◾ ကိုရိုနာဗိုင်းရပ်စ်က တရုတ်နိုင်ငံကို ပြောင်းလဲသွားစေမည်လား


ယေးလ်တက္ကသိုလ်မှ ပါမောက္ခ Stephen Roach၏ “Global Growth-Still Made In China” ဆိုသည့်ဆောင်းပါး အတော်မှန်နေပြီထင်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညက ရောက်ရှိသည်။ လေဆိပ်မှာပင် လူဝင်မှုကြီးကြပ်ရေး ကောင်တာ ဖြတ်ရသည်မှာ အင်မတန် မြန်ဆန်လှသည်။ မြို့တွင်းရောက်သည့်အချိန်က ည၈နာရီခန့်ဖြစ်သည်။ လမ်းများအတော်ရှင်းနေသည်ကို သတိပြုမိသည်။ ရှော့ပင်းစင်တာများတွင်လည်း လူမစည်းကားနေ။ မကြာခင်က ဖြစ်ပွားခဲ့သည့် စစ်သားတစ်ဦး၏ Korat မြို့ရှိ Terminal 1 ရှော့ပင်းစင်တာတွင် ဈေးဝယ်သူများကို ဓါးစာခံပြုပြီး ပစ်ခတ် သတ်ဖြတ်မှုကြောင့်လည်း ဖြစ်ဟန်တူသည်။ သို့သော် သေချာသည်မှာတော့ တရုတ်ခရီးသွားများ လျှော့နည်း သွားခြင်းက အဓိက အကြောင်းရင်းဖြစ်မည်။ ဂျပန်နေ မိတ်ဆွေတစ်ဦးကလည်း တရုတ် ကမ္ဘာလှည့်ခရီးသည် များ သိသာစွာ လျှော့နည်းသွားသည့်အတွက် ကုန်တိုက်ကြီးတစ်ခုက ဝန်ထမ်း၁၄၀ခန့်ကို အလုပ်ဖြုတ်ရန် စီစဉ် နေသည်ဟုရေးသားထားသည်။


◾ အဓိက ကုန်ပစ္စည်းထုတ်လုပ်တင်ပို့သည့် ဗဟိုဋ္ဌာနများ ပြတ်တောက်ခြင်း


တရုတ်နိုင်ငံတွင်လည်း စက်ရုံအလုပ်ရုံများ၊ ကုန်တိုက်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပိတ်ထားရသည့် အတွက် ဒေသတွင်း supply chains များတွင် ပြတ်တောက်မှုများဖြစ်ပွားခဲ့သည်။ ဒေသတွင်း နိုင်ငံများသည် တရုတ်နိုင်ငံရှိ supply chains များအပေါ် များစွာတည်မီနေသဖြင့် ၎င်းတို့၏ လုပ်ငန်းများ ရပ်ဆိုင်းရခြင်းများ ပြုလုပ်လာရသည်။ ဥပမာ တောင်ကိုရီးယားနိုင်ငံရှိ Hyundai မော်တော်ကားစက်ရုံ ရပ်ဆိုင်းထားရခြင်းမျိုးဖြစ် သည်။ တိုင်ဝမ်နိုင်ငံ၏ ပို့ကုန်များသည်လည်း တရုတ်နိုင်ငံရှိ supply chains များအပေါ်များစွာမီတည်နေသဖြင့် တိုင်ဝမ်သည် တရုတ်နိုင်ငံ စီးပွားရေးအထိနာလျှင် သူအနေဖြင့်လည်း အထိနာမည်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး ကျဆင်းမှု (recession) သည် ယခုအခါဖြစ်ခဲ့လျှင် ၂၀၀၈ခုနှစ်ကလို ဝယ်လိုအားကျဆင်းမှုကြောင့် ဖြစ်ပွားခြင်း ထက် အဓိက ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့မှုများ supply chains ပြတ်တောက်သွားခြင်းကြောင့် ဖြစ်လိမ့်မည်ဟု နယူးယောက် တက္ကသိုလ်မှ စီးပွားရေးပညာရှင် Nourial Roubini က၂၀၁၉ခုနှစ်ကတည်းက တင်ကြိုပြောဆို ခဲ့သည်။ ယင်း၏ခန့်မှန်းချက် မှန်တော့မလိုဖြစ်နေသည်။


