ဆောင်းပါးများ

☗ လိုငွေပြမှုနှင့် ကြွေးမြီများတိုင်း စိုးရိမ်စရာလား-၂

ယမန်နေ့က ရေးခဲ့သည့်ဆောင်းပါးတွင် အစိုးရများအနေဖြင့် ဘတ်ဂျက်လိုငွေပြသည့်အခါ ကြွေးယူသုံးစွဲခြင်း သည် ချမ်းသာသည့် အမေရိကန်လိုနိုင်ငံအတွက် ပြသနာမဟုတ်ဟုဆိုခဲ့သည်။ သို့သော် မည်သည့်အတွက် ကြောင့် လိုငွေပြရသနည်း၊ ဘတ်ဂျက်လိုငွေ (budget deficit)အတွက် ကြွေးမြီယူရာတွင် မည်သည့်ဘတ်ဂျက် ခေါင်းစဉ်များအတွက် သုံးစွဲသနည်းဆိုသည်မှာတော့ နိုင်ငံရေးဖြင့် သက်ဆိုင်လေသည်။ ဘတ်ဂျက်လိုငွေပြနေ ခြင်းအတွက် ကြွေးရှင်နိုင်ငံများမှ အတင်းအကျပ် လိုငွေလျှော့ချခိုင်းခြင်းသည်လည်း နိုင်ငံရေးပင်ဖြစ်သည်။ နိုင်ငံ များကြွေးတင်အောင် ချေးငွေအလုံးအရင်း ထုတ်ပေးခြင်းသည်လည်း နိုင်ငံရေး (သို့) နိုင်ငံရေးဘောဂဗေဒဟုဆို ရမည်။

✦ အမေရိကန်လိုငွေပြမှုနှင့် အစိုးရဝင်ငွေကျဆင်းရခြင်း

ကိုဗစ်-၁၉ကပ်ဘေးကို တုန့်ပြန်ရန် အစိုးရမှ ငွေအလုံးအရင်းသုံးစွဲခြင်းကြောင့် လိုငွေပြပြီး ကြွေးတင်ခြင်းသည် အမေရိကန်အစိုးရအတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခြင်းဖြစ်ပြီး ဟားဗတ်တက္ကသိုလ်မှ Jason Furman နှင့်အမေရိကန်ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးဝန်ကြီးဟောင်း Larry Summers တို့ရေးသားခဲ့သလို လတ်တ လောပြသနာမဟုတ်၊ စိုးရိမ်ပူပန်စရာမရှိသော်လည်း နိုင်ငံစီးပွားရေးကောင်းနေပြီး အလုပ်လက်မဲ့ ရာခိုင်နှုန်း လည်း နိမ့်ဆင်းနေချိန် မလိုအပ်ဘဲ အခွန်နှုန်းထားများကို လက်တဆုတ်စာ လူတစ်စုအတွက် သမ္မတထရန့်က ၂၀၁၇ခုနှစ်က လျှော့ချခဲ့ခြင်းကတော့ မလုပ်သင့်မလုပ်ထိုက်သည့် မူဝါဒပြုပြင်ပြောင်းလဲရေးပင်ဖြစ်သည်။ ထိုသို့ ချမ်းသာသူ ဝင်ငွေဒေါ်လာ၁သန်းအထက်ရရှိသူများအပေါ် ကောက်ခံသည့် အခွန်နှုန်းများကို လျှော့ချလိုက်ခြင်း ကြောင့် အမေရိကန်အစိုးရဝင်ငွေသည် ၂၀၁၈ခုနှစ်၌ ဂျီဒီပီ၏၁၆ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ ထိုနှုန်းထားသည် နှစ်၅၀ အတွင်း အနည်းဆုံး အစိုးရဝင်ငွေဖြစ်သည်။ သမ္မတဂျော့ဘွတ်ရှ်နှင့် ဒေါ်နယ်ထရန့်တို့ လက်ထက်များတွင် အခွန်နှုန်းထားများလျှော့ပေးခဲ့ခြင်းကြောင့် ဆုံးရှုံးသွားသည့် အစိုးရဝင်ငွေသည် ဂျီဒီပီ၏ ၃ရာခိုင်နှုန်းရှိသည်ဟု Jason Furmanနှင့် Larry Summers တို့ကယင်းတို့ဆောင်းပါးတွင်ဖေါ်ပြထားသည်။ ထို ဆုံးရှုံးသွားမှုသည် နောက်ထပ်နှစ်၃၀အတွင်း တိုးမြှင့်သုံးစွဲရမည့် လူမှုဖူလုံရေးဆိုင်ရာ အသုံးစရိတ်များထက် (entitlement spending)မြင့်မားသည်ဟုသိရသည်။

လိုငွေပြမှုသည် မည်သည့်အုပ်စုများ၏ အကျိုးစီးပွားကိုဆောင်ကြဉ်းရန်လည်းဆိုသည့်အချက်ကို လေ့လာရန်လို သလို အမှန်တကယ် လိုအပ်နေသည့် အများပြည်သူ အကျိုးစီးပွားကို မျက်ကွယ်ပြုပြီး လိုငွေမပြလို၍ (သို့) အစိုး ရ ကြွေးမြီများ တိုးမြင့်လာမည်ကို စိုးရိမ်၍ဆိုပြီး ဆင်းရဲသားပြည်သူများလိုအပ်နေသည့် ကျန်းမာရေးစောင့် ရှောက်မှု၊ ပညာရေးဝန်ဆောင်မှုများအတွက် အသုံးစရိတ်များ ဖြတ်တောက်ပစ်ခြင်းသည် နိုင်ငံတွင်း ဆင်းရဲ ချမ်းသာကွာဟမှုများ၊ မညီမျှမှုများကို ဆိုးဝါးသွားစေသည်။

အမေရိကန်ပြည်ထောင်စုတွင် ကျန်းမာရေးအာမခံ မရှိသူများ၊ အိုးမဲ့အိမ်မဲ့များ၊ ပညာရေးလက်လှမ်းမမီသူများ သန်းချီရှိနေသည်။ အောက်ဆုံးလူတန်းစားဝင်များ၏ သက်တမ်းသည် ကျဆင်းလာသလို၊ စိတ်ဓါတ်ကျဆင်းမှုကြောင့် death of despair ဟုခေါ်သည့် မူးယစ်ဆေး ဝါး အလွန်အကျွံသုံးစွဲမှုနှင့် သေကြောင်းကြံစည်မှုတို့ကြောင့် သေဆုံးရသည့် အရေအတွက်သည်လည်း မြင့်မား လျက်ရှိသည်။ ထို့အတွက်ကြောင့် ပြည်သူအများဘက်မှရပ်တည်သည့် ပညာရှင်များက ယင်းအုပ်စုများအတွက် ကူညီပံ့ပိုးပေးသည့် အထောက်အပံ့ အစီအစဉ်များအတွက် အစိုးရအသုံးစရိတ်များ မြှင့်တင်သုံးစွဲရန်၊ လိုငွေပြမှု နှင့်ကြွေးတင်ခြင်းကို မစိုးရိမ်ရန် ထရန့်အစိုးရကို တိုက်တွန်းနေခြင်းဖြစ်သည်။ ထပ်မံပြီးလည်း လိုငွေပြမှုနှင့် ကြွေးမြီရာခိုင်နှုန်းကို လျှော့ချလိုလျှင် အခွန်နှုန်းထားများကို ပြင်ဆင်ရမည်။ မျှတသည့် အခွန်စနစ်လိုအပ်သည်။ နိုင်ငံသားအားလုံး (ချမ်းသာသူများ အဓိက) အခွန်များကို တိုးမြှင့်ပေးဆောင်ရန်လိုအပ်သည်ဟုဆိုကြသည်။

လတ်တလော အမေရိကန်ပြည်ထောင်စု၏ ကိုဗစ်-၁၉ ကုစားမှုအစီအစဉ်များတွင်လည်း သမ္မတထရန့်သည် ဆင်းရဲသားပြည်သူများအား အထောက်အပံ့များ မပေးလိုဘဲ၊ သူနှင့်အကျိုးစီးပွားပတ်သက်သည့် အိမ်ခြံမြေ လုပ်ငန်းရှင်များ၊ ရေနံသူဋ္ဌေးများကို ဒေါ်လာဘီလီယံချီ ထောက်ပံ့နေခြင်း၊ ထောက်ပံ့ရန်ကြိုးပမ်းခြင်းကြောင့် ေ၀ ဖန်မှုများဖြင့် ကြုံတွေ့နေရသည်။ အမေရိကန်ပြည်ထောင်စု ပြည်နယ်အစိုးရများတွင် လုပ်ကိုင်နေကြသည့် သန်းချီသည့် အလုပ်သမားများအားငွေကြေးထောက်ပံ့ရန် ငြင်းဆိုနေပြီး၊ အလုပ်သမားဦးရေ ထောင်သောင်းခန့် သာရှိသည့် ရေနံလုပ်ငန်းကို ဒေါ်လာဘီလီယံများစွာ ထောက်ပံ့ရန်ကြိုးပမ်းနေသည်။

အစိုးရများအနေဖြင့် မူဝါဒများချမှတ်သည့်အခါ အကျိုးစီးပွားဖြစ်ထွန်းသွားသည့်အုပ်စုများရှိသလို၊ အကျိုး စီးပွားထိခိုက်သွားသည့်အုပ်စုများလည်းရှိသည်။ မူဝါဒချမှတ်ခြင်းဆိုသည်ကိုက နိုင်ငံ၏ဘဏ္ဍာငွေကြေး သံယံဇာ တအရင်းအမြစ်များကို ခွဲဝေခြင်း၊ လူမှုအဖွဲ့အစည်းတစ်ခုလုံး သဟဇာတဖြစ်မှုအတွက် ထိန်းကျောင်းကြပ်မတ် ခြင်းလည်းဖြစ်သည်မဟုတ်လား။ ချမ်းသာကြွယ်ဝသည့် လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများတွင် အရင်းရှင်ဈေး ကွက်စီးပွားရေးစနစ်သည် ဂလိုဘယ်လိုက်ဇေးရှင်းရေစီးကြောင်းနှင့်အတူ ယင်းတို့နိုင်ငံများရှိ ပြည်သူအများစု အကျိုးစီးပွားထက် လူနည်းစုအကျိုးစီးပွားကို ဆောင်ကျဉ်းပေးသကဲ့သို့ဖြစ်လာသည့်အတွက် ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးအပေါ် ယင်းနိုင်ငံများရှိ ပြည်သူအများအပြားသည် အယုံအကြည်မဲ့လာခဲ့သည်။ ထိုသို့ဖြစ်ရ ခြင်းမှာ ငွေနှင့်အာဏာ၂ခုပေါင်းစည်းခြင်းကြောင့်ဟု ပညာရှင်များက သုံးသပ်ရေးသားကြသည်။

ငွေနှင့်အာဏာမည်သို့ပေါင်းစည်းသနည်းဟုဆိုလျှင်လည်း အမေရိကန်ပြည်ထောင်စုတွင် ချမှတ်ခဲ့သည့် ဥပဒေ များ မူဝါဒများဖြင့်သက်ဆိုင်ကြောင်းကိုလည်း ပညာရှင်များက သုံးသပ်ရေးသားကြသည်။ ရွေးကောက်ပွဲ ရန်ပုံငွေ ကောက်ခံသည့် ဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းခဲ့ခြင်းက အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို အင်အားချိနဲ့ အောင်ပြုလုပ်လိုက်သလိုဖြစ်သွားသလို လက်ရှိသမ္မတထရန့်လိုပုဂ္ဂိုလ်မျိုးများ အာဏာရလာအောင် လမ်းခင်း ပေးခဲ့သလိုလည်းဖြစ်ခဲ့သည်။ ငွေရှိသူများကို နိုင်ငံရေးသမားများက ရွေးကောက်ပွဲတွင် အနိုင်ရရန် မဲဆွယ်စည်း ရုံးပွဲများတွင် ငွေသုံးနိုင်ရန် အားကိုးရသည်။

ထိုအခါမှာ အာဏာရမည့် နိုင်ငံရေးသမားများကို ငွေများများအလှူ ငွေပေးနိုင်သည့် စီးပွားရေးသမားများ တန်ခိုးအာဏာကြီးထွားလာတော့သည်။ One person One vote မဟုတ် တော့ဘဲ One dollar One vote ဖြစ်လာခဲ့သည်။ အာဏာရလာသည့် နိုင်ငံရေးသမားသည် ယင်းအာဏာရရန် ရွေးကောက်ပွဲ ရန်ပုံငွေများများထည့်ပေးသည့် စီးပွားရေးသမား၏ သြဇာခံဖြစ်လာခဲ့သည်။ ရာထူးအာဏာရလာ ချိန်မှာ ပြည်သူလူထု အကျိုးစီးပွားထက် အရင်းရှင်စီးပွားရေးသမားများ အကျိုးစီးပွားကို ပိုကြည့်လာခဲ့ရလေ သည်။ အကျိုးဆက်အားဖြင့် ဆင်းရဲချမ်းသာကွာဟမှုများ၊ မညီမျှမှုများ အဆပေါင်းများစွာ ကြီးထွားလာခဲ့သည်။

✦ ကြွေးရှင်များနှင့် လိုငွေပြမှုကိုလျှော့ချခြင်း

အမေရိကန်လို ချမ်းသာသည့်နိုင်ငံတွင် အစိုးရအနေဖြင့် လိုငွေပြ၍ ကြွေးတင်လျှင်လည်း အလွန်အမင်း စိုးရိမ် ပူပန်စရာ မလိုသော်လည်း ဝင်ငွေအလယ်အလတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်တော့ ကြွေးမြီကြောင့် ကြီးမား လှသည့် နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးပြသနာများပေါ်ပေါက်လာနိုင်သည်။ ၁၉၈၀ခုနှစ်များမှ ယနေ့တိုင်အောင် ကမ္ဘာပေါ်တွင် ကြီးမားသည့် ကြွေးမြီပြသနာ (အကြွေးလှိုင်းလုံးများ Debt Waves) ၃ကြိမ်ဖြစ်ပွားခဲ့သည်။ ပထမ အကြိမ်က လက်တင်အမေရိကတိုက် မက်ဆီကို၊ အာဂျင်တီးနား၊ဘရာဇီး အစရှိသည့်နိုင်ငံများတွင်ဖြစ်ပွားခဲ့ သည်။ ဒုတိယအကြိမ်ကတော့ အာရှတိုက် တောင်ကိုရီးယား၊ကိုရီးယား၊ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများတွင် ဖြစ်ပွား ခဲ့သည့် ၁၉၉၇ခုနှစ် အာရှဘဏ္ဍာငွေကြေးပြသနာ (1997 Asian Financial Crisis)ဖြစ်သည်။ တတိယအကြိမ် ကတော့ မဖြစ်နိုင်ဟုယူဆထားသည့် အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၇-၈ခုနှစ်ကဖြစ်ပွားခဲ့သည့် အိမ်ခြံမြေ နှင့်ဆက်စပ်နေသည့် Subprime Mortgage Crisis ဖြစ်သည်။ ယခုမကြာမီ စတုတ္ထလှိုင်း ကျရောက်နိုင်မည့် အလားအလာရှိနေသည်ဟု ကမ္ဘာ့ဘဏ်နှင့် အခြားနိုင်ငံတကာပညာရှင်များက သုံးသပ်ကြသည်။

လတ်တလောမှာပင် အာဂျင်တီးနား ကြွေးမြီပြသနာသည် အတော်ကြီးမားသည်။ အဓိက ကြွေးမြီပြသနာ ရင်ဆိုင် ရနိုင်သည့် နိုင်ငံများကတော့ Emerging Market Developing Economies (EMDEs)လို့ခေါ်ဝေါသည့် ဝင်ငွေ အလယ်အလတ်ရှိသည့် အာဂျင်တီးနား၊တူရကီ၊ ဘရာဇီး၊ မက်ဆီကို အစရှိသည့်နိုင်ငံများတွင် အဆိုးဆုံးဖြစ်ပြီး ဝင်ငွေနည်းနိုင်ငံများဖြစ်သည့် လာအို၊သီရိလင်္ကာ၊အိန္ဒိယ၊ ဂါနာ၊ ဂျီဘောတီ အစရှိသည့်နိုင်ငံများ၌လည်း ကြွေး မြီပြသနာသည် ကြီးမားနေပြီဖြစ်သည်။ ထို့ကြောင့်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြင်ပကြွေးမြီသည် အမေရိကန် ဒေါ်လာ၁၁ထွီလီယံရှိနေပြီး ယခု၂၀၂၀ခုနှစ်မှာပင် တိုးရင်းပေါင်း ပြန်ဆပ်ရမည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃.၉ထွီလီယံရှိနေသည်ဟု Brookings Institute ကထုတ်ပြန်ထားသည့်အတွက် အလယ်အလတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီပြသနာကို မှန်းဆကြည့်နိုင်သည်။

ထိုကဲ့သို့ ကြွေးမြီလှိုင်းလုံးကြီးများ အဘယ်ကြောင့်အဆိုပါနိုင်ငံများတွင် ကြီးထွားခဲ့ရသနည်း။ အဖြေကတော့ ကမ္ဘာမှာငွေက အပေါဆုံးဖြစ်နေ၍ဟုဆိုရမည်။ အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ် ဥက္ကဋ္ဌဟောင်း Ben Bernanke က စုဆောင်းငွေများ စုပုံလျံထွက်နေခြင်း (saving glut)ဟုသုံးနှုန်းပြောဆိုခဲ့သည်။ ထိုသို့ ဘဏ်များတွင် စုငွေများပုံနေရခြင်းမှာလည်း ဆင်းရဲချမ်းသာကွာခြားချက်နှင့်မညီမျှမှုကြီးထွားလာခြင်း ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံရန် ငွေအများအပြားရှိနေခြင်းကြောင့် ဘဏ်များမှချေးယူရန်မလိုသည့်အတွက် ဘဏ်တိုးနှုန်းများ ဆက်လက်ကျဆင်းနိုင်ခြင်း၊ အမေရိကန်ပြည်ထောင်စု အစိုးရ၏ ၁၀နှစ် ငွေတိုက်စာချုပ်များ၏ အတိုးနှုန်းသည် ၁ရာခိုင်နှုန်းခန့်သာရှိခြင်း၊ ငွေကြေးဖေါင်းပွမှုကျဆင်းခြင်း (deflation)တို့ဖြင့်လည်းသက်ဆိုင် သည်။ ထိုကဲ့သို့ ဖွံ့ဖြိုးပြီးချမ်းသာသည့်နိုင်ငံများတွင် စုဆောင်းငွေများ ဘဏ်များနှင့်ငွေရေးကြေးရေး အဖွဲ့အစည်း များတွင် ပိုလျံနေခြင်း ယင်းနိုင်ငံများတွင် အတိုးနှုန်းများနိမ့်ဆင်းနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံသည့် အဖွဲ့အစည်း များသည် အကျိုးအမြတ် ပိုမိုရရှိနိုင်မည့် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းနိုင်ငံများတွင် ပိုမိုရင်းနှီးမြှုပ်နှံမှု ပြုလုပ်လာခြင်းနှင့် ချေးငွေများကို ပိုမိုလွယ်ကူစွာ ထုတ်ပေးခြင်းတို့ကြောင့်ဖြစ်သည်ဟု ယေဘူယျသုံးသပ်နိုင် သည်။

