ဆောင်းပါးများ

ကိုရိုနာဗိုင်းရပ်စ်ပိုး မည်မျှထိကြောက်စရာကောင်းသနည်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် နိုင်ငံပေါင်း၁၁၀သို့ရောက်ရှိသွားပြီး ကူးစက်ခံရသူပေါင်း ၁သိန်း၁သောင်း ကျော်နှင့် သေဆုံးသူပေါင်း၄ထောင်ကျော်သွားပြီဖြစ်သည်။ ကူးစက်မှုအများဆုံးနှင့် သေဆုံးသူအများဆုံး နိုင်ငံ မှာ တရုတ်နိုင်ငံဖြစ်ပြီး ယနေ့ထိ ကူးစက်ခံရသူ ၈၀၉၂၄ယောက်ရှိပြီး သေဆုံးသူ ၃၁၄၀ယောက်ရှိသည်။ တရုတ် နိုင်ငံ၌ပင် ကူးစက်မှုအများဆုံး ပြည်နယ်မှာတော့ ရောဂါပိုးစတင်တွေ့ရှိရာ ဝူဟန်မြို့တည်ရှိရာ ဟူဘေးပြည်နယ် ဖြစ်ပြီး ကူးစက်ခံရသူ စုစုပေါင်း မတ်လ၁၀ရက်နေ့ထိ ၆၇၇၆၀ယောက်ရှိ၍ သေဆုံးသူ စုစုပေါင်း ၃၀၂၄ယောက် ရှိသည်။ ရောဂါပိုးကူးစက်မှုဒဏ် အခံရဆုံး မြို့နှင့်ပြည်နယ်ဟုဆိုနိုင်သည်။

တရုတ်နိုင်ငံပြီးလျှင် ရောဂါပိုးကူးစက်ခံရမှု အများဆုံးနိုင်ငံများကတော့ တောင်ကိုရီးယား၊ ဂျပန်၊ အီတလီတို့ဖြစ် ကြသည်။ စင်ကာပူနိုင်ငံသည်လည်း လူဦးရေအရကြည့်လျှင် ရောဂါကူးစက်မှု အများဆုံးနိုင်ငံဟုဆိုနိုင်သည်။ ထိုရောဂါပိုးကူးစက်ခံရသူများထဲမှ သေဆုံးသူရာခိုင်နှုန်းကိုတွက်ကြည့်လျှင် ၃-၄% ခန့်ရှိသည်ကိုတွေ့ရသည်။

ကိုရိုနာဗိုင်းရပ်စ်က တကမ္ဘာလုံးကို မည်မျှထိ ပျံ့နှံ့သွားနိုင်သနည်း။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပိုး အန္တရာယ်သည် တကမ္ဘာလုံးကို ခြိမ်းခြောက်နေသကဲ့သို့ဖြစ်နေပြီး တရုတ်နိုင်ငံတွင်ဆိုလျှင် ဇန်နဝါရီလ၂၃ရက်နေ့တွင် စတင်ပြီး ဝူဟန်မြို့ကို ပိတ်ဆို့ထားခဲ့ပြီး မြို့တွင်းမြို့ပြင် ခရီးသွားလာမှုများကို ဖြတ်တောက်ခဲ့မှုမှာ ရောဂါပိုးကူးစက်မှုကိုတွေ့ရှိရသည့် အခြားမြို့များကိုလည်း ဆက်လက်ပိတ်ပင်ထားခဲ့ရာ တရုတ်ပြည်သူသန်းပေါင်း၇၀၀ခန့်အထိ မိမိတို့နေထိုင်ရာ မြို့များတွင်သာနေခဲ့ရသည်။ ရောဂါပိုးကူးစက်ခံရသူများကိုလည်း နေအိမ် (သို့) ရောဂါပြင်းထန်မှုအရ သတ်မှတ်နေရာများတွင် သီးသန့်ခွဲထားခြင်း (သို့) ဆေးရုံများတွင် အတွင်းလူနာအဖြင့် သီးသန့်အထူးဆောင်များ တွင်တင်၍ ကုသပေးခြင်းများပြုလုပ်ခဲ့သည်။

အီတလီနိုင်ငံတွင်လည်း ရောဂါပိုးစတင်တွေ့ရှိရာ မြောက်ပိုင်းအီတလီရှိ မြို့များကို အဆက်အသွယ်ဖြတ် Lock-down ပိတ်ဆို့ထားခဲ့သည်။ ထိုအခါ၌ နိုင်ငံအများစုမှ ပြည်သူများသည် ကိုရိုနာဗိုင်းရပ်စ်ပိုး အန္တရာယ်ကို အထူး တုန်လှုပ်ကြောက်လန့်လျက်ရှိသည်။ ရောဂါပိုးကူးစက်မှုနှင့်ဆက်စပ်ပြီးလည်း လူမျိုးရေးခွဲခြားဆက်ဆံမှုများ (ဥပမာ တရုတ်နိုင်ငံသားများအား အမေရိကန်အပါအဝင် အနောက်နိုင်ငံအချို့တွင် ပြစ်တင်ဆဲဆိုမှုများ)အထိ လည်းရှိနေခဲ့သည်။ မိမိအနေဖြင့်လည်း မိမိအပါအဝင် နီးစပ်သူများ ကူးစက်ခြင်းခံရမည်ကို စိုးရိမ်ပူပန်မိသည်။
သို့သော် ထိုရောဂါပိုးသည် မည်မျှအထိ ကျွနု်ပ်တို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သနည်းဆိုသည်ကို ရောဂါပိုးစတင်ဖြစ်ပွားပြီး ၂လကျော်ကြာလာသည့်အခါ တွေ့ရှိရသည့် အချက်အလက်များမှ ဆင်ခြင်ကြည့်လာ နိုင်ခဲ့သည်။


