော မြန်မာကျောင်းသားများအား အထူးလေယာဉ် (Charter Flight)ဖြင့် ပြန်လည်ခေါ်ယူနိုင်ရေး ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပြီးပါက ကျောင်းသူ/ကျောင်းသားများအား Coronavirus ကူးစက်မှု ရှိ မရှိ လိုအပ်သော ကျန်းမာရေးအရ စောင့်ကြပ်စစ်ဆေးမှုကို စနစ်တကျ ပြုလုပ်သွားခြင်း2 စသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် ဖွဲစည်းထားခြင်း ဖြစ်ကြောင်း ပါရှိပါသည်။

ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံဦးဆောင်သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကိုလည်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့အစည်းမှလည်း ပြည်သူလူထု၏ အခြေခံစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စသည့် အခြေခံစားသောက်ကုန် ပစ္စည်းများကိုလည်း ထောက်ပံ့ကူညီပေးရန် တိုင်းဒေသကြီး/ပြည်နယ် အဆင့်အဆင့် ညွှန်ကြားချက်များကိုလည်း
ထုတ်ပြန်ပေးခဲ့သည်။ ထို့အပြင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်း၍လည်း အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အား သုံးစွဲမှု (၁၅၀) ယူနစ်အထိကို ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့် (အခမဲ့) ကို ဧပြီ လကုန်အထိ ပေးသွားမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ခြင်းအားဖြင့် ပြည်သူလူထုအနေဖြင့် Coronavirus Disease 2019 (COVID-19) ကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသနေစဉ် ကာလအတော်အတွင်း စားသောက်ရေး အဆင်ပြေစေရန် ဆောင်ရွက်ချက်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်း, လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများမှတဆင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ပါ အဆင့်ဆင့် ချိတ်ဆက်ဆောင်ရွက်ရပါသည်။ ပြည်နယ်/တိုင်းဒေသကြီးအသီးသီးတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် လုပ်ငန်းကော်မတီများ၊ ခရိုင်/မြို့နယ်အဆင့်လုပ်ငန်းကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်း၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှု့ရေးလုပ်ငန်းများ ကို ကြီးကြပ်ဆောင်ရွက်လျှက်ရှိသည်။ ထို့အပြင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့လူနာရှိသည့် မိသားစု၊ လမ်း၊ ရပ်ကွက် နှင့် နီးစပ်ဆက်နွယ်ခဲ့သည့်သူများကိုလည်း အချိန်မီ ကုသမှုခံယူရန်နှင့် စစ်ဆေးမှုများ ခံယူနိုင်ရန် ကြိုတင်ဆောင်ရွက်မှုများကို သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်ကြသည်။ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများသည်လည်း မိမိတို့ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ကိုရိုနာဗိုင်းရပ်စ် ရောဂါပြန့်ပွားမှုနှုန်းမရှိစေရန် ညမထွက်ရကဲ့သို့သော ဒေသန္တရ အမိန့်များကို ထုတ်ပြန်ခြင်းများ၊ လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားပွဲများ၊ ပွဲလမ်းသဘင်များအား ကျင်းပခြင်းမပြုလုပ်ရန်နှင့် ရပ်ဆိုင်းထားရန် စသည့် အမိန့်များကိုလည်း ထုတ်ပြန်ကာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးခြင်း လုပ်ငန်းများကို လုပ်ဆောင်သည်။

ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်များသည် မိမိတို့၏ ပါတီဝင်များ၊ မိမိတို့ မဲဆန္ဒနယ်များရှိ လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ပြည်သူလူထုအား ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ၊ လက်ဆေးရန် တိုက်တွန်းခြင်းများ၊ Mask မတပ်ပဲ သွားလာလှုပ်ရှားနေသည့် ပြည်သူများအား Mask များဝေငှခြင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး များနှင့် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သံသယလူနာများအား အသွားအလာစောင့်ကြည့်ကန့်သတ်ခြင်း အတွက် Quarantine Center များအား ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြသည်။ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ သည် မိမိတို့ မဲဆန္ဒနယ်အတွင်း ပြည်သူလူထုအား ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သည့် သတင်းအချက်အလက်များကို စဉ်ဆက်မပြတ်သိရှိစေရန်လည်း မိမိတို့၏ ဖေ့စ်ဘုတ် စာမျက်နှာများတွင် နေ့စဉ်နှင့်အမျှ သတင်းပေးနေသည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းများကြောင့် မြန်မာနိုင်ငံ၏ ကိုရိုနာဗိုင်းရစ် ရောဂါကူးစက်ခံရမှုသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးသည်ဟု ဆိုနိုင်ပါသည်။

✦ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကြိုတင်ဆောင်ရွက်နေမှုမျာ

Coronavirus Disease 2019 (COVID-19) ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီရောဂါသည် Public Health Emergency of International Concern ဟု ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ရောဂါစောင့်ကြပ်ကြည့်ရှု့ခြင်းကို လျင်မြန်စွာ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း၊ သံသယလူနာများအား စောစီးစွာသိရှိနိုင်ရန် ပြုလုပ်ခြင်း၊ သံသယနှင့် အတည်ပြုလူနာများအား အခြားသူများ နှင့် မထိတွေ့စေဘဲ သီးခြားခန်းတွင် ထားရှိကုသပေးခြင်း၊ သံသယလူနာ၊ လူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံဖူးသူများကို ထောက်လှမ်း၍ စောင့်ကြပ်ကြည့်ရှု့ခြင်း၊ ရောဂါထပ်မံဖြစ်ပွား ကူးစက်မှုကို ကာကွယ်ထိန်းချုပ်ခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို သတင်းအချက်အလက်များ အပြည့်အစုံပေးပိုခြင်း စသည့် လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၅ ရက်နေ့ ကတည်းက အလေးထား ကြိုတင်ဆောင်ရွက်နေ သည်ဟု ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၏ ဆဌမနေ့တွင် ဒလမဲဆန္ဒ နယ် လွှတ်တော်ကိုယ်စား လှယ်၏ မေးမြန်းချက်ကို ပြည်ထောင်စု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီးမှ ဖြေကြားခဲ့သည်။ ထိုဖြေကြားချက်အရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ကြိုတင်ဆောင်ရွက်နေ မှုများကို သိနိုင်သည်။ ထို့အပြင် ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာ သတိပေးချက်များ၊ ပါးစပ်နှင့်နှာခေါင်းစဉ်း အသုံးပြုခြင်း ဆိုင်ရာ အကြံပြုချက်များ၊ နှာချေး ချောင်းဆိုးသည့်အခါ လိုက်နာရမည့် ကျင့်ဝတ်များ၊ အသွားအလာကန့်သတ်မှုနှင့် ပတ်သက်သည့် အသိပေးထုတ် ပြန်ချက်များ၊ နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေထိုင်ခြင်း (Social Distancing) စသည့် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် စီမံဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့နှင့် အာနန္ဒာဒေတာတို့ ပူးပေါင်းပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်နိုင်မှု ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ဆောင်ချက်များနှင့် ပြည်သူလူထုစစ်တမ်းတွင် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ရန် မည်သို့လုပ်ဆောင်ရ မည်ဟူသည့် သတင်းအချက်အလက် ပြည်သူထူထုအားလုံး သိကြသည်ဟု ထင်ပါသလား ဟူသည့် မေးခွန်းကို ဖြေဆိုသူအများဖြစ်သည့် ၅၈.၈၉ ရာခိုင်နှုန်းက မထင်ပါ ဟု ဖြေဆိုကြထားကြောင်းကိုလည်း တွေ့ရှိခဲ့ရသည်။3

✦ စိန်ခေါ်မှုများ

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ခံရသူသည် မတ်လ ၂၃ ရက်နေ့မှ စတင်၍ ၂၀၂၀ ဇွန်လ၊ ၁၆ရက်နေ့ အထိ ၂၆၂ ဦးရှိနေပြီဖြစ်သည်။ ကူးစက်ခံရသူများကို လေ့လာကြည့်ပါက ပြည်ပမှ ပြန်ရောက်လာသူများ၊ ထိုသူများနှင့် ထိတွေ့ဆက်စပ်သူများ၊ ဘာသာရေးပွဲတော်များသို့သွားရောက်ရာမှ ကူးစက်ခံရမှုများ ပိုမိုများပြား ကြောင်း တွေ့ရှိရသည်။ ယခုဆိုလျှင် ကူးစက်ခံရသူများသည် ကယားပြည်နယ်မှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ကူးစက်ပြန့်ပွားနေသည်။ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူလူထုသည်သာ အဓိက ကျသည်ဟုလည်း ထင်မြင်မိပါသည်။ နိုင်ငံတော် အစိုးရအနေက ထုတ်ပြန်ထားသည့် အမိန့်များ၊ ကြေငြာချက်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှတဆင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်များဖြင့် လိုက်လံပြောကြားသော်လည်း ပြည်သူလူထုအနေ ဖြင့် လိုက်နာဆောင်ရွက်မှုမှာအားနည်းနေသည်ကိုလည်း တွေ့ရှိနေရပါသည်။ အခြေခံလူတန်းစားများအနေဖြင့် လက်လုပ်လက်စားများဖြစ်ကြသဖြင့် မိမိတို့ ဝမ်းရေးအတွက် ပြင်ပသို့ ထွက်၍ အလုပ်လုပ်ကိုင်ကြရသည်။ သို့ရာတွင် နှာခေါင်းစည်းတပ်၍ သွားလာခြင်း၊ လက်ဆေးခြင်းများကို ပြုလုပ်ခြင်းသည်လည်း အလွန် နည်းပါးလှပါသည်။ လှိုင်သာယာ၊ တောင်ဒဂုံကဲ့သို့သော ဆင်ခြေဖုံးရပ်ကွက်များတွင် လူသွားလူလာများခြင်း၊ ဘောလုံးကန်ခြင်း၊ ခြင်းခတ်ခြင်း၊ မုန့်ဆိုင်များတွင် ထိုင်စားခြင်းများကိုလည်း ကိုဗစ်ကာလအတွင်း တွေ့နေရသည်။ ထိုသို့ပြုမူလုပ်ဆောင်ပါက အကယ်၍ ရပ်ရွာအတွင်းတွင် ကူးစက်ခံရပါက လျှင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်ဖွယ်ရှိ ပါသည်။ ပြည်သူလူထု အနေဖြင့် ကိုရိုနာရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရန် မျက်နှာနှင့်နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လက်ဆေးခြင်းနှင့် နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း (Social Distancing) များပြုလုပ်ရန် လိုအပ်သည်။ သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့နှင့် အာနန္ဒာဒေတာတို့ ပူးပေါင်းပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်နိုင်မှု ကာကွယ် ရေးနှင့် ထိန်းချုပ်ရေး လုပ်ဆောင်ချက်များနှင့် ပြည်သူလူထုစစ်တမ်းတွင် ရောဂါကူးစက်မှုအတွင်း ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသွားအလာကန့်သတ်မှုကို ထိရောက်သည်ဟု ဖြေဆိုသူ ၈၂.၄၁ ရာခိုင် နှုန်းရှိသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။4

ထို့အပြင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားနေ့စဉ်အတော်အတွင်း အစိုးရ၏ အမိန့်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည် များကိုလည်းလေ့လာသိရှိရပါသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်‌ ရှောက်ရေးအသင်း (AAPP) ၏ ဝဒ်ဆိုဒ်စာမျက်နှာတွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကာလအတွင်း အဆိုပါကိစ္စရပ်နှင့်ဆက်နွယ်၍ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံရသူ လူဦးရေသည် မေလအတွင်းတွင် စုစုပေါင်း (၃၇၀၅) ဦးရှိသည်ဟု ဖော်ပြထားသည်။ ထိုအထဲတွင် ညမထွက်ရ အမိန့်ကို ချိုးဖောက်ခြင်းအတွက် ရာဇတ်သတ်ကြီးပုဒ်မ ၁၈၈ ဖြင့် တရားစွဲ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း (၅၆၃) ဦးတို့ပါဝင်ပါသည်။ ထို့အပြင် ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းမရှိ၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥဒေ ပုဒ်မ ၂၅၊ ၂၆၊ (၂၆ (က)၊ ၂၇၊ ၂၈(ခ)၊ ၃၀(က)(ခ)နှင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေပုဒ်မ ၁၅၊ ၁၈ တို့ဖြင့် တရားစွဲဆိုခြင်း ခံထားရသူ စုစုပေါင်း (၃၁) ဦးနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသောကြောင့် အပြစ်ပေးအရေးယူခံထားရသူ စုစုပေါင်း (၃၁၀၀)ဦး ရှိကြောင်းလည်း ဖော်ပြထားပါသည်။5 ထိုကဲ့သို့သော စည်းကမ်း ချိုးဖောက်ခြင်း မျိုးများလာပါက ကိုရိုနာဗိုင်းရပ် ရောဂါ ပြန့်ပွားမှုများသည်လည်း တိုးတက်မြင့်မားလာနိုင်ပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း မိမိတို့၏ အိမ်တွင်းနေထိုင်ခြင်းသည်သာ ရောဂါပြန့်ပွားမှုမရှိစေရန် အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။

✦ သုံးသပ်အကြံပြုချက်

“ပြည်သူလူထုအနေဖြင့်လည်း နိုင်ငံတော်အစိုးရမှ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် အတွက် ထုတ်ပြန်ကြော်ငြာချက်များကို စဉ်ဆက်မပျက် လေ့လာ၍ လိုက်နာကျင့်သုံးသင့်ပါသည်။”

နိုင်ငံတော်အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ရန်အတွက် ပြဌာန်းခဲ့သည့် ညွှန်ကြားချက်၊ အမိန့်ကြော်ငြာစာ၊ အသိပေးချက်များကို ပြည်သူလူထုဆီသို့ တပြေးညီ ရောက်အောင် ဆော်ဩပေးရမည် ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်မှ ပြည်သူလူထု၏ အခြေခံစားဝတ်နေရေး ပြေလည်စေရန် အတွက် ပေးအပ်သည့် ထောက်ပံ့ပစ္စည်းများကို တကယ့် လိုအပ်သည့် ပြည်သူများ ရရှိစေရန်လည်း လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများမှတဆင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စနစ်တကျ ရပ်ရွာအချက်အလက်များကို ကောက်ယူ၍ သာတူညီမျှ ခွဲဝေပေးရန်လည်း လိုအပ်ပါသည်။ ထို့အပြင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကို ထိန်းချုပ်ကာကွယ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြားသော ဝန်ကြီးဌာန များနှင့်ပါ ပူးပေါင်း၍ လုပ်ဆောင်သင့်သည်။ နိုင်ငံတော်အနေဖြင့် ကိုရိုနာဗိုင်းရပ်ရောဂါ ဖြစ်ပွားနေစဉ် အတော်အတွင်း ပြည်သူလူထု၏ စီးပွားရေးနှင့် ပညာရေးများ နှောင့်နှေးမှုမရှိစေရန် ကြိုတင်၍ စီမံကိန်းများကို ရေးဆွဲ အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ဒေသန္တရအမိန့်များကို ထုတ်ပြန်ရာတွင်လည်း ရှင်းလင်းတိကျစွာ ဖော်ပြပြီး ပြည်သူများ လိုက်နာကျင့်သုံးနိုင်စေရန်လည်း စီမံဆောင်ရွက်သင့်သည်။

