ကိုရိုနာဗိုင်းရပ်စ်ပိုး မည်မျှထိကြောက်စရာကောင်းသနည်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် နိုင်ငံပေါင်း၁၁၀သို့ရောက်ရှိသွားပြီး ကူးစက်ခံရသူပေါင်း ၁သိန်း၁သောင်း ကျော်နှင့် သေဆုံးသူပေါင်း၄ထောင်ကျော်သွားပြီဖြစ်သည်။ ကူးစက်မှုအများဆုံးနှင့် သေဆုံးသူအများဆုံး နိုင်ငံ မှာ တရုတ်နိုင်ငံဖြစ်ပြီး ယနေ့ထိ ကူးစက်ခံရသူ ၈၀၉၂၄ယောက်ရှိပြီး သေဆုံးသူ ၃၁၄၀ယောက်ရှိသည်။ တရုတ် နိုင်ငံ၌ပင် ကူးစက်မှုအများဆုံး ပြည်နယ်မှာတော့ ရောဂါပိုးစတင်တွေ့ရှိရာ ဝူဟန်မြို့တည်ရှိရာ ဟူဘေးပြည်နယ် ဖြစ်ပြီး ကူးစက်ခံရသူ စုစုပေါင်း မတ်လ၁၀ရက်နေ့ထိ ၆၇၇၆၀ယောက်ရှိ၍ သေဆုံးသူ စုစုပေါင်း ၃၀၂၄ယောက် ရှိသည်။ ရောဂါပိုးကူးစက်မှုဒဏ် အခံရဆုံး မြို့နှင့်ပြည်နယ်ဟုဆိုနိုင်သည်။

တရုတ်နိုင်ငံပြီးလျှင် ရောဂါပိုးကူးစက်ခံရမှု အများဆုံးနိုင်ငံများကတော့ တောင်ကိုရီးယား၊ ဂျပန်၊ အီတလီတို့ဖြစ် ကြသည်။ စင်ကာပူနိုင်ငံသည်လည်း လူဦးရေအရကြည့်လျှင် ရောဂါကူးစက်မှု အများဆုံးနိုင်ငံဟုဆိုနိုင်သည်။ ထိုရောဂါပိုးကူးစက်ခံရသူများထဲမှ သေဆုံးသူရာခိုင်နှုန်းကိုတွက်ကြည့်လျှင် ၃-၄% ခန့်ရှိသည်ကိုတွေ့ရသည်။

ကိုရိုနာဗိုင်းရပ်စ်က တကမ္ဘာလုံးကို မည်မျှထိ ပျံ့နှံ့သွားနိုင်သနည်း။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပိုး အန္တရာယ်သည် တကမ္ဘာလုံးကို ခြိမ်းခြောက်နေသကဲ့သို့ဖြစ်နေပြီး တရုတ်နိုင်ငံတွင်ဆိုလျှင် ဇန်နဝါရီလ၂၃ရက်နေ့တွင် စတင်ပြီး ဝူဟန်မြို့ကို ပိတ်ဆို့ထားခဲ့ပြီး မြို့တွင်းမြို့ပြင် ခရီးသွားလာမှုများကို ဖြတ်တောက်ခဲ့မှုမှာ ရောဂါပိုးကူးစက်မှုကိုတွေ့ရှိရသည့် အခြားမြို့များကိုလည်း ဆက်လက်ပိတ်ပင်ထားခဲ့ရာ တရုတ်ပြည်သူသန်းပေါင်း၇၀၀ခန့်အထိ မိမိတို့နေထိုင်ရာ မြို့များတွင်သာနေခဲ့ရသည်။ ရောဂါပိုးကူးစက်ခံရသူများကိုလည်း နေအိမ် (သို့) ရောဂါပြင်းထန်မှုအရ သတ်မှတ်နေရာများတွင် သီးသန့်ခွဲထားခြင်း (သို့) ဆေးရုံများတွင် အတွင်းလူနာအဖြင့် သီးသန့်အထူးဆောင်များ တွင်တင်၍ ကုသပေးခြင်းများပြုလုပ်ခဲ့သည်။