မကြာခင်က Gavekal Dragonomics အဖွဲ့၏ ပူးတွဲဥက္ကဋ္ဌ Anatole Kaletsky ရေးသားသည့် “Covid-19 by the Numbers” ဆိုသည့်ဆောင်းပါးက မိမိအားများစွာ စိတ်သက်သာရာရစေခဲ့သည်။ ထိုအတွက်ကြောင့်လည်း ဆောင်းပါး၌ပါရှိသည့် အချက်အလက်များကို ပြန်လည်မျှဝေလိုပါသည်။
၎င်းက ရောဂါပိုးကူးစက်မှုစတင်ဖြစ်ပွားပြီး ပထမ ရက်သတ္တပတ်၃ပတ်အတွင်း ကူးစက်ခံရမှုနှုန်းများကို အဓိက ဖြစ်ပွားရာ နိုင်ငံ၄နိုင်ငံဖြစ်သည့် တရုတ်၊တောင်ကိုရီးယား၊ဂျပန်၊အီတလီတို့ကို နှိုင်းယှဉ်လေ့လာကြည့်သည်။


တွေ့ရှိရသည်မှာ တရုတ်နိုင်ငံတွင် ပထမ၃ပတ်အတွင်း ရောဂါပိုးကူးစက်ခံရသူပေါင်း ဟူဘေးပြည်နယ်တွင် ၇သောင်းခန့်ရှိပြီး တရုတ်နိုင်ငံပြင်ပ အဆိုးဆုံး ကူးစက်ခံရသည် နိုင်ငံ၂နိုင်ငံဖြစ်သည့် တောင်ကိုရီးယားနှင့် အီတလီနိုင်ငံတို့တွင် ပထမ၃ပတ်အတွင်း ကူးစက်ခံရသူ အရေအတွက်မှာ ၅၀၀၀ကျော်နှင့် ၂၅၀၀ကျော် တို့ဖြစ်သည်ကိုတွေ့ရှိရသည်။ ဂျပန်နိုင်ငံတွင်ဆိုလည်း ပထမ၃ပတ်အတွင်း ကူးစက်ခံရသူပေါင်းမှာ ၃၀၀ခန့်သာ ရှိသည်။ ၄-၆ပတ်ကြာပြီးသည့်အခါ ရောဂါပိုးကူးစက်ခံမှုနှုန်းမှာ သိသိသာသာကျဆင်းသွားခဲ့သည်ကို ဟူဘေးပြည်နယ်တွင်တွေ့ရှိရသလို အခြားစင်ကာပူ၊ ဟောင်ကောင်၊ဂျပန်နိုင်ငံများတွင်လည်းတွေ့ရှိရသည်။ ကူး စက်မှုနှုန်းကို တည်ငြိမ်သွားအောင် ထိန်းချုပ်ထားနိုင်သည်ကိုတွေ့ရသည်။
နောက်ထပ်တွေ့ရှိရသည်မှာတော့ ဟူဘေးပြည်နယ်၌ လူဦးရေ ၁သန်းလျှင် လူပေါင်း ၁၁၀၀ခန့် ကူးစက်ခံရသော် လည်း တောင်ကိုရီးယားနှင့် အီတလီနိုင်ငံများတွင် လူဦးရေ ၁သန်းလျှင် လူပေါင်း ၁၀၀ခန့်သာ ကူးစက်ခံရသည်။ တရုတ်နိုင်ငံ၌ပင် ဟူဘေးပြည်နယ်ပြင်ပရှိ အခြားပြည်နယ်များ၏ ကူးစက်ခံရမှုနှုန်းမှာ လူဦးရေ၁သန်းတွင် လူပေါင်း ၁၀ဦးခန့်သာ ကူးစက်ခံရသည်ကို တွေ့ရှိရသည်။ အလားတူ ဂျပန်၊ဟောင်ကောင်၊ စင်ကာပူနိုင်ငံများ တွင်လည်း လူဦးရေ၁သန်းတွင် ၁၀အောက်မှ၂၀ကျော်အတွင်းရှိသည်ကိုတွေ့ရသည်။ ထိုအခါ ကောက်ချက်ချ နိုင်သည်မှာ လူဦးရေ၁သန်း၌ ဝူဟန်နှင့်ဟူဘေးပြည်နယ်တို့တွင် လူပေါင်း၁၁၀၀ခန့် ကူးစက်ခံရသော်လည်း ကျန် တရုတ်နိုင်ငံရှိ အခြားပြည်နယ်များနှင့် တရုတ်ပြင်ပ အခြားနိုင်ငံများတွင် ရောဂါပိုးကူးစက်မှုနှုန်းမှာ လူဦးရေ၁ သန်းတွင် လူပေါင်း ၁၀ဦးမှ၁၀၀ဦးအတွင်း ကူးစက်ခံရနိုင်သည်ဟုဖြစ်သည်။

ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ၇၅၀၀ခန့်ရှိသဖြင့် တကမ္ဘာလုံးတွင် လူပေါင်း ၇၅၀၀၀မှ ၇၅၀၀၀၀ခန့် ကူးစက်ခံ ရနိုင်သည်။ လက်ရှိတွင် ဟူဘေးပြည်နယ်ပြင်ပ၌ ကူးစက်ခံရမှုနှုန်းမှာ ၄၀၀၀၀ကျော်ရှိနေသည်။