ပြည်သူလူထုအနေဖြင့်လည်း နိုင်ငံတော်အစိုးရမှ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် အတွက် ထုတ်ပြန်ကြော်ငြာချက်များကို စဉ်ဆက်မပျက် လေ့လာ၍ လိုက်နာကျင့်သုံးသင့်ပါသည်။ လူစုလူဝေးဖြင့် ပြုလုပ်သော ပွဲလမ်းသဘင်များကိုရှောင်ရှားခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ မလိုအပ်ပဲ အပြင်တွင် သွားလာ လှုပ်ရှားခြင်း၊ မဖြစ်မနေ သွားလာရပါက မျက်နှာနှင့် နှာခေါင်းစည်းများကို တပ်ဆင်သွားလာခြင်းများ ပြုလုပ်ရန် နှင့် မုန့်ဆိုင်/လက်ဘက်ရည်ဆိုင်များတွင် ဝိုင်းဖွဲ့စားသောက်ခြင်းများကို မပြုလုပ်ရန် လိုအပ်ပါသည်။ သို့မှသာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်မည်ဟု သုံးသပ် တင်ပြလိုက်ရပါသည်။

မျိုးဇင်
၂၂.၆.၂၀၂၀

ကိုးကား-
– Coronavirus Disease (COVID-19) Situation Report – 147
– နိုင်ငံတော်ပြန်တမ်း၊ နိုင်ငံတော်သမ္မတရုံး၊ အမိန့်ကြော်ငြာစာအမှတ် (၂၃/၂၀၂၀)
– ကိုဗစ်-၁၉ ရောဂါပိုးကူးစက်နိုင်မှု ကာကွယ်ရေးနှင့်ထိန်းချုပ်နိုင်ရေးလုပ်ဆောင်ချက်များနှင့် ပြည်သူ့စစ်တမ်း (မေလ ၄ရက်၊ ၂၀၂၀ ပြည့်နှစ်)
– AAPP COVID-19 အရေးနှင့်ဆက်နွယ်၍ ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်များ ထုတ်ပြန်ချက်
(Link: https://aappb.org/2020/06/11306/)

မြန်မာနိုင်ငံ၏ Coronavirus Disease – 2019 (Covid-19) ကူးစက်ရောဂါနှင့်ပတ်သက်၍…

Posted by Sandhi Governance Institute on Monday, June 22, 2020

COVID 19 အချိန်ကာလနှင့် အိမ်တွင်းအကြမ်းဖက်မှု

✦ နိဒါန်း

၂၀၁၉ ဒီဇင်ဘာလ၊ တရုတ်ပြည် (ဝူဟန်မြို့) မှ စတင်ဖြစ်ပေါ်လာခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ်သည် ယခုအချိန်ထိ ကူးစက်ပြန့်ပွားလျှက်ရှိပါသည်။ ယနေ့အချိန်ထိ ကူးစက်ခံရသူစုစုပေါင်း လူဦးရေ ၇၈၂၃၂၈၉ ဦး ကူးစက်ခံနေရပြီး သေဆုံးသူဦးရေ ၄၃၁၅၄၁ ဦးရှိနေပြီးဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO မှ ကူးစက်မြန်ကပ်ရောဂါ အဖြစ် ၁၃.၃.၂၀၂၀ တွင် ကြေငြာခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း မတ်လ(၂၃) ရက် ၂၀၂၀ တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါစတင်ပျံ့ပွားမှုကို စတင်တွေ့ရှိခဲ့ပြီး ယခုလက်ရှိအချိန်တွင် သေဆုံးသူ (၆) ဦး ထိရှိနေပြီဖြစ်ပါသည်။ယခုအချိန်တွင် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံနှံ့ရောက်ရှိခဲ့ပြီ ကူးစက်မြန်ပြီး သေဆုံးနိုင်သည်အထိပါဖြစ်နိုင်သည့် အတွက်ကြောင့် လူတိုင်းအထူးဂရုစိုက်နေထိုင်ကြရပါသည်။ ကိုရိုနာဗိုင်းရပ်စ် ကို ကာကွယ်နိုင်မည့် ဆေးဝါးလည်း ယခုအချိန်ထိ မရှိသေးပေ။ သက်ဆိုင်ရာ နိုင်ငံအစိုးရများအနေဖြင့် ပြည်သူများအား အိမ်တွင်နေထိုင်စေခြင်း၊ အပြင်ထွက်ပါက Mask တပ်ဆင်ခြင်း၊ လက်ကို ဆေးကြောခြင်း စသည့် နည်းလမ်းများဖြင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းကို လုပ်ဆောင်နေကြပါသည်။ သို့သော်ငြားလည်း ကူးစက်မှုများသည် လုံးဝရပ်တန့်သွားခြင်းမရှိဘဲ ကူးစက်နေဆဲဖြစ်နေပါသည်။ ကမ္ဘာတစ်ဝှမ်းလုံး ကူးစက်ပြန့်ပွားလာသည်နှင့် အမျှ နေရာဒေသ၊ လူမျိုးပေါင်းစုံက ရောဂါရိုက်ခတ်မှုကို ခံစားနေရပါသည်။

✦ အိမ်တွင်းအကြမ်းဖက်မှု

COVID19 ရောဂါသည် ရောဂါအသစ်ဖြစ်သောကြောင့် သေသေချာချာ ထိန်းချုပ်နိုင်စွမ်းမရှိသေးချေ။ သို့သော် နိုင်ငံအများစုကျင့်သုံးနေသည့် ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းတစ်ခုမှာ အိမ်တွင်နေထိုင်ခြင်း (Stay Home) သာ ဖြစ်ပါသည်။ အချို့သောနိုင်ငံများတွင် နိုင်ငံအလိုက်၊ ဒေသအလိုက် ပိတ်ဆို့တားဆီးခြင်း ( Lock Down) စနစ်ကို အသုံးပြု၍ ရောဂါထိန်းချုပ်မှု လုပ်ငန်းစဉ်များကို လုပ်ဆောင်ကြပါသည်။ အိမ်တွင်နေထိုင်ခြင်း၊ ပိတ်ဆို့တားဆီးခြင်း စသည့်လုပ်ဆောင်ချက်များကြောင့် ပြဿနာအချို့ကိုလည်းရင်ဆိုင်နေရပါသည်။ ယခုစာတမ်းတွင် အဓိကထားရေးသားသွားမည့် အကြောင်းအရာမှာ အိမ်တွင်းအကြမ်းဖက်မှုများဖြစ်ပါသည်။ အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ မည်သို့နည်း။ အိမ်တွင်းအကြမ်းဖက်မှုများသည် အဘယ်ကြောင့် COVID19 ရောဂါ ဖြစ်ပွားသည့် အချိန်တွင် မည်သည့်အကြောင်းအရင်းများကြောင့် ပိုမိုဖြစ်ပွားရသနည်း။ အိမ်တွင်းအကြမ်းဖက်မှုဟု ပြောမည်ဆိုပါက အရင်ဆုံးမြင်သည်မှာ “အိမ်” ဆိုသည့် ဝေါဟာရ ဖြစ်ပါသည်။ အိမ်ဆိုသည်မှာ လူသားတိုင်းအတွက် နွေးထွေးမှု၊ လုံခြုံမှုတို့ကို ပေးစွမ်းနိုင်သည့် အရာပင်ဖြစ်ပါသည်။ သို့ပင်သော်ငြားလည်း အချို့သောသူများအတွက် အိမ်ဆိုသည်မှာ ထောင်သဖွယ်၊ ကြောက်စရာ၊ နာကျင်စရာကောင်းနေတတ်ပါသည်။ ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါအသွင် COVID 19 ဖြစ်ပွားနေချိန်တွင် လူတိုင်းလူတိုင်း အိမ်တွင်နေထိုင်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်နေကြပါသည်။ အိမ်မှာနေထိုင်ခြင်းသည် ရောဂါဖြစ်ပွားမှုကိုသိသိသာသာလျော့ကျနိုင်သည်မှာအမှန်တစ်ကယ်ဖြစ်ပါသည်။ အိမ်တွင်းအကြမ်းဖက်မှုများတွင် ရုပ်ပိုင်းဆိုင်ရာထိခိုက်နာကျင်စေရန်အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် အချို့သောထိခိုက်စေသည့်ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ အရ အကြမ်းဖက်ခြင်းတို့ဖြစ်ပါသည်။ အကြမ်းဖက်ခံရခြင်းကို လူတိုင်းတွင်ဖြစ်နိုင်ပါသည်။ အမျိုးသမီး၊ ကလေးသူငယ်တွေသာမက အမျိုးသားတွေ၊ LGBT တွေ စသဖြင့် ခံရနိုင်ပါသည်။ သို့သော်လည်း ဖြစ်ပွားခဲ့သော အိမ်တွင်းအကြမ်းဖက်မှု ပြဿနာများကို ပြန်ကြည့်မည်ဆိုပါက အမျိုးသမီးနှင့် ကလေးသူငယ်များကို အကြမ်းဖက်သည်က ပိုများသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်ခံရမှုကို ၂၀၁၅ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးငှာနမှ ထုတ်ပြန်ခဲ့သည့် လူဦးရေနှင့် ကျန်းမာရေးစစ်တမ်းအရ အမျိုးသမီး(၇) ဦးတွင် (၁) ဦးမှာ အကြမ်းဖက်ခံရနေရကြောင်း ဖော်ပြထားပါသည်။ ထို့အပြင် အမျိုးသမီး (၅) ဦးတွင် (၁) ဦးမှာ လင်ယောကျာ်း၏ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာရသော်လည်းကောင်း အကြမ်းဖက်မှုကို ခံရခြင်းဖြစ်ပါသည်။ သို့သော်ငြားလည်း ၂၂ရာခိုင်နှုန်းသော အမျိုးသမီးများသာလျှင် တိုင်ကြားမှုကို ပြုလုပ်ကြပြီး ကျန်ရှိသော ၇၈ ရာခိုင်နှုန်းသည် တိုင်ကြားမှုမပြုလုပ်ဘဲ အကြမ်းဖက်မှုကို ဆက်လက်ခံနေရဆဲဖြစ်ပါသည်။ ပုံမှန်အချိန်ကာလမျိုးပင်လျှင် သွားလာတိုင်ကြာရန် လွယ်ကူနေသည့်အချိန်လျှင်ပင် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားမှုကို တိုင်ကြားသည့်ရာခိုင်နှုန်းနည်းပါးနေသည့်အတွက်ကြောင့် ယခုလို COIVD-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်းတွင် အိမ်ထဲမှာပင် အချိန်ပေါင်းများစွာနေထိုင်ရသည့် အမျိုးသမီးနှင့်ကလေးသူငယ်များအနေဖြင့် အိမ်တွင်းအကြမ်းဖက်မှုကို ပိုမိုခံစားနေရမည်ဆိုတာ အသေအချာပင်ဖြစ်သည်။ ထို့အပြင် တိုင်ကြားနိုင်မည့် အခြေအနေလည်း လွန်စွာနည်းပါးပါသည်။ အိမ်တွင်းအကြမ်းဖက်ခံရမှုများအား တိုင်ကြားခြင်း နည်းရသည့် အကြောင်းအရင်းများမှာ မိမိ၏အိမ်တွင်းရေးကို မပြောပြချင်ခြင်းများ၊ ရိုးရာအစဉ်အလာအရ ထိန်းသိမ်းစောင့်ရှောက်ရမည့် အကြောင်းအရာများနှင့် စီးပွားရေးအရ အမျိုးသမီးများအနေဖြင့် လင်ယောကျာၤးကို မှီခိုနေရခြင်း စသည့် အချက်များကြောင့် ဖြစ်သည်ဟုလည်း သိရပါသည်။ တိုင်ကြားချင်သော်ငြားလည်း တိုင်ကြားနိုင်မည့် နေရာ၊ ဖုန်းနံပါတ် စသည့် သတင်းအချက်အလက်ရရှိမှု အားနည်းနေသည်ကိုလည်း တွေ့ရပါသည်။

Lock Down လုပ်ဆောင်ခြင်းရဲ့ အကျိုးရလဒ်အနေဖြင့် အမျိုးသားများသည် ပုံမှန်ထက် အိမ်မှာပိုနေထိုင်ကြရသည်။ ထို့ကြောင့်လည်း အမျိုးသမီးနဲ့ ကလေးသူငယ်များကို အိမ်တွင်းအကြမ်းဖက်ခံရခြင်းမှ လွတ်မြောက်နိုင်ရန် မလွယ်ကူလှပါချေ။