၂၀၁၆ခုနှစ်က ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ၃.၁ရာခိုင်နှုန်းရှိလိမ့်မည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)က ခန့်မှန်းခဲ့သည်။ ထိုအချိန်က တရုတ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း သည် ၆.၆ သို့မဟုတ် ၆.၇ ရာခိုင်နှုန်းခန့်ဖြစ်မည်ဟု အိုင်အမ်အက်ဖ်ကခန့်မှန်းသည်။ ထိုနှုန်းထဲမှ တရုတ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ၁.၂ရာခိုင်နှုန်းခန့် ပံ့ပိုးပေးသည်။ ထိုအတွက်ကြောင့် တရုတ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၆.၆ရာခိုင်နှုန်းမဟုတ်ဘဲ သုညဖြစ်ပါက ကမ္ဘာ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၃.၁ရာခိုင်နှုန်း မဟုတ်တော့ဘဲ ၁.၉ ရာခိုင်နှုန်းဖြစ်သွားမည်။ ထိုနှုန်းထားသည် ကမ္ဘာ့စီးပွားရေးကျဆင်းမှုဟု သတ်မှတ်သည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၂.၅ရာခိုင်နှုန်း ထက်များစွာကျဆင်းသွားမည်။ ထိုအတွက်ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် တကမ္ဘာ လုံး စီးပွားရေးအတွက် အဓိကကျနေသည်။
၂၀၁၉ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၃ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ခုနှစ်တွင် ၃.၃ရာခိုင် နှုန်းရှိလိမ့်မည်ဟု အိုင်အမ်အက်ဖ်က ခန့်မှန်းထားသည်။ ၂၀၂၀ခုနှစ်၌ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သည် ၆ရာခိုင်နှုန်းသာရှိလိမ့်မည်ဟု ခန့်မှန်းထားသဖြင့် တရုတ်၏ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးမှုသည် ၁ရာခိုင်နှုန်းခန့်ဖြစ်နိုင်သည်။ ထိုအခါ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမပါလျှင် ကမ္ဘာ့စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုသည်လည်း ၂.၃ရာခိုင်နှုန်းခန့်ဖြစ်သွားနိုင်သည်။


တကယ်တော့ အိုင်အမ်အက်ဖ်သည် ၂၀၁၉ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၃ရာခိုင်နှုန်းသာရှိလိမ့်မည်ဟု ခန့်မှန်း ခဲ့သည်။ ထိုအခါ ယခုနှစ်တွင် ၃.၃ရာခိုင်နှုန်းဖြင့် ဖွံ့ဖြိုးတိုးတက်မည်ဆိုသည်မှာ ဖြစ်လာနိုင်မည်လား။ တရုတ်နိုင် ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ကိုရိုနာဗိုင်းရတ်စ်ကြောင့် ၆ရာခိုင်နှုန်းအောက်သို့ မည်မျှကျဆင်းသွားနိုင်သနည်း ဆိုသည့်အပေါ်တွင်လည်း ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုသည် မှီတည်နေလေသည်။ အချို့သော ပညာရှင် များကလည်း ၂၀၂၀ခုနှစ် ပထမ၃လတ်ပတ်၌သာ ကိုရိုနာဗိုင်းရတ်စ်ကြောင့် တရုတ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှုန်းသည် အောက်သို့ထိုးကျသွားနိုင်သော်လည်း ရောဂါပိုးပျံ့နှံ့မှုများကို ထိန်းချုပ်နိုင်ပြီးပါက စီးပွားရေးလုပ် ငန်းများသည် ရပ်ဆိုင်းထားရသည့် လုပ်ငန်းများအတွက် အတိုးချလုပ်ဆောင်ခြင်း၊ ဆိုင်းငံ့ထားရသည့် ခရီးသွား လုပ်ငန်းများ ခရီးစဉ်များ ပြန်လည်စတင်ခြင်းတို့အတွက် တနှစ်ပတ်လုံးအနေဖြင့်ကြည့်လျှင် တရုတ်နိုင်ငံ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုသည် ခန့်မှန်းထားသည့်အတိုင်း ၆ရာခိုင်နှုန်းသို့ရောက်ရှိလိမ့်မည် ဆွေးနွေးပြောဆိုနေကြ သည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းလာမှုသည် ဝူဟန်းဗိုင်းရတ်စ်ပိုး မဖြစ်ပွားခင်ကပင် စတင်ခဲ့သဖြင့် ကိုရိုနာ (သို့) COVID-19 ဖြစ်ပွားမှုက စီးပွားရေးကျဆင်းမှုကို ပိုမိုဆိုးဝါးလိမ့်မည်ဟု တွေးဆသူ များလည်း အများအပြားရှိနေသည်။