သေဆုံးသူပေါင်း တကမ္ဘာလုံးမည်မျှရှိနိုင်သနည်း။

တကမ္ဘာလုံးတွင် ရောဂါပိုး ကူးစက်ခံရသူများထဲမှ သေဆုံးနှုန်းကို လေ့လာကြည့်လျှင် ၃-၄ရာခိုင်နှုန်းခန့် သေ ဆုံးကြသည်ကိုတွေ့ရသည်။ သေဆုံးသူများတွင်လည်း အသက်၇၀-၈၀ပိုင်းများနှင့် ရောဂါအခံရှိသူများက အများ ဆုံး ဖြစ်သည်ကိုတွေ့ရသည်။ စတင်ဖြစ်ပွားရာ ဝူဟန်မြို့နှင့် ဟူဘေးပြည်နယ်၌ သေဆုံးမှုနှုန်းသည် အများဆုံး ဖြစ်သည်ကို အထက်ဖေါ်ပြပါ ကိန်းဂဏန်းများကို လေ့လာကြည့်လျှင်တွေ့နိုင်သည်။


တောင်ကိုရီးယား၊ဂျပန်၊ဟောင်ကောင်တို့တွင် ရောဂါဖြစ်ပွားသူများမှ သေဆုံးနှုန်းကို လေ့လာကြည့်လျှင် ယင်း နိုင်ငံများတွင် ဖြစ်ပွားသူများထဲမှ သေဆုံးနိုင်သည့် ရာခိုင်နှုန်းမှာ ၂-၃ရာခိုင်နှုန်းခန့်သာရှိသည်ကိုတွေ့ရသည်။ သို့သော် အထက်ဖေါ်ပြပါ အာရှနိုင်ငံများ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းမွန်သဖြင့် သေဆုံးနှုန်းသည် ၂-၃ရာခိုင်နှုန်းခန့်သာရှိနိုင်သော်လည်း အခြားဆင်းရဲသည့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျန်းမာရေး ရစောင့်ရှောက်မှုစနစ်၏ မပြည့်စုံခြင်းကြောင့် သေဆုံးမှုနှုန်းသည် တကမ္ဘာလုံးတွင် ယင်းအာရှနိုင်ငံများထက် ၄-၅ဆများနိုင်သည်ဟုဆိုလျှင် တကမ္ဘာလုံးတွင် ဖြစ်ပွားသူစုစုပေါင်း၏ ၁၀ရာခိုင်နှုန်းခန့် သေဆုံးနိုင်သည်ဟု ဆိုနိုင်မည်။
ထိုအခါ တကမ္ဘာလုံးတွင် ကူးစက်ခံရနိုင်သည်ဟု တွက်ချက်ထားသည့် လူပေါင်း ၇၅၀၀၀-၇၅၀၀၀၀မှ လူပေါင်း ၇၅၀၀-၇၅၀၀၀သည် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့် သေကြေပျက်စီးနိုင်သည်ဟုဆိုရမည်။
ထို၇၅၀၀-၇၅၀၀၀ဆိုသည့် ပမာဏသည် တကမ္ဘာလုံး၌ နှစ်စဉ် သာမန်ရောဂါများ သေဆုံးနိုင်သည့် အခြေအနေ များဖြင့် သေဆုံးသူပေါင်း ၅၅သန်းရှိသဖြင့် မပြောပလောက်ဟုဆိုနိုင်သည်ဟု ဆောင်းပါးရှင်ကဆိုထားသည်။

မည်သို့နေထိုင်ပြုမှုသင့်သနည်း

ကူးစက်ခံရနိုင်မှုနှုန်းသည် လူဦးရေ၁သန်းတွင် လူပေါင်း ၁၀-၁၀၀အတွင်းသာ ရှိသလို၊ သေဆုံးမှုနှုန်းမှာလည်း တကမ္ဘာလုံးအတိုင်းအတာဖြင့်ဆိုလျှင် ကူးစက်ခံရသူစုစုပေါင်း၏ အမြင့်ဆုံး ၁၀ရာခိုင်နှုန်းခန့်သာရှိသည်ဟု ဆိုသော်လည်း မသိကျိုးကျွံ မပြုသင့်။ ယခုခဲ့သို့ ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း နည်းရခြင်းမှာလည်း အများဆုံး ဖြစ်ပွားရာ နိုင်ငံများဖြစ်သည့် တရုတ်၊တောင်ကိုရီးယား၊ဂျပန်၊အီတလီ အစိုးရများ၏ အရေးယူဆောင်ရွက်ချက် များ၊ ရောဂါမကူးစက်ရန် ကာကွယ်ရေးနည်းလမ်းများ၊ ကုသမှုများကြောင့်ဖြစ်သလို၊ အဆိုပါနိုင်ငံများရှိ ပြည်သူ များ၏ အသိစိတ်ဓါတ်ဖြင့် ရောဂါကူးစက်ခြင်းမခံရစေရန် သတိဖြင့် ပြုမှုနေထိုင်ခြင်းများကြောင့်ဖြစ်သည်။