✦ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းများ

အိမ်တွင်းအကြမ်းဖက်မှုသည် များသောအားဖြင့် အိမ်၊ လူမှုအသိုင်းအဝိုင်း၊ လုပ်ငန်းခွင် နှင့် အများပြည်သူများ သွားလာသည့်နေရာများတွင် ဖြစ်ပွားသည်ကို တွေ့နိုင်ပါသည်။ ကိုယ်တိုင်ကျူးလွန်ခြင်းဖြစ်နိုင်သကဲ့သို့ အကျူးလွန်ခံရခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ယခုနောက်ပိုင်းတွင် နည်းပညာတိုးတက်လာသည်နှင့် အမျှ အကြမ်းဖက်မှုပုံစံအသစ်များကိုလည်း တွေ့လာရပါသည်။ အိမ်တစ်အိမ်ကို ကြည့်မယ်ဆိုပါက အမျိုးသမီး၊ အမျိုးသားနှင့် ထိုသူတို့နဲ့သက်ဆိုင်သည့် သားသမီး စသည်ဖြင့် အတူတူနေထိုင်ကြပါသည်။ အမျိုးသားများသည် ဟိုးအရင်ကာလများစွာကတည်းက မဟာဖိုလ်ဝါဒကို လက်ကိုင်ထားပြီး အိမ်တွင် အိမ်ထောင်ဦးစီးနေရာကို ယူ၍ မိသားစုအရေး ခြယ်လှယ်ဦးဆောင် တက်ကြပါသည်။ ထိုသို့ဦးဆောင်လာတာနှင့်အမျှ အမျိုးသမီးများ၏ ဦးဆောင်မှုအခန်းကဏ္ဍများသည်လည်း လျော့နည်းလာကြသလို အကြမ်းဖက်ခံရမှုလည်း တိုးလာသည်။ ကျူးလွန်သူတွေကို ပြန်လည်ဆန်းစစ်မည်ဆိုပါလျှင် အများစုသည် Gender အမြင်မရှိခြင်း၊ ခွဲခြားဆက်ဆံမှုရှိသူ၊ လက်ရုံးရည်အားဖြင့် အင်အားကြီးမားသူ နှင့် မိမိကိုယ်ကိုအခွင့်ထူးခံလူတန်းစားဟု ခံယူထားသူများသာ ဖြစ်ကြပါသည်။ အကြမ်းဖက်မှုဖြစ်ပွားခဲ့လျှင်လည်း ကျူးလွန်သူထက် ကျူးလွန်ခံရသူက ပိုပြီး အပြစ်တင်ခံရသည်က များပါသည်။ မြန်မာရိုးရာ အယူအဆအရဆိုလျှင် အမျိုးသမီးများသည် အိမ်ထောင်ကွဲ၊ တစ်ခုလဒ်ဆိုသည့် ဂုဏ်ပုဒ်မျိုးကို ခံယူရမည်ကို လွန်စွာကြောက်ရွံကြပါသည်။ ဆေးမှင်ရည်စုတ်ထိုး၊ အိမ်ထောင်မှု၊ ဘုရားတည် ဤသုံးမျိုးချက်မပိုင် နောင် ပြင်ရန်ခက်သည့်အမျိုး ဆိုသည့် ဆိုရိုးစကားကို လက်ကိုင်ထားကြပါသည်။ ထိုအချက်များကြောင့်ပင်လျှင် အမျိုးသမီးများသည် မည်မျှပင် အိမ်တွင်းအကြမ်းဖက်ခံရစေကာမူ တိုင်ကြားမှုလုပ်ဆောင်ရန် လွန်စွာစိုးရိမ်ကြပါသည်။ ကြိတ်မှိတ်သည်းခံ၍ သေသည့်တိုင်အောင် ပေါင်းသင်းနေထိုင်ကြသည်ကများပါသည်။

✦ COVID 19 ကာလနှင့် အိမ်တွင်းအကြမ်းဖက်ခံရမှု အခြေအနေများ

အိမ်တွင်းအကြမ်းဖက်ဖြစ်ပွားခြင်းသည် သာမန်အခြေအနေမှာပင် သိသိသာသာအပြင်၊ မသိမသာပါ ရှိနေပါသည်။ အစိုးရအနေဖြင့် ယခုအချိန်ထိရောက်သည့်ဥပဒေများဖြင့် ကာကွယ်ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။ အမျိုးသမီးအများစုသည် COVID- 19 ကို ရင်ဆိုင်တိုက်ထုတ်ဖို့ တာဝန်ယူနေကြပါသည်။ သူနာပြု ၉၁ %၊ ကျန်းမာရေးလုပ်သားများ၏ ၇၄% နှင့်ဆေးဝါးလုပ်ငန်းကျွမ်းကျင်သူများ၏ ၆၂% နီးပါးသည် အမျိုးသမီးများဖြစ်ကြပါသည်။ ဒုတိယကမ္ဘာစစ်တွင် အမျိုးသမီးများကို လုပ်ငန်းခွင် ပိုမိုဝင်ခိုင်းခဲ့ကာ ဂျဲန်ဒါအခန်းကဏ္ဍများကို ပြောင်းလဲခဲ့သကဲ့သို့ COVID-19 သည်လည်း အမျိုးသမီးများသည် မရှိမဖြစ်အရေးကြီးသည့်အလုပ်များကို တာဝန်ယူနေရသောကြောင့် အမျိုးသားစောင့်ရှောက်သူတွေကို ပိုမိုများပြားလာစေပါသည်။ ကပ်ရောဂါကာလအတွင်း ပိတ်ဆို့တားဆီးမှုများလုပ်လိုက်သည့်အခါ အချို့နိုင်ငံများဖြစ်သော တရုတ်၊ စပိန်၊ ဂျာမနီနဲ့ အီတလီနိုငံများတွင် အိမ်တွင်းအကြမ်းဖက်မှုသည် ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းထိ တိုးလာခဲ့သည်ဟု သိရှိရပါသည်။ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားသည့်ရာခိုင်နှုန်းတိုးလာရသည့် အကြောင်းရင်းအများစုသည် မိသားစု ကိစ္စမကျေမနပ်ဖြစ်ခြင်း၊ နိုင်ငံနဲ့ ဒေသဆိုင်ရာတွေက ထုတ်ပြန်ထားသည့် အချက်အလက်တွေအပေါ်မှာ စိုးရိမ်ပူပန်မှုများဖြစ်ရခြင်း၊ စီးပွားရေးအခြေအနေ နှင့် လူမှုကွန်ရက်စာမျက်နှာပေါ်မှ သတင်းအမှားထုတ်လွှင့်မှုကို ယုံစားခြင်းမှတစ်ဆင့် မလိုလားအပ်သော စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခြင်း စသည်တို့ကြောင့် ဖြစ်ရသည်ဟု ပြောဆိုထားကြပါသည်။ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားပါက အစိုးရအနေဖြင့် ထောက်ပံ့မှု (၄) မျိုးလုပ်ဆောင်ပေးရန် မရှိမဖြစ်လိုအပ်ပါသည်။ နံပါတ်(၁) အနေဖြင့် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု ၊နံပါတ်(၂) ဥပဒေရေးရာဝန်ဆောင်မှု ၊နံပါတ်(၃) စိတ်၊ လူမှုဝန်ဆောင်မှု နောက်ဆုံး နံပါတ်(၄) အနေဖြင့် နားခိုရာ နေရာများလုပ်ဆောင်ပေးခြင်း စသည်တို့ဖြစ်ကြပါသည်။ မူလအခြေအနေမှာပင် အထက်ပါဝန်ဆောင်မှုများရရှိရန် အခက်အခဲရှိသောကြောင့် ယခုကဲ့သို့သော ကပ်ရောဂါဖြစ်ပွားမှုကာလတွင် ထိုဝန်ဆောင်မှုများရရှိရန်နှင့် တောင်းဆိုရန် ပိုမိုခက်ခဲပါသည်။ အချို့သောအိမ်များတွင် ကျူးလွန်သူနှင့် အတူတူနေထိုင်ရသော အခြေအနေတွင် မည်သို့တိုင်ကြားမှုများ လုပ်ဆောင်နိုင်ပါမည်နည်း။ အစိုးရအဖွဲ့အစည်းများအနေဖြင့်လည်း အရေးပေါ်ကာလမှာ အိမ်တွင်းအကြမ်းဖက်မှု အရေးကိစ္စကထက် တစ်ခြားပိုအရေးကြီးသည့်ကိစ္စရပ်များ၊ အမှုအခင်းများကို ဦးစားပေးလုပ်ဆောင်နေကြရသည့်အပြင် အကျဉ်းထောင်ထဲတွင် ရောဂါပိုးကူးစက်မည်ကို ပိုစိုးရိမ်နေကြပါသည်။ မဖြစ်မနေတိုင်ကြားလျှင်လည်း အရေးယူမှုအားနည်းနေပါသည်။

တူရကီနိုင်ငံတွင် ရောဂါပိုးပျံ့နှံ့မှုကို လျှော့ချရန်အတွက် သီးသန့်ခွဲခြားနေထိုင်းခြင်းများကို ပြုလုပ်ခဲ့ပါသည်။ အသက်၆၅ နှစ်အထက်နှင့် အသက်၂၀ အောက် လူများကို အိမ်ပြင်သို့လုံးဝထွက်ခွင့် မပြုပဲ အိမ်ထဲမှာသာလျှင် နေစေပါသည်။ ကျန်ရှိသည့်လူဦးရေအား တက်နိုင်သလောက် အိမ်ထဲမှာသာနေရန် တိုက်တွန်းထားပါသည်။ တူရကီ အမျိုးသမီးအရေးလှုပ်ရှားသူများအဖွဲ့၏ အစီရင်ခံစာတွင် Lock Down ကာလများတွင် အိမ်တွင်းအကြမ်းဖက်မှုရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ဖော်ပြထားပါသည်။ တူရကီနိုင်ငံတွင်ရှိသော We will stop Femicide Platform ၏ Director တစ်ယောက်ဖြစ်သော Gulsum Kav ပြောကြားချက်အရ Lock down ကာလအတွင်းမှာ အိမ်တွင်းအကြမ်းဖက်မှုအတွက် တိုင်ကြားနိုင်သော Hot line ဖုန်းကို ခေါ်ဆိုမှု များပြားလာကြောင်းပြောဆိုထားပါသည်။ Lock Down လုပ်ဆောင်ခြင်းရဲ့ အကျိုးရလဒ်အနေဖြင့် အမျိုးသားများသည် ပုံမှန်ထက် အိမ်မှာပိုနေထိုင်ကြရသည်။ ထို့ကြောင့်လည်း အမျိုးသမီးနဲ့ ကလေးသူငယ်များကို အိမ်တွင်းအကြမ်းဖက်ခံရခြင်းမှ လွတ်မြောက်နိုင်ရန် မလွယ်ကူလှပါချေ။


အီတလီနိုင်ငံတွင် ပါလီမန်ကော်မတီရဲ့အစီရင်ခံစာအရ အိမ်တွင်းအကြမ်းဖက်မှုဖြစ်ပွားသည့်အတွက် ဖုန်းခေါ်ဆိုနိုင်သည့် hotline များကို ခေါ်ဆိုမှုသည် မတ်လ ၈ရက်မှ ၁၅ရက်အတွင်းတွင် ၅၅ ရာခိုင်နှုန်းလျော့ကျခဲ့သည် ပါရှိပါသည်။ သို့သော်ငြားလည်း ဖုန်းခေါ်ဆိုမှု လျော့ကျခြင်းသည် အကြမ်းဖက်မှုလျော့နည်းလာသည်ဟု သတ်မှတ်၍မရပါဟု အစီရင်ခံစာမှာ ထပ်မံဖော်ပြထားပါသည်။ အိမ်တွင်း အတူတကွ နေထိုင်ရသည့်အတွက်ကြောင့် အိမ်တွင်းအကြမ်းဖက်မှုခံရပါက ကျူးလွန်သူမသိနိုင်အောင် ဖုန်းခေါ်ဆိုင်တိုင်ကြားနိုင်ရန် မလွယ်ကူပါဟု ပြောဆိုထားပါသည်။


COVID 19 ကပ်ရောဂါ အပြင်းအထန်ထိခိုက်ခံရသည့် ဥရောပနိုင်ငံများထဲတွင် တစ်နိုင်ငံဖြစ်သော ပြင်သစ်နိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုကို လျှော့ချနိုင်ဖို့အတွက် လုပ်ဆောင်မှုများ ပြုလုပ်ခဲ့ပါသည်။ ပြင်သစ်အစိုးရမှ Lock down ကြေငြာပြီးချိန်မှစ၍ အိမ်တွင်းအကြမ်းဖက်ခံရမှုသည် ၃၀ ရာခိုင်နှုန်းထိ တက်လာခဲ့သည်ဟု အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားခဲ့ပါသည်။ ပြင်သစ်နိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုကို လျှော့ချနိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုမှာ အိမ်တွင်းအကြမ်းဖက်ခံရသူများကို ဆေးဆိုင်များသို့ သွားပြီး ဆေးဝန်ထမ်းများအား မိမိတို့ခံစားနေရသည့် အိမ်တွင်းအကြမ်းဖက်မှုအကြောင်းများကို ပြောဆိုခိုင်းထားခြင်းဖြစ်ပါသည်။ အကယ်၍ ပြောဆိုရန် လွတ်လွတ်လပ်လပ်မရှိပါက “Mask 19” ဆို သည့်လျှို့ဝှက်စကားကို အသုံးပြုပြီး တိုင်ကြားမှု ပြုလုပ်နိုင်ရန် လုပ်ဆောင်ပေးထားပါသည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ အမျိုးသမီးကော်မရှင်အဖွဲ၏ အစီရင်ခံစာအရ Lock down ကာလအတွင်း အိမ်တွင်းအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး အကူအညီတောင်းခံရန် ဖုန်းခေါ်ဆိုမှ အနည်းငယ်မြင့်တက်လာခဲ့ပါသည်။ မတ်လ၁၄ ရက်မှ ဧပြီ၁ ရက်နေ့အထိ အမျိုးသမီးကော်မရှင်အဖွဲ့သို့ အိမ်တွင်းအကြမ်းဖက်မှုအတွက် အကူအညီတောင်းခံရန် ဖုန်းခေါ်ဆိုမှု အကြိမ်ရေ ၆၉ ကြိမ်ရှိခဲ့သည်ဟု ရေးသားထားပါသည်။ အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများသည် အများအားဖြင့် အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာကို ဖုန်းခေါ်ဆို တိုင်ကြားလေ့မရှိကြချေ။


COVID 19 ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် Lock down လုပ်ဆောင်ခြင်းကို ကမ္ဘာတစ်ဝန်းလုံးမှ တိုင်းပြည်အများအပြား ပြုလုပ်ခြင်းသည် ကပ်ရောဂါဖြစ်ပွားမှုကို တိုက်ထုတ်ရန်အတွက် အကောင်းဆုံးလုပ်ဆောင်ချက် ဖြစ်သော်ငြားလည်း ကမ္ဘာတစ်ဝန်လုံးတွင်ရှိသော အမျိုးသမီးများအား ကျား၊မ မညီမျှမှုနှင့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါသည်။ ပြီးခဲ့သောရက်သတ္တပတ်များတွင် ကပ်ရောဂါဖြစ်ပွားမှုများကြောင့် စီးပွားရေး၊ လူမှုရေး ပြဿနာများနှင့် ကြောက်ရွံ့ထိတ်လန့်နေရခြင်းများကြောင့် အိမ်တွင်းအကြမ်းဖက်မှုဆိုးရွားလာခဲ့သည်ဟု UN Secretary- General Antonio Guterres မှ ပြောဆိုထားပါသည်။ ထို့အပြင် အချို့သောတိုင်းပြည်များတွင် Hotline ခေါ်ဆိုမှုများနှင့် ဝန်ဆောင်မှုများကို တောင်းခံသော အမျိုးသမီးအရေးအတွက် နှစ်ဆဖြစ်လာသည်ဟုလည်း ထပ်မံပြောဆိုထားပါသည်။