အထူးသဖြင့် ကမ္ဘာ့စီးပွားရေးကောင်းမွန်နေပြီး ထိုနိုင်ငံများမှ သံယံဇာတနှင့်အခြားပို့ကုန်များ တိုးမြှင့်တင်ပို့နေ သည့်အချိန်တွင် ချေးငွေများကို အတိုးနှင့်တကွ ပြန်လည်ပေးဆပ်နေနိုင်ချိန်တွင် ပြသနာမရှိသော်လည်း ထိုနိုင် ငံများ၏ စီးပွားရေးကျဆင်းချိန် သို့တည်းမဟုတ် ယခုလိုကမ္ဘာ့စီးပွားရေးကျဆင်းချိန် ကိုဗစ်-၁၉ကပ်ဘေးကာလ တွင်တော့ ထိုနိုင်ငံများကို ထုတ်ချေးထားသည့် အကြွေးရှင်များသည် ယင်းတို့၏ကြွေးများကို ပြန်လည်တောင်း ဆိုတော့သည်။ ယင်းနိုင်ငံများတွင် ပြုလုပ်ထားသည့် ငွေတိုက်စာချုပ်အပါအဝင် ရင်းနှီးမြှုပ်နှံမှုများကိုလည်း စွန့်ခွာကြတော့သည်။ ပိုဆိုးသည်က ထိုနိုင်ငံများကို ထုတ်ချေးထားသည့် ချေးငွေများသည် ရေတို(short-term) အတိုးနှုန်းမြင့်မားပြီး ဒေါ်လာဖြင့်ချေးထားသည့် ချေးငွေများဖြစ်နေခြင်းဖြစ်သည်။ ကြွေးရှင်များက အကြွေးပြန် တောင်းသဖြင့် ဒေါ်လာများဝယ်၍ ဆပ်ရလေ ယင်းနိုင်ငံများ၏ ငွေကြေးတန်ဖိုးသည် ကျဆင်းလေဖြစ်ပြီး ယင်း တို့အတွက် ကြွေးမြီထောက်ချောက် အန္တရာယ်ဖြင့်ရင်ဆိုင်ရတော့သည်။

ယမန်နေ့က ရေးသားခဲ့သည့် ဆောင်းပါတွင်ဖေါ်ပြခဲ့သလိုပင် ဝင်ငွေအလယ်အလတ်နှင့် ဆင်းရဲသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ကိုဗစ်-၁၉ကပ်ဘေးကို တုန့်ပြန်ရန် ငွေလိုနေချိန် ကြွေးရှင်များမှ ကြွေးပြန်တောင်းလျှင် ထိုနိုင်ငံများ အနေဖြင့် ကိုဗစ်-၁၉ ကပ်ဘေးကိုတုန့်ပြန်ရန် အင်အားချိနဲ့သွားမည်ဖြစ်သလို၊ စီးပွားရေးကျဆင်းမှုမှာလည်း ပိုမို ဆိုးဝါးသွားပြီး ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲမွဲတေမှုတို့ တိုးမြင့်ဖြစ်ပွားလာမည်ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်သည့် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့မှ ထောက်ပံ့သည့်ချေးငွေများကိုလည်း ပြည်သူ လူထုအတွက် မသုံးစွဲရတော့ဘဲ ကြွေးရှင်များကို ပြန်ဆပ်ရမည့် အခြေအနေဖြစ်နေသည့်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဂျီ-၂၀ အုပ်စုဝင်နိုင်ငံများမှ ခေါင်းဆောင်များက ကြွေးရှော်ရန် (သို့) ကြွေးမြီကုစားမှု အစီ အစဉ်များ အကောင်အထည်ဖေါ်ဆောင်ရန် ပုဂ္ဂလိကကြွေးရှင်များကိုလည်း တိုက်တွန်းလျက်ရှိသည်။

တကယ်တော့ ထိုနိုင်ငံများတွင် ကြွေးမြီပြသနာတက်ရခြင်းတွင် ကြွေးရှင်များမှာလည်း တာဝန်ရှိသည်။ မချေးငှား သင့်သည့် အစိုးရများ၊ စီးပွားရေးလုပ်ငန်းများကို ထုတ်ချေးခဲ့ခြင်းကြောင့် ကြွေးယူသူပြန်မဆပ်နိုင်လျှင် ယင်းတို့၌ တာဝန်ရှိသည်ဟုဆိုရမည်။ အတိုးနှုန်းမြင့်မားစွာယူခဲ့ခြင်းသည် ကြွေးရှင်များအနေဖြင့် ဆုံးရှုံးနိုင်သည့်အန္တရာယ် ကိုတွက်ဆ၍ သာမန်ချေးငွေအပေါ်ယူသည့် အတိုးနှုန်းထက် တိုးမြင့်ကောက်ခံထားခြင်းဖြစ်သည်။ ထို့ကြောင့် ကြွေးယူသူပြန်မဆပ်နိုင်လျှင် ကြွေးရှင်လည်း ယင်းတို့ချေးငွေ၏ တစိတ်တဒေသကို အဆုံးခံသင့်သည်ဟု ပညာ ရှင်များက ထောက်ပြကြသည်။

သို့သော်လည်း ကြွေးရှင်များ (ပုဂ္ဂလိကကြွေးရှင်များ)က အဆုံးမခံဘဲ ထိုနိုင်ငံအစိုးရများအား ယင်းတို့အား ဦးစွာ ပထမကြွေးဆပ်၍ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချရန် အသုံးစရိတ်များ ဖြတ်တောက်ရန် နိုင်ငံတကာတရားရုံး များမှတဆင့် တောင်းဆိုလေ့ရှိသည်။ ယင်းတို့ချေးငွေမှ ၃၀-၅၀ရာခိုင်နှုန်း ရှော်ပေးရန်တောင်းဆိုမှုကို (သို့) hair cuts ကိုလည်းငြင်းဆိုလေ့ရှိသည်။ ကြွေးမြီပြသနာများတွင် ရယူသည့်နိုင်ငံမှ စီးပွားရေးလုပ်ငန်းကြီးများ သူဋ္ဌေး ကြီးများက ကြွေးပြန်တောင်းလျှင် ထိခိုက်နစ်နာသည်ထက် အဓိကနစ်နာသူများမှာ သာမန်ပြည်သူများပင်ဖြစ် သည်။ Austerity ဟုခေါ်သည့် အစိုးရအသုံးစရိတ်များ ဖြတ်တောက်ရမည်ဆိုလျှင် ဦးစွာပထမ ဖြတ်တောက် သည်မှာ ပင်စင်လစာများ၊လူမှုဖုံလုံရေး ရန်ပုံငွေများပင်ဖြစ်သည်။ သူဋ္ဌေးများအတွက်တော့ ကြွေးတင်ရှင်ဘုရင် ဆပ်မည်ဆိုသည့် စကားမှန်နေသည်။

အာဂျင်တီးနားအစိုးရသည် ကြွေးရှင်များနှင့် လောလောဆယ် ညှိနှိုင်းလျက်ရှိသည်။ ကြွေးရှင်များဘက်မှလည်း ချေးငွေများ၏ တစိတ်တဒေသကို ရှော်ပေးရန်၊ ချေးငွေသက်တမ်းများကိုလည်း သက်တမ်းတိုမှ နှစ်ရှည်ချေးငွေ များအဖြင့် ပြောင်းလဲရန်နှင့် အတိုးနှုန်းကိုလည်း လျှော့၍ပြုပြင်တောင်းခံရန် တောင်းဆိုထားသည်။ စောင့်ကြည့် ရမည့် ကြွေးမြီပြသနာတစ်ခုဖြစ်သည်။ ယခုလို ကိုဗစ်-၁၉ကာလမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီများကို အတင်း အကျပ် ချမ်းသာသည့်နိုင်ငံများမှ ပုဂ္ဂလိကကြွေးရှင်များမှ တောင်းဆိုလျှင် ထိုနိုင်ငံများတွင် ကိုဗစ်-၁၉ကူးစက်မှု သည် ဆိုးဝါးသွားနိုင်ပြီး ကမ္ဘာ့စီးပွားရေးကျဆင်းမှုမှသည် စီးပွားပျက်ကပ်သို့ ရောက်ရှိသွားနိုင်သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါသည် အဆိုပါနိုင်ငံများတွင် ပျံံ့နှံနေပါက ဖွံ့ဖြိုးပြီးချမ်းသာသည့်နိုင်ငံများသို့လည်း ဒုတိယလှိုင်း၊ တတိယလှိုင်းအဖြင့် ပြန်လည်ရောက်ရှိလာနိုင်သည်။ ကပ်ဘေးသည် အချုပ်အခြာဆိုသည်ကို နားမလည်။ ထို့ အတွက်ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံအစိုးရများ၊ စီးပွားရေးအဖွဲ့အစည်းများ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ် နှံသူများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီပြသနာကို ဝိုင်းဝန်းဖြေရှင်းပေးပြီး ထိုနိုင်ငံများ ရေရှည်ဖွံ့ဖြိုးတိုးတက် မှုကို ကူညီပံ့ပိုးသွားသင့်ပါသည်။ ဒုတိယကမ္ဘာစစ်ပြီး အနောက်ဂျာမနီနိုင်ငံ၏ ကြွေးမြီပြသနာကို ၁၉၅၃ခုနှစ်က ဝိုင်းဝန်းဖြေရှင်းပေးခဲ့သလို ယခုလိုကပ်ဘေးသင့်ချိန် ဖွံ့ဖြိုးဆဲနိုင်ငံအစိုးရများ ဘတ်ဂျက်လိုငွေပြသုံးစွဲရန် ချေးငွေ များလိုအပ်နေချိန်တွင် ချေးငွေသစ်များကို စနစ်တကျ ထပ်မံထုတ်ပေး၍ ကူညီဖြေရှင်းပေးခြင်းသည်သာ အကောင်းဆုံး အဖြေဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ခိုင်ဝင်း

၂၆ ၊ မေလ၊ ၂၀၂၀

Ref:


Jason Furman & Larry Summers (2019), “Who Is Afraid of Budget Deficits: Washington Should End Its Debt Obsession”, Foreign Affairs 98(2): 82-94.
UNCTAD (2020), “ From the Great Lockdown to Great Meltdown: Developing Country Debt in the Time of Covid-19”.


M. Ayhan Kose, Peter Nagle, Franziska Ohnsorge, and Naotaka Sugawara. 2020. Global Waves of Debt: Causes and Consequences. Advance Edition. Washington, DC: World Bank. License: Creative Commons Attribution CC BY 3.0 IGO.

☗ လိုငွေပြမှုနှင့် ကြွေးမြီများတိုင်း စိုးရိမ်စရာလား

❏ ကြွေးမြီ၊အတိုးနှုန်းနှင့် လိုငွေပြမှု

တရုတ်ရင်းနှီးမြှုပ်နှံမှုများအကြောင်းဆွေးနွေးတိုင်း ကြွေးမြီထောင်ချောက်အကြောင်း မေးမြန်းကြလေ့ရှိသည်။ အကြွေးဆိုလျှင် ကြောက်စရာအဖြင့် အများမှတ်ယူထားကြသည်။ တကယ်လည်း အကြွေးက လူတစ်ဦးတစ် ယောက် ဘဝတွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတစ်ခု၌ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ ကြွေးပိလျှင် ပြသနာ အကြီးအကျယ်တက်တတ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း နိုင်ငံအစိုးရများ ရယူသည့်ကြွေးမြီ (သို့) ချေး ငွေများသည် စီးပွားရေးလုပ်ငန်းများနှင့် မိသားစု ပြည်သူတစ်ဦးခြင်း ရယူသည့်ကြွေးမြီများနှင့် အလွန်ခြားနားပါ သည်။ နိုင်ငံ၏အနေအထားနှင့်လည်း အထူးသက်ဆိုင်ပါသည်။ အထူးသဖြင့် ချမ်းသာသည့်နိုင်ငံများနှင့် အလယ် အလတ်၊ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကြွေးယူခြင်းအတူတူ များစွာကွာခြားမှုရှိပါသည်။ ချမ်းသာသည့်နိုင်ငံများအ ကြား၌ပင် အမေရိကန်နိုင်ငံသည် ကြိုက်သလောက် ကြွေးယူနိုင်သည့်အနေအထားတွင် ရှိနေသလိုဖြစ်နေသည်။

❏ ကိုဗစ်-၁၉နှင့် အစိုးရကြွေးမြီများ

ကိုဗစ်-၁၉ကပ်ဘေးဖြစ်ပွားပြီးနောက် နိုင်ငံတိုင်းလိုလို၏ အစိုးရများသည် ကပ်ဘေးရန်ကို ရင်ဆိုင်ကျော်လွှားနိုင် ရန် ကျန်းမာရေးအသုံးစရိတ်များကို တိုးမြှင့်သုံးစွဲရသလို၊ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ရန် အသွားအလာ များတားမြစ်ရခြင်းနှင့် နေအိမ် (သို့) သတ်မှတ်နေရာများတွင် သန်းချီသော မြို့နေပြည်သူများ၊ ကျေးလက်နေ ပြည်သူများကို ကန့်သတ်နေထိုင်စေခြင်း လော့ဒ်ဒေါင်းလုပ်ရခြင်းများကြောင့် စီးပွားရေးလုပ်ငန်းများလည်း ရပ်ဆိုင်းသွားရခြင်း၊ စက်ရုံအလုပ်ရုံများ လနှင့်ချီပိတ်ထားရခြင်း၊ ပို့ကုန်သွင်းကုန်များ တင်ပို့ခြင်း တင်သွင်းခြင်း မပြုလုပ်နိုင်တော့သဖြင့် စီးပွားရေးတဟုန်ထိုး ကျဆင်းသွားခြင်းနှင့် အလုပ်လက်မဲ့ဦးရေ အဆမတန် တိုးပွားလာ ခြင်းတို့ကို တုန့်ပြန်သည့်အနေဖြင့် ကိုဗစ်-၁၉ကပ်ဘေးကြောင့် ထိခိုက်ရသည့် စီးပွားရေးလုပ်ငန်းများ ကုစားမှု အစီအစဉ်များ အစိုးရများမှရေးဆွဲပြီး အမေရိကန်ဒေါ်လာ ထွီလီယံ၊ ဘီလီယံမြောက်မြားစွာ အစိုးရများ သုံးစွဲနေ ကြရသဖြင့် အစိုးရ၏လိုငွေပြမှုများမြင့်တက်လာသလို ကြွေးမြီများလည်း မြင့်တက်လာခဲ့သည်။ နိုင်ငံအတော် များများသည် နိုင်ငံဂျီဒီပီ၏ ၁၀%အထက်ကို ကိုဗစ်-၁၉ ကုစားမှုအစီအစဉ်များအတွက် အစိုးရဘတ်ဂျက်မှ သုံး စွဲရန် အစီအစဉ်များ ချမှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုတွင် ဖယ်ဒရယ်အစိုးရမှ နိုင်ငံဂျီဒီပီ၏ ၂၅% ကျော် အမေရိကန်ဒေါ်လာ ၆ထွီလီယံနီးပါးသုံးစွဲရန် လျာထားနေကြောင်းသိရသည်။ အမေရိကန်ဒေါ်လာ ၂ထွီ လီယံကျော်ကိုတော့ ကွန်ဂရက်မှအတည်ပြုပြီး သုံးစွဲနေပြီဖြစ်သည်။ နောက်ထပ် ၃ထွီလီယံကျော်ကို ဒီမိုကရက် အမတ်များမှ အဆိုပြုထားခြင်းဖြစ်သည်။ အခြားဥရောပနိုင်ငံများအတွက်လည်း ဥရောပသမဂ္ဂမှ အမေရိကန်ဒေါ် လာ ၁ထွီလီယံခန့်သုံးရန်ပြင်ဆင်နေပြီး လောလောဆယ် ဘီလီယံ၅၀၀ခန့်ကို စီးပွားရေးကုစားမှုအစီအစဉ်များ (သို့) အဖွဲ့ဝင်နိုင်ငံများ၏ stimulus package များအတွက်သုံးစွဲရန်လျာထားနေသည်။ မြန်မာနိုင်ငံ၌လည်း ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဉ်ကို ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ အမေရိကန်ဒေါ်လာ ၂ဘီလီယံ ချေးငွေ ထုတ်ပေးမည်ဟု ကတိကဝတ်ပြုထားကြောင်းသိရသည်။

သေချာသည်မှာတော့ အစိုးရအသီးသီးသည် (ဖွံ့ဖြိုးပြီး၊ အလယ်အလတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံး)ကိုဗစ်-၁၉ ကပ်ဘေးကို ကာကွယ်ကုသထိန်းချုပ်ရန်နှင့် စီးပွားရေးတဟုန်ထိုးကျဆင်းမှုကို တုန့်ပြန်ရန် နိုင်ငံတော်ဘတ် ဂျက်များမှ ဒေါ်လာဘီလီယံ၊ ထွီလီယံချီသုံးစွဲရတော့မည်ဖြစ်သဖြင့် ဘတ်ဂျက်လိုငွေပြမှုများ မြင့်မားလာသည် နှင့်အမျှ အစိုးရကြွေးမြီများလည်း မြင့်တက်လာမည်ဖြစ်သည်။ ပိုဆိုးသည်မှာ နဂိုက ပုံမှန်ရနေသည့် အခွန်အခ များလည်း စီးပွားရေးကျဆင်းမှုနှင့်အတူ ကျဆင်းသွားသဖြင့် အစိုးရဘဏ္ဍာငွေ အရအသုံးတွင် ဝင်ငွေပိုင်း၌ များ စွာကျဆင်းသွားချိန် တဘက်တွင်လည်း အသုံးစရိတ်များကို မဖြစ်မနေ တိုးမြင့်သုံးစွဲရန်လိုအပ်လာခြင်းဖြစ်သည်။ ထိုထက်ပိုဆိုးသည်က သံယံဇာတအပါအဝင် ကုန်ကြမ်းပို့ကုန် တင်ပို့သည့်နိုင်ငံများအတွက် ရေနံအပါအဝင် တွင်းထွက်ပို့ကုန်များ ဈေးနှုန်းကျဆင်းသွားမှုကြောင့် ယင်းနိုင်ငံများ၏ ဝင်ငွေသည် ထိုဆင်းသွားမည်ဖြစ်သည်။ ထိုအခါ နိုင်ငံတော်ကြွေးမြီများလည်း အဆမတန် မြင့်တက်သွားတော့မည်ဖြစ်သည်။

လိုငွေပြမှုကြောင့် ကြွေးတင်ခြင်းသည် စိုးရိမ်စရာလား


နိုင်ငံအပေါ်မူတည်သည်ဟု ဖြေရမည်ထင်သည်။ အစိုးရများသည် ဘတ်ဂျက်လိုငွေပြသည့်အခါ နိုင်ငံတော်ဗဟို ဘဏ်များမှ ချေးယူလေ့ရှိသည်။ သို့တည်းမဟုတ် အစိုးရငွေတိုက်စာချုပ်များ၊လက်မှတ်များထုတ်ရောင်း၍လည်း လိုငွေပြမှုကိုဖြေရှင်းကြသည်။ သို့သော် ချမ်းသာသည့်နိုင်ငံအစိုးရများနှင့် အလယ်အလတ်နိုင်ငံများ၊ဖွံ့ဖြိုးဆဲနိုင်ငံ များ၏အစိုးရများ အင်အားခြင်းများစွာကွာခြားသည်။
အထူးသဖြင့် အမေရိကန်ပြည်ထောင်စုဖြစ်သည်။

အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရ၏ဘတ်ဂျက်လိုငွေပြမှုသည် ကိုဗစ်-၁၉ကပ်ဘေး မတိုင်ခင်ကတည်း ကမြင့်တက်နေပြီဖြစ်သည်။ ၂၀၁၆ခုနှစ်တွင် ဒေါ်လာဘီလီယံ ၅၈၅ လိုငွေပြခဲ့ရာမှ ၂၀၁၉ခုနှစ်၌ ဒေါ်လာ၁ထွီလီ ယံလိုလာလိမ့်မည်ဖြစ်သည်။ နိုင်ငံဂျီဒီပီ၏ ၄ရာခိုင်နှုန်းကျော်ရှိသည်။ သို့သော်လည်း လိုငွေပြမှုနှင့် နိုင်ငံတော် ကြွေးမြီများ မြင့်တက်လာခြင်းသည် လောလောဆယ် ပြသနာမဟုတ်ဟု ဟားဗတ်တက္ကသိုလ်မှ Jason Furman နှင့်အမေရိကန်ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးဝန်ကြီးဟောင်း Larry Summers တို့က ၂၀၁၉ခုနှစ် ဧပြီလထုတ် Foreign Affairs မဂ္ဂဇင်းကြီးတွင်ရေးသားခဲ့သည့် “Who Is Afraid of Budget Deficits: Washington Should End Its Debt Obsession”ဆောင်းပါးတွင်ရေးသားထားသည်။