◾ တရုတ်နိုင်ငံ ပြည်တွင်းနိုင်ငံရေးနှင့် ပထဝီနိုင်ငံရေးအလားအလာများ


တကယ်တော့ ကိုရိုနာ (သို့) COVID-19 ကူးစက်ရောဂါသည် သမ္မတ ရှီကျင့်ဖျင်၏ အာဏာကို များစွာ ထိခိုက်စေသည်။ တသွေးတသံစနစ်ဖြင့် အုပ်ချုပ်မှု၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထဲက အာဏာအရပ်ရပ်ကို ချုပ်ကိုင်အုပ်ချုပ်မှု၊ ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍကို အထူးမြှင့်တင်လာသည့် တစ်ပါတီ အာဏာရှင်စနစ်၏ အားနည်းချက်များကို ကိုရိုနာကူးစက်ရောဂါက ထုတ်ဖေါ်ပြသလိုက်သကဲ့သို့ဖြစ်သွားခဲ့သည်။ ဒီဇင်ဘာလ စတင်ဖြစ်ပွားစဉ်က သတိပေးခဲ့သည့် ဝူဟန်မြို့က ဆရာဝန်လေးကို အာဏာပိုင်များမှ ခေါ်ယူစစ်ဆေးခြင်း၊ ရောဂါဖြစ်ပွားမှုကို ရက်သတ္တပတ် ၆ပတ်ခန့် ဖုံးဖိထားပြီး မဖုံးနိုင်မဖိနိုင်သည့်အခါမှ ထုတ်ပြန်ခဲ့ရခြင်းတို့သည် သမ္မတ ရှီကျင့်ဖျင်အစိုးရကို များစွာဂုဏ်သိက္ခာ ကျဆင်းစေသလို၊ ယင်း၏ အတိုက်အခံများကိုလည်း အင်အား ဖြည့်တင်းပေးလိုက်သလို ဖြစ်စေသည်။ တရုတ်နိုင်ငံတွင် ကြီးမားသည့် နိုင်ငံရေးပြောင်းလဲမှုများပင် ဖြစ်နိုင် သည်ဟု ပညာရှင် အမေရိကန်နိုင်ငံ မိချိဂန်တက္ကသိုလ်မှ တရုတ်လူမျိုး နိုင်ငံရေးသိပ္ပံ ပါမောက္ခ Yuen Yuen Ang က သူမ၏ ဖေဖေါ်ဝါရီလ ၁၄ရက်နေ့က Project Syndicate တွင်ရေးသားသည့် “Is Political Change Coming to China?” ဆောင်းပါးတွင် တင်ကြိုမှန်းဆမှုများပြုခဲ့သည်။ သူမသည် အမြဲတစေ တရုတ်အစိုးရနှင့် တရုတ်ကွန် မြူနစ်ပါတီကို တိုက်ခိုက်ရေးသားနေသူမဟုတ်ဘဲ တရုတ်နိုင်ငံ၏ အံ့မခန်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လေ့ လာသုံးသပ်ထားသည့် “How China Escaped the Poverty Trap”ဟုအမည်ပေးထားသည့် ကျော်ကြားသည့် စာအုပ်ကိုရေးသားခဲ့သူဖြစ်သလို တရုတ်အသွင်လက္ခဏာဖြင့် ဒီမိုကရေစီ (democracy with Chinese characteristics) ဟု တရုတ်နိုင်ငံ၏ နိုင်ငံရေးစနစ်သည် ဒီမိုကရေစီ၏ သွင်ပြင်လက္ခဏာများရှိသည်ဟု ချီးမွန်း ပြောဆိုခဲ့သူလည်းဖြစ်သည်။