အာရှနိုင်ငံများတွင် Lock down ကာလအတွင်း အမျိုသမီးများ အများဆုံးတွေ့ကြုံရသော ပြဿနာတစ်ရပ်မှာ အလုပ်ခွဲဝေမှု မညီမျှခြင်းဖြစ်သည်။ အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာတားဆီးရေး အင်ဒိုနီးရှားနိုင်ငံ အမျိုးသားအဆင့် ကော်မရှင်မှ တိုင်းပြည်၏ lockdown ကာလအတွင်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်သည့် ခြိမ်းခြောက်မှုများ ခံရသည့် အမျိုးသမီးအရေအတွက် များပြားလာသည်ဟု သတိပေးပြောဆိုထားခဲ့ပါသည်။ ထို့အပြင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးသူငယ်များ ကာကွယ်တားဆီးရေး ဝန်ကြီးဋ္ဌါနာမှ မိသားစုအတွင်း အလုပ်ခွဲဝေလုပ်ဆောင်မှု ညီမျှမှုရှိရန် လိုအပ်ကြောင်းလည်း ရေးသားထားပါသည်။ အမျိုးသမီးများသည် အိမ်မှုကိစ္စများ လုပ်ဆောင်ရသည်သာမက သားသမီးများ၏ ပညာရေးအတွက် အွန်လိုင်းလေ့လာမှုများ လုပ်ဆောင်နိုင်ရန်၊ အဆင်ပြေလွယ်ကူစေရန် စသဖြင့် မိသားစု တာဝန်များစွာကို လုပ်ဆောင်ကြရပါသည်။ ခင်ပွန်းသည်၏ ကူညီထောက်ပံ့လုပ်ဆောင်မှုများ မရှိသော အိမ်တွင် အမျိုးသမီးများသည် အလုပ်တာဝန်နှစ်ဆ လုပ်ဆောင်ရသဖြင့် စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ရပါသည်။ ထိုအချိန်အခါမျိုးတွင် အမျိုးသား၏ ရိုက်နှက်မှု ခံရပါက တိုင်ကြားရန် ထွက်ပြေးရန်လည်း အခြေအနေမပေးသည့်အတွက် အမျိုးသမီးများသည် အကြမ်းဖက်မှုကို ပိုမိုခံစားရပါသည်။


မြန်မာနိုင်ငံရှိစုစုပေါင်းလူဦးရေ၏ ထက်ဝက်ကျော်ခန့်သည် အမျိုးသမီးများဖြစ် ပါသည်။ အမျိုးသမီးများ အား နည်းမျိုးစုံဖြင့် အကြမ်းဖက် ခြင်းနှင့်စပ်လျဉ်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိကျသော သတင်းအချက် အလက်ရရှိရေးမှာ မလွယ်ကူသေးသော်လည်း ယနေ့မျက်မှောက်ကာလ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းအချက် အလက်များအရ မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကိစ္စရပ်များ ပိုမိုများလာလျက်ရှိသည်ဟု သိရပါသည်။ အမျိုးသမီးသက်ငယ်မုဒိမ်းမှုများ တဖြည်းဖြည်း မြင့်တက်လာနေသည်ကိုလည်း စိုးရိမ်ဖွယ်ရာမြင်တွေ့နေရပါသည်။ ရဲစခန်းသို့ရောက်ရှိတိုင်ကြားသည့် အမှုများရှိသလို ရဲစခန်းသို့ရောက်ရှိမလာသည့်ကိစ္စရပ်များ၊ ကျေအေးလိုက် သည့်ကိစ္စရပ်များ၊ တိုင်ကြား ရမှန်း မသိသည့် အမှုများ၊ ဝေးလံခေါင်သီ ဒေသမှ ပြစ်မှုများစသည်ဖြင့် အမှုကိစ္စများစွာရှိနေပြီး အမျိုးသမီးများ၏ အခွင့်အရေးများ ဆုံးရှုံးနေကြရ၍ တရားမျှတမှုကိုရရှိ ခံစားနိုင်သည့် အခွင့်အရေး များလည်း ဆုံးရှုံးနေ ကြရပါသည်။ အကြမ်းဖက်မှုတိုင်းတွင် အကြမ်းဖက် သူ၌သာ တာဝန်ရှိသည်ဖြစ် သည့်အတွက် အကြမ်း ဖက်သူအား ဥပဒေနှင့်အညီ အချိန်နှင့်တစ်ပြေးညီ အရေးယူနိုင်ရေး လွန်စွာမှ အရေးကြီးလှပါသည်။


မြန်မာနိုင်ငံတွင် ကူးစက်ခံရမှု များသော ရန်ကုန်မြို့ရှိ အချို့သော မြို့နယ်များတွင် ဧပြီလ (၁၈) ရက်မှစတင်၍ semi lock down ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း အိမ်တွင်းအကြမ်းဖက်မှုကို တိုင်ကြားနိုင်သော၊ လုပ်ဆောင်ပေးနေသော အဖွဲ့အစည်းအချို့လည်းရှိပါသည်။ သို့သော်ငြားလည်း COVID 19 ကာလမတိုင်ခင်ကတည်းက တိကျသော သတင်းအချက်အလက်မရှိခဲ့ပါ။ COVID 19 ဖြစ်ပွားချိန် ကာလများတွင် ဖုန်းဖြင့် ဆက်သွယ်အကူအညီတောင်းမှုများ လုပ်ဆောင်နိုင်ရန် ကူညီပေးနေသည်ဟု မြန်မာနိုင်ငံရှိ အမျိုးသမီးအရေးဆောာင်ရွက်နေသည့် အဖွဲ့အစည်းများမှ သိရပါသည်။ မြန်မာနိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်ခံရမှု ဖြစ်ပွားပါက တိုင်ကြားရန် အမျိုးသမီးမျာရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများ ရှိသည်ကို အချက်ငါးချက်ဖြင့် ဖော်ပြလိုသည်ဟု Legal Clinic Myanmar ရန်ကုန်မှာ Directorတစ်ဦးဖြစ်သူ မလှလှရီ၏ ဆွေးနွေးပြောကြားချက်များမှ ကောက်နှုတ်ရေးသားလိုပါသည်။ ပထမတစ်ချက်မှာ မြန်မာနိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်ခံရမှု ဖြစ်ပွားပါက တရာမျှတမှုရရှိရန် တောင်းဆိုရာတွင် အကန့်အသတ်ဖြင့်ရှနေခြင်းဖြစ်သည်။ ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံ ဥပဒေရဲ့ ရှုပ်ထွေးမှုများကြောင့် တိုင်တန်းရန် အခက်အခဲရှိနေခြင်း ဥပမာအားဖြင့် အချို့သောအမှုများသည် နီးစပ်ရာ တရားရုံးများမှ တစ်ဆင့် တရားစွဲဆိုရန် မရခြင်း ၊ ကိုးကွယ်ရာဘာသာအလိုက် ကွာရှင်းရမည့် နည်းလမ်းျား မတူညီခြင်းနှင့် တရားရုံးလုပ်ငန်းစဉ်များ ရှုပ်ထွေးခြင်းတို့ ဖြစ်ပါသည်။ တတိယအချက်အနေဖြင့် မြန်မာ့ဓလေ့ ထုံးထမ်းအစဉ်အလာအရ အမျိုးသမီးတစ်ဦး အိမ်ထောင်ကွဲ အိမ်ထောင်ပျက်ဖြစ်ပါက ပတ်ဝန်းကျင် နှင့် မိသားစု အသိုင်းအဝိုင်းများ၏ ခွဲခြားဆက်ဆံခံရခြင်း စသည်တို့ကို ကြောက်ရွံ့ကာ အမျိုးသမီးအများစုသည် မိမိ၏ခင်ပွန်းအား မပေါင်းသင်လိုတောင်မှ ခွဲခြားဆက်ဆံခံရမည်ကို စိုးရိမ်ကာ သည်းခံပေါင်းသင်းနေရခြင်း ဖြစ်ပါသည်။ စတုတ္ထအချက်အနေဖြင့် အမျိုးသမီးအများစုအနေဖြင့် မိမိအမျိုးသား၏ ဝင်ငွေအပေါ် မှီခိုနေရခြင်းဖြစ်သည်။ နောက်ဆုံးအချက်အနေဖြင့် အမျိုးသမီးများသဘာဝအရ ဖြစ်ပေါ်တတ်သော မိခင်စိတ်ဖြစ်ပါသည်။ အမျိုးသမီးများသည် အကြမ်းဖက်ခံရသော်လည်း မိမိ၏ သားသမီးများ ဖခင်မရှိဖြစ်ရမည့် ကိစ္စကို စိုးရိမ်ခြင်း စသည့် မိမိသားသမီးများအတွက် ဦးစားပေးစဉ်းစားတတ်သည်။ အထက်ပါ အချက်ငါးချက်သည် အမျိုးသမီးများသည် အိမ်တွင်းအကြမ်းဖက်ခံရသော်လည်း တိုင်ကြားရန် နှင့် ကွာရှင်းရန် အခက်အခဲများ ဖြစ်ပါသည်။

✦ အကြံပြုချက်များ

အိမ်တွင်းအကြမ်းဖက်မှုကို တားဆီးကာကွယ်နိုင်မည့် နည်းလမ်းများ၊ ဥပဒေများ၊ လုပ်ဆောင်ချက်များဖြင့် ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန် လိုအပ်ပါသည်။ အကြမ်းဖက်မှုတိုင်းအတွက် ကျူးလွန်သူမှာသာလျှင် တာဝန်ရှိပါသည် မည်သို့သော အကြောင်းပြချက်ဖြင့် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ရန် မပြုလုပ်သင့်ပါ။ ယခုကဲ့သို့ ကပ်ရောဂါဖြစ်ပွားမှုကာလတွင် အိမ်တွင်းအကြမ်းဖက်မှုကို ထိရောက်စွာမလုပ်ဆောင်နိုင်သဖြင့် အစိုးရအနေဖြင့် တရားစီရင်ရေးနည်းလမ်းအသစ်များကို စဉ်းစားထားသင့်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အိမ်တွင်းအကြမ်းဖက်မှုကာကွယ်တားဆီးရေးနှင့်ပတ်သက်သည့် စိန်ခေါ်မှု၊ အခက်အခဲများ ရှိနေဆဲဖြစ်ပါသည်။ WHO ၏ အကြံပြုချက်အရ မည်သည့်တိုင်းပြည်ဆို COVID 19 ကာကွယ်တားဆီးရေးလုပ်ဆောင်နိုင်မည့် မူဝါဒများ ချမှတ်မည်ဆိုပါက ကျား၊ မအခြေပြု အကြမ်းဖက်မှုကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ပြောကြားထားပါသည်။ အီတလီနိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားပါက အရေးပေါ် တိုင်ကြားနိုင်သော ဖုန်နံပါတ်မှာ နံပါတ်သုံးလုံးသာ ဖြစ်သည့်အတွက် အလွန်ပင်မှတ်ရလွယ်ကူပါသည်။ ထိုကဲ့သို့သော နည်းပညာကို အသုံးပြု၍ မြန်မာနိုင်ငံတွင်လည်း အကူအညီတောင်းခံနိုင်သည့် မှတ်ရလွယ်ကူသော နံပါတ်များဖြင့် ဖုန်းလိုင်းများ ထည့်ပေးရန် လိုအပ်ပါသည်။ အရေးပေါ် ခေါ်ဆိုနိုင်သော ဖုန်းနံပါတ်များ မြန်မာနိုင်ငံတွင် ရှိသော်လည်း လုံလောက်မှုမရှိသေးပါ။ ဘေးကင်းလုံခြုံစေရန်နှင့် ဥပဒေ ထောက်ပံ့မှဲကောင်းများရရှိနိုင်ရန် အထူးလိုအပ်လှပါသည်။


အိမ်တွင်းအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများအနေဖြင့် အိမ်တွင်းအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး လူထုအသိပညာပေးခြင်း၊ သတင်းအချက်အလက်မျှဝေခြင်း နှင့် အစိုးရနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌါနနှင့် ပူးပေါင်းကာ အိမ်တွင်းအကြမ်းဖက်မှုနှင့်ပတ်သက်သော ကောင်းမွန်သော ဝန်ဆောင်မှုများ လုပ်ဆောင်ရန် လိုအပ်ပါသည်။


ရပ်ရွာ ပြည်သူလူထုအနေဖြင့် အိမ်တွင်းအကြမ်းဖက်ခံရမှုကို တွေ့ရှိပါက တိတ်ဆိတ်မနေဘဲ ပူးပေါင်းဆောင်ရွက်ရန်၊ သတင်းအချက်အလက် မျှဝေပေးခြင်း ဆိုလိုသည်မှာ ကျူးလွန်ခံရသူကို တွေ့ရှိပါက တိုင်ကြားနိုင်မည့်နေရာများ ချိတ်ဆက်ဆောင်ရွက်လုပ်ဆောင်နိုင်မည့် အဖွဲ့အစည်းများပတ်သက်သည့် သတင်းအချက်အလက်များ ပေးခြင်းဖြစ်ပါသည်။ မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာအရ အိမ်တွင်းအကြမ်းဖက်ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်းစသည့် ကိစ္စရပ်များတွင် ကျူးလွန်ခံရသူကိုသာ အပြစ်တင်သည်က များပါသည်။ ထို့ကြောင့် ကျူးလွန်ခံရသူကို အပြစ်မမြင်ရန်နှင့် နောက်မဖြစ်စေရန် အကြံပေးခြင်းထက် ဝန်ဆောင်မှုပေးနိုင်မည့် သတင်းအချက်အလက်များကိုသာပေးရန် လိုအပ်ပါသည်။
သင့်ပတ်ဝန်းကျင်မှာ၊ သင့်မိသားစုမှာ၊ သင့်သူငယ်ချင်းတွေမှာ အိမ်တွင်းအကြမ်းဖက်မှုကို ရင်ဆိုင်နေရလျှင် သို့မဟုတ် သင်ကိုယ်တိုင်အကြမ်းဖက်ခံရရင် အောက်ပါဖုန်းနံပတ်ကို ဆက်သွယ်ပြီး အကူအညီရယူနိုင်ပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ Hotline နံပတ်များ ၀၆၇-၃၄၀၄၂၂၂ သို့ ၀၆၇-၃၄၀၄၉၉၉။