အမေရိကန်ပြည်ထောင်စုသည် အခြားမည်သည့်နိုင်ငံနှင့်မျှမတူသည့် အထူးအခွင့်အရေးကို ရရှိထားသည်။ ဤသည်မှာတော့ ယင်း၏ငွေကြေး ဒေါ်လာသည် နိုင်ငံတကာသုံးဖြစ်နေခြင်းဖြစ်သည်။ အရောင်းအဝယ် အများစု ကိုဒေါ်လာနှင့်တန်ဖိုးဖြတ်ကြသည်။ ထို့အတွက်ကြောင့် အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်မှ အစိုးရလိုသမျှကို ငွေစက္ကူရိုက်ထုတ်ပေးလျှင်လည်း လတ်တလော ပြသနာ ကြီးကြီးမားမားမရှိ။ ထို့ပြင် အမေရိကန်ဒေါ်လာသည် နိုင်ငံတကာသုံး ငွေကြေးဖြစ်သဖြင့် ဗဟိုဘဏ်များသည် ဒေါ်လာကို အရန်ငွေကြေးအဖြင့် စုဆောင်းလေ့ရှိသည်။ အမေရိကန်အစိုးရ ငွေတိုက်စာချုပ်များ Treasury Bonds များသည် စိတ်ချရသည့်အရာများဖြစ်သဖြင့် ကမ္ဘာ့စီး ပွားရေး မတည်မငြိမ် ဖြစ်နေချိန်၌ ရရှိမည့်အတိုးနှုန်းနည်းသော်လည်း ဝယ်ယူလိုသူ အများအပြားရှိနေသည်။ ကမ္ဘာပေါ်တွင် အတိုးနှုန်းများ သုညရာခိုင်နှုန်းနီးပါးဖြစ်နေခြင်း၊ ငွေကြေးဖေါင်းပွမှု နိမ့်ဆင်းနေခြင်း၊ ဘဏ်များ တွင် စုဆောင်းငွေများ (savings)များပြားနေခြင်း၊ ဆင်းရဲချမ်းသာ မညီမျှမှုကြီးထွားနေခြင်း၊ ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံရန် ငွေအများအပြားရှိနေခြင်းကြောင့် ဘဏ်များမှချေးယူရန်မလိုသည့်အတွက် ဘဏ်တိုးနှုန်းများ ဆက်လက်ကျဆင်းနိုင်ခြင်း၊ အမေရိကန်ပြည်ထောင်စု အစိုးရ၏ ၁၀နှစ် ငွေတိုက်စာချုပ်များ၏ အတိုးနှုန်းသည် ၁ရာခိုင်နှုန်းခန့်သာ ရှိခြင်းတို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် ကိုဗစ်-၁၉အတွက် နောက်ထပ်လိုငွေ ဂျီဒီ ပီ၏ ၂၅-၃၀ ရာခိုင်နှုန်းရှိလျှင်လည်း ပြသနာမဟုတ်ချေ။ ၂၀၀၀ခုနှစ်က အမေရိကန်အစိုးရ၏ ကြွေးမြီသည် ဂျီဒီပီ ၏ ၆ရာခိုင်နှုန်းသာရှိပြီး ထိုအချိန်က အတိုးနှုန်းသည် ၁၀နှစ်အစိုးရငွေတိုက်စာချုပ်များအတွက် ၄.၃ရာခိုင်နှုန်း ရှိသည်။ ၂၀၁၈ခုနှစ်တွင် အမေရိကန်အစိုးရ ကြွေးမြီသည် ဂျီဒီပီ၏ ၁၀၅%ရှိလာမည်ဖြစ်သော်လည်း အတိုးနှုန်း သည် ဝ.၈%သာရှိသည်။ သို့ဖြစ်၍ ကြွေးမြီနှင့်ဂျီဒီပီ အချိုးအစားသည် ၁၅၀%ဖြစ်လာမည်ဆိုလျှင်လည်း အနာ ဂတ်မျိုးဆက်များအနေဖြင့် တိုးတက်လာသည့် ၅၀%ခန့်သော ကြွေးမြီအတွက် အစိုးရအသုံးစရိတ်မှပေးရမည့် အတိုးငွေသည် ဂျီဒီပီ၏ ဝ.၅%ခန့်သာရှိမည်ဟု Jason Furman နှင့် Larry Summers တို့က ယင်းတို့ဆောင်းပါး တွင် ရေးသားထားသည်။

ဥရောပသမဂ္ဂအနေဖြင့်လည်း အလားတူပင်ဖြစ်သည်။ အတိုးနှုန်းများ သုညနီးပါးဖြစ်နေပြီး ယင်း၏ငွေတိုက်စာ ချုပ်များကို ဝယ်ယူမည့်သူများရှိသဖြင့် ၁ထွီလီယံခန့်ကို ထုတ်ရောင်းလည်း ပြသနာမဟုတ်ချေ။ ထို့အတွက် ကြောင့်လည်း ပညာရှင်များက ကိုဗစ်-၁၉ကပ်ဘေးကို ကျန်းမာရေးအရ၊ စီးပွားရေးအရ တုန့်ပြန်ရာတွင် “Whatever It Takes” လိုသလောက်ကို သုံးစွဲရန် ချမ်းသာသည့်နိုင်ငံများကို အကြံပြုကြခြင်းဖြစ်သည်။

သို့သော်လည်း ချမ်းသာသည့်နိုင်ငံများလို အလယ်အလတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် လိုသလောက်ငွေကို ဗဟိုဘဏ်မှရိုက်ထုတ်ပြီး ချေးငှားရန် (သို့) ပြင်ပနိုင်ငံများမှ လိုသလောက်ချေးယူရန် မဖြစ်နိုင်။ လိုသလောက်ကို ဗဟိုဘဏ်မှရိုက်ထုတ်ပြီး ချေးလျှင်လည်း ငွေကြေးဖေါင်းပွမှု၊ ငွေတန်ဖိုးကျဆင်းမှုနှင့် capital flight ဟုခေါ်ဆို သည့် ရင်းနှီးမြှုပ်နှံထားသည့် ငွေတိုက်စာချုပ်များ အလုံးအရင်းနှင့်ထုတ်ရောင်းခြင်း၊ ဒေါ်လာများပြည်တွင်းမှ အလုံးအရင်း ထွက်သွားခြင်းများဖြစ်နိုင်သည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ချေးငွေများသည် ဒေါ်လာဖြင့် ပေးချေရမည့် ချေးငွေများဖြစ်နေခြင်းဖြစ်သည်။ ဂျပန်အစိုးရ၏ ချေးငွေသည် ဂျီဒီပီ၏ ၂၀၀%ခန့်ဖြစ်နေသည်မှာ ကြာပြီးဖြစ်သော်လည်း ဂျပန်နိုင်ငံအနေဖြင့် ကြွေးမြီပြသနာမတက်ခြင်းမှာ အစိုးရချေးယူသည့် ချေးငွေများသည် ယန်းချေးငွေများဖြစ်နေသောကြောင့်ဖြစ်သည်။ ကိုယ့်ငွေဖြင့် ကိုယ့်အစိုးရအားပြန်ချေးခြင်းဖြစ်သဖြင့် ပြသနာမရှိ ခြင်းဖြစ်ပြီး ထိုသို့အစိုးရမှ ဘတ်ဂျက်လိုငွေအပြခံ၍ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်သဖြင့် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု သည် ထင်သလောက်မဆိုးခြင်းဖြစ်သည်။

❏ ကြွေးပိနေသည့် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းနိုင်ငံများ

ကြွေးတင်ရှင်ဘုရင်ဆပ်လိမ့်မည်ဟု ဆိုရိုးစကားရှိသော်လည်း ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းနိုင်ငံများ (middle-income and low income countries)အတွက် တင်ရှိနေသည့်ကြွေးဒုက္ခသည် ယခုကိုဗစ်-၁၉ ကပ်ဘေးကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေး၊လူမှုရေး သက်ရောက်မှုများကို ပိုမိုဆိုးဝါးသွားနိုင်အောင် ပြုလုပ် သွားနိုင်သည်ဟု နို်င်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာပညာရှင်များက သုံးသပ်လျက်ရှိသည်။ ထို့အတွက် ကြောင့်လည်း ကြွေးရှင်နိုင်ငံအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကြွေးရှင်များကို ချေးငွေကုစား မှုအစီအစဉ်များ (debt relief programs) အလျင်အမြန် အကောင်အထည်ဖေါ်ရန်တိုက်တွန်းလျက်ရှိသည်။ လောလောဆယ် အစိုးရများအချင်းချင်း ချေးငှားထားသည့် ချေးငွေများအပေါ် (official bilateral loans)အတိုး နှင့်အရင်း ပြန်လည်ပေးဆပ်ရန် အချိန်ကျရောက်နေပြီဖြစ်သည့် ချေးငွေများကို ဆိုင်းငံ့ထားပြီး ကမ္ဘာ့ဘဏ်၊ နိုင်ငံ တကာငွေကြေးရန်ပုံငွေအဖွဲ့တို့မှ နောက်ထပ် ကိုဗစ်-၁၉ ကုစားမှုအစီအစဉ်များအတွက် ချေးငွေများထုတ်ပေး ရန်သဘောတူထားသော်လည်း ပုဂ္ဂလိကကြွေးရှင်များ (private creditors)က ၎င်းတို့၏ချေးငွေများအပေါ် အတိုးနှင့်အရင်း ပြန်လည်ပေးဆပ်မှုကို ဆိုင်းငံ့ခြင်း၊ ချေးငွေများ၏ အတိုးနှုန်းနှင့်တကွ ပေးဆပ်ရမည့် ပမာဏ တို့အပေါ် ပြန်လည်ပြင်ဆင်မှုမပြုလုပ်လျှင် ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုဗစ်-၁၉အ တွက်ပေးအပ်သည့် ချေးငွေအသစ်များသည် ပုဂ္ဂလိကကြွေးရှင်များ၏ တိုးရင်းပေါင်း ပေးရသည့်အထဲ ပါသွားနိုင် သဖြင့် စိုးရိမ်ပူပန်မှုများရှိနေပြီး ယင်းပြသနာကို ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ဂျီ-၂၀အုပ်စု ဝင်နိုင်ငံများမှခေါင်းဆောင်များ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှသာ ကိုဗစ်-၁၉ကပ်ဘေးကို ဖွံ့ဖြိုးဆဲနိုင်ငံများအနေ ဖြင့်ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဖြစ်သလို ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများကိုလည်း ထိရောက် စွာတုန့်ပြန်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံတကာမှရယူထားသည့် ချေးငွေများသည် ဂျီဒီပီ၏ ၁၅%သာ ရှိသည်ဟု စီမံဘဏ္ဍနှင့်စက်မှုဝန်ကြီးဋ္ဌာန ဒုဝန်ကြီးက ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသဖြင့် မြန်မာနိုင်ငံသည် ကြွေးပိမနေသဖြင့် ကံကောင်းသည်ဟုဆိုသည်။

ဆင်းရဲသည့်နိုင်ငံများ၏ ပြင်ပကြွေးမြီသည် အမေရိကန်ဒေါ်လာ၁၁ထွီလီယံရှိနေပြီး ယခု၂၀၂၀ခုနှစ်မှာပင် တိုးရင်းပေါင်း ပြန်ဆပ်ရမည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃.၉ထွီလီယံရှိနေသည်ဟု Brookings Institute ကထုတ်ပြန်ထားသည့်အတွက် အလယ်အလတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီပြသနာကို မှန်းဆကြည့်နိုင် သည်။


ထို့အတွက်ကြောင့် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများ၊ ခေါင်းဆောင်များနှင့်ပညာရှင်များက ကိုဗစ်-၁၉ကပ်ဘေးအား ထိရောက်စွာ တုန့်ပြန်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယင်းနိုင်ငံများ၏အကြွေးများကို ရှော်ပစ်ရန် သို့မဟုတ် ပြန်လည်ညှိနှိုင်း၍ ကြွေးမြီကုစားရေး (debt relief) ကိုအလျင်အမြန်ဆောင်ရွက်ရန် ကြွေးရှင်နိုင်ငံများ၊ ပုဂ္ဂလိကကြွေးရှင်များ၊ နိုင်ငံတကာဖွံ့ဖြိုးမှုဘဏ်များကို တိုက်တွန်းလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့်တော့ ပြည်ပကြွေးမြီ ရာခိုင်နှုန်း နည်းပါးသေးသည့်အတွက် ကိုဗစ်-၁၉ကပ်ဘေးကို ထိရောက်စွာတုန့်ပြန်ရန် နိုင်ငံတကာမှ ချေးငွေယူမည်ဆို လျှင်လည်း ယူနိုင်သည့်အနေအထား၌ ရှိနေသည်။ ဗဟိုဘဏ်မှလည်း လိုအပ်လျှင် ထုတ်ချေးနိုင်သည့် အနေအ ထားရှိသည်ဟု ယူဆနိုင်သည်။

ကြွေးမြီ (သို့) ချေးငွေရယူရာတွင် အဓိကစဉ်းစားရမည့်အချက်မှာ ချေးငွေစာချုပ်သက်တမ်း (ရေတိုနှင့်ရေရှည်) နှင့် အတိုးနှုန်းဖြစ်သည်။ ချေးငွေတိုင်းသည် စိုးရိမ်စရာမလို။ ကမ္ဘာ့ဘဏ်၊အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ရယူသည့် ချေးငွေများ၏ အတိုးနှုန်းသည် concession loans ဖြစ်သဖြင့် အလွန်သက်သက်ပြီး နှစ်ရှည်ချေးငွေများဖြစ်သ ဖြင့် အမှန်တကယ် လိုအပ်နေသည့် ပြည်သူ့ဝန်ဆောင်မှုများအတွက်ဆိုလျှင် စိုးရိမ်ပူပန်စရာမလိုချေ။ ယခု မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံး ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ကပ်ဘေးကို ရှိသမျှ အရင်းအမြစ်များဖြင့် တုန့် ပြန်ရမည်ဖြစ်သဖြင့် ပြည်သူများ၏ အသက်အန္တရာယ်ကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရန်၊ ကပ်ဘေးကို ထိန်းချုပ်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လူမှုစီးပွားပြုပြင်ပြောင်းလဲရေးများ အကောင် အထည်ဖေါ်ဆောင်ရန် အတိုးနှုန်းသက်သာသည့် နှစ်ရှည်ချေးငွေများကို ထိရောက်သည့် ရင်းနှီးမြှုပ်နှံမှုများအ တွက် ချေးယူသင့်ကြောင်းတင်ပြလိုက်ရပါသည်။

ခိုင်ဝင်း

၂၅ ၊ မေ ၊ ၂၀၂၀

Ref:

Jason Furman & Larry Summers (2019), “Who Is Afraid of Budget Deficits: Washington Should End Its Debt Obsession”, Foreign Affairs 98(2): 82-94.

UNCTAD (2020), “ From the Great Lockdown to Great Meltdown: Developing Country Debt in the Time of Covid-19”.

လော့ဒေါင်း လုပ်သင့် မလုပ်သင့်

ISP – Myanmar Special Series
Covid – 19 and Myanmar တွင် ပါဝင်ရေးသားထားသော ၊
Sandhi Governance Institute ၏ အုပ်ချုပ်မှုဒါရိုက်တာ
ဆရာခိုင်ဝင်း ရေးသားဖော်ပြချက်။
အောက်တွင် ပေးထားသော ISP – Myanmar Website link တွင်
ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://ispmyanmarspecialseries.com/kw2/?fbclid=IwAR1UmOCnZlnJxCuCgg79frH9_9VWCFcX1wAxgF5g42ARZxayqLqOWEW2sOI

Covid – 19 နှင့် ကခုန်ခြင်း

ဧရာဝတီသတင်းဌာန၌ ဖော်ပြပါရှိပြီး ဆောင်းပါး။

Sandhi Governance Institute ၏ အုပ်ချုပ်မှုဒါရိုက်တာ ဆရာဦးခိုင်ဝင်း ရေးသားသော ဆောင်းပါး အပြည့်အစုံ ဖော်ပြချက်ကို ၊ အောက်မှာ ပေးထားသော ဧရာဝတီသတင်းဌာန link တွင် ဝင်ရောက်ဖတ်ရှုပါ။

မြင်းခြံသံမဏိစက်ရုံနှင့် တရုတ်ချေးငွေများ

ဧရာဝတီသတင်းဌာန၌ ဖော်ပြပါရှိပြီး ဆောင်းပါး။

မကြာခင်က တရုတ်ချေးငွေဖြင့် သက်ဆိုင်သည့် သတင်းတစ်ပုဒ် လူမှုကွန်ယက်များပေါ် ပျံ့နှံ့နေပါသည်။ ထိုသတင်းမှာ တပ်မတော်အစိုးရလက်ထက် ၂၀၀၄-၅ခုနှစ်က တရုတ်အစိုးရပိုင် China Development Bank (CDB)မှ ချေးငွေ ယူရို ၁.၁ဘီလီယံဖြင့် တည်ဆောက်ပြီး စတင်လည်ပတ်ခဲ့သည့် မြန်မာ့စီးပွားရေးကော် ပိုရေးရှင်း (Myanmar Economic Corporation-MEC) တပ်မတော်ပိုင် ကုမ္ပဏီ၏ မြင်းခြံ သံမဏိစက်ရုံ အကြောင်းဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးအစိုးရ လျှပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည် အောင်၏ ပြောကြားချက်အရ ပြန်ဆပ်ရမည့် အတိုးအပါအဝင် ချေးငွေပမာဏသည် ယူရို ၁.၆ဘီလီယံရှိနေပြီး၊ ၂၀၁၈ခုနှစ် စက်တင်ဘာလထိ ပေးအပ်ခဲ့သည့် တိုးရင်းပေါင်းသည် ယူရို ၁၃၆.၇သန်းရှိပြီးဖြစ်ကြောင်းသိရ သည်။ ၂၀၁၂ခုနှစ်တွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ပြည်ထောင်စု စက်မှုဝန်ကြီးဋ္ဌာနသို့ လွှဲပြောင်းပေးအပ် ခဲ့သည်ဟုလည်း သိရသည်။
ထိုချေးငွေကိစ္စသည် တရုတ်ချေးငွေများ၏ သဘောသဘာဝကိုလည်း ထင်ဟပ်ပြသနေသဖြင့် နောင်လာမည့် ဘီအာအိုင်စီမံကိန်းများ အကောင်အထည်ဖေါ်ရာတွင်လည်း တရုတ်ကုမ္ပဏီများဖြင့် ဖက်စပ်အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည့် နိုင်ငံတော်ပိုင်ကုမ္ပဏီများ၊ တိုင်းဒေသကြီးပြည်နယ်အစိုးရများနှင့် ပြည်ထောင်စုအစိုးရတို့အနေ ဖြင့် အထူးသတိထားရန်လိုအပ်သည်ကို သက်သေပြနေသည်။