အီတလီနိုင်ငံတွင်လည်း ရောဂါပိုးစတင်တွေ့ရှိရာ မြောက်ပိုင်းအီတလီရှိ မြို့များကို အဆက်အသွယ်ဖြတ် Lock-down ပိတ်ဆို့ထားခဲ့သည်။ ထိုအခါ၌ နိုင်ငံအများစုမှ ပြည်သူများသည် ကိုရိုနာဗိုင်းရပ်စ်ပိုး အန္တရာယ်ကို အထူး တုန်လှုပ်ကြောက်လန့်လျက်ရှိသည်။ ရောဂါပိုးကူးစက်မှုနှင့်ဆက်စပ်ပြီးလည်း လူမျိုးရေးခွဲခြားဆက်ဆံမှုများ (ဥပမာ တရုတ်နိုင်ငံသားများအား အမေရိကန်အပါအဝင် အနောက်နိုင်ငံအချို့တွင် ပြစ်တင်ဆဲဆိုမှုများ)အထိ လည်းရှိနေခဲ့သည်။ မိမိအနေဖြင့်လည်း မိမိအပါအဝင် နီးစပ်သူများ ကူးစက်ခြင်းခံရမည်ကို စိုးရိမ်ပူပန်မိသည်။
သို့သော် ထိုရောဂါပိုးသည် မည်မျှအထိ ကျွနု်ပ်တို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သနည်းဆိုသည်ကို ရောဂါပိုးစတင်ဖြစ်ပွားပြီး ၂လကျော်ကြာလာသည့်အခါ တွေ့ရှိရသည့် အချက်အလက်များမှ ဆင်ခြင်ကြည့်လာ နိုင်ခဲ့သည်။


မကြာခင်က Gavekal Dragonomics အဖွဲ့၏ ပူးတွဲဥက္ကဋ္ဌ Anatole Kaletsky ရေးသားသည့် “Covid-19 by the Numbers” ဆိုသည့်ဆောင်းပါးက မိမိအားများစွာ စိတ်သက်သာရာရစေခဲ့သည်။ ထိုအတွက်ကြောင့်လည်း ဆောင်းပါး၌ပါရှိသည့် အချက်အလက်များကို ပြန်လည်မျှဝေလိုပါသည်။
၎င်းက ရောဂါပိုးကူးစက်မှုစတင်ဖြစ်ပွားပြီး ပထမ ရက်သတ္တပတ်၃ပတ်အတွင်း ကူးစက်ခံရမှုနှုန်းများကို အဓိက ဖြစ်ပွားရာ နိုင်ငံ၄နိုင်ငံဖြစ်သည့် တရုတ်၊တောင်ကိုရီးယား၊ဂျပန်၊အီတလီတို့ကို နှိုင်းယှဉ်လေ့လာကြည့်သည်။