ဝင့်သူ
၁၆.၆.၂၀၂၀

ကိုးကား-
http://www.genmyanmarmm.org/…/COVID_19___Gender_Advocacy_Br…
https://drive.google.com/…/1CuzKy5qxWR6ryOIQhCWo5wOBTs7pn1X1
https://www.femalista.com/victims-of-domestic-misdemeanor…/…
https://www.forbes.com/…/women-at-the-frontlines-of-covid…/…
Discussion points on COVID 19 and Domestic Violence Meeting organized by Gender Equality Network
https://www.moi.gov.mm/?q=content%2F%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%80%E1%80%BC%E1%80%99%E1%80%BA%E1%80%B8%E1%80%96%E1%80%80%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%99%E1%80%81%E1%80%B6%E1%80%9B%E1%80%9B%E1%80%B1%E1%80%B8-%E1%80%A1%E1%80%AC%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%80%E1%80%B0%E1%80%8A%E1%80%AE%E1%80%9C%E1%80%80%E1%80%BA%E1%80%90%E1%80%BD%E1%80%B2%E1%80%95%E1%80%B1%E1%80%B8&fbclid=IwAR037Wl4LTtfSzEGlYoPM6GQ-u3ZETq8pbKwRYBP7vo9Y-7KOot9SHDNkzQ

COVID 19 အချိန်ကာလနှင့်…

Posted by Sandhi Governance Institute on Monday, June 15, 2020

☗ လိုငွေပြမှုနှင့် ကြွေးမြီများတိုင်း စိုးရိမ်စရာလား-၂

ယမန်နေ့က ရေးခဲ့သည့်ဆောင်းပါးတွင် အစိုးရများအနေဖြင့် ဘတ်ဂျက်လိုငွေပြသည့်အခါ ကြွေးယူသုံးစွဲခြင်း သည် ချမ်းသာသည့် အမေရိကန်လိုနိုင်ငံအတွက် ပြသနာမဟုတ်ဟုဆိုခဲ့သည်။ သို့သော် မည်သည့်အတွက် ကြောင့် လိုငွေပြရသနည်း၊ ဘတ်ဂျက်လိုငွေ (budget deficit)အတွက် ကြွေးမြီယူရာတွင် မည်သည့်ဘတ်ဂျက် ခေါင်းစဉ်များအတွက် သုံးစွဲသနည်းဆိုသည်မှာတော့ နိုင်ငံရေးဖြင့် သက်ဆိုင်လေသည်။ ဘတ်ဂျက်လိုငွေပြနေ ခြင်းအတွက် ကြွေးရှင်နိုင်ငံများမှ အတင်းအကျပ် လိုငွေလျှော့ချခိုင်းခြင်းသည်လည်း နိုင်ငံရေးပင်ဖြစ်သည်။ နိုင်ငံ များကြွေးတင်အောင် ချေးငွေအလုံးအရင်း ထုတ်ပေးခြင်းသည်လည်း နိုင်ငံရေး (သို့) နိုင်ငံရေးဘောဂဗေဒဟုဆို ရမည်။

✦ အမေရိကန်လိုငွေပြမှုနှင့် အစိုးရဝင်ငွေကျဆင်းရခြင်း

ကိုဗစ်-၁၉ကပ်ဘေးကို တုန့်ပြန်ရန် အစိုးရမှ ငွေအလုံးအရင်းသုံးစွဲခြင်းကြောင့် လိုငွေပြပြီး ကြွေးတင်ခြင်းသည် အမေရိကန်အစိုးရအတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခြင်းဖြစ်ပြီး ဟားဗတ်တက္ကသိုလ်မှ Jason Furman နှင့်အမေရိကန်ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးဝန်ကြီးဟောင်း Larry Summers တို့ရေးသားခဲ့သလို လတ်တ လောပြသနာမဟုတ်၊ စိုးရိမ်ပူပန်စရာမရှိသော်လည်း နိုင်ငံစီးပွားရေးကောင်းနေပြီး အလုပ်လက်မဲ့ ရာခိုင်နှုန်း လည်း နိမ့်ဆင်းနေချိန် မလိုအပ်ဘဲ အခွန်နှုန်းထားများကို လက်တဆုတ်စာ လူတစ်စုအတွက် သမ္မတထရန့်က ၂၀၁၇ခုနှစ်က လျှော့ချခဲ့ခြင်းကတော့ မလုပ်သင့်မလုပ်ထိုက်သည့် မူဝါဒပြုပြင်ပြောင်းလဲရေးပင်ဖြစ်သည်။ ထိုသို့ ချမ်းသာသူ ဝင်ငွေဒေါ်လာ၁သန်းအထက်ရရှိသူများအပေါ် ကောက်ခံသည့် အခွန်နှုန်းများကို လျှော့ချလိုက်ခြင်း ကြောင့် အမေရိကန်အစိုးရဝင်ငွေသည် ၂၀၁၈ခုနှစ်၌ ဂျီဒီပီ၏၁၆ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ ထိုနှုန်းထားသည် နှစ်၅၀ အတွင်း အနည်းဆုံး အစိုးရဝင်ငွေဖြစ်သည်။ သမ္မတဂျော့ဘွတ်ရှ်နှင့် ဒေါ်နယ်ထရန့်တို့ လက်ထက်များတွင် အခွန်နှုန်းထားများလျှော့ပေးခဲ့ခြင်းကြောင့် ဆုံးရှုံးသွားသည့် အစိုးရဝင်ငွေသည် ဂျီဒီပီ၏ ၃ရာခိုင်နှုန်းရှိသည်ဟု Jason Furmanနှင့် Larry Summers တို့ကယင်းတို့ဆောင်းပါးတွင်ဖေါ်ပြထားသည်။ ထို ဆုံးရှုံးသွားမှုသည် နောက်ထပ်နှစ်၃၀အတွင်း တိုးမြှင့်သုံးစွဲရမည့် လူမှုဖူလုံရေးဆိုင်ရာ အသုံးစရိတ်များထက် (entitlement spending)မြင့်မားသည်ဟုသိရသည်။

လိုငွေပြမှုသည် မည်သည့်အုပ်စုများ၏ အကျိုးစီးပွားကိုဆောင်ကြဉ်းရန်လည်းဆိုသည့်အချက်ကို လေ့လာရန်လို သလို အမှန်တကယ် လိုအပ်နေသည့် အများပြည်သူ အကျိုးစီးပွားကို မျက်ကွယ်ပြုပြီး လိုငွေမပြလို၍ (သို့) အစိုး ရ ကြွေးမြီများ တိုးမြင့်လာမည်ကို စိုးရိမ်၍ဆိုပြီး ဆင်းရဲသားပြည်သူများလိုအပ်နေသည့် ကျန်းမာရေးစောင့် ရှောက်မှု၊ ပညာရေးဝန်ဆောင်မှုများအတွက် အသုံးစရိတ်များ ဖြတ်တောက်ပစ်ခြင်းသည် နိုင်ငံတွင်း ဆင်းရဲ ချမ်းသာကွာဟမှုများ၊ မညီမျှမှုများကို ဆိုးဝါးသွားစေသည်။

အမေရိကန်ပြည်ထောင်စုတွင် ကျန်းမာရေးအာမခံ မရှိသူများ၊ အိုးမဲ့အိမ်မဲ့များ၊ ပညာရေးလက်လှမ်းမမီသူများ သန်းချီရှိနေသည်။ အောက်ဆုံးလူတန်းစားဝင်များ၏ သက်တမ်းသည် ကျဆင်းလာသလို၊ စိတ်ဓါတ်ကျဆင်းမှုကြောင့် death of despair ဟုခေါ်သည့် မူးယစ်ဆေး ဝါး အလွန်အကျွံသုံးစွဲမှုနှင့် သေကြောင်းကြံစည်မှုတို့ကြောင့် သေဆုံးရသည့် အရေအတွက်သည်လည်း မြင့်မား လျက်ရှိသည်။ ထို့အတွက်ကြောင့် ပြည်သူအများဘက်မှရပ်တည်သည့် ပညာရှင်များက ယင်းအုပ်စုများအတွက် ကူညီပံ့ပိုးပေးသည့် အထောက်အပံ့ အစီအစဉ်များအတွက် အစိုးရအသုံးစရိတ်များ မြှင့်တင်သုံးစွဲရန်၊ လိုငွေပြမှု နှင့်ကြွေးတင်ခြင်းကို မစိုးရိမ်ရန် ထရန့်အစိုးရကို တိုက်တွန်းနေခြင်းဖြစ်သည်။ ထပ်မံပြီးလည်း လိုငွေပြမှုနှင့် ကြွေးမြီရာခိုင်နှုန်းကို လျှော့ချလိုလျှင် အခွန်နှုန်းထားများကို ပြင်ဆင်ရမည်။ မျှတသည့် အခွန်စနစ်လိုအပ်သည်။ နိုင်ငံသားအားလုံး (ချမ်းသာသူများ အဓိက) အခွန်များကို တိုးမြှင့်ပေးဆောင်ရန်လိုအပ်သည်ဟုဆိုကြသည်။

လတ်တလော အမေရိကန်ပြည်ထောင်စု၏ ကိုဗစ်-၁၉ ကုစားမှုအစီအစဉ်များတွင်လည်း သမ္မတထရန့်သည် ဆင်းရဲသားပြည်သူများအား အထောက်အပံ့များ မပေးလိုဘဲ၊ သူနှင့်အကျိုးစီးပွားပတ်သက်သည့် အိမ်ခြံမြေ လုပ်ငန်းရှင်များ၊ ရေနံသူဋ္ဌေးများကို ဒေါ်လာဘီလီယံချီ ထောက်ပံ့နေခြင်း၊ ထောက်ပံ့ရန်ကြိုးပမ်းခြင်းကြောင့် ေ၀ ဖန်မှုများဖြင့် ကြုံတွေ့နေရသည်။ အမေရိကန်ပြည်ထောင်စု ပြည်နယ်အစိုးရများတွင် လုပ်ကိုင်နေကြသည့် သန်းချီသည့် အလုပ်သမားများအားငွေကြေးထောက်ပံ့ရန် ငြင်းဆိုနေပြီး၊ အလုပ်သမားဦးရေ ထောင်သောင်းခန့် သာရှိသည့် ရေနံလုပ်ငန်းကို ဒေါ်လာဘီလီယံများစွာ ထောက်ပံ့ရန်ကြိုးပမ်းနေသည်။

အစိုးရများအနေဖြင့် မူဝါဒများချမှတ်သည့်အခါ အကျိုးစီးပွားဖြစ်ထွန်းသွားသည့်အုပ်စုများရှိသလို၊ အကျိုး စီးပွားထိခိုက်သွားသည့်အုပ်စုများလည်းရှိသည်။ မူဝါဒချမှတ်ခြင်းဆိုသည်ကိုက နိုင်ငံ၏ဘဏ္ဍာငွေကြေး သံယံဇာ တအရင်းအမြစ်များကို ခွဲဝေခြင်း၊ လူမှုအဖွဲ့အစည်းတစ်ခုလုံး သဟဇာတဖြစ်မှုအတွက် ထိန်းကျောင်းကြပ်မတ် ခြင်းလည်းဖြစ်သည်မဟုတ်လား။ ချမ်းသာကြွယ်ဝသည့် လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများတွင် အရင်းရှင်ဈေး ကွက်စီးပွားရေးစနစ်သည် ဂလိုဘယ်လိုက်ဇေးရှင်းရေစီးကြောင်းနှင့်အတူ ယင်းတို့နိုင်ငံများရှိ ပြည်သူအများစု အကျိုးစီးပွားထက် လူနည်းစုအကျိုးစီးပွားကို ဆောင်ကျဉ်းပေးသကဲ့သို့ဖြစ်လာသည့်အတွက် ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးအပေါ် ယင်းနိုင်ငံများရှိ ပြည်သူအများအပြားသည် အယုံအကြည်မဲ့လာခဲ့သည်။ ထိုသို့ဖြစ်ရ ခြင်းမှာ ငွေနှင့်အာဏာ၂ခုပေါင်းစည်းခြင်းကြောင့်ဟု ပညာရှင်များက သုံးသပ်ရေးသားကြသည်။

ငွေနှင့်အာဏာမည်သို့ပေါင်းစည်းသနည်းဟုဆိုလျှင်လည်း အမေရိကန်ပြည်ထောင်စုတွင် ချမှတ်ခဲ့သည့် ဥပဒေ များ မူဝါဒများဖြင့်သက်ဆိုင်ကြောင်းကိုလည်း ပညာရှင်များက သုံးသပ်ရေးသားကြသည်။ ရွေးကောက်ပွဲ ရန်ပုံငွေ ကောက်ခံသည့် ဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းခဲ့ခြင်းက အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို အင်အားချိနဲ့ အောင်ပြုလုပ်လိုက်သလိုဖြစ်သွားသလို လက်ရှိသမ္မတထရန့်လိုပုဂ္ဂိုလ်မျိုးများ အာဏာရလာအောင် လမ်းခင်း ပေးခဲ့သလိုလည်းဖြစ်ခဲ့သည်။ ငွေရှိသူများကို နိုင်ငံရေးသမားများက ရွေးကောက်ပွဲတွင် အနိုင်ရရန် မဲဆွယ်စည်း ရုံးပွဲများတွင် ငွေသုံးနိုင်ရန် အားကိုးရသည်။

ထိုအခါမှာ အာဏာရမည့် နိုင်ငံရေးသမားများကို ငွေများများအလှူ ငွေပေးနိုင်သည့် စီးပွားရေးသမားများ တန်ခိုးအာဏာကြီးထွားလာတော့သည်။ One person One vote မဟုတ် တော့ဘဲ One dollar One vote ဖြစ်လာခဲ့သည်။ အာဏာရလာသည့် နိုင်ငံရေးသမားသည် ယင်းအာဏာရရန် ရွေးကောက်ပွဲ ရန်ပုံငွေများများထည့်ပေးသည့် စီးပွားရေးသမား၏ သြဇာခံဖြစ်လာခဲ့သည်။ ရာထူးအာဏာရလာ ချိန်မှာ ပြည်သူလူထု အကျိုးစီးပွားထက် အရင်းရှင်စီးပွားရေးသမားများ အကျိုးစီးပွားကို ပိုကြည့်လာခဲ့ရလေ သည်။ အကျိုးဆက်အားဖြင့် ဆင်းရဲချမ်းသာကွာဟမှုများ၊ မညီမျှမှုများ အဆပေါင်းများစွာ ကြီးထွားလာခဲ့သည်။