တရုတ်ချေးငွေများ၏ သဘောသဘာဝ

ယခုချေးငွေကိစ္စသည် ယခင် တပ်မတော်အစိုးရလက်ထက်တွင် ထုတ်ပေးခဲ့ခြင်းဖြစ်သဖြင့် တရုတ်အစိုးရနှင့် နိုင်ငံတော်ပိုင်ဘဏ်များ၏ မူဝါဒကို သိမြင်နိုင်သည်။ တရုတ်နိုင်ငံတော်ပိုင် ဘဏ်များသည် ချေးငွေများထုတ်ပေး ရာတွင် အိမ်ရှင်နိုင်ငံ၏ အုပ်ချုပ်စီမံမှုအခြေအနေ (governance)၊ ခြစားမှုအတိုင်းအတာ (corruption)၊ နိုင်ငံ ရေးအရ ဆုံးရှုံးနိုင်မှု (political risk) အစရှိသည့် ကောင်းမွန်သည့် အုပ်ချုပ်စီမံမှုဆိုင်ရာ ညွှန်ကိန်းများအရ ဆင်ခြင်စဉ်းစားခြင်းထက် နိုင်ငံရေးအရ၊ သံတမန်ရေးအရ ရင်းနှီးမှု၊ ချေးငွေထုတ်ပေးမည့်သူမရှိသည့်နိုင်ငံ (သို့) ချေးငွေထုတ်ပေးရန် မသင့်တော်သည့် စီမံကိန်းများကိုလည်း ပိုမိုစွန့်စား၍ ချေးငွေထုတ်ပေးလေ့ရှိကြောင်း တွေ့ရသည်။ သီရိလင်္ကာနိုင်ငံ၌လည်း တကယ်တော့ တရုတ်ချေးငွေများ ထုတ်မချေးခင်ကတည်းက ထိုနိုင်ငံ၏ ချေးငွေအဆင့်သည် စိုးရိမ်ရေမှတ်ရောက်နေပြီဖြစ်သည်။ ပါကစ္စတန်နိုင်ငံသည်လည်း ထိုနည်း၎င်းဖြစ်သည်။ မြင်းခြံသံမဏိစက်ရုံ စီမံကိန်းတွင်လည်း မအောင်မြင်နိုင်သည့် စီမံကိန်းကို သိသိခြင်းဖြင့် ငွေထုတ်ချေးခြင်းမျိုး ဖြစ်သည်။ ထို့ပြင် တရုတ်ကုမ္ပဏီများ၏ စက်ပစ္စည်းများရောင်းချရန်၊ တရုတ်နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ တင်ဒါမခေါ်ဘဲ တည်ဆောက်ရေးကွန်ထရက်များ ရရှိရန်လည်း ချေးငွေများထုတ်ပေးလေ့ရှိသည်။


နောက်ထပ် စိုးရိမ်စရာကောင်းသည့်အချက်မှာ တရုတ်နိုင်ငံသည် ပါရီကလပ်အဖွဲ့ဝင် နိုင်ငံမဟုတ်သည့်အတွက် တရုတ်ချေးငွေများသည် ပွင့်လင်းမြင်သာမှုမရှိခြင်းဖြစ်သည်။ ထိုအခါ ချေးငွေယူသည့် အိမ်ရှင်နိုင်ငံမှ ပြည်သူ များနှင့် နိုင်ငံတကာငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် တရုတ်ချေးငွေဆိုင်ရာ စာချုပ်များပါ အချက်အလက်များကို မသိရှိနိုင်သလို၊ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံများ၏ ချေးငွေစုစုပေါင်း အခြေ အနေကိုသိရှိရန် ခက်ခဲကြသည်။ နောက်ဆက်တွဲအနေဖြင့် တရုတ်ချေးငွေ အချို့သည် ၂နိုင်ငံအစိုးရများအ ကြား သဘောတူညီချက်ဖြင့် ချေးယူသည်ဟုဆိုနိုင်သော်လည်း (ဥပမာ တပ်မတော်အစိုးရလက်ထက် တပ်မတော်ပိုင် MEC ကိုချေးငှားခြင်း) အတိုးနှုန်းသက်သာသည် ဖွံ့ဖြိုးမှုဆိုင်ရာအကူအညီ ချေးငွေ (concessional loans)မဟုတ်ဘဲ အတိုးနှုန်းမြင့်မားသည့် စီးပွားရေးဆိုင်ရာချေးငွေ (commercial loans) များ ဖြစ်နေကြသည်။ ထို့ပြင်ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်များသည် နိုင်ငံတနိုင် ချေးယူထားသည့် ချေးငွေ ပမာဏ အတိုင်းအတာတခု (ဥပမာ ချေးငွေ-ဂျီဒီပီ အချိုး ၅၀ရာခိုင်နှုန်းကျော်လျှင်)ရောက်ရှိပါက ထပ်မံ ထုတ်ချေးသည့် ချေးငွေများအပေါ် အတိုးနှုန်းကို အထူးသက်သာစွာထားပေးခြင်းနှင့် အလယ်အလတ် အဆင့် ချေးငွေအန္တရာယ်ကျရောက်နိုင်သည့် နိုင်ငံများဆိုလျှင် ချေးငွေ၏၅၀ရာခိုင်နှုန်းကို ဖွံ့ဖြိုးမှုအကူအညီ (grant)အဖြင်ပေးအပ်ကြသည်။ အလွန်အမင်း ချေးငွေအချိုးအစား မြင့်မားနေသည့် နိုင်ငံဆိုလျှင် ချေးငွေ မပေးအပ်တော့ဘဲ ဖွံ့ဖြိုးမှုအကူအညီသာပေးအပ်ခြင်း ဖြင့် ထိုနိုင်ငံ၏ ချေးငွေပြသနာ ပိုမိုမဆိုးဝါးလာစေရန် ဆောင်ရွက်ကြသည်။ တရုတ်ဘဏ်များမှာတော့ ပုံမှန် အတိုင်းဆက်လက် အတိုးနှုန်းယူလျက်ရှိသည်ကို တွေ့ရှိရသည်။ ထိုအတွက်ကြောင့် အထူးသက်သာသည့် အတိုးနှုန်းဖြင့် ချေးငွေပေးအပ်ခြင်းမဟုတ် (less concessional)ဟုဆိုနိုင်သည်။

သင်ခန်းစာယူသင့်သည့် ကူမင်း-ဗီယက်ကျင်း ရထားလမ်းစီမံကိန်း

မြင်းခြံသံမဏိစက်ရုံ ချေးငွေသည် ယခင်တပ်မတော်အစိုးရလက်ထက် နိုင်ငံတော်စီမံကိန်းများ၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုမရှိသည့်အချိန်၌ ဖြစ်ပွားခဲ့သည့်ကိစ္စဖြစ်သဖြင့် ယခုအချိန်တွင် ထိုကဲ့ သို့သော ချေးငွေအန္တရာယ်မရှိတော့ဟု ယူဆ၍မရ။ အဘယ်ကြောင့်ဆိုသော် လက်ရှိအစိုးရလက်ထက် အကောင်အထည်ဖေါ်ဆောင်ရန် စီစဉ်ထားသည့် ဘီအာအိုင်စီမံကိန်းများသည် တရုတ်နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းကြီးများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်ထောင်စုဝန်ကြီးဋ္ဌာနပိုင် စီးပွားရေးလုပ်ငန်းများဖြင့် ဖက်စပ် ပူးပေါင်း အကောင်အထည်ဖေါ်ဆောင်မည်ဖြစ်သောကြောင့်ဖြစ်သည်။


ထိုအတွက်ကြောင့် လာအိုနိုင်ငံတွင်အကောင်အထည်ဖေါ်မည့် ကူမင်း-ဗီယက်ကျင်း အမြန်ရထားလမ်း စီမံကိန်း သည် တရုတ်နိုင်ငံတော်ပိုင် China Railway Groupနှင့် လာအိုအစိုးရတို့ပူးပေါင်း၍ စီမံကိန်းကုမ္ပဏီ Lao-China Railway Company ကိုဖက်စပ်ကုမ္ပဏီအဖြင့် ထူထောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် အကောင်အထည်ဖေါ်မည့် ရန်ကုန်မြို့သစ်စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတို့တွင်လည်း ဖက်စပ်ကုမ္ပဏီများ ထူထောင် လုပ်ကိုင်ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုရာတွင် အခြားဂျပန်နိုင်ငံနှင့် အနောက်နိုင်ငံများ မှ ရင်းနှီးမြှုပ်နှံသူများဖြင့်လည်း ဖက်စပ်လုပ်ကိုင်ကြသည်ကို တွေ့ရှိရသည်။ ထိုဖက်စပ်လုပ်ငန်းများ၏ သမိုင်း ကြောင်းသည် သိပ်မကောင်းလှ (အကုန်မဆိုလို၊ သတ္တု၊ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းများကို အဓိကဆိုလို သည်)။ အဘယ်ကြောင့် ပီပီပီပုံစံဖြင့် ဖက်စပ်လုပ်ကိုင်ခြင်းသည် စိုးရိမ်စရာရှိသနည်းဟု မေးနိုင်သည်။


အဘယ်ကြောင့်ဆိုလျှင် ကူမင်း-ဗီယက်ကျင်း အမြန်ရထားလမ်းစီမံကိန်းတွင် တရုတ်ဘက်မှ ၇၀ရာခိုင်နှုန်း၊ လာအိုအစိုးရဘက်မှ ၃၀ရာခိုင်နှုန်းထည့်ဝင်ပြီး အကောင်အထည်ဖေါ်ဆောင်မည့် စီမံကိန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံ မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅.၉ဘီလီယံရှိမည်။ ထိုအခါ လာအိုနိုင်ငံဘက်မှ အမေရိကန်ဒေါ်လာ ၂ဘီ လီယံခန့်ထည့်ဝင်ရမည်။ ဖက်စပ်ကုမ္ပဏီတွင် ထည့်ဝင်ရမည့်ငွေကို တရုတ်ဘဏ်များမှ လာအိုအစိုးရကို ချေးငွေ ထုတ်ပေးမည်ဖြစ်သည်။ သို့သော် လာအိုအစိုးရမှ မြေယာလျော်ကြေးပေးရန် ကုန်ကျမည့် အမေရိကန်ဒေါ်လာ ၃၀၀သန်းကိုလည်း ကျခံရမည်။ အခြားအခွန်ကင်းလွတ်ခွင့်များ၊ အကောက်ခွန်ကင်းလွတ်ခွင့်များကိုလည်း လာအိုအစိုးရမှ ပေးအပ်ရမည်။ ထိုစီမံကိန်းမစတင်ခင်၌ပင် လာအိုနိုင်ငံ၏ ချေးငွေပမာဏသည် အတော်မြင့်မား နေပြီ (အစိုးရချေးငွေ-ဂျီဒီပီ အချိုးအစား ၅၀ရာခိုင်နှုန်းကျော်)ဖြစ်သဖြင့် ၂၀၁၃ခုနှစ်မှစ၍ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)က လာအိုအစိုးရအား ချေးငွေအန္တရာယ်ရှိနေကြောင်း သတိပေးနေပြီဖြစ်သည်။ ရထားလမ်းစီမံကိန်းကုန်ကျစရိတ်သည် လာအိုနိုင်ငံ ဂျီဒီပီ၏ ထက်ဝက်နီးပါးရှိနေသဖြင့် ထိုစီမံကိန်းအတွက် လာအိုအစိုးရ တရုတ်ဘဏ်များမှ ချေးငွေယူပါက လာအိုနိုင်ငံ၏ အစိုးရချေးငွေ အခြေအနေသည် ပိုမိုဆိုးဝါးသွား နိုင်သည်။


လာအိုနိုင်ငံသည် ဝင်ငွေနည်းသည့် နိုင်ငံအဆင့်မှာသာရှိနေပြီး ၂၀၀၇ခုနှစ်နောက်ပိုင်း တဟုန်ထိုး တိုးတက်ခဲ့ သည်။ လျှပ်စစ်ရရှိမှုသည်လည်း နိုင်ငံလူဦးရေ၏ ၉၀ရာခိုင်နှုန်းရှိသည်။ သို့သော် ရထားလမ်းချိတ်ဆက်မှု အလွန်အားနည်းသည်။ ယခုတည်ဖေါက်လုပ်မည့် ရထားလမ်း စီမံကိန်းကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ အနေဖြင့် အကူအညီပေးလိုသော်လည်း အဓိကပြသနာသည် ကုန်ကျစရိတ် အလွန်များပြားခြင်းဖြစ်သည်။ အပိုင်းလိုက် အကောင်အထည်ဖေါ်လျှင်လည်း စီးပွားရေးအရ တွက်ချေမကိုက်နိုင်။ စီးပွားရေးအရကလည်း အခြားနိုင်ငံများဖြင့် ချိတ်ဆက်မှသာဖြစ်သည်။ ယခုရထားလမ်းစီမံကိန်းသည်ဒေသတွင်း ၆နိုင်ငံ (လာအို၊ ထိုင်း၊မြန်မာ၊ဗီယက်နမ်၊မလေး၊စင်ကာပူ)ကိုချိတ်ဆက်မည်ဖြစ်ပြီး လာအိုနိုင်ငံထက် ကူမင်း-စင်ကာပူ ရထားလမ်းစင်္ကြန်ပေါ်ရှိ ရန်ကုန်၊ဘန်ကောက်၊ကွမ်လာလမ်ပူ၊စင်ကာပူတို့က အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ် သည်။ လာအိုနိုင်ငံအတွက် အကျိုးမရှိတော့မဟုတ်။ အကျိုးရှိနိုင်သော်လည်း ငွေအရင်းအနှီး ကုန်ကျစရိတ်ကို ချေးငွေဖြင့် ကျခံရမည်ဆိုလျှင် သူ့အတွက်အကျိုးထက် ချေးငွေအန္တရာယ်ပိုမိုဆိုးဝါးသွားနိုင်ခြင်းဖြစ်သည်။
တရုတ်-မွန်ဂိုလီယား-ရုရှား ဘီအာအိုင်စင်္ကြန်ကို ချိတ်ဆက်မည့် ရထားလမ်းစီမံကိန်းသည်လည်း လာအိုရထား လမ်းစီမံကိန်းကဲ့သို့ပင်ဖြစ်သည်။ တွက်ချက်မှုများအရ မွန်ဂိုလီယားနိုင်ငံထက် တရုတ်နှင့်ရုရှားနိုင်ငံတို့က အဓိ ကအကျိုးခံစားရမည်ဖြစ်သည်။ ထိုအတွက်ကြောင့် ဖေါက်လုပ်မည်ဆိုလျှင် ရထားလမ်းကုန်ကျစရိတ်ကို ထို၂နိုင် ငံက ကျခံသင့်သည်။


ရန်ကုန်မြို့သစ်စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတို့သည် ဖက်စပ်ကုမ္ပဏီများတည်ထောင်လုပ် ကိုင်မည်ဖြစ်သောကြောင့် မြန်မာအစိုးရဘက်မှ အဆိုပါဖက်စပ်ကုမ္ပဏီများ စီမံကိန်းအကောင်အထည်ဖေါ်ရန် တရုတ်ဘဏ်များမှ ချေးယူမည့် ချေးငွေများအတွက် ဖက်စပ်စီမံကိန်းများမှ မျှော်လင့်ထားသလို အကျိုးအမြတ် မရရှိ၍ ချေးငွေများပြန်လည်မဆပ်နိုင်ပါက အစိုးရအနေဖြင့် ထည့်ဝင်ထားသည့် အချိုးအစားအတိုင်း ပြန်လည် ပေးဆပ်ပါမည်ဟု အာမခံချက်မျိုး မပေးရန်အထူးအရေးကြီးသည်။ အခြားလည်း စီမံကိန်းတခုစီအတွက် အခွန် ကင်းလွတ်ခွင့်၊ အကောက်ခွန်ကင်းလွတ်ခွင့်အပါအဝင် မည်သို့သော အထူးအခွင့်အရေးများပေးအပ်ရန် ချုပ်ဆို မည့်စာချုပ်များတွင် တောင်းဆိုထားသည်ကို စနစ်တကျ စိစစ်ရန်လိုအပ်သည်။

နိဂုံး

ဘီအာအိုင်စီမံကိန်းများအားလုံးအတွက် အထူးအရေးကြီးသည်မှာ ပွင့်လင်းမြင်သာမှုဖြစ်သည်။ တရုတ်အစိုးရအ နေဖြင့်လည်း ဒုတိယအကြိမ် ဘီအာအိုင်ညီလာခံတွင် ဘီအာအိုင်စီမံကိန်းများကြောင့် အိမ်ရှင်နိုင်ငံများ ချေးငွေ ထောင်ချောက်တွင်း ကျဆင်းမှုမရှိစေရန်နှင့် စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရန် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုထားသည်။ ထိုအခါ တရုတ်အစိုးရအနေဖြင့် အပြောဖြင့်သာ မဟုတ်ဘဲ လက်တွေ့ ပွင့်လင်းမြင်သာမှုကိုပြသ၍ မြန်မာနိုင်ငံအပါအဝင် အခြားဒေသတွင်းနိုင်ငံများတွင် အကောင်အထည်ဖေါ်ဆောင်မည့် ဘီအာအိုင်စီမံကိန်းများနှင့်ပတ်သက်သည့် ချေးငွေဆိုင်ရာနှင့် အခြားစာချုပ် ပါ စီမံကိန်းအချက်အလက်များကို အများသိရှိအောင်ပြုလုပ်သင့်သည်။ ဦးစွာပထမ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်တို့ကို ချပြ၍ပူူးပေါင်းဆောင်ရွက်သင့်သည်။ ယင်းနိုင်ငံတကာ ဖွံ့ဖြိုးရေးဘဏ်များ၏ စံချိန်စံနှုန်းများကို လိုက်နာသင့်သည်။ အထူးရှောင်ရှားသင့်သည့်အချက်မှာတော့ အိမ်ရှင်နိုင်ငံမှ ပြည်သူများ အမှန်တကယ် လိုလားသည့် စီမံကိန်းမဟုတ်ဘဲ နိုင်ငံရေးခေါင်းဆောင် တဦးတယောက် အာဏာရှိစဉ် မိမိနိုင်ငံရေး အကျိုးအ မြတ်အတွက် လုပ်ဆောင်လိုသည့် စီမံကိန်းများကို အကောင်အထည်မဖေါ်ဆောင်မိစေရန်ဖြစ်သည်။ ထိုအတွက် ကြောင့်လည်း စီမံကိန်းများဖြင့်ပတ်သက်ပြီး အပေါ်ယံသက်သက်သာမဟုတ်ဘဲ အများပြည်သူဖြင့် ဆွေးနွေး တိုင်ပင်ခြင်း၊ အချက်အလက်များကို ချပြခြင်းကိုလုပ်ဆောင်သင့်သည်။
လက်ရှိမြင်းခြံသံမဏိစက်ရုံ ချေးငွေကိစ္စကိုလည်း ၂ဘက်အစိုးရညှိနှိုင်း၍ အခြားအလှူရှင်နိုင်ငံများကဲ့သို့ (ပါရီကလပ်အဖွဲ့ဝင်နိုင်ငံများ) ထိုချေးငွေကို ဖြေလျှော့ပေးခြင်း၊ လက်ရှိအတိုးနှုန်းထက် အထူးသက်သာသည့် အတိုးနှုန်း (concessional rate)ဖြင့် ပြန်လည်စာချုပ်ချုပ်ဆိုတောင်းခံခြင်း သို့တည်းမဟုတ် ပေးဆပ်ရန်မလို ဟုလျှော်ပေးခြင်းမျိုး ပြုလုပ်ပေးသင့်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မြန်မာပြည်သူများအနေဖြင့် တရုတ်နိုင်ငံ၏ သဘောထားကြီးမှု၊ စေတနာထားမှုကို လက်ခံယုံကြည်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အကောင်အထည်ဖေါ် ဆောင်မည့် ဘီအာအိုင်စီမံကိန်းများအပေါ် ပိုမိုယုံကြည်မှုရှိလာမည်။

ခိုင်ဝင်း
၂၀ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၀

https://burma.irrawaddy.com/opinion/viewpoint/2020/02/22/216103.html

Covid – 19 စီးပွားရေးမှာ တရုတ်ရင်းနှီးမြုပ်နှံမှုတွေ ဘယ်လို ပါဝင်နိုင်သလဲ

Sandhi Governance Institute ၏ အုပ်ချုပ်မှုဒါရိုက်တာ
ဆရာဦးခိုင်ဝင်း ရေးသားသော ဆောင်းပါးကို ၊
ဧရာဝတီသတင်းဌာန၏ ဖော်ပြချက် ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုရန်
ဆက်စပ်ဖော်ပြပေးပါသည်။