တွေ့ရှိရသည်မှာ တရုတ်နိုင်ငံတွင် ပထမ၃ပတ်အတွင်း ရောဂါပိုးကူးစက်ခံရသူပေါင်း ဟူဘေးပြည်နယ်တွင် ၇သောင်းခန့်ရှိပြီး တရုတ်နိုင်ငံပြင်ပ အဆိုးဆုံး ကူးစက်ခံရသည် နိုင်ငံ၂နိုင်ငံဖြစ်သည့် တောင်ကိုရီးယားနှင့် အီတလီနိုင်ငံတို့တွင် ပထမ၃ပတ်အတွင်း ကူးစက်ခံရသူ အရေအတွက်မှာ ၅၀၀၀ကျော်နှင့် ၂၅၀၀ကျော် တို့ဖြစ်သည်ကိုတွေ့ရှိရသည်။ ဂျပန်နိုင်ငံတွင်ဆိုလည်း ပထမ၃ပတ်အတွင်း ကူးစက်ခံရသူပေါင်းမှာ ၃၀၀ခန့်သာ ရှိသည်။ ၄-၆ပတ်ကြာပြီးသည့်အခါ ရောဂါပိုးကူးစက်ခံမှုနှုန်းမှာ သိသိသာသာကျဆင်းသွားခဲ့သည်ကို ဟူဘေးပြည်နယ်တွင်တွေ့ရှိရသလို အခြားစင်ကာပူ၊ ဟောင်ကောင်၊ဂျပန်နိုင်ငံများတွင်လည်းတွေ့ရှိရသည်။ ကူး စက်မှုနှုန်းကို တည်ငြိမ်သွားအောင် ထိန်းချုပ်ထားနိုင်သည်ကိုတွေ့ရသည်။
နောက်ထပ်တွေ့ရှိရသည်မှာတော့ ဟူဘေးပြည်နယ်၌ လူဦးရေ ၁သန်းလျှင် လူပေါင်း ၁၁၀၀ခန့် ကူးစက်ခံရသော် လည်း တောင်ကိုရီးယားနှင့် အီတလီနိုင်ငံများတွင် လူဦးရေ ၁သန်းလျှင် လူပေါင်း ၁၀၀ခန့်သာ ကူးစက်ခံရသည်။ တရုတ်နိုင်ငံ၌ပင် ဟူဘေးပြည်နယ်ပြင်ပရှိ အခြားပြည်နယ်များ၏ ကူးစက်ခံရမှုနှုန်းမှာ လူဦးရေ၁သန်းတွင် လူပေါင်း ၁၀ဦးခန့်သာ ကူးစက်ခံရသည်ကို တွေ့ရှိရသည်။ အလားတူ ဂျပန်၊ဟောင်ကောင်၊ စင်ကာပူနိုင်ငံများ တွင်လည်း လူဦးရေ၁သန်းတွင် ၁၀အောက်မှ၂၀ကျော်အတွင်းရှိသည်ကိုတွေ့ရသည်။ ထိုအခါ ကောက်ချက်ချ နိုင်သည်မှာ လူဦးရေ၁သန်း၌ ဝူဟန်နှင့်ဟူဘေးပြည်နယ်တို့တွင် လူပေါင်း၁၁၀၀ခန့် ကူးစက်ခံရသော်လည်း ကျန် တရုတ်နိုင်ငံရှိ အခြားပြည်နယ်များနှင့် တရုတ်ပြင်ပ အခြားနိုင်ငံများတွင် ရောဂါပိုးကူးစက်မှုနှုန်းမှာ လူဦးရေ၁ သန်းတွင် လူပေါင်း ၁၀ဦးမှ၁၀၀ဦးအတွင်း ကူးစက်ခံရနိုင်သည်ဟုဖြစ်သည်။

ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ၇၅၀၀ခန့်ရှိသဖြင့် တကမ္ဘာလုံးတွင် လူပေါင်း ၇၅၀၀၀မှ ၇၅၀၀၀၀ခန့် ကူးစက်ခံ ရနိုင်သည်။ လက်ရှိတွင် ဟူဘေးပြည်နယ်ပြင်ပ၌ ကူးစက်ခံရမှုနှုန်းမှာ ၄၀၀၀၀ကျော်ရှိနေသည်။

သေဆုံးသူပေါင်း တကမ္ဘာလုံးမည်မျှရှိနိုင်သနည်း။

တကမ္ဘာလုံးတွင် ရောဂါပိုး ကူးစက်ခံရသူများထဲမှ သေဆုံးနှုန်းကို လေ့လာကြည့်လျှင် ၃-၄ရာခိုင်နှုန်းခန့် သေ ဆုံးကြသည်ကိုတွေ့ရသည်။ သေဆုံးသူများတွင်လည်း အသက်၇၀-၈၀ပိုင်းများနှင့် ရောဂါအခံရှိသူများက အများ ဆုံး ဖြစ်သည်ကိုတွေ့ရသည်။ စတင်ဖြစ်ပွားရာ ဝူဟန်မြို့နှင့် ဟူဘေးပြည်နယ်၌ သေဆုံးမှုနှုန်းသည် အများဆုံး ဖြစ်သည်ကို အထက်ဖေါ်ပြပါ ကိန်းဂဏန်းများကို လေ့လာကြည့်လျှင်တွေ့နိုင်သည်။