✦ ကြွေးရှင်များနှင့် လိုငွေပြမှုကိုလျှော့ချခြင်း

အမေရိကန်လို ချမ်းသာသည့်နိုင်ငံတွင် အစိုးရအနေဖြင့် လိုငွေပြ၍ ကြွေးတင်လျှင်လည်း အလွန်အမင်း စိုးရိမ် ပူပန်စရာ မလိုသော်လည်း ဝင်ငွေအလယ်အလတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်တော့ ကြွေးမြီကြောင့် ကြီးမား လှသည့် နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးပြသနာများပေါ်ပေါက်လာနိုင်သည်။ ၁၉၈၀ခုနှစ်များမှ ယနေ့တိုင်အောင် ကမ္ဘာပေါ်တွင် ကြီးမားသည့် ကြွေးမြီပြသနာ (အကြွေးလှိုင်းလုံးများ Debt Waves) ၃ကြိမ်ဖြစ်ပွားခဲ့သည်။ ပထမ အကြိမ်က လက်တင်အမေရိကတိုက် မက်ဆီကို၊ အာဂျင်တီးနား၊ဘရာဇီး အစရှိသည့်နိုင်ငံများတွင်ဖြစ်ပွားခဲ့ သည်။ ဒုတိယအကြိမ်ကတော့ အာရှတိုက် တောင်ကိုရီးယား၊ကိုရီးယား၊ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများတွင် ဖြစ်ပွား ခဲ့သည့် ၁၉၉၇ခုနှစ် အာရှဘဏ္ဍာငွေကြေးပြသနာ (1997 Asian Financial Crisis)ဖြစ်သည်။ တတိယအကြိမ် ကတော့ မဖြစ်နိုင်ဟုယူဆထားသည့် အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၇-၈ခုနှစ်ကဖြစ်ပွားခဲ့သည့် အိမ်ခြံမြေ နှင့်ဆက်စပ်နေသည့် Subprime Mortgage Crisis ဖြစ်သည်။ ယခုမကြာမီ စတုတ္ထလှိုင်း ကျရောက်နိုင်မည့် အလားအလာရှိနေသည်ဟု ကမ္ဘာ့ဘဏ်နှင့် အခြားနိုင်ငံတကာပညာရှင်များက သုံးသပ်ကြသည်။

လတ်တလောမှာပင် အာဂျင်တီးနား ကြွေးမြီပြသနာသည် အတော်ကြီးမားသည်။ အဓိက ကြွေးမြီပြသနာ ရင်ဆိုင် ရနိုင်သည့် နိုင်ငံများကတော့ Emerging Market Developing Economies (EMDEs)လို့ခေါ်ဝေါသည့် ဝင်ငွေ အလယ်အလတ်ရှိသည့် အာဂျင်တီးနား၊တူရကီ၊ ဘရာဇီး၊ မက်ဆီကို အစရှိသည့်နိုင်ငံများတွင် အဆိုးဆုံးဖြစ်ပြီး ဝင်ငွေနည်းနိုင်ငံများဖြစ်သည့် လာအို၊သီရိလင်္ကာ၊အိန္ဒိယ၊ ဂါနာ၊ ဂျီဘောတီ အစရှိသည့်နိုင်ငံများ၌လည်း ကြွေး မြီပြသနာသည် ကြီးမားနေပြီဖြစ်သည်။ ထို့ကြောင့်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြင်ပကြွေးမြီသည် အမေရိကန် ဒေါ်လာ၁၁ထွီလီယံရှိနေပြီး ယခု၂၀၂၀ခုနှစ်မှာပင် တိုးရင်းပေါင်း ပြန်ဆပ်ရမည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃.၉ထွီလီယံရှိနေသည်ဟု Brookings Institute ကထုတ်ပြန်ထားသည့်အတွက် အလယ်အလတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီပြသနာကို မှန်းဆကြည့်နိုင်သည်။

ထိုကဲ့သို့ ကြွေးမြီလှိုင်းလုံးကြီးများ အဘယ်ကြောင့်အဆိုပါနိုင်ငံများတွင် ကြီးထွားခဲ့ရသနည်း။ အဖြေကတော့ ကမ္ဘာမှာငွေက အပေါဆုံးဖြစ်နေ၍ဟုဆိုရမည်။ အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ် ဥက္ကဋ္ဌဟောင်း Ben Bernanke က စုဆောင်းငွေများ စုပုံလျံထွက်နေခြင်း (saving glut)ဟုသုံးနှုန်းပြောဆိုခဲ့သည်။ ထိုသို့ ဘဏ်များတွင် စုငွေများပုံနေရခြင်းမှာလည်း ဆင်းရဲချမ်းသာကွာခြားချက်နှင့်မညီမျှမှုကြီးထွားလာခြင်း ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံရန် ငွေအများအပြားရှိနေခြင်းကြောင့် ဘဏ်များမှချေးယူရန်မလိုသည့်အတွက် ဘဏ်တိုးနှုန်းများ ဆက်လက်ကျဆင်းနိုင်ခြင်း၊ အမေရိကန်ပြည်ထောင်စု အစိုးရ၏ ၁၀နှစ် ငွေတိုက်စာချုပ်များ၏ အတိုးနှုန်းသည် ၁ရာခိုင်နှုန်းခန့်သာရှိခြင်း၊ ငွေကြေးဖေါင်းပွမှုကျဆင်းခြင်း (deflation)တို့ဖြင့်လည်းသက်ဆိုင် သည်။ ထိုကဲ့သို့ ဖွံ့ဖြိုးပြီးချမ်းသာသည့်နိုင်ငံများတွင် စုဆောင်းငွေများ ဘဏ်များနှင့်ငွေရေးကြေးရေး အဖွဲ့အစည်း များတွင် ပိုလျံနေခြင်း ယင်းနိုင်ငံများတွင် အတိုးနှုန်းများနိမ့်ဆင်းနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံသည့် အဖွဲ့အစည်း များသည် အကျိုးအမြတ် ပိုမိုရရှိနိုင်မည့် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းနိုင်ငံများတွင် ပိုမိုရင်းနှီးမြှုပ်နှံမှု ပြုလုပ်လာခြင်းနှင့် ချေးငွေများကို ပိုမိုလွယ်ကူစွာ ထုတ်ပေးခြင်းတို့ကြောင့်ဖြစ်သည်ဟု ယေဘူယျသုံးသပ်နိုင် သည်။

အထူးသဖြင့် ကမ္ဘာ့စီးပွားရေးကောင်းမွန်နေပြီး ထိုနိုင်ငံများမှ သံယံဇာတနှင့်အခြားပို့ကုန်များ တိုးမြှင့်တင်ပို့နေ သည့်အချိန်တွင် ချေးငွေများကို အတိုးနှင့်တကွ ပြန်လည်ပေးဆပ်နေနိုင်ချိန်တွင် ပြသနာမရှိသော်လည်း ထိုနိုင် ငံများ၏ စီးပွားရေးကျဆင်းချိန် သို့တည်းမဟုတ် ယခုလိုကမ္ဘာ့စီးပွားရေးကျဆင်းချိန် ကိုဗစ်-၁၉ကပ်ဘေးကာလ တွင်တော့ ထိုနိုင်ငံများကို ထုတ်ချေးထားသည့် အကြွေးရှင်များသည် ယင်းတို့၏ကြွေးများကို ပြန်လည်တောင်း ဆိုတော့သည်။ ယင်းနိုင်ငံများတွင် ပြုလုပ်ထားသည့် ငွေတိုက်စာချုပ်အပါအဝင် ရင်းနှီးမြှုပ်နှံမှုများကိုလည်း စွန့်ခွာကြတော့သည်။ ပိုဆိုးသည်က ထိုနိုင်ငံများကို ထုတ်ချေးထားသည့် ချေးငွေများသည် ရေတို(short-term) အတိုးနှုန်းမြင့်မားပြီး ဒေါ်လာဖြင့်ချေးထားသည့် ချေးငွေများဖြစ်နေခြင်းဖြစ်သည်။ ကြွေးရှင်များက အကြွေးပြန် တောင်းသဖြင့် ဒေါ်လာများဝယ်၍ ဆပ်ရလေ ယင်းနိုင်ငံများ၏ ငွေကြေးတန်ဖိုးသည် ကျဆင်းလေဖြစ်ပြီး ယင်း တို့အတွက် ကြွေးမြီထောက်ချောက် အန္တရာယ်ဖြင့်ရင်ဆိုင်ရတော့သည်။

ယမန်နေ့က ရေးသားခဲ့သည့် ဆောင်းပါတွင်ဖေါ်ပြခဲ့သလိုပင် ဝင်ငွေအလယ်အလတ်နှင့် ဆင်းရဲသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ကိုဗစ်-၁၉ကပ်ဘေးကို တုန့်ပြန်ရန် ငွေလိုနေချိန် ကြွေးရှင်များမှ ကြွေးပြန်တောင်းလျှင် ထိုနိုင်ငံများ အနေဖြင့် ကိုဗစ်-၁၉ ကပ်ဘေးကိုတုန့်ပြန်ရန် အင်အားချိနဲ့သွားမည်ဖြစ်သလို၊ စီးပွားရေးကျဆင်းမှုမှာလည်း ပိုမို ဆိုးဝါးသွားပြီး ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲမွဲတေမှုတို့ တိုးမြင့်ဖြစ်ပွားလာမည်ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်သည့် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့မှ ထောက်ပံ့သည့်ချေးငွေများကိုလည်း ပြည်သူ လူထုအတွက် မသုံးစွဲရတော့ဘဲ ကြွေးရှင်များကို ပြန်ဆပ်ရမည့် အခြေအနေဖြစ်နေသည့်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဂျီ-၂၀ အုပ်စုဝင်နိုင်ငံများမှ ခေါင်းဆောင်များက ကြွေးရှော်ရန် (သို့) ကြွေးမြီကုစားမှု အစီ အစဉ်များ အကောင်အထည်ဖေါ်ဆောင်ရန် ပုဂ္ဂလိကကြွေးရှင်များကိုလည်း တိုက်တွန်းလျက်ရှိသည်။

တကယ်တော့ ထိုနိုင်ငံများတွင် ကြွေးမြီပြသနာတက်ရခြင်းတွင် ကြွေးရှင်များမှာလည်း တာဝန်ရှိသည်။ မချေးငှား သင့်သည့် အစိုးရများ၊ စီးပွားရေးလုပ်ငန်းများကို ထုတ်ချေးခဲ့ခြင်းကြောင့် ကြွေးယူသူပြန်မဆပ်နိုင်လျှင် ယင်းတို့၌ တာဝန်ရှိသည်ဟုဆိုရမည်။ အတိုးနှုန်းမြင့်မားစွာယူခဲ့ခြင်းသည် ကြွေးရှင်များအနေဖြင့် ဆုံးရှုံးနိုင်သည့်အန္တရာယ် ကိုတွက်ဆ၍ သာမန်ချေးငွေအပေါ်ယူသည့် အတိုးနှုန်းထက် တိုးမြင့်ကောက်ခံထားခြင်းဖြစ်သည်။ ထို့ကြောင့် ကြွေးယူသူပြန်မဆပ်နိုင်လျှင် ကြွေးရှင်လည်း ယင်းတို့ချေးငွေ၏ တစိတ်တဒေသကို အဆုံးခံသင့်သည်ဟု ပညာ ရှင်များက ထောက်ပြကြသည်။

သို့သော်လည်း ကြွေးရှင်များ (ပုဂ္ဂလိကကြွေးရှင်များ)က အဆုံးမခံဘဲ ထိုနိုင်ငံအစိုးရများအား ယင်းတို့အား ဦးစွာ ပထမကြွေးဆပ်၍ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချရန် အသုံးစရိတ်များ ဖြတ်တောက်ရန် နိုင်ငံတကာတရားရုံး များမှတဆင့် တောင်းဆိုလေ့ရှိသည်။ ယင်းတို့ချေးငွေမှ ၃၀-၅၀ရာခိုင်နှုန်း ရှော်ပေးရန်တောင်းဆိုမှုကို (သို့) hair cuts ကိုလည်းငြင်းဆိုလေ့ရှိသည်။ ကြွေးမြီပြသနာများတွင် ရယူသည့်နိုင်ငံမှ စီးပွားရေးလုပ်ငန်းကြီးများ သူဋ္ဌေး ကြီးများက ကြွေးပြန်တောင်းလျှင် ထိခိုက်နစ်နာသည်ထက် အဓိကနစ်နာသူများမှာ သာမန်ပြည်သူများပင်ဖြစ် သည်။ Austerity ဟုခေါ်သည့် အစိုးရအသုံးစရိတ်များ ဖြတ်တောက်ရမည်ဆိုလျှင် ဦးစွာပထမ ဖြတ်တောက် သည်မှာ ပင်စင်လစာများ၊လူမှုဖုံလုံရေး ရန်ပုံငွေများပင်ဖြစ်သည်။ သူဋ္ဌေးများအတွက်တော့ ကြွေးတင်ရှင်ဘုရင် ဆပ်မည်ဆိုသည့် စကားမှန်နေသည်။

အာဂျင်တီးနားအစိုးရသည် ကြွေးရှင်များနှင့် လောလောဆယ် ညှိနှိုင်းလျက်ရှိသည်။ ကြွေးရှင်များဘက်မှလည်း ချေးငွေများ၏ တစိတ်တဒေသကို ရှော်ပေးရန်၊ ချေးငွေသက်တမ်းများကိုလည်း သက်တမ်းတိုမှ နှစ်ရှည်ချေးငွေ များအဖြင့် ပြောင်းလဲရန်နှင့် အတိုးနှုန်းကိုလည်း လျှော့၍ပြုပြင်တောင်းခံရန် တောင်းဆိုထားသည်။ စောင့်ကြည့် ရမည့် ကြွေးမြီပြသနာတစ်ခုဖြစ်သည်။ ယခုလို ကိုဗစ်-၁၉ကာလမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီများကို အတင်း အကျပ် ချမ်းသာသည့်နိုင်ငံများမှ ပုဂ္ဂလိကကြွေးရှင်များမှ တောင်းဆိုလျှင် ထိုနိုင်ငံများတွင် ကိုဗစ်-၁၉ကူးစက်မှု သည် ဆိုးဝါးသွားနိုင်ပြီး ကမ္ဘာ့စီးပွားရေးကျဆင်းမှုမှသည် စီးပွားပျက်ကပ်သို့ ရောက်ရှိသွားနိုင်သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါသည် အဆိုပါနိုင်ငံများတွင် ပျံံ့နှံနေပါက ဖွံ့ဖြိုးပြီးချမ်းသာသည့်နိုင်ငံများသို့လည်း ဒုတိယလှိုင်း၊ တတိယလှိုင်းအဖြင့် ပြန်လည်ရောက်ရှိလာနိုင်သည်။ ကပ်ဘေးသည် အချုပ်အခြာဆိုသည်ကို နားမလည်။ ထို့ အတွက်ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံအစိုးရများ၊ စီးပွားရေးအဖွဲ့အစည်းများ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ် နှံသူများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီပြသနာကို ဝိုင်းဝန်းဖြေရှင်းပေးပြီး ထိုနိုင်ငံများ ရေရှည်ဖွံ့ဖြိုးတိုးတက် မှုကို ကူညီပံ့ပိုးသွားသင့်ပါသည်။ ဒုတိယကမ္ဘာစစ်ပြီး အနောက်ဂျာမနီနိုင်ငံ၏ ကြွေးမြီပြသနာကို ၁၉၅၃ခုနှစ်က ဝိုင်းဝန်းဖြေရှင်းပေးခဲ့သလို ယခုလိုကပ်ဘေးသင့်ချိန် ဖွံ့ဖြိုးဆဲနိုင်ငံအစိုးရများ ဘတ်ဂျက်လိုငွေပြသုံးစွဲရန် ချေးငွေ များလိုအပ်နေချိန်တွင် ချေးငွေသစ်များကို စနစ်တကျ ထပ်မံထုတ်ပေး၍ ကူညီဖြေရှင်းပေးခြင်းသည်သာ အကောင်းဆုံး အဖြေဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ခိုင်ဝင်း

၂၆ ၊ မေလ၊ ၂၀၂၀

Ref:


Jason Furman & Larry Summers (2019), “Who Is Afraid of Budget Deficits: Washington Should End Its Debt Obsession”, Foreign Affairs 98(2): 82-94.
UNCTAD (2020), “ From the Great Lockdown to Great Meltdown: Developing Country Debt in the Time of Covid-19”.