မိမိတို့နိုင်ငံမှ ပြည်သူများလည်း ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သင့်သည်။ အထူးသဖြင့် ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ အကြံပြုချက်တစ်ခုဖြစ်သည့် လူစုလူ ဝေးများ တတ်နိုင်သမျှ စုဝေးခြင်းမှ ရှောင်ရှားရန် (သို့) မသွားရန်ဖြစ်သည်။
ယခုဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသည် လူအများကို ကူးစက်ပြီးသေကြေပျက်စီးခြင်းထက် ခရီးသွားလာမှု များ ဖျက်သိမ်းခြင်း၊ လုပ်ငန်းများရပ်ဆိုင်းရခြင်း (အထူးသဖြင့် တရုတ်နိုင်ငံ)တို့ကြောင့် စီးပွားရေးကို ထိခိုက်သည် ကပိုများလေသည်။ ထိုအတွက်ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်နစ်နာမှုမရှိစေရန် အလွန်အမင်း ကြောက် ရွံ့ထိပ်လန့်ရန်မလိုသကဲ့သို့ အလွန်အမင်း သတိလက်လွှတ်လည်း မနေသင့်ကြောင်း တင်ပြလိုက်ရပါသည်။

ခိုင်ဝင်း
၁၁ ၊ မတ် ၊ ၂၀၂၀

ကိုရိုနာဗိုင်းရပ်စ်၏ ရိုက်ခတ်မှုနှင့် မြန်မာနိုင်ငံ

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်မှုသည် ကမ္ဘာ့နိုင်ငံပေါင်း ၅၀ကျော်တွင် ဖြစ်ပွားလျက်ရှိပြီး လူပေါင်း၈သောင်း ကျော် ကူးစက်ခံခဲ့ရသည်။ ကူးစက်ခံရသူ ၈သောင်းကျော်၌ သေဆုံးသူ ၃၀၀၀ ကျော်ရှိနေသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့သည် ယခုဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၀၃ခုနှစ်က တရုတ်နိုင်ငံ၌ ပင်ဖြစ်ပွားခဲ့သည့် SARS (Severe Acute Respiratory Syndrome) လောက် ရာခိုင်နှုန်းအရ လူသေဆုံးမှုနှုန်း မရှိသော်လည်း ကူးစက်မှုနှုန်းက ပိုမိုမြန်၍ ပိုမိုကူးစက်လွယ်နေသလိုဖြစ်နေသည်။ ကူးစက်မှုဒဏ်အခံရဆုံး နိုင်ငံများကတော့ တရုတ်၊တောင်ကိုရီးယား၊ ဂျပန်နှင့်အီတလီနိုင်ငံတို့ဖြစ်ကြသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ကမ္ဘာ့စီးပွားရေးအလားအလာ

၂၀၀၃ခုနှစ်က SARS ရောဂါဖြစ်ပွားခဲ့သော်လည်း ယင်း၏ တရုတ်နိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု မှာ မပြောပလောက်ဟုဆိုရမည်။ ၃လပတ်ခန့်သာ တရုတ်နိုင်ငံ စီးပွားရေးသည် ရောဂါကူးစက်မှုကို ထိန်းချုပ်နေ စဉ် ကျဆင်းသွားခဲ့သော်လည်း ၂၀၀၃ခုနှစ်အတွင်း ကျန်၉လတွင် တရုတ်နိုင်ငံ စီးပွားရေးသည် အရှိန်အဟုန်ဖြင့် ပြန်လည်မြင့်တက်ခဲ့သဖြင့် ပထမ၃လအတွင်း ကျဆင်းသွားသည့် ထုတ်လုပ်ရောင်းချမှုများအား ပြန်ကာမိပြီး ဂဏန်း၂လုံး (၁၀ရာခိုင်နှုန်းကျော်)နှုန်းဖြင့် ဂျီဒီပီသည် ဆက်လက်တိုးတက်ခဲ့သည်။ အလားတူ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည်လည်း ၄.၃ရာခိုင်နှုန်းဖြင့် ဆက်လက်မြင့်တက်လျက်ရှိသည်။ တနည်းအား ဖြင့်ဆိုလျှင် SARS ရောဂါ၏ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုသည် မသိသာဟုဆိုရမည်။ သို့သော် ယခု ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ကမ္ဘာ့စီးပွားရေးအပေါ် ပြင်းထန်စွာရိုက်ခတ်နိုင်သည်ဟု စီးပွားရေး ပညာရှင်များက တင်ကြိုခန့်မှန်းနေကြသည်။ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နေစဉ်မှာပင် စတော့ရှယ်ယာဈေး ကွက်များတွင် စတော့ရှယ်ယာဈေးများ ထိုးကျနေသည်ကိုလည်း သတင်းများမှတဆင့် ကြားသိနေရသည်။

လက်ရှိ ကမ္ဘာ့စီးပွားရေးအခြေအနေ


ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားခင်ကပင် ကမ္ဘာ့စီးပွားရေးသည် recession စီးပွားရေးကျဆင်းမှု ကြုံတွေ့ရနိုင်သည်ဟု စီးပွားရေးပညာရှင်အချို့က ဟောကိန်းထုတ်နေကြသည်။ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ၊ အမေရိကန် -အီရန် စစ်ရေးတင်းမာမှုနှင့် အရှေ့အလယ်ပိုင်း စစ်မက်ပျံ့ပွားမှု၊ ဗြိတိန်နိုင်ငံ၏ ဥရောပသမဂ္ဂမှ ခွဲထွက်မှု အစရှိသည့်အကြောင်းများကြောင့် အဓိက ကုန်ပစ္စည်းများ ကုန်ကြမ်းများ ထုတ်လုပ်တင်ပို့မှု ဗဟိုဋ္ဌာနများ ပြတ် တောက်မှု (global supply chains disruption)များဖြစ်ပွားခြင်းကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှု ကြုံတွေ့ရ နိုင်သည်ဟုဆိုကြသည်။ ၂၀၁၉ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၂.၉ရာခိုင်နှုန်းသာ ရှိသည်။ ၎င်းရာခိုင်နှုန်းသည် စီးပွားရေးကျဆင်းမှု recession ဖြစ်နေပြီဟု သတ်မှတ်နိုင်သည့် ၂.၅ရာခိုင်နှုန်း၏ ဝ.၄ ရာခိုင်နှုန်းသာပိုသည်။