တောင်ကိုရီးယား၊ဂျပန်၊ဟောင်ကောင်တို့တွင် ရောဂါဖြစ်ပွားသူများမှ သေဆုံးနှုန်းကို လေ့လာကြည့်လျှင် ယင်း နိုင်ငံများတွင် ဖြစ်ပွားသူများထဲမှ သေဆုံးနိုင်သည့် ရာခိုင်နှုန်းမှာ ၂-၃ရာခိုင်နှုန်းခန့်သာရှိသည်ကိုတွေ့ရသည်။ သို့သော် အထက်ဖေါ်ပြပါ အာရှနိုင်ငံများ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းမွန်သဖြင့် သေဆုံးနှုန်းသည် ၂-၃ရာခိုင်နှုန်းခန့်သာရှိနိုင်သော်လည်း အခြားဆင်းရဲသည့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျန်းမာရေး ရစောင့်ရှောက်မှုစနစ်၏ မပြည့်စုံခြင်းကြောင့် သေဆုံးမှုနှုန်းသည် တကမ္ဘာလုံးတွင် ယင်းအာရှနိုင်ငံများထက် ၄-၅ဆများနိုင်သည်ဟုဆိုလျှင် တကမ္ဘာလုံးတွင် ဖြစ်ပွားသူစုစုပေါင်း၏ ၁၀ရာခိုင်နှုန်းခန့် သေဆုံးနိုင်သည်ဟု ဆိုနိုင်မည်။
ထိုအခါ တကမ္ဘာလုံးတွင် ကူးစက်ခံရနိုင်သည်ဟု တွက်ချက်ထားသည့် လူပေါင်း ၇၅၀၀၀-၇၅၀၀၀၀မှ လူပေါင်း ၇၅၀၀-၇၅၀၀၀သည် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့် သေကြေပျက်စီးနိုင်သည်ဟုဆိုရမည်။
ထို၇၅၀၀-၇၅၀၀၀ဆိုသည့် ပမာဏသည် တကမ္ဘာလုံး၌ နှစ်စဉ် သာမန်ရောဂါများ သေဆုံးနိုင်သည့် အခြေအနေ များဖြင့် သေဆုံးသူပေါင်း ၅၅သန်းရှိသဖြင့် မပြောပလောက်ဟုဆိုနိုင်သည်ဟု ဆောင်းပါးရှင်ကဆိုထားသည်။

မည်သို့နေထိုင်ပြုမှုသင့်သနည်း

ကူးစက်ခံရနိုင်မှုနှုန်းသည် လူဦးရေ၁သန်းတွင် လူပေါင်း ၁၀-၁၀၀အတွင်းသာ ရှိသလို၊ သေဆုံးမှုနှုန်းမှာလည်း တကမ္ဘာလုံးအတိုင်းအတာဖြင့်ဆိုလျှင် ကူးစက်ခံရသူစုစုပေါင်း၏ အမြင့်ဆုံး ၁၀ရာခိုင်နှုန်းခန့်သာရှိသည်ဟု ဆိုသော်လည်း မသိကျိုးကျွံ မပြုသင့်။ ယခုခဲ့သို့ ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း နည်းရခြင်းမှာလည်း အများဆုံး ဖြစ်ပွားရာ နိုင်ငံများဖြစ်သည့် တရုတ်၊တောင်ကိုရီးယား၊ဂျပန်၊အီတလီ အစိုးရများ၏ အရေးယူဆောင်ရွက်ချက် များ၊ ရောဂါမကူးစက်ရန် ကာကွယ်ရေးနည်းလမ်းများ၊ ကုသမှုများကြောင့်ဖြစ်သလို၊ အဆိုပါနိုင်ငံများရှိ ပြည်သူ များ၏ အသိစိတ်ဓါတ်ဖြင့် ရောဂါကူးစက်ခြင်းမခံရစေရန် သတိဖြင့် ပြုမှုနေထိုင်ခြင်းများကြောင့်ဖြစ်သည်။


မိမိတို့နိုင်ငံမှ ပြည်သူများလည်း ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သင့်သည်။ အထူးသဖြင့် ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ အကြံပြုချက်တစ်ခုဖြစ်သည့် လူစုလူ ဝေးများ တတ်နိုင်သမျှ စုဝေးခြင်းမှ ရှောင်ရှားရန် (သို့) မသွားရန်ဖြစ်သည်။
ယခုဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသည် လူအများကို ကူးစက်ပြီးသေကြေပျက်စီးခြင်းထက် ခရီးသွားလာမှု များ ဖျက်သိမ်းခြင်း၊ လုပ်ငန်းများရပ်ဆိုင်းရခြင်း (အထူးသဖြင့် တရုတ်နိုင်ငံ)တို့ကြောင့် စီးပွားရေးကို ထိခိုက်သည် ကပိုများလေသည်။ ထိုအတွက်ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်နစ်နာမှုမရှိစေရန် အလွန်အမင်း ကြောက် ရွံ့ထိပ်လန့်ရန်မလိုသကဲ့သို့ အလွန်အမင်း သတိလက်လွှတ်လည်း မနေသင့်ကြောင်း တင်ပြလိုက်ရပါသည်။

ခိုင်ဝင်း
၁၁ ၊ မတ် ၊ ၂၀၂၀