M. Ayhan Kose, Peter Nagle, Franziska Ohnsorge, and Naotaka Sugawara. 2020. Global Waves of Debt: Causes and Consequences. Advance Edition. Washington, DC: World Bank. License: Creative Commons Attribution CC BY 3.0 IGO.

☗ လိုငွေပြမှုနှင့် ကြွေးမြီများတိုင်း စိုးရိမ်စရာလား

❏ ကြွေးမြီ၊အတိုးနှုန်းနှင့် လိုငွေပြမှု

တရုတ်ရင်းနှီးမြှုပ်နှံမှုများအကြောင်းဆွေးနွေးတိုင်း ကြွေးမြီထောင်ချောက်အကြောင်း မေးမြန်းကြလေ့ရှိသည်။ အကြွေးဆိုလျှင် ကြောက်စရာအဖြင့် အများမှတ်ယူထားကြသည်။ တကယ်လည်း အကြွေးက လူတစ်ဦးတစ် ယောက် ဘဝတွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတစ်ခု၌ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ ကြွေးပိလျှင် ပြသနာ အကြီးအကျယ်တက်တတ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း နိုင်ငံအစိုးရများ ရယူသည့်ကြွေးမြီ (သို့) ချေး ငွေများသည် စီးပွားရေးလုပ်ငန်းများနှင့် မိသားစု ပြည်သူတစ်ဦးခြင်း ရယူသည့်ကြွေးမြီများနှင့် အလွန်ခြားနားပါ သည်။ နိုင်ငံ၏အနေအထားနှင့်လည်း အထူးသက်ဆိုင်ပါသည်။ အထူးသဖြင့် ချမ်းသာသည့်နိုင်ငံများနှင့် အလယ် အလတ်၊ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကြွေးယူခြင်းအတူတူ များစွာကွာခြားမှုရှိပါသည်။ ချမ်းသာသည့်နိုင်ငံများအ ကြား၌ပင် အမေရိကန်နိုင်ငံသည် ကြိုက်သလောက် ကြွေးယူနိုင်သည့်အနေအထားတွင် ရှိနေသလိုဖြစ်နေသည်။

❏ ကိုဗစ်-၁၉နှင့် အစိုးရကြွေးမြီများ

ကိုဗစ်-၁၉ကပ်ဘေးဖြစ်ပွားပြီးနောက် နိုင်ငံတိုင်းလိုလို၏ အစိုးရများသည် ကပ်ဘေးရန်ကို ရင်ဆိုင်ကျော်လွှားနိုင် ရန် ကျန်းမာရေးအသုံးစရိတ်များကို တိုးမြှင့်သုံးစွဲရသလို၊ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ရန် အသွားအလာ များတားမြစ်ရခြင်းနှင့် နေအိမ် (သို့) သတ်မှတ်နေရာများတွင် သန်းချီသော မြို့နေပြည်သူများ၊ ကျေးလက်နေ ပြည်သူများကို ကန့်သတ်နေထိုင်စေခြင်း လော့ဒ်ဒေါင်းလုပ်ရခြင်းများကြောင့် စီးပွားရေးလုပ်ငန်းများလည်း ရပ်ဆိုင်းသွားရခြင်း၊ စက်ရုံအလုပ်ရုံများ လနှင့်ချီပိတ်ထားရခြင်း၊ ပို့ကုန်သွင်းကုန်များ တင်ပို့ခြင်း တင်သွင်းခြင်း မပြုလုပ်နိုင်တော့သဖြင့် စီးပွားရေးတဟုန်ထိုး ကျဆင်းသွားခြင်းနှင့် အလုပ်လက်မဲ့ဦးရေ အဆမတန် တိုးပွားလာ ခြင်းတို့ကို တုန့်ပြန်သည့်အနေဖြင့် ကိုဗစ်-၁၉ကပ်ဘေးကြောင့် ထိခိုက်ရသည့် စီးပွားရေးလုပ်ငန်းများ ကုစားမှု အစီအစဉ်များ အစိုးရများမှရေးဆွဲပြီး အမေရိကန်ဒေါ်လာ ထွီလီယံ၊ ဘီလီယံမြောက်မြားစွာ အစိုးရများ သုံးစွဲနေ ကြရသဖြင့် အစိုးရ၏လိုငွေပြမှုများမြင့်တက်လာသလို ကြွေးမြီများလည်း မြင့်တက်လာခဲ့သည်။ နိုင်ငံအတော် များများသည် နိုင်ငံဂျီဒီပီ၏ ၁၀%အထက်ကို ကိုဗစ်-၁၉ ကုစားမှုအစီအစဉ်များအတွက် အစိုးရဘတ်ဂျက်မှ သုံး စွဲရန် အစီအစဉ်များ ချမှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုတွင် ဖယ်ဒရယ်အစိုးရမှ နိုင်ငံဂျီဒီပီ၏ ၂၅% ကျော် အမေရိကန်ဒေါ်လာ ၆ထွီလီယံနီးပါးသုံးစွဲရန် လျာထားနေကြောင်းသိရသည်။ အမေရိကန်ဒေါ်လာ ၂ထွီ လီယံကျော်ကိုတော့ ကွန်ဂရက်မှအတည်ပြုပြီး သုံးစွဲနေပြီဖြစ်သည်။ နောက်ထပ် ၃ထွီလီယံကျော်ကို ဒီမိုကရက် အမတ်များမှ အဆိုပြုထားခြင်းဖြစ်သည်။ အခြားဥရောပနိုင်ငံများအတွက်လည်း ဥရောပသမဂ္ဂမှ အမေရိကန်ဒေါ် လာ ၁ထွီလီယံခန့်သုံးရန်ပြင်ဆင်နေပြီး လောလောဆယ် ဘီလီယံ၅၀၀ခန့်ကို စီးပွားရေးကုစားမှုအစီအစဉ်များ (သို့) အဖွဲ့ဝင်နိုင်ငံများ၏ stimulus package များအတွက်သုံးစွဲရန်လျာထားနေသည်။ မြန်မာနိုင်ငံ၌လည်း ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဉ်ကို ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ အမေရိကန်ဒေါ်လာ ၂ဘီလီယံ ချေးငွေ ထုတ်ပေးမည်ဟု ကတိကဝတ်ပြုထားကြောင်းသိရသည်။

သေချာသည်မှာတော့ အစိုးရအသီးသီးသည် (ဖွံ့ဖြိုးပြီး၊ အလယ်အလတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံး)ကိုဗစ်-၁၉ ကပ်ဘေးကို ကာကွယ်ကုသထိန်းချုပ်ရန်နှင့် စီးပွားရေးတဟုန်ထိုးကျဆင်းမှုကို တုန့်ပြန်ရန် နိုင်ငံတော်ဘတ် ဂျက်များမှ ဒေါ်လာဘီလီယံ၊ ထွီလီယံချီသုံးစွဲရတော့မည်ဖြစ်သဖြင့် ဘတ်ဂျက်လိုငွေပြမှုများ မြင့်မားလာသည် နှင့်အမျှ အစိုးရကြွေးမြီများလည်း မြင့်တက်လာမည်ဖြစ်သည်။ ပိုဆိုးသည်မှာ နဂိုက ပုံမှန်ရနေသည့် အခွန်အခ များလည်း စီးပွားရေးကျဆင်းမှုနှင့်အတူ ကျဆင်းသွားသဖြင့် အစိုးရဘဏ္ဍာငွေ အရအသုံးတွင် ဝင်ငွေပိုင်း၌ များ စွာကျဆင်းသွားချိန် တဘက်တွင်လည်း အသုံးစရိတ်များကို မဖြစ်မနေ တိုးမြင့်သုံးစွဲရန်လိုအပ်လာခြင်းဖြစ်သည်။ ထိုထက်ပိုဆိုးသည်က သံယံဇာတအပါအဝင် ကုန်ကြမ်းပို့ကုန် တင်ပို့သည့်နိုင်ငံများအတွက် ရေနံအပါအဝင် တွင်းထွက်ပို့ကုန်များ ဈေးနှုန်းကျဆင်းသွားမှုကြောင့် ယင်းနိုင်ငံများ၏ ဝင်ငွေသည် ထိုဆင်းသွားမည်ဖြစ်သည်။ ထိုအခါ နိုင်ငံတော်ကြွေးမြီများလည်း အဆမတန် မြင့်တက်သွားတော့မည်ဖြစ်သည်။

လိုငွေပြမှုကြောင့် ကြွေးတင်ခြင်းသည် စိုးရိမ်စရာလား


နိုင်ငံအပေါ်မူတည်သည်ဟု ဖြေရမည်ထင်သည်။ အစိုးရများသည် ဘတ်ဂျက်လိုငွေပြသည့်အခါ နိုင်ငံတော်ဗဟို ဘဏ်များမှ ချေးယူလေ့ရှိသည်။ သို့တည်းမဟုတ် အစိုးရငွေတိုက်စာချုပ်များ၊လက်မှတ်များထုတ်ရောင်း၍လည်း လိုငွေပြမှုကိုဖြေရှင်းကြသည်။ သို့သော် ချမ်းသာသည့်နိုင်ငံအစိုးရများနှင့် အလယ်အလတ်နိုင်ငံများ၊ဖွံ့ဖြိုးဆဲနိုင်ငံ များ၏အစိုးရများ အင်အားခြင်းများစွာကွာခြားသည်။
အထူးသဖြင့် အမေရိကန်ပြည်ထောင်စုဖြစ်သည်။

အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရ၏ဘတ်ဂျက်လိုငွေပြမှုသည် ကိုဗစ်-၁၉ကပ်ဘေး မတိုင်ခင်ကတည်း ကမြင့်တက်နေပြီဖြစ်သည်။ ၂၀၁၆ခုနှစ်တွင် ဒေါ်လာဘီလီယံ ၅၈၅ လိုငွေပြခဲ့ရာမှ ၂၀၁၉ခုနှစ်၌ ဒေါ်လာ၁ထွီလီ ယံလိုလာလိမ့်မည်ဖြစ်သည်။ နိုင်ငံဂျီဒီပီ၏ ၄ရာခိုင်နှုန်းကျော်ရှိသည်။ သို့သော်လည်း လိုငွေပြမှုနှင့် နိုင်ငံတော် ကြွေးမြီများ မြင့်တက်လာခြင်းသည် လောလောဆယ် ပြသနာမဟုတ်ဟု ဟားဗတ်တက္ကသိုလ်မှ Jason Furman နှင့်အမေရိကန်ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးဝန်ကြီးဟောင်း Larry Summers တို့က ၂၀၁၉ခုနှစ် ဧပြီလထုတ် Foreign Affairs မဂ္ဂဇင်းကြီးတွင်ရေးသားခဲ့သည့် “Who Is Afraid of Budget Deficits: Washington Should End Its Debt Obsession”ဆောင်းပါးတွင်ရေးသားထားသည်။