◾ ကိုဗစ်-၁၉ တုန့်ပြန်မှုများနှင့် အုပ်ချုပ်စီမံမှု


တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ် (သို့) ကိုဗစ်-၁၉ကူးစက်ရောဂါ ဖြစ်ပွားမှုသည် ယခုအခါတွင် ၄လကျော်၅လနီးပါး ရှိလာချိန်တွင် ကမ္ဘာပေါ်ရှိ အဆင့်ဆင့်သော အဖွဲ့အစည်းများ၊ အစိုးရများ၏ မူဝါဒဆိုင်ရာ တုန့်ပြန်မှုများနှင့် အုပ်ချုပ်စီမံမှု စွမ်းဆောင်ရည်တို့ကို လေ့လာသုံးသပ်လို့ရလာပြီဖြစ် သည်။ လေ့လာသုံးသပ်မှုများကိုလည်း ပညာရှင်များကပြုလုပ်လျက် စာတမ်းများဆောင်းပါးများ ရေးသားလျက် ရှိကြသည်။


ကိုဘစ်-၁၉ကူးစက်မှုကို တုန့်ပြန်မှုများနှင့် အုပ်ချုပ်စီမံမှု

၂၀၁၄ခုနှစ်က အနောက်အာဖရိကတိုက်နိုင်ငံများမှာ အီဘိုလာကူးစက်ရောဂါ ဖြစ်ပွားသည့်အချိန်က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်ထိရောက်ခဲ့သဖြင့် လူအသေအပျောက်များသည့် အီဘိုလာကူးစက်ရောဂါ ကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သဖြင့် ယခုလို ကမ္ဘာ့ကပ်ဘေး မကျရောက်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် သမ္မတ အိုဘားမားအစိုးရနှင့် ယင်း၏ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဋ္ဌာန (Center for Disease Control and Prevention)မှ ကူးစက်ရောဂါ ကပ်ဘေးနှိမ်နင်းရေး ကျွမ်းကျင်သူများကို ဖြစ်ပွားနေသည့် ဆီရီလီယောင်း၊ လိုက်ဘေးရီးယား အစရှိသည့်နိုင်ငံများကို စေလွှတ်ပြီး ယင်းနိုင်ငံအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အ တွက် အချိန်မီထိန်းချုပ်နိုင်ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO)ကလည်း ထိ ရောက်သည့် အကူအညီများ ပေးအပ်နိုင်ခဲ့သည်။


ကိုဗစ်-၁၉ကပ်ဘေး ဖြစ်ပွားချိန်မှာတော့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးလည်း နာမည်ပျက်ရတော့သည်။ ၂၀၁၉ခုနှစ် ဒီဇင်ဘာ၁၅ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးကူးစက်ခံရသူကို ဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့သည်။ ၂၀၂၀ခုနှစ် ဇန်နဝါရီလ၉ရက်နေ့တွင် ပထမဆုံး ကိုဗစ်-၁၉ ရောဂါဖြင့် အသက်၆၁နှစ်အရွယ်ရှိ လူတစ်ဦးသေဆုံးခဲ့သည်။ ဇန်နဝါရီလ၂၃ရက်နေ့တွင် ဝူဟန်မြို့ကို တရုတ်အစိုးရက ပိတ်ဆို့လော့ဒ်ဒေါင်း ပြုလုပ်ခဲ့သည်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် အချိန်မီ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးကို ထိရောက်သည့် အကြံဉာဏ်များ၊ တားဆီးကာကွယ်ရန် နည်းလမ်းများကို မပေးအပ်နိုင်။ နှာခေါင်းစည်းများကိုပင် ဝတ်ဆင်ခြင်းသည် ကာကွယ်ရန် ထိရောက်သည်ကို သေချာမပြောနိုင်။ တိုင်ဝမ်၊ကိုရီးယား အစရှိသည့်နိုင်ငံများသည် နှာခေါင်းစည်း(masks)များနိုင်ငံများတွင် လူအများ ဝတ်ဆင်ရန် တိုက်တွန်းခြင်း၊ ဖြန့်ဝေခြင်းများပြုလုပ်ခဲ့သည့်အတွက် ကူးစက်မှု သိသိသာသာ နည်းကြောင်းတွေ့ရသည်။ သမ္မ တထရန့်သည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးမထားဘဲ အထင်သေးသည့်ခေါင်းဆောင်မျိုး၊ unilateralism ကိုကျင့်သုံးသည့်ခေါင်းဆောင်ဖြစ်သည့်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် multi- lateral institutions များဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့သည် အင်အားချိနဲ့နေ၍လည်းဖြစ်သည်။ သမ္မတ အိုဘားမားလက်ထက် အီဘိုလာကပ်ဘေးကို ထိရောက်စွာ ထိန်းချုပ်နိုင်သလို မထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံမှခေါင်းဆောင်၏ ဦးဆောင်မှုသည် နိုင်ငံတကာအဆင့် ကမ္ဘာလုံးဆိုင်ရာအဆင့် တွင်မတွေ့ရသလို၊ မိမိနိုင်ငံအတွက်ပင် ဆိုးရွားစွာခေါင်းဆောင်မှုပြုနေသည်၊ အုပ်ချုပ်စီမံမှုပြုနေသည်ကို မြင် တွေ့နေရသည်။


ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို လေ့လာကြည့်လျှင်လည်း ဥရောပသမဂ္ဂ (အီးယူ)၏ ကိုဗစ်-၁၉ကပ်ဘေး တုန့်ပြန်မှုသည် အောင်မှတ်မရဟုဆိုရမည်။ အီတလီနိုင်ငံတွင် ကူးစက်မှုများပြားပြီး ဆေးရုံများ၊ဆရာဝန်များ၊ ဆေးဝါးပစ္စည်း လုံလောက်မှုမရှိ မနိုင်မနင်းဖြစ်နေချိန်တွင် ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းကူညီ ပေးခြင်းမရှိဘဲ၊ နယ်စပ်များကိုပင် ပိတ်ပင်ပစ်ခဲ့သည်။ အီတလီနိုင်ငံ လိုအပ်နေသည့် ဆေးနှင့်ဆေးပစ္စည်းများ ထောက်ပံ့ကူညီမှုမရှိခဲ့သည်ကို တွေ့ရသည်။ အလားတူ စပိန်၊ဗြိတိန်တို့ကိုလည်း ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံ များမှ ပံ့ပိုးကူညီမှုများ မရှိသလောက်ဖြစ်ခဲ့သည်။ တရုတ်အစိုးရကပင် အီတလီနိုင်ငံကို ဆေးဝါးပစ္စည်းနှင့် ကျွမ်း ကျင်ပညာရှင်များ စေလွှတ်ခဲ့သည်။ ဥရောပသမဂ္ဂ၏ အပြန်အလှန် ရိုင်းပင်းကူညီမှု၊ အတူတကွဆိုသည့် စိတ်ဓါတ်များကို ကိုဗစ်-၁၉ကပ်ဘေး ကူးစက်မှုကို အသည်းအသန် ထိန်းချုပ်နေရသည့် နိုင်ငံများတွင် မတွေ့ရ သလိုဖြစ်နေသည်။ ကိုယ်ဖြစ်ကိုယ်ခံဆိုသည့်ပုံစံ ဖြစ်နေခဲ့သည်။ ဗြိတိန်ပင်မဟုတ်ဘဲ အီတလီပါ ဥရောပသမဂ္ဂမှ ထွက်ခွာနိုင်သည့် အခြေအနေ မြင်တွေ့နေရသည်။


နိုင်ငံတစ်နိုင်ငံစီ၏ တုန့်ပြန်မှုများကို လေ့လာကြည့်သည့်အခါတွင်လည်း အာဏာရှင် တရုတ်အစိုးရ၏ အုပ်ချုပ်စီ မံမှု တုန့်ပြန်မှုက အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံများထက် ပိုကောင်းသည်ဟုလည်းမဆိုနိုင်။ ချီးမွန်းသူ များကတော့ ချီးမွန်းနေကြသော်လည်း ပြည်နယ်နှင့်ဝူဟန်မြို့တော်အုပ်ချုပ်ရေးအဖွဲ့တို့၏ အမှန်ကိုကွယ်ဝှက် ထားခဲ့ခြင်းသည် တရုတ်နိုင်ငံသာမက တကမ္ဘာလုံးကို ဒုက္ခတွေ့စေခဲ့သည်။ Hong Kong Science & Techno- logy University, Department of Public Policy မှပါမောက္ခ Donald Low ကသူ၏ဖေ့စ်ဘွတ်စာမျက်နှာ၌ ယခု လိုမှတ်ချက်ပေးခဲ့သည်။


“တရုတ်နိုင်ငံ ဒေသန္တရအုပ်ချုပ်ရေးနှင့် ဗြူရိုကရေစီယန္တရားသည် ကြီးမားသည့် ပြသနာ (Crisis)ကို ဖြေရှင်းရန် အတွက် အလေ့အကျင့်မရှိခဲ့သဖြင့် ကြီးမားသည့် ပြသနာအကျပ်အတည်းနှင့်ရင်ဆိုင်နေရချိန်မှာလည်း နဂိုမူလ လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆက်လက်လုပ်ဆောင်နေတတ်သည်ဟုဆိုသည်။ အထက်လူကြီးမသိအောင် ဖုံးဖိတတ်သည့် အကျင့်များ၊ မကောင်းသတင်းဆိုလျှင် ကွယ်ဝှက်တတ်သည့် အကျင့်များ အရိုးစွဲနေပြီး ပြသနာ ၏ အတိမ်အနက်ကို မသုံးသပ်နိုင်ခြင်းသည် အာဏာရှင်စနစ်အောက် ဗြူရိုကရေစီ၏ ပုံမှန်လုပ်ထုံးလုပ်နည်းလို ဖြစ်နေသည်ဟုဆိုသည်”။


တရုတ်ဗဟိုအစိုးရသည် ရက်သတ္တပတ်၅ပတ်ခန့် အချိန်လွန်ပြီး ဝူဟန်မြို့တွင် အခြေအနေ အတော်ဆိုးနေချိန်မှ ထိရောက်ပြတ်သားသည့် ဆုံးဖြတ်ချက်များချမှတ်ပြီး ဝူဟန်မြို့ကို လုံးဝပိတ်ဆို့ လော့ဒ်ဒေါင်းလုပ်ပြီး အခြားမြို့ ကြီးများစွာကိုလည်း အသွားအလာများ၊ ကန့်သတ်မှုများပြုလုပ်ခဲ့သည်။ စက်ရုံအလုပ်ရုံ၊ကျောင်းများ၊ဈေးများ၊ ကုန်တိုက်များအပါအဝင် လူစည်းကားသည့်နေရာများကို ပိတ်ပင်ခဲ့သည့်အတွက် ကိုဗစ်-၁၉ကူးစက်မှုကို ကူးစက်ခံရသူပေါင်း ၈သောင်းကျော် သေဆုံးသူဦးရေ ၄ထောင်ကျော် (တရုတ်အစိုးရ၏ ထုတ်ပြန်ချက်အရ)ဖြင့် ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ အာဏာရှင်စနစ်ကြောင့် သတင်းအမှောင်ချမှုများဖြစ်ပွားပြီး တကမ္ဘာလုံး ကပ်ဘေးဖြင့်ယခုထက်တိုင် ရင်ဆိုင်နေရသည်။ တရုတ်အစိုးရသည် အခြားနိုင်ငံများ အချိန်ရရန် သူ့နိုင်ငံကို အနာခံပိတ်ဆို့ပေးသည်ဟု အမှတ်ယူနေသော်လည်း ချီးမွန်းထော်ပနာပြုမှုများရှိနေသော်လည်း ယင်းအနေဖြင့် တာဝန်ခံမှုရှိရန်၊ ကပ်ဘေးနောက်တစ်ကြိမ်ဖြစ်ပွားခဲ့ပါက အချိန်မီ နိုင်ငံတကာကို အသိပေးရန် စနစ်များထူထောင်ပါမည်ဟု ကတိပြုရမည်ဖြစ်သည်။ ၂၀၀၃ခုနှစ် SARS ရောဂါဖြစ်ပွားစဉ်ကလည်း ဘေးဂျင်းမြို့ မြို့တော်ဝန်နှင့်အဖွဲ့သည် သတင်းအမှောင်ချမှုများ၊ဖုံးဖိမှုများရှိခဲ့၍ ဒေသတွင်း တိုင်ဝမ်၊ဟောင်ကောင်၊စင်ကာပူ တို့တွင် ကူးစက်မှုများဖြစ်ပွားခဲ့ရသည်။ ယခုအချိန်သည် ဒုတိယအကြိမ်ဖြစ်သည်။ ထိုအတွက်ကြောင့် တရုတ် အစိုးရအနေဖြင့် နိုင်ငံတကာအလည်တွင် တာဝန်သိသည့် ဇာတ်ကောင်တစ်ဦး (responsible stakeholder) အဖြင့်ပြသရန် လိုအပ်နေပြီဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည်လည်း ယခုကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ဘေး နောက်တစ်ကြိမ် မကြုံတွေ့ရအောင်၊ ဖြစ်ပွားနေသည်ဟု သိရလျှင် အချိန်မီ စုံစမ်းဖေါ်ထုတ်၍ လိုအပ်သည့် သတင်းအချက်အလက်ပေးခြင်း၊ အကူအညီပေးခြင်းစနစ်များကို ယခု ကတည်းက တည်ဆောက်ထားရန်လိုအပ်နေသည်။


တရုတ်ပြည်ဖြစ်ပွားနေသည့်အချိန်ထက် ၂လခန့်နောက်ကျ ရောက်ရှိလာသည့် ကိုဗစ်-၁၉ကူးစက်မှုကို တုန့်ပြန် ရာမှာတော့ ဒီမိုကရေစီနိုင်ငံများသည် အတော်နာမည်ပျက်ကြသည်။ ယင်းတို့၏ အုပ်ချုပ်စီမံမှု အတော်ညံ့ဖျင်း ကြောင်း ပြသနေသလိုဖြစ်နေသည်။ သို့သော် သေချာလေ့လာကြည့်လျှင် ဒီမိုကရေစီနိုင်ငံများတွင်လည်း လူပြိန်းကြိုက်နိုင်ငံရေးသမားများ (populists) ဦးဆောင်နေသည့် အမေရိကန်၊အီတလီ၊ဗြိတိန်တို့က အဆိုးဆုံး ဖြစ်နေသည်။ ကျန်းမာရေးပညာ၊ပညာရှင်နှင့် သတင်းအချက်အလက်များကို ဂရုမပြု၊ နိုင်ငံသားများ၏ အကျိုးကို မကြည့် မိမိကိုယ်ကျိုးသာကြည့်သည့် သမ္မတထရန့်လို ပုဂ္ဂိုလ်မျိုးကြောင့် အမေရိကန်နိုင်ငံတွင် မဖြစ်သင့်ဘဲ လူအများသေကြေ ဝေဒနာခံစားကြရသည်။ ဗြိတိန်လည်း ထိုနည်းတူဖြစ်သည်။သို့သော် ဒီမိုကရေစီ အခြေခိုင်ပြီးဖြစ်သည့် အမေရိကန်၊ဗြိတိန်တို့၏ အားသာချက်မှာတော့ အုပ်ချုပ်ရေးအာဏာ ကိုင်ထားသည့် သမ္မတ၊ဝန်ကြီးချုပ်နှင့် ယင်းတို့၏အစိုးရများ လုပ်ချင်သလို လုပ်၍မရခြင်းဖြစ်သည်။ ဖယ်ဒရယ် ဒီမိုကရေစီ အမေရိကန်နိုင်ငံတွင် သမ္မတထရန့်ကဲ့သို့ ထင်ရာစိုင်းများရှိသလို၊ အင်မတန်ဆိုးဝါးသည့် အခြေအနေ၌ အုပ်ချုပ်စီမံမှု စွမ်းဆောင်ရည်ကို အကောင်းဆုံးပြသနိုင်သည့် နယူးယောက်ပြည်နယ် အုပ်ချုပ်ရေး မှူး Andrew Cuomo လိုစံနမူနာယူစရာ ပုဂ္ဂိုလ်များလည်းရှိနေသည်။ ဖယ်ဒရယ်စနစ်ဖြင့်သဖြင့် သမ္မတထရန့် ထင်ရာစိုင်းချင်တိုင်းစိုင်းလို့မရ၊ Andrew Cuomoက မိမိပြည်နယ်သားများ၏ ကျန်းမာရေးလုံခြုံမှုအတွက် တိကျ ပြတ်သားစွာ ဆုံးဖြတ်ချက်များ၊ အရေးယူဆောင်ရွက်ချက်များသည် အံ့မခန်းဖြစ်သည်။ စာရေးသူသည် သူ၏ အချက်အလက်နှင့်တကွ တိတိကျကျ ပြတ်သားစွာ ရှင်းလင်းသည့် နေ့စဉ်သတင်းစာ ရှင်းလင်းပွဲများကို နေ့စဉ်လို ကြည့်မိနားထောင်ဖြစ်ခဲ့သည်။ မူဝါဒဆိုင်ရာ လေ့လာကျင့်သုံးနေသူများအတွက် သူ၏ပြသနာကို ကိုင်တွယ်ဖြေ ရှင်းနေပုံသည် လေ့လာသင်ယူစရာလိုဖြစ်သည်။ အလားတူ ဒီမိုကရေစီနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ တိုင်ဝမ်၊ဟောင်ကောင်တို့၏ ကိုဗစ်-၁၉ထိန်းချုပ်မှုများသည် အမှန်တကယ် ချီးကျူးစရာဖြစ်သည်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးသည် တိုင်ဝမ်အစိုးရထံမှ အကြံဉာဏ်များ မယူခဲ့သဖြင့် ယခုလို အပြစ်တင်ဝေဖန်ခြင်း ခံရသလို တကမ္ဘာလုံးအတွက် နစ်နာခဲ့ရသည်။ ယင်းနိုင်ငံများသည် လော့ဒ်ဒေါင်းလည်းမလုပ် (တောင်ကိုရီးယားပင် တနိုင်ငံလုံးမလုပ်)ဘဲ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်။ အရှေ့အာရှနိုင်ငံများသည် SARS အတွေ့အကြုံရှိခဲ့ ၍ ထိုသို့ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ အမေရိကန်နှင့် ဥရောပတိုက်နိုင်ငံများကတော့ ကပ်ဘေးအန္တရာယ် မကြုံတွေ့ရသည်မှာ ရာစုနှစ်တစ်ခုလောက် ရှိနေပြီဖြစ်သောကြောင့် ကိုဗစ်-၁၉ အန္တရာယ်ကို လျှော့တွက်ခဲ့ခြင်း ဟုအချို့ပညာရှင်များကလည်း သုံးသပ်ကြသည်။ လူဦးရေအရလည်း သက်ကြီးရွယ်အိုများသည့် နိုင်ငံများဖြစ် နေသောကြောင့် အသေအပျောက်များရခြင်းဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။


မိမိတို့ အာဆီယံဒေသတွင်း နိုင်ငံများကတော့ ကိုဗစ်-၁၉ကူးစက်မှုကို တုန့်ပြန်ရာမှာ အောင်မှတ်ကျော်သည်ဟု ဆိုရမည်။ ပူပြင်းသည့်ရာသီဥတုကြောင့်လည်း ဖြစ်နိုင်သလို၊ အစိုးရများ၏ထိန်းချုပ်နိုင်မှု စွမ်းဆောင်ရည် မဆိုး သောကြောင့်လည်းဖြစ်မည်။ စင်ကာပူနိုင်ငံသာ ချီးကျူးခံရပြီးမှ ယခုအခါ ကူးစက်မှုသောင်းကျော်သွားသဖြင့် ဝေဖန်ခံနေရသည်။ စင်ကာပူ၏ အဓိကအမှား၂ခုသည် နှာခေါင်းစည်းဝတ်ဆင်ခြင်းကို အားမပေးခဲ့ခြင်းနှင့် tracing and quarantine ထိတွေ့ခဲ့သူကိုရှာဖွေဖေါ်ထုတ်ခြင်းနှင့် သီးခြားကန့်သတ်ထားမှုများမှာ အားနည်းချက် များရှိခြင်းကြောင့်ဟု သုံးသပ်ကြသည်။ ဘင်္ဂလားဒေ့ရှ်၊မြန်မာအစရှိသည့်နိုင်ငံများမှ ရွေ့ပြောင်းအလုပ်သမားများ ကို လူသားမဆန်စွာ ဆက်ဆံမှုများကြောင့် (အဆောင်များတွင် လူများပြည့်ကျပ်နေထိုင်စေခြင်း)ဟုလည်း ေ၀ ဖန်ခံနေရသည်။ အိမ်နီးခြင်း အိန္ဒိယ၏ ဖရိုဖရဲ ပြည်တွင်းရွေ့ပြောင်းသမားများ နေရပ်ပြန်ရေးကို အလေးမထား သည့် လော့ဒ်ဒေါင်းသည်လည်း အဝေဖန်ခံခဲ့ရသည်။