တရုတ်နိုင်ငံ စီးပွားရေး၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင် ပါဝင်မှုသည်လည်း ၂၀၀၃ခုနှစ်က ၈.၅ရာခိုင်နှုန်းသာ ရှိသော်လည်း ယခု၂၀၂၀ခုနှစ်၌ ယင်း၏ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုတွင်ပါဝင်မှုသည် ၁၉.၇ ရာခိုင်နှုန်းရှိလာ သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ ၃၇ ရာခိုင်နှုန်းခန့်ကို ၂၀၀၈ခုနှစ်မှစ၍ ပံ့ပိုးပေးခဲ့သဖြင့် ၂၀၁၉ခုနှစ်ကရရှိခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ ဖွံ့ဖြိုးတိုး တက်မှုနှုန်း ၂.၉ရာခိုင်နှုန်းတွင် ယင်း၏ပါဝင်မှုက ဝ.၉ သို့မဟုတ် ၁ရာခိုင်နှုန်းနီးပါးရှိသည်။ တရုတ်စီးပွားရေး ကျဆင်းသည်နှင့်အမျှ ကမ္ဘာ့စီးပွားရေးလည်း ကျဆင်းမည်ဖြစ်သည်။ အထူးသဖြင့် Global Value Chains (GVCs)များသည် တရုတ်နိုင်ငံအပေါ်များစွာ တည်မီနေသောကြောင့်ဖြစ်သည်။ ဂျပန်နိုင်ငံမှ နာမည်ကြီး မော်¬¬¬ တော်¬¬ကုမ္ပဏီများဖြစ်ကြသည့် ဟွန်ဒါနှင့် နစ်ဆန်းကုမ္ပဏီများသည်လည်း ယင်းတို့၏ တရုတ်နိုင်ငံရှိ စက်ရုံများ ပိတ်ထားရသဖြင့် မော်တော်ကားထုတ်လုပ်မှုများ ထိခိုက်လျက်ရှိသည်။ အလားတူ Apple ကုမ္ပဏီသည်လည်း ယင်း၏ IPhone ထုတ်လုပ်မှုသည့် တရုတ်ရှိစက်ရုံများပိတ်ထားရခြင်း၊ တရုတ်ရှိအရောင်းစင်တာများ၏ ရောင်း အားကျဆင်းမှုကြောင့် ယင်း၏ရရှိနိုင်သည့် ဝင်ငွေခန့်မှန်းမှုကို လျှော့ချခဲ့သည်။ ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့ သည့် ဗဟိုဋ္ဌာနများ ပြတ်တောက်မှုနှင့်အတူ ဝယ်လိုအားများလည်း ကျဆင်းလာမည်ဖြစ်သည်။ လက်ရှိ တရုတ် နိုင်ငံ၏ ဂျီဒီပီ တိုးတက်မှုနှုန်းသည်လည်း ၂၀၀၃ခုနှစ်ကလို ၁၀ရာခိုင်နှုန်းအထက် မဟုတ်တော့ဘဲ ၂၀၂၀ခုနှစ် တွင် ၆ရာခိုင်နှုန်းသာ တိုးတက်မည်ဟုခန့်မှန်းထားကြသည်။ ယခုကူးစက်ရောဂါကြောင့် ၆ရာခိုင်နှုန်းမှ ၅ရာခိုင် နှုန်းခန့်သို့ ကျဆင်းနိုင်သည်ဟု ပညာရှင်များက ခန့်မှန်းနေကြသည်။

တရုတ်နိုင်ငံ၏ ရောဂါကူးစက်မှုကို ထိန်းချုပ်မှု


တရုတ်အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ပိုးအား ထိန်းချုပ်ရန် ကြိုးပမ်းမှုသည် အံ့မခန်းဖြစ်သည်။ အစောပိုင်းတွင် ရောဂါ ဖြစ်ပွားမှုကို ဖုံးဖိခဲ့သော်လည်း ယခုအခါတွင်တော့ အစွမ်းကုန်ကြိုးပမ်းလျက်ရှိသည်ကိုတွေ့ရသည်။ အဓိက containment strategy ကိုသုံးနေသည်ဟုဆိုရမည်။ သတင်းတပုဒ်၏ ဖေါ်ပြချက်အရ နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့် လူသန်းပေါင်း၇၀၀ခန့်ကို ထိန်းချုပ်ထားသည် (Lock-down)ဟုသိရသည်။ ရောဂါပိုး စတင်တွေ့ရှိ ရာ လူဦးရေ ၁၁သန်းခန့်ရှိသည့် ဝူူဟန်မြို့အပါအဝင် တရုတ်နိုင်ငံရှိ လမ်းပန်းဆက်သွယ်ရေး အချက်အချာမြို့ များ၏ ဝင်ထွက်သွားလာမှုကို ပိတ်ပင်ထိန်းချုပ်ထားသလို၊ ကျောင်းများ၊ စက်ရုံများကိုလည်း ပိတ်ပင်ထားသည်။ ရောဂါပိုးကူးစက်ခံနေရသူများကိုလည်း သီးခြားထား၍ ကုသပေးခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းကို ပြုလုပ် လျက်ရှိသည်။ နိုင်ငံခြားခရီးသွားခြင်းများကိုလည်း ပိတ်ပင်ထားသည်။