အမေရိကန်ပြည်ထောင်စုသည် အခြားမည်သည့်နိုင်ငံနှင့်မျှမတူသည့် အထူးအခွင့်အရေးကို ရရှိထားသည်။ ဤသည်မှာတော့ ယင်း၏ငွေကြေး ဒေါ်လာသည် နိုင်ငံတကာသုံးဖြစ်နေခြင်းဖြစ်သည်။ အရောင်းအဝယ် အများစု ကိုဒေါ်လာနှင့်တန်ဖိုးဖြတ်ကြသည်။ ထို့အတွက်ကြောင့် အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်မှ အစိုးရလိုသမျှကို ငွေစက္ကူရိုက်ထုတ်ပေးလျှင်လည်း လတ်တလော ပြသနာ ကြီးကြီးမားမားမရှိ။ ထို့ပြင် အမေရိကန်ဒေါ်လာသည် နိုင်ငံတကာသုံး ငွေကြေးဖြစ်သဖြင့် ဗဟိုဘဏ်များသည် ဒေါ်လာကို အရန်ငွေကြေးအဖြင့် စုဆောင်းလေ့ရှိသည်။ အမေရိကန်အစိုးရ ငွေတိုက်စာချုပ်များ Treasury Bonds များသည် စိတ်ချရသည့်အရာများဖြစ်သဖြင့် ကမ္ဘာ့စီး ပွားရေး မတည်မငြိမ် ဖြစ်နေချိန်၌ ရရှိမည့်အတိုးနှုန်းနည်းသော်လည်း ဝယ်ယူလိုသူ အများအပြားရှိနေသည်။ ကမ္ဘာပေါ်တွင် အတိုးနှုန်းများ သုညရာခိုင်နှုန်းနီးပါးဖြစ်နေခြင်း၊ ငွေကြေးဖေါင်းပွမှု နိမ့်ဆင်းနေခြင်း၊ ဘဏ်များ တွင် စုဆောင်းငွေများ (savings)များပြားနေခြင်း၊ ဆင်းရဲချမ်းသာ မညီမျှမှုကြီးထွားနေခြင်း၊ ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံရန် ငွေအများအပြားရှိနေခြင်းကြောင့် ဘဏ်များမှချေးယူရန်မလိုသည့်အတွက် ဘဏ်တိုးနှုန်းများ ဆက်လက်ကျဆင်းနိုင်ခြင်း၊ အမေရိကန်ပြည်ထောင်စု အစိုးရ၏ ၁၀နှစ် ငွေတိုက်စာချုပ်များ၏ အတိုးနှုန်းသည် ၁ရာခိုင်နှုန်းခန့်သာ ရှိခြင်းတို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် ကိုဗစ်-၁၉အတွက် နောက်ထပ်လိုငွေ ဂျီဒီ ပီ၏ ၂၅-၃၀ ရာခိုင်နှုန်းရှိလျှင်လည်း ပြသနာမဟုတ်ချေ။ ၂၀၀၀ခုနှစ်က အမေရိကန်အစိုးရ၏ ကြွေးမြီသည် ဂျီဒီပီ ၏ ၆ရာခိုင်နှုန်းသာရှိပြီး ထိုအချိန်က အတိုးနှုန်းသည် ၁၀နှစ်အစိုးရငွေတိုက်စာချုပ်များအတွက် ၄.၃ရာခိုင်နှုန်း ရှိသည်။ ၂၀၁၈ခုနှစ်တွင် အမေရိကန်အစိုးရ ကြွေးမြီသည် ဂျီဒီပီ၏ ၁၀၅%ရှိလာမည်ဖြစ်သော်လည်း အတိုးနှုန်း သည် ဝ.၈%သာရှိသည်။ သို့ဖြစ်၍ ကြွေးမြီနှင့်ဂျီဒီပီ အချိုးအစားသည် ၁၅၀%ဖြစ်လာမည်ဆိုလျှင်လည်း အနာ ဂတ်မျိုးဆက်များအနေဖြင့် တိုးတက်လာသည့် ၅၀%ခန့်သော ကြွေးမြီအတွက် အစိုးရအသုံးစရိတ်မှပေးရမည့် အတိုးငွေသည် ဂျီဒီပီ၏ ဝ.၅%ခန့်သာရှိမည်ဟု Jason Furman နှင့် Larry Summers တို့က ယင်းတို့ဆောင်းပါး တွင် ရေးသားထားသည်။

ဥရောပသမဂ္ဂအနေဖြင့်လည်း အလားတူပင်ဖြစ်သည်။ အတိုးနှုန်းများ သုညနီးပါးဖြစ်နေပြီး ယင်း၏ငွေတိုက်စာ ချုပ်များကို ဝယ်ယူမည့်သူများရှိသဖြင့် ၁ထွီလီယံခန့်ကို ထုတ်ရောင်းလည်း ပြသနာမဟုတ်ချေ။ ထို့အတွက် ကြောင့်လည်း ပညာရှင်များက ကိုဗစ်-၁၉ကပ်ဘေးကို ကျန်းမာရေးအရ၊ စီးပွားရေးအရ တုန့်ပြန်ရာတွင် “Whatever It Takes” လိုသလောက်ကို သုံးစွဲရန် ချမ်းသာသည့်နိုင်ငံများကို အကြံပြုကြခြင်းဖြစ်သည်။

သို့သော်လည်း ချမ်းသာသည့်နိုင်ငံများလို အလယ်အလတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် လိုသလောက်ငွေကို ဗဟိုဘဏ်မှရိုက်ထုတ်ပြီး ချေးငှားရန် (သို့) ပြင်ပနိုင်ငံများမှ လိုသလောက်ချေးယူရန် မဖြစ်နိုင်။ လိုသလောက်ကို ဗဟိုဘဏ်မှရိုက်ထုတ်ပြီး ချေးလျှင်လည်း ငွေကြေးဖေါင်းပွမှု၊ ငွေတန်ဖိုးကျဆင်းမှုနှင့် capital flight ဟုခေါ်ဆို သည့် ရင်းနှီးမြှုပ်နှံထားသည့် ငွေတိုက်စာချုပ်များ အလုံးအရင်းနှင့်ထုတ်ရောင်းခြင်း၊ ဒေါ်လာများပြည်တွင်းမှ အလုံးအရင်း ထွက်သွားခြင်းများဖြစ်နိုင်သည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ချေးငွေများသည် ဒေါ်လာဖြင့် ပေးချေရမည့် ချေးငွေများဖြစ်နေခြင်းဖြစ်သည်။ ဂျပန်အစိုးရ၏ ချေးငွေသည် ဂျီဒီပီ၏ ၂၀၀%ခန့်ဖြစ်နေသည်မှာ ကြာပြီးဖြစ်သော်လည်း ဂျပန်နိုင်ငံအနေဖြင့် ကြွေးမြီပြသနာမတက်ခြင်းမှာ အစိုးရချေးယူသည့် ချေးငွေများသည် ယန်းချေးငွေများဖြစ်နေသောကြောင့်ဖြစ်သည်။ ကိုယ့်ငွေဖြင့် ကိုယ့်အစိုးရအားပြန်ချေးခြင်းဖြစ်သဖြင့် ပြသနာမရှိ ခြင်းဖြစ်ပြီး ထိုသို့အစိုးရမှ ဘတ်ဂျက်လိုငွေအပြခံ၍ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်သဖြင့် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု သည် ထင်သလောက်မဆိုးခြင်းဖြစ်သည်။

❏ ကြွေးပိနေသည့် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းနိုင်ငံများ

ကြွေးတင်ရှင်ဘုရင်ဆပ်လိမ့်မည်ဟု ဆိုရိုးစကားရှိသော်လည်း ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းနိုင်ငံများ (middle-income and low income countries)အတွက် တင်ရှိနေသည့်ကြွေးဒုက္ခသည် ယခုကိုဗစ်-၁၉ ကပ်ဘေးကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေး၊လူမှုရေး သက်ရောက်မှုများကို ပိုမိုဆိုးဝါးသွားနိုင်အောင် ပြုလုပ် သွားနိုင်သည်ဟု နို်င်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာပညာရှင်များက သုံးသပ်လျက်ရှိသည်။ ထို့အတွက် ကြောင့်လည်း ကြွေးရှင်နိုင်ငံအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကြွေးရှင်များကို ချေးငွေကုစား မှုအစီအစဉ်များ (debt relief programs) အလျင်အမြန် အကောင်အထည်ဖေါ်ရန်တိုက်တွန်းလျက်ရှိသည်။ လောလောဆယ် အစိုးရများအချင်းချင်း ချေးငှားထားသည့် ချေးငွေများအပေါ် (official bilateral loans)အတိုး နှင့်အရင်း ပြန်လည်ပေးဆပ်ရန် အချိန်ကျရောက်နေပြီဖြစ်သည့် ချေးငွေများကို ဆိုင်းငံ့ထားပြီး ကမ္ဘာ့ဘဏ်၊ နိုင်ငံ တကာငွေကြေးရန်ပုံငွေအဖွဲ့တို့မှ နောက်ထပ် ကိုဗစ်-၁၉ ကုစားမှုအစီအစဉ်များအတွက် ချေးငွေများထုတ်ပေး ရန်သဘောတူထားသော်လည်း ပုဂ္ဂလိကကြွေးရှင်များ (private creditors)က ၎င်းတို့၏ချေးငွေများအပေါ် အတိုးနှင့်အရင်း ပြန်လည်ပေးဆပ်မှုကို ဆိုင်းငံ့ခြင်း၊ ချေးငွေများ၏ အတိုးနှုန်းနှင့်တကွ ပေးဆပ်ရမည့် ပမာဏ တို့အပေါ် ပြန်လည်ပြင်ဆင်မှုမပြုလုပ်လျှင် ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုဗစ်-၁၉အ တွက်ပေးအပ်သည့် ချေးငွေအသစ်များသည် ပုဂ္ဂလိကကြွေးရှင်များ၏ တိုးရင်းပေါင်း ပေးရသည့်အထဲ ပါသွားနိုင် သဖြင့် စိုးရိမ်ပူပန်မှုများရှိနေပြီး ယင်းပြသနာကို ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ဂျီ-၂၀အုပ်စု ဝင်နိုင်ငံများမှခေါင်းဆောင်များ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှသာ ကိုဗစ်-၁၉ကပ်ဘေးကို ဖွံ့ဖြိုးဆဲနိုင်ငံများအနေ ဖြင့်ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဖြစ်သလို ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများကိုလည်း ထိရောက် စွာတုန့်ပြန်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံတကာမှရယူထားသည့် ချေးငွေများသည် ဂျီဒီပီ၏ ၁၅%သာ ရှိသည်ဟု စီမံဘဏ္ဍနှင့်စက်မှုဝန်ကြီးဋ္ဌာန ဒုဝန်ကြီးက ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသဖြင့် မြန်မာနိုင်ငံသည် ကြွေးပိမနေသဖြင့် ကံကောင်းသည်ဟုဆိုသည်။

ဆင်းရဲသည့်နိုင်ငံများ၏ ပြင်ပကြွေးမြီသည် အမေရိကန်ဒေါ်လာ၁၁ထွီလီယံရှိနေပြီး ယခု၂၀၂၀ခုနှစ်မှာပင် တိုးရင်းပေါင်း ပြန်ဆပ်ရမည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃.၉ထွီလီယံရှိနေသည်ဟု Brookings Institute ကထုတ်ပြန်ထားသည့်အတွက် အလယ်အလတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီပြသနာကို မှန်းဆကြည့်နိုင် သည်။


ထို့အတွက်ကြောင့် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများ၊ ခေါင်းဆောင်များနှင့်ပညာရှင်များက ကိုဗစ်-၁၉ကပ်ဘေးအား ထိရောက်စွာ တုန့်ပြန်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယင်းနိုင်ငံများ၏အကြွေးများကို ရှော်ပစ်ရန် သို့မဟုတ် ပြန်လည်ညှိနှိုင်း၍ ကြွေးမြီကုစားရေး (debt relief) ကိုအလျင်အမြန်ဆောင်ရွက်ရန် ကြွေးရှင်နိုင်ငံများ၊ ပုဂ္ဂလိကကြွေးရှင်များ၊ နိုင်ငံတကာဖွံ့ဖြိုးမှုဘဏ်များကို တိုက်တွန်းလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့်တော့ ပြည်ပကြွေးမြီ ရာခိုင်နှုန်း နည်းပါးသေးသည့်အတွက် ကိုဗစ်-၁၉ကပ်ဘေးကို ထိရောက်စွာတုန့်ပြန်ရန် နိုင်ငံတကာမှ ချေးငွေယူမည်ဆို လျှင်လည်း ယူနိုင်သည့်အနေအထား၌ ရှိနေသည်။ ဗဟိုဘဏ်မှလည်း လိုအပ်လျှင် ထုတ်ချေးနိုင်သည့် အနေအ ထားရှိသည်ဟု ယူဆနိုင်သည်။

ကြွေးမြီ (သို့) ချေးငွေရယူရာတွင် အဓိကစဉ်းစားရမည့်အချက်မှာ ချေးငွေစာချုပ်သက်တမ်း (ရေတိုနှင့်ရေရှည်) နှင့် အတိုးနှုန်းဖြစ်သည်။ ချေးငွေတိုင်းသည် စိုးရိမ်စရာမလို။ ကမ္ဘာ့ဘဏ်၊အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ရယူသည့် ချေးငွေများ၏ အတိုးနှုန်းသည် concession loans ဖြစ်သဖြင့် အလွန်သက်သက်ပြီး နှစ်ရှည်ချေးငွေများဖြစ်သ ဖြင့် အမှန်တကယ် လိုအပ်နေသည့် ပြည်သူ့ဝန်ဆောင်မှုများအတွက်ဆိုလျှင် စိုးရိမ်ပူပန်စရာမလိုချေ။ ယခု မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံး ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ကပ်ဘေးကို ရှိသမျှ အရင်းအမြစ်များဖြင့် တုန့် ပြန်ရမည်ဖြစ်သဖြင့် ပြည်သူများ၏ အသက်အန္တရာယ်ကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရန်၊ ကပ်ဘေးကို ထိန်းချုပ်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လူမှုစီးပွားပြုပြင်ပြောင်းလဲရေးများ အကောင် အထည်ဖေါ်ဆောင်ရန် အတိုးနှုန်းသက်သာသည့် နှစ်ရှည်ချေးငွေများကို ထိရောက်သည့် ရင်းနှီးမြှုပ်နှံမှုများအ တွက် ချေးယူသင့်ကြောင်းတင်ပြလိုက်ရပါသည်။

ခိုင်ဝင်း

၂၅ ၊ မေ ၊ ၂၀၂၀

Ref:

Jason Furman & Larry Summers (2019), “Who Is Afraid of Budget Deficits: Washington Should End Its Debt Obsession”, Foreign Affairs 98(2): 82-94.

UNCTAD (2020), “ From the Great Lockdown to Great Meltdown: Developing Country Debt in the Time of Covid-19”.

လော့ဒေါင်း လုပ်သင့် မလုပ်သင့်

ISP – Myanmar Special Series
Covid – 19 and Myanmar တွင် ပါဝင်ရေးသားထားသော ၊
Sandhi Governance Institute ၏ အုပ်ချုပ်မှုဒါရိုက်တာ
ဆရာခိုင်ဝင်း ရေးသားဖော်ပြချက်။
အောက်တွင် ပေးထားသော ISP – Myanmar Website link တွင်
ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://ispmyanmarspecialseries.com/kw2/?fbclid=IwAR1UmOCnZlnJxCuCgg79frH9_9VWCFcX1wAxgF5g42ARZxayqLqOWEW2sOI

Covid – 19 နှင့် ကခုန်ခြင်း

ဧရာဝတီသတင်းဌာန၌ ဖော်ပြပါရှိပြီး ဆောင်းပါး။

Sandhi Governance Institute ၏ အုပ်ချုပ်မှုဒါရိုက်တာ ဆရာဦးခိုင်ဝင်း ရေးသားသော ဆောင်းပါး အပြည့်အစုံ ဖော်ပြချက်ကို ၊ အောက်မှာ ပေးထားသော ဧရာဝတီသတင်းဌာန link တွင် ဝင်ရောက်ဖတ်ရှုပါ။