သူမ၏ ခန့်မှန်းချက် ၃ခုမှာ ၁) တရုတ်ကွန်မြူနစ်ပါတီ အစိုးရ ပြုတ်ကျခြင်း ၂) သမ္မတ ရှီကျင့်ဖျင်နေရာတွင် အခြားခေါင်းဆောင်တစ်ဦးအား အစားထိုးခြင်းနှင့် ၃) သမ္မတ ရှီကျင့်ဖျင်သည် ဆက်လက်အာဏာကို ထိန်းထား နိုင်သော်လည်း အာဏာသည် သူတစ်ဦးထဲတွင် မရှိတော့ဘဲ ပြိုင်ဘက်အုပ်စု အသီးသီးထံသို့ ရောက်ရှိသွားလိမ့်မည်ဟုဖြစ်သည်။

မော်စီတုန်းလက်ထက်တွင်လည်း ယင်း၏ မဟာခုန်ပျံကျော်လွှား (Great Leap Forward) အစီအစဉ် မအောင်မြင်ဘဲ လူပေါင်းသန်း၃၀ခန့် သေဆုံးပြီးသည့်အခါ မော်စီတုန်းသည် တရုတ် နိုင်ငံ၏ အမြင့်ဆုံး ထိပ်တန်းခေါင်းဆောင် တစ်ဦးအဖြင့် ဆက်လက်တည်ရှိနေသော်လည်း အငြိမ်းစားပေးခံခဲ့ ရသလိုဖြစ်ခဲ့သည်။ ထိုအခြေအနေမှ မော်စီတုန်းသည် အာဏာပြန်ရရှိရန် ယဉ်ကျေးမှုတော်လှန်ရေးကို စတင် ခဲ့သည်ဟု သူမ၏ ဆောင်းပါး၌ရေးသားထားသည်။ကိုရိုနာကူူးစက်ရောဂါပိုးကြောင့် တရုတ်ကွန်မြူနစ်ပါတီတွင်း အားပြိုင်ပွဲများ၊ အာဏာလွန်ဆွဲပွဲများ ရှိလာမည် ဆိုပါက ထိုအားပြိုင်မှုများ၊ အာဏာလွန်ဆွဲမှုများ၏ အကျိုးဆက်များသည် ပထဝီနိုင်ငံရေးအပေါ် ရိုက်ခတ်မှုများ ရှိလာမည်ဖြစ်သလို၊ တရုတ်နိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးအပေါ် ဆိုးကျိုးများဖြစ်ပေါ်လာနိုင်သည်။ တရုတ်အစိုးရ သည် အမျိုးသားရေးကို ပိုမိုရှေ့တန်းတင်လာခြင်း၊ စစ်အင်အားပြမှုများနှင့်အတူ အိမ်နီးခြင်းနိုင်ငံများနှင့် ဖြစ်ပွား နေသည့် နယ်နမိတ်ဆိုင်ရာ အငြင်းပွားမှုများလည်း ပိုမိုဆိုးဝါးလာနိုင်သည်။ အမေရိကန်နှင့် ကုန်သွယ်ရေး စစ်ပွဲတွင်လည်း တရုတ်အစိုးရအနေဖြင့် နောက်ဆုတ်ပေးရသည်ဟု ပြည်တွင်း အတိုက်အခံအုပ်စုများ၏ ဝေဖန် ပြစ်တင်ခြင်းမခံရအောင် ပိုမိုတင်းမာလာနိုင်သည်။