အခြားနိုင်ငံများတွင်လည်း အလားတူ ထိန်းချုပ်မှုမျိုးကို ကျင့်သုံးလျက်ရှိသည်ကိုတွေ့ရသည်။ သို့သော်လည်း containment strategy ၏ပြသနာသည် စီးပွားရေးကို အထူးထိခိုက်စေနိုင်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအတွက် ခံသာသည်မှာ တရုတ်နိုင်ငံသားများသည် အွန်လိုင်းမှ ဈေးဝယ်ခြင်းကို အထူးနှစ်သက်ကြသလို၊ တရုတ်နိုင်ငံရှိ Alibaba ကဲ့သို့ ကြီးမားသည့် အွန်လိုင်းပလက်ဖေါင်းများရှိနေခြင်းဖြစ်သည်။ လိုဟန်သုတေသနဋ္ဌာနမှ ထုတ်ပြန် သည့် အစီရင်ခံစာအရ မိုဘိုင်းဖုန်းသုံး၍ ငွေပေးချေမှု (mobile payments) ပမာဏသည် အမေရိကန်ဒေါ်လာ ၂၂ထွီလီယံရှိသည်ဟုသိရသည်။ မဟုတ်လျှင် တရုတ်နိုင်ငံ စီးပွားရေးသည် ယခုထက် ပိုမိုကျဆင်းနိုင်မည်ဖြစ် သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးနှင့် မြန်မာနိုင်ငံ

အထက်ဖေါ်ပြပါတင်ပြချက်များကို လေ့လာကြည့်လျှင် တရုတ်နိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးသည်မကောင်း၊ စီးပွား ကျဆင်းမှု (recession)ပင် ၂၀၂၀ခုနှစ် နှစ်လည်ခန့်တွင် ဖြစ်ပွားနိုင်သည်ဟု အချို့ပညာရှင်များကဆိုကြသည်။ တတ်နိုင်သမျှ ကုန်ထုတ်လုပ်တင်ပို့မှုနှင့် ဝယ်လိုအားများ ကျဆင်းမသွားရန် ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အ လတ်အဆင့်ရှိ ပြည်သူများအား အခွန်များလျှော့ပေးခြင်း၊ ရောင်းခွန် (sales tax)များနှင့် အခြားအခွန်လျှော့ပေါ့ ပေးခြင်းများဖြင့် ဝယ်လိုအားမြှင့်တင်ရန် ဖွံ့ဖြိုးပြီးနိုင်ငံအစိုးရများအား အကြံပေးခြင်းမျိုးကိုလည်းတွေ့ရသည်။ ဘတ်ဂျက်လိုငွေပြမှု တိုးမြင့်လာခြင်းသည် ဒုတိယအရေးကိစ္စဖြစ်သည်။ ဗိုင်းရပ်ပိုးကြောင့် ချက်ခြင်းလက်ငင်း ကမ္ဘာ့စီးပွားရေး ထိုးကျမသွားရန် ငွေများများဈေးကွက်များအတွင်း စီးဝင်အောင်လုပ်သင့်သည်ဟု ပညာရှင်များ က အကြံပြုနေကြသည်။
ထိုအခါ တရုတ်နိုင်ငံ ဈေးကွက်အပေါ် ကုန်သွယ်မှုတွင် အားကိုးနေရသည့် မြန်မာနိုင်ငံအနေဖြင့်လည်း ကိုရိုနာ ဗိုင်းရပ်စ်က မည်သို့ရိုက်ခတ်လာနိုင်သည်ကို ဆင်ခြင်စဉ်းစားရတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားလာပါက တရုတ်နိုင်ငံလို containment လုပ်နိုင်ရန်မလွယ်။ လိုအပ်သည့် အရင်းအ မြစ်များလည်းမရှိ။ ထိုအခါ ပြည်သူများက မိမိတစ်ဦးချင်းစီ အသိစိတ်ဓါတ်ဖြင့်သာ ခုခံကာကွယ်ရမည်ဖြစ်သည်။ သို့သော်လည်း ပြည်သူလူထုအနေဖြင့် မည်သို့ပြုမှုနေထိုင်ရမည်၊ လူစုလူဝေးနေရာများသို့ မသွားသင့်သဖြင့် လူစုဝေးနိုင်သည့်ပွဲများ ကျင်းပခွင့်ပြုသင့်မသင့်၊ရောဂါလက္ခဏာများ မိမိတွင်ရှိနေပါက မည်သည့်ကျန်းမာရေး ဋ္ဌာနအား အကြောင်းကြားရမည်၊ ကျန်းမာရေးဋ္ဌာနက မည်သို့မည်ပုံ စမ်းသတ်စစ်ဆေးမည်၊ အမှန်တကယ် ဖြစ်ပွားနေပါက မည်သည့်ဆေးရုံဆေးခန်း၌ မည်သို့ကူးသပေးမည် အစရှိသည့် မူဝါဒဆိုင်ရာ လမ်းညွှန်ချက်များ ကိုကျန်းမာရေးဝန်ကြီးဋ္ဌာနအနေဖြင့် အချိန်နှင့်တပြေးညီ ထုတ်ပြန်ပြီး ပြန်ကြားရေးဝန်ကြီးဋ္ဌာနဖြင့် ပူးပေါင်း၍ ပြည်သူများသိရှိအောင် ပြုလုပ်သင့်သည်။ မဟုတ်ပါက သတင်းမှားများ၊ ကောလဟလများကြောင့် ရောဂါလက္ခ ဏာများ မိမိတွင်ရှိနေသော်လည်း မိမိအား ချုပ်နှောင်ထားခြင်း၊ တိုက်ပိုက်ထားခြင်း ခံရမည်စိုး၍ အသိမပေးခြင်း မျိုးဖြစ်နိုင်သည်။ ထိုအတွက်ကြောင့် တိကျသည့် မူဝါဒဆိုင်ရာ လမ်းညွှန်ချက်များ ထုတ်ပြန်ထားမှသာ မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းနှင့် ဖြစ်လျှင်လည်း မည်သို့ပြုမှုနေထိုင်သင့်သည်ကို ပြည်သူအများက နားလည်သဘော ပေါက်၍ အကောင်းဆုံး ကာကွယ်ခြင်းကို ပြည်သူများပြုလုပ်နိုင်မည်ဖြစ်သည်။


လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွက် ရောဂါကူးစက်မှုထက် စီးပွားရေးအပေါ် သက်ရောက်မှုများကို ပိုမို သတိ ထားရမည်ဖြစ်သည်။ တရုတ်နိုင်ငံမှ ကုန်ကြမ်းပစ္စည်းများ မတင်သွင်းနိုင်သဖြင့် အထည်ချုပ်စက်ရုံ အချို့ပိတ်ရ သည်ဟုသောသတင်းများ၊ သံမဏိကုန်ကြမ်းကို တရုတ်နိုင်ငံမှ တင်သွင်းလို့မရသဖြင့် ဂျပန်မှတင်သွင်းနေရ သည်ဆိုသည့် သတင်းများကို လူမှုကွန်ယက်များနှင့် သတင်းမီဒီယာများတွင် ဖတ်ရှုနေရသည်။ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံမှ ပို့ကုန် ဖရဲသီး၊ သခွားမွှေးများ နယ်စပ်ကုန်သွယ်ရေးမှတဆင့် တရုတ်နိုင်ငံသို့ မတင်ပို့နိုင်ဖြစ်နေသည်အတွက် ရန်ကုန်တွင် ဖရဲသီး၊ သခွားမွှေးအရောင်းပြပွဲကျင်းပလျက်ရှိသည်။ နေ့စဉ် နယ်စပ်ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၁၀သန်းမှ၁၅သန်းရှိရာမှ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားချိန်မှစ၍ အမေရိကန်ဒေါ်လာ ၁သန်း၂သန်းသို့ လျှော့ကျသွားခဲ့သည်ဟုသိရသည်။ အစိုးရ အခွန်ရငွေများ ကျဆင်းခဲ့သလို ကုန်သည်များ ထုတ်လုပ်တင်ပို့သူများလည်း အထိနာလျက်ရှိသည်။ တရုတ်အစိုးရ၏ ဘီအာအိုင်စီမံကိန်းများ အပါအဝင် ပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း နှေးကွေးသွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် တရုတ်အစိုးရအနေ ဖြင့် လောလောဆယ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားမှုကြောင့် ကျဆင်းသွားသည့် နိုင်ငံစီးပွားရေးကို အတတ် နိုင်ဆုံး ပြုပြင်ရမည်ဖြစ်သောကြောင့်ဖြစ်သည်။ တနည်းအားဖြင့် လတ်တလော ပြည်တွင်းပြသနာများကို ဖြေရှင်း ရတော့မည်။ အခြားနိုင်ငံများလည်း inward-looking မိမိနိုင်ငံအတွက်သာ အဓိကထားမှုများ အရှိန်အဟုန် မြင့်တက်လာပြီး decoupling of globalization ဖြစ်လာနိုင်သည်။ ထိုအခြေအနေများသည် မြန်မာနိုင်ငံအပေါ် မည်သို့ရိုက်ခတ်လာနိုင်သည်ကို တင်ကြိုခန့်မှန်း၍ လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်ရတော့မည်။


ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုသည် တရုတ်နိုင်ငံတွင်တော့ တဖြေးဖြေး ထိန်းချုပ်လာနိုင်သည်ကိုတွေ့ရသည်။ နယ် စပ်ကုန်သွယ်ရေးကိုလည်း ပြန်လည်ခွင့်ပြုပြီး စက်ရုံများအလုပ်ရုံများလည်း ဖြေးဖြေးခြင်း ပြည်လည်ဖွင့်လှစ်နေ ပြီဖြစ်သည်။ အရေးကြီးသည်မှာ တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားမှု ပြန်လည်ကျဆင်းသွားပြီး ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရန်ဖြစ်သည်။ ထိုအခါ မြန်မာအစိုးရအနေဖြင့် တရုတ်နိုင်ငံစီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေး အခြေအနေ ကို မျက်ခြေမပြတ် လေ့လာသုံးသပ်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မည်သို့ပြင်ဆင်သင့်သည် ကို အကြံပြုရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း ကောလဟလများ၊ သတင်းအမှားများကို အလွန်အမင်း ယုံကြည်ခြင်း၊ တုန့်ပြန်ခြင်း မပြုရန် ပြည်သူအချင်းချင်း သတိပေးရမည်ဖြစ်သည်။ တတ်နိုင်သမျှ ပုံမှန်အတိုင်း စီးပွားရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုများ လည်ပတ်နိုင်ရန် ကြိုးပမ်းသွားရမည်ဖြစ်သည်။