စီးပွားပျက်ကပ်ဘေးကို တုန့်ပြန်မှုနှင့် အုပ်ချုပ်စီမံမှု


ကိုဗစ်-၁၉သည် ရောဂါကန္တရကပ်တင်ဖြစ်ပေါ်စေသည်မဟုတ်၊ စီးပွားပျက်ကပ်ကိုပါဖြစ်စေနိုင်သည်ဟု သုံးသပ် ကြသည်။ လက်ရှိအချိန်မှာပင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကြီးက ၂၀၂၀ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုကို အနှုတ်-၃သတ်မှတ်လိုက်ပြီဖြစ်သည်။ အမေရိကန်နိုင်ငံတွင်ဆိုလျှင် အလုပ်လက်မဲ့ ၂၆သန်းရှိသွားပြီ ဟုသိရသည်။


ယခုအကြိမ် ကြုံတွေ့ရမည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု (global recession)သည် ၂၀၀၈ခုနှစ်ကထက် ပိုမိုဆိုးဝါးမည်ဖြစ်သလို၊ ၁၉၃၀ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ် (global depression)လိုပင် ကမ္ဘာလုံး ဆိုင်ရာ စီးပွားကျဆင်းမှုသည် အချိန်ကြာမြင့်နိုင်သလို ကျဆင်းမှုသည်လည်း ပြင်းထန်နိုင်သည်ဟု ပညာရှင်များ ကသုံးသပ်နေကြသည်။ ကိုဗစ်-၁၉ကြောင့်ဖြစ်ပေါ်လာနေသည့် စီးပွားရေးကျဆင်းမှုသည် ကုန်ထုတ်လုပ်ငန်း များ၏ ဗဟိုချက်များမှ ထုတ်လုပ်မှုများပြတ်တောက်ခြင်း (supply shock)ကိုဖြစ်ပေါ်စေသလို၊ စားသုံးသူများ စီးပွားရေးလုပ်ငန်းများ၏ သုံးစွဲမှုများလျှော့ချနေခြင်းကြောင့် ဝယ်လိုအားများလျှော့နည်းလာခြင်း (demand shock)ကိုလည်းဖြစ်စေသည်။ ယခုတခါ ကျဆင်းမှုသည် ၂၀၀၈ခုနှစ်ကကဲ့သို့ ငွေရေးကြေးရေးကဏ္ဍတွင် ဖြစ် ပေါ်ခြင်းမဟုတ်ဘဲ real economy ဟုခေါ်သည့် အမှန်တကယ် ထုတ်လုပ်၊သယ်ပို့၊ ရောင်းဝယ်ဖေါက်ကားနေ သည့်ဈေးကွက်များအတွင်း ဖြစ်ပေါ်ခြင်းကြောင့် နိုင်ငံတကာအသိုက်အဝန်း၏ ပူးပေါင်းဖြေရှင်းခြင်းမရှိပါက အလွန်ဆိုးဝါးသွားနိုင်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။


ထိုအခြေအနေတွင် ဂျီ၂၀အုပ်စုဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းများအား နိုင် ငံတကာတွင် ကျော်ကြားထင်ရှားသည့် စီးပွားရေးပညာရှင်များ (အခြားပညာရှင်များလည်းပါ)က သုတေသန စာတမ်းများ၊ ဆောင်းပါးများ အများအပြား ရေးသားထုတ်ဝေပြီး ကိုဗစ်-၁၉ကပ်ဘေးနှင့် ကျရောက်လာနေသည့် စီးပွားရေးကျဆင်းမှု (recession)ဘေးတို့ကို အထိရောက်ဆုံး တုန့်ပြန်ရန် ဝိုင်းဝန်းတိုက်တွန်းကြသည်။ ဂျီ-၂၀ အုပ်စုဆိုသည်မှာ ၁၉၉၇ခုနှစ် အာရှတိုက်တွင်ဖြစ်ပေါ်ခဲ့သည့် ဘဏ္ဍာငွေကြေးအကျပ်အတည်း (Asian Financial Crisis) အားထိရောက်စွာ တုန့်ပြန်နိုင်ရန် ဘဏ္ဍာရေးဝန်ကြီးများဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံထိပ်သီးခေါင်းဆောင်များလည်း ဦးဆောင်လာခဲ့သည့် အဖွဲ့အစည်းကြီးဖြစ်သည်။ ဂျီ-၂၀ (G-20)အဖွဲ့ဝင်နိုင် ငံအားလုံး၏ ဂျီဒီပီသည် တကမ္ဘာလုံး ဂျီဒီပီ၏ ၉၀ရာခိုင်နှုန်းရှိသဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု သည် အင်မတန် အရေးကြီးသည်။ ဂျီ၂၀လိုပင် ဖွံ့ဖြိုးပြီး အနောက်အုပ်စုဝင် နိုင်ငံ၇နိုင်ငံဖြစ်ဖွဲ့စည်းထားသည့် ဂျီ-၇အုပ်စုသည်လည်း စီးပွားရေးကျဆင်းမှုကို တုန့်ပြန်ရာမှာ အရေးပါသည့် အဖွဲ့အစည်းဖြစ်သည်။ ဥရောပတိုက် တွင်တော့ မည်သို့ပင်ဆိုစေကာမူ အင်အားကြီးပြီး ချမ်းသာသည့်နိုင်ငံများပါဝင်သည့် ဥရောပသမဂ္ဂလည်း ရှိနေ သည်။


ယခုအခါမှာတော့ ဂျီ-၂၀အုပ်စုဝင်နိုင်ငံများ၊ ဂျီ-၇အုပ်စုဝင်နိုင်ငံများနှင့် ဥရောပသမဂ္ဂအားလုံးတို့သည် စီးပွားရေး ပညာရှင် Richard Baldwinနှင့် Beatrice Weder Di Mauro တို့တည်းဖြတ်ပြီး မကြာခင်က ထုတ်ဝေခဲ့သည့် “Mitigating the COVID Economic Crisis: Act Fast and Do Whatever It Takes” စာအုပ်ခေါင်းစဉ်လိုပင် ကိုဗစ်-၁၉ကူးစက်မှုကပ်ဘေးနှင့် ယင်းကြောင့်ဖြစ်ပေါ်လာသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု (global recession)ကို မြန်ဆန်စွာနှင့် ထိရောက်စွာ တုန့်ပြန်ရန် သဘောတူညီလာသည်ကိုတွေ့ရသည်။ ထို့ပြင် တုန့်ပြန် ရန်အတွက် အရင်းအမြစ်များ မည်မျှပင်လိုအပ်စေကာမူ ထိုအရင်းအမြစ်များကို ရသည့်နည်းဖြင့်ရှာဖွေပြီး သုံးစွဲ သွားရန်လည်း သဘောတူညီခဲ့သည်။
ထိုသဘောတူညီချက်များတွင် ပထမဆုံး ကိုဗစ်-၁၉ကပ်ဘေးကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် ကျန်းမာရေးစနစ် ကိုမြှင့်တင်မည့် အစီအစဉ်များဖြစ်သည် ။ တချိန်တည်းမှာပင် လော့ဒ်ဒေါင်းကဲ့သို့သော ကိုဗစ်-၁၉ ထိန်းချုပ်ရေး အစီအစဉ်များ ပြုလုပ်ရခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုများကို အကောင်းဆုံး တုန့်ပြန်သည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ဥပမာ အလုပ်များရပ်ထားရသဖြင့် လစာမပေးနိုင် သည့်ကုမ္ပဏီများ၏ ဝန်ထမ်းများအား အစိုးရများမှ လစာပေးထားခြင်း၊ အိမ်ထောင်စုများသို့ ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ ချေးငွေများ လုပ်ငန်းလည်ပတ်ရန် ငွေလိုနေသည့် ကုမ္ပဏီများ စီးပွားရေးလုပ်ငန်းများကို ထုတ် ပေးခြင်းတို့ဖြစ်သည်။ ရေရှည်တွင်လည်း ဥတုရာသီပြောင်းလဲမှု၊ ကမ္ဘာကြီးပူနွေးမှုတို့ကို ဝိုင်းဝန်းဖြေရှင်းသွား ရန်လည်း ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။


နိုင်ငံတိုင်းသည် မိမိနိုင်ငံအတွင်း ကိုဗစ်-၁၉ကပ်ဘေးနှင့် စီးပွားရေးကျဆင်းမှုကို အစီအစဉ်များ Stimulus Package များချမှတ်ဆောင်ရွက်လျက်ရှိသည်။ အမေရိကန်၊ တရုတ်၊ဂျပန်တို့၏ အစီအစဉ်များသည် အမေရိကန် ဒေါ်လာ ထွီလီယံပမာဏရှိကြသည်။ အီးယူ၏ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုဗစ်-၁၉ကြောင့် အထိခိုက်ဆုံး နှင့် အလိုအပ်ဆုံး အီတလီ၊ပေါ်တူဂီ၊စပိန်နိုင်ငံများကို ထောက်ပံ့မည့် အစီအစဉ်များမှာလည်း ပမာဏ ထွီလီယံ ရှိမည်။ အီးယူဗဟိုဘဏ်မှ အတိုးနှုန်းများလျှော့ချခဲ့သည်မှာလည်း ကိုဗစ်မတိုင်မီကပင်ဖြစ်ပြီး ယခုအခါမှာလည်း အဖွဲ့ဝင်နိုင်ငံအစိုးရများ ထုတ်ရောင်းသည့် ငွေတိုက်စာချုပ်များ၊ လက်မှတ်များကို ဝယ်ယူမည်ဖြစ်သည်။ ဗဟိုဘဏ်များ၏ ငွေကြေးဆိုင်ရာမူဝါဒ (monetary policy)တစ်ခုတည်းကို အသုံးပြုမည်မဟုတ်ဘဲ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒကိရိယာများ (Fiscal Policy Tools)ဖြစ်သည့် လူမှုဖူလုံရေး အထောက်အပံ့များ၊ အခွန်လျှော့ပေါ့ ခြင်းအစရှိသည့် မူဝါဒဆိုင်ရာ ကိရိယာများအားလုံးကို အသုံးချသွားမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံစီ၏ အမျိုးသား မူဝါဒများ (National Policies)သည် အခြားနိုင်ငံများကို မထိခိုက်စေရန် ဂျီ-၂၀၊ဂျီ-၇နှင့် အီးယူနိုင်ငံများ အချင်း ချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဟု ကတိပြုထားကြသည်။ နိုင်ငံတစ်နိုင်ငံခြင်းစီ၏ အမျိုးသားမူဝါဒများ သည် ကမ္ဘာလုံးဆိုင်ရာ မူဝါဒများ၊ ပန်းတိုင်များဖြင့်လည်း ကိုက်ညီရမည်ဖြစ်သည်။
တဖန် ယခုအကြိမ် ကိုဗစ်-၁၉နှင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကို တုန့်ပြန်ရာတွင် ထူးခြားသည့်အချက်မှာတော့ ဖွံ့ဖြိုးဆဲ ဆင်းရဲသည့်နိုင်ငံများကို ထည့်သွင်းစဉ်းစားခြင်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကိုဗစ်-၁၉နှင့် စီးပွားရေး ကျဆင်းမှုကို တုန့်ပြန်နိုင်သည့် အင်အားမရှိကြောင်း ကမ္ဘာ့အင်အားကြီးနိုင်ငံများ နားလည်သဘောပေါက်ကြ သည်။ တချိန်တည်းမှာ မိမိတို့နိုင်ငံများတွင်သာ ကိုဗစ်-၁၉ကို ထိန်းချုပ်နိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆက်လက် ဖြစ်ပွားနေပါက ယင်းတို့၏နိုင်ငံများတွင်လည်း ပြန်လည်ဖြစ်ပွားနိုင်သည်ကို သိရှိထားသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အား နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းများ (အထူးသဖြင့် ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်)မှတဆင့် ကြီးမားသည့် ကျန်းမာရေးနှင့် အခြားပြန်လည်ထူထောင်ရေး အကူအညီများပေးအပ်သွားမည်ဖြစ်သည်။


ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ပေးအပ်မည့် အကူအညီများတွင် ထူးခြားသည့် အစီအစဉ်မှာတော့ ချေးငွေများ ဆိုင်းငံ့ ရန်နှင့် အပြီးပယ်ဖျက်ရန်တို့ဖြစ်သည်။ ချေးငွေထုတ်ပေးထားသည့် ပါရီကလပ်အဖွဲ့ဝင် နိုင်ငံများမှအစိုးရများ၊ ပါရီကလပ်အဖွဲ့ဝင် နိုင်ငံမဟုတ်သည့် တရုတ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကြွေးရှင်များကို ၎င်းတို့ကို ဖွံ့ဖြိုးဆဲနိုင်ငံများ မှပေးဆပ်ရန် ရှိနေသည့်ချေးငွေများကို ယခုနှစ်တွင် ဆိုင်းငံ့ထားရန်နှင့် ကြွေးလျှော်ရန် တိုက်တွန်းတောင်းဆို နေကြသည်။ ၂နိုင်ငံအစိုးရချင်း ချေးယူထားသည့် ချေးငွေများမှာ ဆိုင်းငံ့ရန် သေချာပြီး ပုဂ္ဂလိကကြွေးရှင်များကို လည်း ဆိုင်းငံ့နှင့် ချေးငွေများရှော်ပစ်ရန် (debt relief)တိုက်တွန်းလျက်ရှိသည်။ မဟုတ်လျှင် ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် ယခုပင် ကိုဗစ်-၁၉ကြောင့် ၎င်းတို့ချေးယူထားသည့် ချေးငွေများနှင့် အတိုးတို့ကို ပေးစရာငွေမရှိဖြစ်နေပြီး ထိုအခြေအနေတွင် ကမ္ဘာ့ဘဏ်၊အိုင်အမ်အက်ဖ်တို့မှ ကိုဗစ်-၁၉အတွက် ထုတ်ပေးသည့်ချေးငွေများ ကိုဗစ်-၁၉ တိုက်ဖျက်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် မသုံးစွဲရဘဲ ယခင်ချေးငွေများကို တိုးရင်းပေါင်းဆပ်နေရမည် ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ နိုင်ငံတကာပညာရှင်များ၊ အဖွဲ့အစည်းများမှ ချေးငွေများဆိုင်းငံ့ရန်နှင့် ရှော်ပစ်ရန် တိုက်တွန်းနေခြင်းဖြစ်သည်။


◾ နိဂုံး


အထက်ဖေါ်ပြပါ အချက်များကိုလေ့လာကြည့်လျှင် နိုင်ငံတကာ၊ဒေသတွင်းနှင့် အမေရိကန်၊ဥရောပ၊တရုတ်နှင့် အခြားနိုင်ငံအတော်များများသည် ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ရန် မူဝါဒဆိုင်ရာ တုန့်ပြန်မှုများတွင် များစွာ အားနည်းချက်များရှိနေကြောင်း၊ အုပ်ချုပ်စီမံမှု စွမ်းဆောင်ရည် အားနည်းကြောင်းတွေရသည်။


သို့သော်လည်း ချမ်းသာသည့် အနောက်အုပ်စုနိုင်ငံများဖြင့်ဖွဲ့စည်းထားသည့် ဂျီ-၇၊ အခြားအနောက်အုပ်စုတင် မကဘဲ တရုတ်၊ရုရှား၊ဘရာဇီးလ်၊အိန္ဒိယတို့ပါဝင်သည့် ဂျီ-၂၀နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနေသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုကို တုန့်ပြန်ရာတွင်တော့ ပူးပေါင်းဆောင်ရွက် မှုများ အားကောင်းသလို၊ တနိုင်ငံခြင်းစီ၏ အစီအစဉ်များသည်လည်း မြန်ဆန်ပြီး ထိရောက်မှုရှိနိုင်သည်ဟု ယူဆရသည်။ ထို့ပြင် ဖွံ့ဖြိုးဆဲ ဆင်းရဲသည့်နိုင်ငံများအတွက်လည်း ထည့်သွင်းစဉ်းစားပြီး နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီများမှတဆင့် ပေးအပ်သွားနေပြီဖြစ်သည်။ထို့အတွက်ကြောင့် ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ကိုဗစ်-၁၉ အလွန်မှာလည်း ဆက်လက်ထိန်းသိမ်းထားနိုင်လျှင် ပိုမိုကောင်းမွန်သည့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်စီမံမှု (global governance)မှသည် ပိုမိုကောင်းမွန်သည့် စိမ်းလမ်းသည့် သန့်ရှင်းသည့် မျှတမှုရှိသည့် ကမ္ဘာကြီးဖြစ် ပေါ်လာနိုင်ကြောင်း တင်ပြလိုက်ရပါသည်။


ခိုင်ဝင်း

၂၈ ၊ ဧပြီ ၊ ၂၀၂၀


PDF Download Link :

http://www.mediafire.com/file/98lianoo6yhd1kr/Covid_19_and_Governance_by_Khine_Win.pdf/file?fbclid=IwAR0sqtjxm2vtel0yvAiXSZ67doezz4pHKsHkxUtLq9G2d235tL6LOZkvsg8

◾ ကိုဗစ်-၁၉နှင့် သက်ကြီးရွယ်အို


ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကူးစက်မှုမှာ အန္တရာယ်အရှိဆုံး အသက်အုပ်စုကတော့ ၆၀နှစ်အထက် အသက် အုပ်စုဖြစ်ပါသည်။ လက်ရှိတရုတ်နိုင်ငံ၊ အီတလီ၊စပိန်နှင့်အမေရိကန်နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကူးစက်မှု များမှတွေ့ရှိချက်အရ ကူးစက်ခံရသူစုစုပေါင်း၏ ၈၀ရာခိုင်နှုန်းသည် လက္ခဏာအပျော့စားများသာပြမည်ဖြစ်၍ အများဆုံး basic clinical care နားနားနေနေ၊ ပါရာစီတမောလောက်သောက်ရန်သာ လိုမည်ဟုဆိုသည်။ ကျန် ၂၀ရာခိုင်နှုန်းမှ ၁၅ရာခိုင်နှုန်းသည် အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူပြီး အောက်ဆီဂျင်ရှုရန်လိုအပ်မည်။ ကျန်၅ရာခိုင်နှုန်းကတော့ နည်းပညာအဆင့်မြင့်၍ ကျွမ်းကျင်ဆရာဝန်များလိုအပ်သည့် အသက်ရှုစက် (ventilators)တပ်ဆင်ရန်လိုအပ်ပြီး အထူးကြပ်မတ်ဆောင်တွင် အထူးကြပ်မတ်ကုသပေးရန် လိုအပ်မည် (https://www.cgdev.org/…/strengthening-basics-approaches-cov…)


ကိန်းဂဏန်းများကပြောသည့် ကိုဗစ်-၁၉ အန္တရာယ်အများဆုံးအုပ်စု




ထိုကိန်းဂဏန်းများကို လေ့လာခြင်းအားဖြင့် အသက်အရွယ်ကြီးသူများသည် ကိုဗစ်-၁၉ကူးစက်ခံရလျှင် အသက်အန္တရာယ် အရှိဆုံးသူများဖြစ်ကြောင်းကို တွေ့နိုင်သည်။ ထို့အတွက်ကြောင့် သက်ကြီးရွယ်အိုများသည့် အီတလီနိုင်ငံ(လူဦးရေ၏ ၂၃%)တွင် ကိုဗစ်-၁၉ကူးစက်မှုကြောင့် အဘိုးအဖွားများ အများအပြားသေဆုံးကြခြင်း ဖြစ်သည်။ ဖွံ့ဖြိုးပြီး ချမ်းသာသည့်နိုင်ငံများတွင် သက်ကြီးရွယ်အိုများပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်တော့ အကြမ်းအား ဖြင့် လူငယ်လူရွယ်များကြသည်။ မြန်မာနိုင်ငံမှာဆိုလျှင် ၆၅နှစ်အထက် အသက်အုပ်စုဝင် ၃သန်းခန့်သာရှိသည်။ ၆၀နှစ်အထက်က ၄.၅သန်းခန့်ရှိသည်ဟုသိရသည်။ လူဦးရေ၏ ၅-၆ရာခိုင်နှုန်းကျော်သာရှိသည်။


ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကိုဗစ်-၁၉ကူးစက်မှုကြောင့် သေဆုံးမည့်ရာခိုင်နှုန်း နည်းမည်ဟု ပညာရှင်များက သုံးသပ်ကြသည်။ သို့သော် ပြသနာမှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သက်ကြီးရွယ်အိုများ သည် မိမိဘာသာ သီးသန့်နေထိုင်သည်ကများပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်တော့ သက်ကြီးရွယ်အိုများသည် မိသာစု ဝင်များသည့် (၆ယောက်-၈ယောက်) အိမ်ထောင်စုများတွင် နေထိုင်ကြသည်ကိုတွေ့ရသည်။ ထိုအခါ ယင်းတို့ အနေဖြင့် ပြင်ပနှင့်ထိတွေ့မှု ပိုများကြပြီး ကူးစက်ရန်ပိုမိုလွယ်ကူသည့် အခြေအနေတွင်ရှိနေသည်။ ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သက်ကြီးရွယ်အို အများစု နေထိုင်ကြသည့် အိမ်များမှာလည်း သေးငယ်ကြပြီး အခန်း၂ခန်း ၂ခန်းအောက်သာ ရှိကြသည်ဟုဆိုသည်။ ကူးစက်ရန်လွယ်ကူသည့် အခြေအနေများတွင်ရှိနေသည်။ မြန်မာနိုင် ငံ၌ သတင်းမီဒီယာတစ်ခုတွင် ဖတ်ရှုလိုက်ရသည်မှာ သက်ကြီးရွယ်အို (၆၀နှစ်အထက်) ၅ဦးလျှင် ၁ဦးသည် အလုပ်လုပ်နေကြရသည်ဟုဆိုသည်။ ယင်းတို့အနေဖြင့် ယခုလိုအချိန် ပြင်ပထွက် အလုပ်လုပ်ရသဖြင့် ကိုဗစ်-၁၉ ကူးစက်ရန် အခြေအနေပိုများနေသည်။ ဆင်းရဲကြသူများလည်းဖြစ်သည်။ အကြမ်းအားဖြင့် ၆၀နှစ်အထက် ၄.၅သန်းတွင် ၉သိန်းခန့်သော အသက်ကြီးသူများသည် အလုပ်လုပ်နေကြသူများဖြစ်သည်။
ထပ်မံ၍ မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများအတွက် ကူးစက်ခံရပါက အသေအပျောက် ပိုများနိုင်သည်မှာ ကျန်းမာရေးစောက်ရှောက်မှုစနစ်၏ အင်အားချိနဲ့မှုကြောင့်ဖြစ်သည်။ လူ၁၀၀၀တွင် ဆရာဝန်၁ဦးမရှိ၊ လူ၁၀၀၀ ၌ ကုသမှုပေးရန် ဆေးရုံကုတင် ၁ကုတင်မရှိ (၂၀၁၂ခုနှစ်စာရင်းအရ ကုတင်ဝ.၉/လူ၁၀၀၀)ဖြစ်သည့်အတွက် ventilators ဆိုလျှင်တော့ ရာဂဏန်းမရှိထင်သည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများ ကိုဗစ်-၁၉ ကူးစက်ခံရပါက သေဆုံးရန်များသည့် အခြေအနေတွင်ရှိသည်။ လက်ရှိမြန်မာနိုင်ငံတွင် သေဆုံးသူ ၅ဦးအနက် ၄ဦးသည် အသက်၆၀နှစ်ကျော်များဖြစ်ကြသည်။


◾ သက်ကြီးရွယ်အိုများကို မည်သို့ကာကွယ်မည်နည်း


၁) အိမ်တွင် သီးခြားနေရာရှိလျှင် ယင်းတို့က နေရာကန့်သတ်၍ထားပါ။ ဖြစ်နိုင်လျှင် အတူနေ သားသမီး ပြင်ပ နှင့်ထိတွေ့မှုမရှိလျှင် ပိုကောင်းပါသည်။ ဈေးဝယ်သွားသည့် သားသမီးများ ကူးစက်မခံရအောင် နှာခေါင်းစည်း၊ လက်အိတ် အမြဲဝတ်ဆင်သွားပါ။ အိမ်ပြန်ရောက်လျှင် အဝတ်အစားများ လဲလှယ်ခြင်း၊ ရေချိုးခြင်းတို့ပြုလုပ်ပါ။


၂) အိမ်အခြေအနေသည် မည်သို့မျှ သီးခြားထား၍မဖြစ်နိုင်လျှင် ပြင်ပသို့သွားရောက်လုပ်ကိုင်နေကြသည့် အတူနေသားသမီးများ ဖြစ်နို်င်လျှင် အိမ်ပြန်မလာခြင်း။ မဖြစ်နိုင်ပါက ရပ်ရွာရပ်ကွက်အတွင်း ယင်းတို့အား သီးခြားကန့်သတ်ထားနိုင်မည့် နေရာအား ရပ်ရွာအဖွဲ့အစည်းများ စုပေါင်းတိုင်ပင်၍ စီစဉ်ခြင်း။ သို့သော်စီစဉ် သည့်နေရာတွင်လည်း သက်ကြီးရွယ်အို အများစုကို စုပြုံမထားသင့်။ တတ်နိုင်လျှင် တရားစခန်းခဲ့သို့ နေရာများ အဆောင်များတွင်ထားလျှင် ပိုကောင်းသည်။ သတိထားရမည်မှာ ချက်ပြုတ်ဈေးဝယ်သူများနှင့် ကျွေးမွေးသူများ အထူးဂရုစိုက်ရန်ဖြစ်သည်။

၃) လူအိုရုံများကို အထူးဂရုစိုက်ပြီး ပြင်ပနှင့်လူအိုရုံအတွင်း အလုပ်လုပ်နေကြသည့် ဆရာဝန်များ၊ သူနာပြုများ၊ ဝေယျာဝစ္စပြုသူများသည် ကူးစက်ခံရသူများမဖြစ်ရန် အထူးဂရုပြုရမည်။ အစီအမံများကို တင်းကြပ်စွာ ညွှန်ကြားချက်ထုတ်ပြန်၍ ဆောင်ရွက်ရမည်။


၄) နိုင်ငံတော်မှ ပြင်ပသို့ထွက်ခွာ အလုပ်လုပ်ကိုင်နေရသည့် သက်ကြီးရွယ်အိုများကို လက်ရှိအချိန်တွင် လုံလောက်သည့် အထောက်အပံ့များပေး၍ အိမ် (သို့) သတ်မှတ်စီစဉ်ထားသည့် နေရာများတွင် နေထိုင်နိုင် အောင်ဆောင်ရွက်ပေးရန်။နောက်ဆုံးသတိပေးလိုသည်မှာတော့ သက်ကြီးရွယ်အိုများပြီးလျှင် ဒုတိယ အန္တရာယ်အများဆုံးအုပ်စုမှာ သွေး တိုး၊ဆီးချို၊ကျောက်ကပ်အစရှိသည့် နာတာရှည် ရောဂါအခံရှိသူများဖြစ်သည်။ ယင်းရောဂါအခံရှိသူများ တတ်နိုင် သမျှ ကူးစက်မခံရအောင် သတိထားနေထိုင်ကြရန် တိုက်တွန်းလိုက်ပါသည်။


ခိုင်ဝင်း

◾ ကိုဗစ် – ၁၉ ကပ်ဘေး နှင့် စီးပွားရေးကျဆင်းမှုလှိုင်း ၂ လှိုင်းကို တုံ့ပြန်ခြင်း

ကိုဗစ်-၁၉ ကူးစက်ရောဂါလှိုင်းကြီးသည် တကမ္ဘာလုံးကို တစ်လုံးပြီးတစ်လုံး ရိုက်ခတ်နေသကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့်လည်း ပထမလှိုင်း၊ဒုတိယလှိုင်း အစရှိသဖြင့်ခေါ်ဝေါပြောဆိုနေခြင်းဖြစ်သည်။ တကယ်တော့ ကိုဗစ်-၁၉ လှိုင်းသည် တပြိုင်နက်တည်း လှိုင်းလုံး၂လုံးဖြင့် ကမ္ဘာကိုရိုက်ခတ်နေသကဲ့သို့ဖြစ်သည်။ ပထမတစ်လုံးက ကူးစက်ရောဂါလှိုင်းလုံးဖြစ်ပြီး ဒုတိယတစ်လုံးကတော့ စီးပွားရေးကျဆင်းမှုလှိုင်းလုံးဖြစ်သည်။ ပညာရှင်များက တော့ Curve လို့ခေါ်ကြသည်။ ပညာရှင်များက ကိုဗစ်-၁၉လှိုင်းလုံး၂လုံး၏ ရိုက်ခတ်မှု လှိုင်းအမြင့်ပေ အမြင့် ဆုံးသို့ မတက်နိုင်ရန် ထိုမျဉ်းကွေး သို့မဟုတ် Curves များကို ပြားသွားအောင်လုပ်ရမည်ဟုဆိုကြသည်။ Flattening the Covid-19 Curve; Flattening the Economic Recession Curve အစရှိသဖြင့် ရေးသားနေ ကြသည်။ ထိုမျဉ်းကွေး၂ခုကို ပိပြားသွားအောင် မလုပ်နိုင်လျှင် ကမ္ဘာကြီးပိုခံစားရလိမ့်မည်ဟုဆိုကြသည်။


သို့သော်လည်း တစ်ခုနှင့်တစ်ခုက ပြောင်းပြန်အချိုးကျသလို ဖြစ်နေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိသည့် ပြည် သူများ၏ ကျန်းမာရေးနှင့် ယင်းတို့၏ စားဝတ်နေရေး ဖူလုံမှုအပါအဝင် စီးပွားရေးတို့သည် ပြောင်းပြန်အချိုးကျ ဖြစ်နေသည်။ တစ်ခုကို ပြားအောင်ဖိလျှင် တစ်ခုကထောင်လာမည်ကဲ့သို့ဖြစ်နေသည်။ ထိုလှိုင်းလုံး၂လုံး၏ လှိုင်း ထိပ်ကို တပြိုင်နက်တည်း ပြားအောင်ဖိရန်လိုနေသည်။ ထိုသို့လုပ်နိုင်မှ နိုင်ငံများရှိ ပြည်သူများသည် ကျန်းမာ ရေးလုံခြုံမှုနှင့် စီးပွားရေးလုံခြုံမှုကို တပြိုင်နက်တည်း ခံစားရနိုင်မည်ဖြစ်သည်။ ယင်းလုံခြုံမှု ၂ခုသည် အပြန်အ လှန် အမှီသဟဲပြုလျက်လည်းရှိသည်။ ကျန်းမာရေးမကောင်းလျှင် အလုပ်မလုပ်နိုင်ဖြစ်မည်။ ထိုအခါ စီးပွားရေး လည်းမကောင်းဖြစ်မည်။ ကျန်းမာရေးကောင်းပြီး စီးပွားရေးမကောင်း၊ အလုပ်အကိုင်မရှိလျှင် ကြာလာလျှင် ကျန်းမာရေးလည်းထိခိုက်လာမည်။ အလုပ်မရှိ၊ ဝင်ငွေမရှိသဖြင့် လုံလောက်သည့် စားနပ်ရိက္ခာ မဝယ်နိုင်သဖြင့် ငတ်မွတ်ခေါင်းပါးခြင်း၊ အဟာရချို့တဲ့ခြင်း၊ စိတ်ဓါတ်ကျဆင်းခြင်း အစရှိသည့် ကျန်းမာရေးဆိုင်ရာ ပြသနာများ ပေါ်ပေါက်လာနိုင်သည်။ ရေရှည်တွင် လူမှုရေး၊ ၊ နိုင်ငံရေး၊ လူမှုရေးပြသနာများကြီးထွားလာမည်ဖြစ်သည်။


◾ကိုဗစ်ကူးစက်လှိုင်းနှင့် စီးပွားရေးကျဆင်းမှုလှိုင်း

Source: Pierre Olivier Gourinchas (2020)


ကူးစက်ခံရသူ အရေအတွက်များလာပြီး ကျန်းမာရေးဋ္ဌာနများ၏ ပေးအပ်နိုင်သည့် ဝန်ဆောင်မှုအင်အား (ဆရာ ဝန်၊သူနာပြု၊ကုတင်၊ အသက်ရှုစက်၊ဆေးဝါး)ကိုကျော်လွန်သွားပြီဆိုလျှင် နိုင်ငံများအနေဖြင့် အခြားနည်းရွေးစ ရာမရှိ။ လော့ဒ်ဒေါင်းလို့ခေါ်သည့် တရုတ်အစိုးရ၏ ကိုဗစ်-၁၉ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိရာနှင့် ဗဟိုချက်ဖြစ်သည့် လူဦးရေ၁၁သန်းရှိသည့် ဝူဟန်မြို့ အပါအဝင် ဟူဘေးပြည်နယ်ရှိ မြို့ကြီးများကို ဇန်နဝါရီလ၂၃ရက်နေ့မှစတင်၍ လော့ဒ်ဒေါင်း (အခြားပြည်နယ်များရှိ မြို့များတွင်လည်း အသွားအလာကန့်သတ်မှုများပြုလုပ်)ဟုခေါ်သည့် တစ်မြို့လုံးရှိပြည်သူများအား မိမိတို့၏ နေအိမ်များတွင်သာနေရန် (အရေးပေါ်ကိစ္စမှလွှဲ၍ ပြင်ပသို့ထွက်ခွင့်မပြု) ကူးစက်ခံရသူများနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေဖေါ်ထုတ်၍ quarantineဟုခေါ်သည့် သတ်မှတ်နေရာများတွင် ကန့်သတ်ထားခြင်း၊ ကျောင်းများ၊ရုပ်ရှင်ရုံများ၊ ဘတ်စ်ကား၊ရထား၊လေယာဉ် အသွားအလာများအားလုံးကို ပိတ်ဆို့ခြင်းပြုလုပ်ကြရသည်။ ထိုသို့ပြုလုပ်မှသာ ကိုဗစ်-၁၉ကူးစက်ခံရမှုနှုန်းနှင့် အရေအတွက်သည် ပေးအပ် နိုင်သည့် ကျန်းမာရေးဝန်ဆောင်မှုအင်အား (အစက်မျဉ်း၏အောက်)သို့ အပြာရောင်မျဉ်းကွေးအတိုင်း ကျဆင်း သွားမည်။ ထိုသို့မဟုတ်ဘဲ ကူးစက်မှုအရေအတွက် အနည်းငယ်သာရှိသေးသည့် အခြေအနေတွင်တော့ Mitigation Strategy ဟုခေါ်သည့် ရောဂါကူးစက်မှုနှုန်းကို ကျဆင်းသွားရန် လူစုလူဝေးများ မပြုလုပ်ရန်၊ လူတစ်ဦးနှင့်တစ်ဦး ၆ပေခွဲနေထိုင်ကျရန်၊ အပြင်ထွက်လျှင် နှာခေါင်းစီးတပ်ဆင်ရန်၊ မကြာခဏလက်ဆေးရန်နှင့် ကူးစက်ခံရသည်ဟုယူဆသူများကို ရှာဖွေဖေါ်ထုတ် စစ်ဆေးပြီး သီးသန့်ထားခြင်း၊ သတ်မှတ်ဆေးရုံများ၌ ကုသပေးခြင်း၊ ယင်းတို့နှင့်ထိတွေ့ခဲ့သူများကို သီးခြားကန့်သတ်ထားခြင်း (identify, test, isolate, treatment, trace, quarantine) တို့ပြုလုပ်နိုင်သည်။ ပထမနည်းလမ်းကို ကူးစက်ရောဂါနှိမ်နင်းရေး ကျွမ်းကျင်သူများက Suppression Strategyဟုလည်းခေါ်သည်။ အီတလီ၊စပိန်၊ဗြိတိန်၊မလေး၊စင်ကာပူ(လက်ရှိအချိန်)တို့လည်း ပထမနည်းလမ်းကို ကူးစက်ခံရသူအရေအတွက် ထိုးတက်သွားသဖြင့် ရွေးချယ်လုပ်ဆောင်ကြရသည်။


Imperial College London တက္ကသိုလ်မှ Covid-19 Response Team၏ မတ်လ၂၆ရက်နေ့ နေ့စွဲဖြင့် ထုတ်ဝေခဲ့သည့် “Report 12: The Global Impact of COVID-19 and Strategies for Mitigation and Suppression” ၏ တွက်ချက်မှု modelingအရ မြန်မာနိုင်ငံတါင် Mitigation Strategy သုံးလျှင် သေဆုံးမှုထက်ဝက်ခန့်လျှော့ချသွားမည်ဖြစ်သော်လည်း ကျန်းမာရေး ယန္တရား ပြိုလဲသွားနိုင်သည်။ လူနာပေါင်း ၉သိန်းကျော်ကို ၃လ-၆လအတွင်း လက်ခံကုသပေးရန် ဆေးရုံကုတင်၊ ဆရာဝန်၊ သူနာပြုနှင့် ဆေးပစ္စည်းများ မလုံလောက်နိုင်။ ထို့ကြောင့် ယင်းစာတမ်း၌ ရေးသားသူပညာရှင်များက လက်ရှိမှာလည်း နိုင်ငံအများအပြားတွင် ကျင့်သုံးနေရသည့် Suppression Strategy ကို အသုံးချရန် နိုင်ငံ အားလုံးကို အကြံပြုထားသည်။ တတ်နိုင်သမျှ အစောဆုံး ထိုမဟာဗျူဟာကို အသုံးပြုရန် တိုက်တွန်းထားသည်။