ကမ္ဘာ့နိုင်ငံရေး ကြည့်ပြန်လျှင်လည်း ၂၀၂၀ခုနှစ် နိုဝင်ဘာလာတွင် ကျင်းပမည့် အမေရိကန် သမ္မတ ရွေးကောက် ပွဲ၊ ဗြိတိန်နိုင်ငံ ဥရောပ သမဂ္ဂအဖွဲ့ဝင်အဖြင့်မှ နှုတ်ထွက်ခြင်း၊ မပြီးဆုံးသေးသည့် အမေရိကန်-တရုတ် ကုန်သွယ် ရေးနှင့် နည်းပညာစစ်ပွဲ၊ အီရန်နှင့် အရှေ့အလယ်ပိုင်းဒေသတွင်း မတည်ငြိမ်မှုများသည် ကမ္ဘာ့စီးပွားရေးကို စိန်ခေါ်လျက်ရှိသည်။ ၂၀၁၉ခုနှစ်၌ ရရှိခဲ့သည်ဟုဆိုသည့် ၃ရာခိုင်နှုန်း ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုသည် လည်း monetary easing ဟုခေါ်သည့် အထူးသက်သာသည့် ဘဏ်တိုးနှုန်းများကို ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဗဟိုဘဏ်များမှ သတ်မှတ်ထားခြင်းကြောင့်ဖြစ်သည်ဟု အိုင်အမ်ဖက်ဖ်ကဆိုထားသည်။ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုဖြစ်ပွားပါက အတိုးနှုန်းများ ထပ်ချရန် မဖြစ်နိုင်တော့သဖြင့် နောင်ဖြစ်လာနိုင်သည့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို ဖြေရှင်းရန် ၂၀၀၈ခုနှစ် ကမ္ဘာ့စီးပွားရေးကျဆင်းမှုထက်ပင် ခက်ခဲလိမ့်မည်ဟု ပညာရှင်များက သုံးသပ်ကြသည်။


◾ အဆုံးသတ်


ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရတ်စ် (သို့) COVID-19 ကူးစက်ရောဂါသည် စီးပွားရေး အခက်အခဲ စိန်ခေါ်မှုများစွာဖြင့် ကြုံတွေ့နေရသည့် တရုတ်ကွန်မြူနစ်ပါတီအစိုးရအတွက် ပိုမို အကျပ်အတည်းဖြစ်သွားစေ သလို၊ အာဏာရ သမ္မတ ရှီကျင့်ဖျင်အစိုးရကိုလည်း တိုက်ရိုက်ခြိမ်းခြောက်လိုက်သကဲ့သို့ဖြစ်သွားသည်။ ယင်း ဗိုင်းရတ်စ်ပိုးကို အချိန်အတိုဆုံးအတွင်း (ယခုပင်လျှင် ၂လကျော်လာပြီဖြစ်သည်) မထိန်းချုပ်နိုင်လေ၊ စီးပွားရေး ကျဆင်းမှုနှင့်အတူ ယင်းအစိုးရ၏ အာဏာသည် ယိုင်းယိုင်လေဖြစ်လာနိုင်သည်။ တရုတ်စီးပွားရေးကျဆင်းမှုက အိမ်နီးခြင်း မြန်မာနိုင်ငံကိုလည်း စတင်ရိုက်ခတ်နေပြီဖြစ်သည်။ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံသည် အဓိက ကုန်သွယ်ဘက်နိုင်ငံဖြစ်သည်။ အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးဖြစ်သည်။ မိတ်ဆွေ သတင်းထောက်တစ်ဦး ၏ ပြောဆိုချက်အရ မကြာခင်က မူဆယ်ကုန်သွယ်ရေးဂိတ် ပိတ်ထားရသည့်အတွက် နေ့စဉ် အမေရိကန်ဒေါ် လာ ၁၅သန်းခန့် တန်ဖိုးရှိ ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ မတင်ပို့နိုင်ဖြစ်နေကြောင်းသိရသည်။ တရုတ်ဘက်မှ ကုန်ကြမ်းပစ္စည်းများ မတင်သွင်းနိုင်သဖြင့် မြန်မာနိုင်ငံဘက်ရှိ စက်ရုံအလုပ်ရုံအချို့ ပိတ်ထားရကြောင်းလည်း ကုန်သည်များထံမှ ကြားသိနေရသည်။