မြန်မာနိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး ဖြစ်ပွားသည့်အချိန်သည် အရေးကြီးသည့် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲနှစ် လည်းဖြစ်သည်။ အစိုးရအနေဖြင့်လည်း ရခိုင်အရေး၊ ရခိုင်၊ချင်း၊ ကချင်နှင့် ရုမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ပြန် လည်ဖြစ်ပွားနေခြင်း၊ အမျိုးသားရေးဝါဒီများနှင့် ဘာသာရေးအစွန်းရောက်များ၏ ခြိမ်းခြောက်မှုများဖြင့်လည်း ကြုံတွေ့နေရသည်။ မကြာခင်က ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်အတူ လွှတ်တော်တွင်းနိုင်ငံရေးတင်းမာမှုများလည်း ရှိနေသည်ကို တွေ့နေရသည်။ ရွေးကောက်ပွဲ၏ လားရာကို တင်ကြိုမှန်းဆနိုင်လာပြီဖြစ်၍ ဘာသာရေး၊ အမျိုး သားရေးနှင့် နိုင်ငံရေးတို့ပေါင်းဆုံကာ အာဏာရရှိရေး ကြိုးပမ်းမှုများလည်း ပိုမိုပြင်းထန်လာနိုင်သည်။


စီးပွားရေးနှင့် နိုင်ငံရေးသည် အထူးဆက်စပ်မှုရှိနေသဖြင့် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုက်ခတ်မှုများကို အတတ်နိုင်ဆုံး သက်သာအောင်ပြုလုပ်ရမည်ဖြစ်သည်။ ဒီမိုကရေစီအင်အားစုများနှင့် ပြည်သူများအနေဖြင့်လည်း အတတ်နိုင်ဆုံး ခေါင်းအေးအေးထား၍ ရေတိုအကျိုး စီးပွား ထိခိုက်နစ်နာမှုများကြောင့် ရေရှည်မိမိတို့ အကျိုးစီးပွားကို အလဲအထပ်မလုပ်ဘဲ မိမိတို့အားလုံး၏ ရေရှည်အကျိုးစီးပွားအတွက် ဘာသာရေး၊လူမျိုးရေး၊ အမျိုးသားရေး အသုံးချမှုများမှ ရှောင်ရှားရန် ကြိုးပမ်းသွား ရမည်ဖြစ်သည်။

ခိုင်ဝင်း
၂၉ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၀ ။

သတိထားလုပ်ဆောင်ရမည့် ပီပီပီများ

သန္ဓိရဲ့ အမှုဆောင်ဒါရိုက်တာ ဖြစ်သူ၊ မူဝါဒရေးရာ လေ့လာသုံးသပ်သူ ဆရာဦးခိုင်ဝင်း ရေးသားထားသော”သတိထားလုပ်ဆောင်ရမည့် ပီပီပီများ” ခေါင်းစဉ်ဖြင့် ရေးသားထားခဲ့ဖူးသော ဆောင်းပါးရှည်တစ်ပုဒ်ဖြစ်ပါသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နေရသည့် မြန်မာနိုင်ငံအဖို့ ၊ မူဝါဒရေးရာ အခက်အခဲများကို ကြုံတွေ့နေရဆဲဖြစ်ပါသည်။

နိုင်ငံရေးစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ တိုးတက်စေရန်အတွက်
အခြေခံအဆောက်အအုံ ကောင်းမွန်စေရေးသည် အရေးကြီးသောကိစ္စရပ်ဖြစ်သည်။
အခြေခံ အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများတွင် အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများသည် အထူးအရေးပါသောကိစ္စရပ်ဖြစ်သည်။

လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ ကောင်းကျိုးဖြစ်ထွန်းစေနိုင်ရေးနှင့် တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိသော လုပ်ငန်းအကောင်အထည်ဖော်မှုများဖြစ်ရန် ပီပီပီ ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ထားသင့်ပါသည်။

အရွေးကောက်ခံ အရပ်သားအစိုးရအဖြစ် ပထမဆုံး ထမ်းဆောင်သော အုပ်ချုပ်မှုသက်တမ်းအတွင်းမှာ၊
နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် တိုးတက်နိုင်စေရေးအတွက် အထောက်အကူပြုနိုင်မည့် ဆောင်းပါးတစ်ပုဒ်အဖြစ် အထောက်အပံ့တစ်စုံတစ်ရာဖြစ်စေလိုချင်း အလို့ငှာ….
ပြန်လည် မျှဝေလိုက်ပါသည်….။

13 Page
289 KB

PDF – Download – here

ဒီမိုကရက်တစ်အုပ်ချုပ်စီမံမှု

ကျွန်တော်တို့ သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဆရာဦးခိုင်ဝင်း ရေးသားထားသော ဒီမိုကရက်တစ်အုပ်ချုပ်စီမံမှုအကြောင်း စာတမ်းတစ်စောင်ဖြစ်ပါသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဖော်ဆောင်နေသော မြန်မာနိုင်ငံအဖို့ ၊ ဒီမိုကရေစီနည်းကျ အုပ်ချုပ်စီမံမှု စနစ်များဖြင့် ပြုပြင်ပြောင်းလဲရန် အထူးလိုအပ်ပါသည်။
အစိုးရအနေဖြင့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုကို အကောင်အထည်မေဖာ်နိုင်လျှင် ၊ အသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ် ရောက်နေသော မြန်မာပြည်အတွက် အထောက်အကူ မဖြစ်နိုင်ပါ ။ ထို့ကြောင့် ဒီမိုကရေစီ နှုန်းစံများနှင့် အုပ်ချုပ်စေီမံသော စနစ်ဖြစ်ရန် လေ့လာသင့်သော စာတမ်းတစ်စောင် ဖြစ်ပါသည်။

ခိုင်ဝင်း