တရုတ်ပြည်တွင်း နိုင်ငံရေး အပြောင်းအလဲများသည်လည်း မြန်မာနိုင်ငံအပေါ် ရိုက်ခတ်လာလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် သမ္မတရှီ၏ အာဏာ ကျဆင်းလာပါက သူ၏ ဘီအာအိုင်စီမံကိန်းများ အကောင်အထည်ဖေါ်ဆောင် မှုများကိုလည်း ထိခိုက်လာနိုင်သည်။ ယခုဖြစ်ပွားသည့် ဗိုင်းရတ်ပိုးကို တိုက်ခိုက်ရန် တရုတ်အစိုးရအနေဖြင့် လူအားငွေအား များစွာသုံးနေသလို၊ ထိုရောဂါပိုးကို ထိန်းချုပ်ပြီးလျှင်လည်း စီးပွားရေး နလံထူရန်နှင့် နိုင်ငံရေး တည်ငြိမ်မှု၊ အာဏာခိုင်မြဲရန် သမ္မတရှီအစိုးရအနေဖြင့် ပြည်ပထက် ပြည်တွင်းကို ပိုမိုအလေးထားရတော့မည်။ လွယ်လွယ်နှင့် ဘီအာအိုင်နိုင်ငံများကို ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှုများ ထုတ်ပေးတော့မည်လားဆိုသည်ကို တင်ကြိုစဉ်းစားထားရန်လိုအပ်သည်။ တရုတ်အစိုးရအနေဖြင့်လည်း ဘီအာအိုင်စီမံကိန်းများကို ပိုမိုတင်းကြပ်စွာ စိစစ်တော့မည်ဟု ယူဆရသည်။


တရုတ်နိုင်ငံတွင်ဖြစ်ပေါ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲများက မြန်မာနိုင်ငံအပေါ် များစွာ အကျိုးသက်ရောက်မှုရှိနိုင်သဖြင့် မြန်မာအစိုးရနှင့် မြန်မာပြည်သူများအနေဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွား ရေး၊လူမှုရေး ဖြစ်ပေါ်ပြောင်းလဲမှုများကို ယခင်ကထက် ပိုမို စောင့်ကြပ်ကြည့်ရှုသွားရတော့မည်ဟု တင်ပြလိုက် ရပါသည်။

ခိုင်ဝင်း

၁၆ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၀


(ဤဆောင်းပါးရေးသားသူ ဆရာ ဦးခိုင်ဝင်းသည် Sandhi Governance Institute ၏ အမှုဆောင်ဒါရိုက်တာ တစ်ဦးဖြစ်သည်။)


ဤဆောင်းပါးတွင်ကိုးကားသော ဆောင်းပါး (၂) ပုဒ်အား ဆက်စပ်ဖတ်ရှုရန် Link >>>>
ယေးလ်တက္ကသိုလ်မှ ပါမောက္ခ Stephen Roach၏ “Global Growth-Still Made In China” ဆောင်းပါး


https://businessandfinance.com/global-growth-still-made-in-china/

အမေရိကန်နိုင်ငံ မိချိဂန်တက္ကသိုလ်မှ တရုတ်လူမျိုး နိုင်ငံရေးသိပ္ပံ ပါမောက္ခ Yuen Yuen Ang ၏ “Is Political Change Coming to China?” ဆောင်းပါး


https://www.project-syndicate.org/commentary/china-coronavirus-xi-hold-on-power-by-yuen-yuen-ang-2020-02

Photo Credit – Financial Time မှ ရယူ၍ တည်းဖြတ်ဖော်ပြပါသည်။