ထိုသို့ Suppression Strategy ကိုရွေးချယ်ရလျှင် အကျိုးဆက်များအဖြင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးရိုက် ခတ်မှုများကို ၃မျိုးခွဲခြားသတ်မှတ်နိုင်သည်ဟု စီးပွားရေးပညာရှင် Richard Baldwinနှင့် Beatrice Weder Di Mauro တို့က ယင်းတို့တည်းဖြတ်ပြီး မကြာခင်က ထုတ်ဝေခဲ့သည့် “Mitigating the COVID Economic Crisis: Act Fast and Do Whatever It Takes” စာအုပ်၏ နိဒါန်းအခန်း၌ ရှင်းလင်းတင်ပြထားသည်။ ယင်း၃မျိုးမှာ
၁) နာမကျန်းသူများ အလုပ်မလုပ်နိုင်သဖြင့် ကုန်ထုတ်စွမ်းအား ကျဆင်းလာခြင်း (medical shock)၂) လော့ဒ်ဒေါင်းကဲ့သို့ တားမြစ်ကန့်သတ်ရမှုများကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်လာရခြင်း (economic impact of containment measures)၃) ရှေ့အလားအလာများကို တင်ကြိုမှန်းဆ၍ ဖြစ်ပေါ်လာသည့် စိုးရိမ်ပူပန်မှုများကြောင့် အသုံးအစွဲ၊ အသွား အလာများနှင့် ရင်းနှီးမြှုပ်နှံမှုများ လျှော့နည်းလာခြင်း (expectation shock)
ယင်းတို့က ၂၀၀၈ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ငွေရေးကြေးရေး အကျပ်အတည်းအချိန်ကကဲ့သို့ပင် စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများသည် သုံးစွဲမှုများကို ရပ်တံ့ထားလိုက်ကြပြီး အားလုံးသည် စောင့်ကြည့်အုံးမည်ဆိုသည့် စိတ်ဖြစ်နေကြသည် “As in the Global Crisis of 2008-09, the COVID-19 crisis has consumers and firms all around the world putting off spending; they are in wait-and-see mode” ဟုဆိုသည်။ ယခုအကြိမ် ကြုံတွေ့ရမည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု (global recession)သည် ၂၀၀၈ခုနှစ်ကထက် ပိုမိုဆိုးဝါးမည်ဖြစ်သလို၊ ၁၉၃၀ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ် (global depression)လိုပင် ကမ္ဘာလုံး ဆိုင်ရာ စီးပွားကျဆင်းမှုသည် အချိန်ကြာမြင့်နိုင်သလို ကျဆင်းမှုသည်လည်း ပြင်းထန်နိုင်သည်ဟု ပညာရှင်များ ကသုံးသပ်နေကြသည်။ ကိုဗစ်-၁၉ကြောင့်ဖြစ်ပေါ်လာနေသည့် စီးပွားရေးကျဆင်းမှုသည် ကုန်ထုတ်လုပ်ငန်း များ၏ ဗဟိုချက်များမှ ထုတ်လုပ်မှုများပြတ်တောက်ခြင်း (supply shock)ကိုဖြစ်ပေါ်စေသလို၊ စားသုံးသူများ စီးပွားရေးလုပ်ငန်းများ၏ သုံးစွဲမှုများလျှော့ချနေခြင်းကြောင့် ဝယ်လိုအားများလျှော့နည်းလာခြင်း (demand shock)ကိုလည်းဖြစ်စေသည်။ ယခုတခါ ကျဆင်းမှုသည် ၂၀၀၈ခုနှစ်ကကဲ့သို့ ငွေရေးကြေးရေးကဏ္ဍတွင် ဖြစ် ပေါ်ခြင်းမဟုတ်ဘဲ real economy ဟုခေါ်သည့် အမှန်တကယ် ထုတ်လုပ်၊သယ်ပို့၊ ရောင်းဝယ်ဖေါက်ကားနေ သည့်ဈေးကွက်များအတွင်း ဖြစ်ပေါ်ခြင်းကြောင့် နိုင်ငံတကာအသိုက်အဝန်း၏ ပူးပေါင်းဖြေရှင်းခြင်းမရှိပါက အလွန်ဆိုးဝါးသွားနိုင်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။


လက်ရှိအချိန် တကမ္ဘာလုံးကြုံတွေ့နေရသည်မှာ ကိုဗစ်-၁၉ကပ်ရောဂါနှင့် စီးပွားရေးကျဆင်းမှုဖြစ်သည်ဟု ပါမောက္ခ Pierre Olivier Gourinchas ကသူ၏ “Flattening the Pandemic & Recession Curves” စာတမ်း တွင်ရေးသားထားသည်။ ထို၂ခုကြောင့် လူတစ်ဦးခြင်းစီ၏ ကျိုးကြောင်းညီညွှတ်သည့် လုပ်ဆောင်မှုများကြောင့် လူ့အဖွဲ့အစည်းတစ်ခုလုံးတွင် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာရသည်။ “Economists will recognize that the problem in both cases-infection and recession-there are externalities: actions that are individually perfectly sensible, but collectively harmful”. ကပ်ရောဂါကြောင့် လူတစ်ဦးခြင်းစီသည် ကူး စက်မခံရစေရန် အိမ်တွင်နေခြင်း၊ အသွားအလာမလုပ်ခြင်း၊ ရှေ့စီးပွားရေးအလားအလာများကို မျှော်တွေး၍ အသုံးအစွဲများကို လျှော့ပေါ့ခြင်းပြုလုပ်သည်။ ဘေးထွက်ဆိုးကျိုးမှာတော့ ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ် ငန်းများ၊ တက္ကစီများ၊ စားသောက်ဆိုင်များ၊ ကာရာအိုကေများ အများစုဝင်ငွေထိုးကျသွားပြီး အလုပ်သမားများ အား အလုပ်ဖြုတ်ရခြင်း၊ ထပ်မံရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်များကို ဖျက်သိမ်းရခြင်းတို့ပြုလုပ်ရသည်။ ထိုအခါ အလုပ်ပြုတ်သွားသည့် အလုပ်သမားများမှာလည်း ဝင်ငွေမရှိတော့သဖြင့် ယခင်ကကဲ့သို့ မသုံးနိုင်တော့ချေ။ ထို အခါ ဘေးထွက်ဆိုးကျိုးအဖြင့် ယင်းတို့ဝယ်ယူသုံးစွဲနေလေ့ရှိသည့် လုပ်ငန်းများလည်း အရောင်းအဝယ်များမဖြစ် တော့ဘဲ ဝင်ငွေထိုးကျသွားခြင်းဖြစ်သည်။ ထိုအခါ ထပ်ဆင့်၍ ယင်းတို့၏ အလုပ်သမားများကို အလုပ်ဖြုတ်ပစ် ရခြင်းမျိုးလုပ်ရပြန်သည်။ ဝန်ဆောင်မှုလုပ်ငန်းများတွင်သာမကဘဲ ကုန်ထုတ်လုပ်ငန်းများလည်း ထိုနည်းတူပင် ဖြစ်သည်။ နောက်ဆက်တွဲအားဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများအား ချေးငွေထုတ်ပေးထား ခဲ့သည့် ဘဏ်များ၊ငွေရေးကြေးရေးအဖွဲ့များလည်း ထိုလုပ်ငန်းများ ချေးငွေနှင့်အတိုးမပေးနိုင်တော့သဖြင့် non-performing loans ဟုခေါ်သည့် ချေးငွေဆိုးများ ကြွေးဆုံးများပိုများလာမည်။ ထိုအခါဘဏ်လုပ်ငန်းများမှာ လည်း ချေးငွေများထပ်မချေးနိုင်တော့သဖြင့် ဘဏ်ချေးငွေများကို မီခိုနေရသည့် အသေးစားအလတ်စား လုပ် ငန်းများမှာလည်း ချေးငွေထပ်မရသဖြင့် လိုအပ်သည့်ပစ္စည်းများ၊ ကုန်ကြမ်းများမဝယ်နိုင်။ လုပ်ငန်းများရပ်ဆိုင်း ခြင်းအစရှိသည့် စီးပွားရေးနှင့် ဘဏ္ဍာငွေကြေးကဏ္ဍများအားလုံးတွင် ကြီးမားသည့် စီးပွားရေးကျဆင်းမှုဖြင့် ကြုံတွေ့ရတော့မည်။ ယခုပင် အမေရိကန်နှင့် ဥရောပနိုင်ငံများ၊ တရုတ်နိုင်ငံတို့ ကြုံတွေ့နေရပြီးဖြစ်သည်။ ထို့အ တွက်ကြောင့် အောက်တွင်ဖေါ်ပြထားသည့် စီးပွားရေးကျဆင်းမှု မျဉ်းကွေး(curve)ကိုလည်း ပိပြားသွားအောင် အနီလိုင်းမှအပြာလိုင်းအတွင်းသို့ရောက်အောင် အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် လိုသည်ဟု စီးပွားရေးပညာရှင်များက တိုက်တွန်းလျက်ရှိသည်။


◾ စီးပွားရေးကျဆင်းမှုမျဉ်းကွေးကို မည်သို့ပိပြားအောင်လုပ်မည်နည်း။

ကိုဗစ်-၁၉ကူးစက်မှုကိုကာကွယ်တားဆီးရန် ကုန်ထုတ်လုပ်ငန်း၅၀ရာခိုင်နှုန်း ပထမလတွင် လော့ဒ်ဒေါင်းလုပ်ခံ ပြီး နောက်၂လဆက်တိုက် ကုန်ထုတ်လုပ်ငန်း၂၅ရာခိုင်နှုန်း လော့ဒ်ဒေါင်းအလုပ်ခံရလျှင် ထိုနိုင်ငံ၏ ဂျီဒီပီ ၁၀ ရာခိုင်နှုန်း ယမန်နှစ်ကထက် ကျသွားနိုင်သည်ဟု Pierre Olivier Gourinchas ကသူ၏စာတမ်းတွင် သုံးသပ်ပြ ထားသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ကလည်း ၂၀၂၀ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ သည် ယခင်နှစ်ကထက် အနှုတ်၃ရာခိုင်နှုန်းပြနိုင်သည်ဟု ခန့်မှန်းထားသည်။


ထိုကဲ့သို့ကြီးမားသည့် စီးပွားရေးကျဆင်းမှု ပမာဏကို တုန့်ပြန်ရန် ဖွံ့ဖြိုးပြီးနိုင်ငံအစိုးရများအနေဖြင့် ဘဏ္ဍာရေးမူ ဝါဒအရ ဘတ်ဂျက်အသုံးစရိတ်များကို ကျဆင်းမှုနှုန်းနှင့် တူညီသည့်အတိုင်းအတာဖြင့် တုန့်ပြန်ရန်လိုသည်ဟု ပညာရှင်များက သုံးသပ်ကြသည်။ ဗြိတိန်နိုင်ငံက stimulus package အဖြင့် အမေရိကန်ဒေါ်လာ ၃၉ဘီလီယံ သုံးစွဲမည်ဟု ကြေငြာသည်။ ထိုပမာဏသည် ဗြိတိန်နိုင်ငံ ဂျီဒီပီ၏ ၁.၅ရာခိုင်နှုန်းသာရှိသည်။ စီးပွားရေးကျဆင်း မှုသည် ဂျီဒီပီ၏ ၁၀ရာခိုင်နှုန်းရှိလျှင် စီးပွားရေးကျဆင်းမှုကို တုန့်ပြန်သည့်အစီအစဉ်များအတွက်လည်း ဂျီဒီပီ ၁၀ရာခိုင်နှုန်းသုံးသင့်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။


“Mitigating the COVID Economic Crisis: Act Fast and Do Whatever It Takes”စာအုပ်တွင်ရေးသားကြ သည့် ကမ္ဘာကျော် စီးပွားရေးပညာရှင်များသည် ၎င်းတို့၏စာတမ်းများတွင် စာအုပ်ခေါင်းစဉ်အတိုင်းပင် အစိုးရ များ၊ နိုင်ငံတကာအဖွဲ့အစည်းများကို အထက်ဖေါ်ပြပါ မျဉ်းကွေး၂ကြောင်း (သို့) ကိုဗစ်-၁၉လှိုင်းနှင့် စီးပွားရေးကျ ဆင်းမှုလှိုင်း၂ခု၏ မျဉ်းကွေးများပိပြားသွားစေရန် အချိန်မီ အလျင်အမြင်တုန့်ပြန်ရန်နှင့် မည်သို့ပင်တုန့်ပြန်ရစေ ကာမူ တုန့်ပြန်ရန်တိုက်တွန်းထားကြသည်။ ထိုလှိုင်းလုံး၂လုံးသည် ကြီးမားလွန်းသည့်အတွက် သမရိုးကျနည်း ဖြင့်ဖြေရှင်း၍မရနိုင်။
ထိုစာအုပ်ထဲတွင် ရေးသားကြသည့် စီးပွားရေးပညာရှင်များက အစိုးရများသည် ပထမ ကိုဗစ်-၁၉ကာကွယ်တား ဆီးကုသမှုအတွက် အသုံးစရိတ်များကို မြှင့်တင်ရန်အကြံပြုကြသည်။ နိုင်ငံများ၏ လက်ရှိကျန်းမာရေးစနစ် စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် ဆေးရုံသစ် (တည်ဆောက်နိုင်လျှင်)၊ ဆေးခန်းများ၊ ဓါတ်ခွဲခန်းများ၊ ကိုဗစ်-၁၉ရောဂါရှိမရှိ စစ်ဆေးသည့်စက်များနှင့်စစ်ဆေးသည့်ပစ္စည်းများ၊ လိုအပ်သည့် ပီပီအီး (personal protective equipment)၊ ventilatorsများ၊ ဆေးရုံသုံးကုတင်များ၊ ဆေးရုံသုံး နှာခေါင်းစည်းများ ထုတ်လုပ်ဝယ်ယူရန်အတွက် အသုံးစရိတ်များမြှင့်တင်ရန်အကြံပြုသည်။ ဆရာဝန်၊ သူနာပြုများ ထပ်မံခန့်အပ်နိုင် လျှင် ခန့်အပ်ရန်နှင့် လက်ရှိ ရှေ့တန်းတိုက်စစ်မှူးများဖြစ်ကြသည့် ဆရာဝန်၊သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များအတွက် လစာနှင့် အခြားခံစားခွင့်များတိုးမြှင့်သတ်မှတ်ပေးရန် အကြံပြုကြသည်။

ဒုတိယအနေဖြင့် အလုပ်သမားများ အလုပ်ဆက်လက်ရှိနေရန် (သို့) ယင်းတို့လက်ရှိလစာအတိုင်း ဆက်လက် ဝင်ငွေရှိနေရန် နိုင်ငံတော်မှပံ့ပိုးပေးရန်၊ စီးပွားရေးလုပ်ငန်းအများစု ဒေဝါလီမခံရဘဲ ဆက်လက်ရပ်တည်နိုင်စေ ရန် လိုအပ်သည့် ချေးငွေ၊ အခွန်လျှော့ပေါ့ခြင်း၊ ပြန်လည်ပေးသွင်းရမည့် ချေးငွေများကို ရပ်ဆိုင်းပေးထားခြင်းနှင့် တိုက်ရိုက် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတော်မှ အထောက်အပံ့များပေးခြင်းနှင့် စီးပွားရေးပြသနာသည် ငွေရေး ကြေးရေးကဏ္ဍတွင် ထပ်ဆင့်အကျပ်အတည်းမဖြစ်စေရန် ဘဏ်များနှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများကို လိုအပ်သည့် အထောက်အပံ့များပေးအပ်ရန် အကြံပြုထားကြသည်။


သမ္မတအိုဘားမား၏ စီးပွားရေးကောင်စီတွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး လက်ရှိဟားဗတ်တက္ကသိုလ်မှ ပါမော က္ခ Jason Furmanက အစိုးရများသည် ကိုဗစ်-၁၉ကာလ မူဝါဒချမှတ်ရာ၌ အဟန့်အတား၃ခုရှိသည်။ ၎င်းတို့မှာ မသေချာမရေရာမှု (uncertainty)၊ အချိန်အရေးကြီးခြင်း (time)နှင့် အစိုးရ၏စွမ်းဆောင်ရည် (capacity)တို့ဖြစ် ကြသည်။ ထိုကဲ့သို့သော အကန့်အသတ်၃ခုရှိနေသည့်အတွက် မူဝါဒချမှတ်ရာတွင် အကျိုးသက်ရောက်မှု ၆ခုရှိသည်ဟု Jason Furman ကရေးသားထားသည်။ ယင်းတို့မှာ-


၁) အစိုးရအထောက်အပံ့များ၏ ပမာဏကြီးမားခြင်းသည် နည်းခြင်းထက် ပိုကောင်း၏ (better to do too much rather than too little)၂) တတ်နိုင်သမျှ လက်ရှိအစိုးရပေးအပ်နေသည့် အစိုးရအထောက်အပံ့ လမ်းကြောင်းများကို အသုံးပြုပါ (use existing mechanisms as much as possible)၃) လိုအပ်သည့်နေရာများတွင် အထောက်အပံ့ပေးအပ်သည့် အစီအစဉ်သစ်များ ရေးဆွဲချမှတ်ပါ (invent new programmes where necessary)၄) ပုံစံတစ်မျိုးတည်းမဟုတ်ဘဲ ပုံစံအမျိုးမျိုးဖြင့် မူဝါဒဆိုင်ရာတုန့်ပြန်မှုများကို ဆောင်ရွက်၍ ထောက်ပံ့မှုပေး အပ်ရန် ဦးတည်အုပ်စုများတွင် မပါဝင်သူများ အထောက်အပံ့ရရှိသွားခြင်းနှင့် ရပြီးသူများ ထပ်မံရရှိခြင်းကို မစိုးရိမ်ရန် (diversify and do not fear duplication and unintended winners in the response)၅) ပုဂ္ဂလိကကဏ္ဍကို တတ်နိုင်သမျှ ထည့်သွင်းအသုံးပြုရန် (enlist the private sector as much as possible)၆) အစိုးရ၏ မူဝါဒဆိုင်ရာ တုန့်ပြန်မှုများသည် ထိရောက်ပြီး လိုအပ်နေချိန်တွင် လိုအပ်သည့်ပမာဏကို တိုးချဲ့၍ ရေရှည်ပေးအပ်နိုင်ရမည် (ensure response is dynamic and persistent)ထိုကဲ့သို့သော အကန့်အသတ်များ၊ ယင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် မူဝါဒဆိုင်ရာ သက်ရောက်မှုများကြောင့် မူဝါဒဆိုင်ရာ တုန့်ပြန်မှုများသည် မည်သို့ဖြစ်သင့်သနည်းဆိုသည်ကို Jason Furman ကအောက်ပါအတိုင်း အ ကြံပြုထားသည်။


၁) ကျန်းမာရေးကဏ္ဍတွင် လိုသလောက်သုံးစွဲရန် (spare no expense on health)၂) လက်ရှိပေးအပ်နေသည့် လူမှုဖူလုံရေး အထောက်အပံ့လမ်းကြောင်းများကို အသုံးချ၍ ဦးတည်အုပ်စု ပစ်မှတ်ထား၍ အထောက်အပံ့များ ပေးအပ်သွားရန် (targeted assistance using existing mechanisms)၃) အိမ်ထောင်စုများအား ငွေကြေးထောက်ပံ့မှု ပေးအပ်ရန် (cash assistance to households)၄) စီးပွားရေးလုပ်ငန်းများအား ထောက်ပံ့ကူညီရန် (assistance to businesses)

အထက်ပါအကြံပြုချက်များသည် ချမ်းသာသည့် ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် အဓိကရည်ညွှန်းခြင်းဖြစ်သည်။ ဝင်ငွေ အလယ်အလတ်အဆင့်ရှိနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် (အထူးသဖြင့် ကြွေးပိနေသည့်နိုင်ငံများ) နိုင်ငံတကာ ငွေ ကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)၊ ကမ္ဘာ့ဘဏ်တို့မှဦးဆောင်၍ ချမ်းသာသည့်နိုင်ငံများမှ အကြွေးရှင်များအနေ ဖြင့် ယင်းတို့၏ ချေးငွေများကို ဆိုင်းငံ့ထားရန် သို့မဟုတ် ချေးငွေများအား ရှော်ပစ်ရန် အကြံပြုကြသည်။ အစိုးရ ချေးငွေများနှင့် ပုဂ္ဂလိကချေးငွေများ၂မျိုးစလုံးကို ဆိုင်းငံ့ထားရန် သို့မဟုတ် ရှော်ပစ်ရန် တိုက်တွန်းထားသည်။ ပါရီကလပ်အဖွဲ့ဝင်မဟုတ်သည့် တရုတ်နိုင်ငံကိုလည်း ယင်း၏ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ပေးအပ်ထားသည့် ချေးငွေ များအတွက် အလားတူတိုက်တွန်းထားသည်။


◾ အစိုးရများ လိုအပ်သည့် ဘဏ္ဍာငွေကြေး မည်သို့ရှာဖွေမည်နည်း

လူ့အဖွဲ့အစည်းအပေါ် လူတန်းစားခွဲခြားမှုမရှိဘဲ ကျရောက်လာသည့် ကိုဗစ်-၁၉ကူးစက်ရောဂါ ကပ်ဘေးကြီကို တုန့်ပြန်ရာတွင် အစိုးရများသည် မိမိတို့နိုင်ငံတွင်းရှိ အယုတ်အလတ်အမြတ်မရွေးဘဲ အထောက်အပံ့များပေးအပ် ရမည်ဆိုလျှင် ဘဏ္ဍာငွေကြေး အမြောက်အမြား လိုအပ်မည်ဖြစ်သည်။အဓိက ဗဟိုဘဏ်များမှ ငွေစက္ကူများရိုက်ထုတ်၍ အစိုးရများ၏ လိုငွေများကို ထောက်ပံ့ပေးရန်၊ အစိုးရများ၏ ငွေတိုက်စာချုပ်များကို ဗဟိုဘဏ်မှဝယ်ယူခြင်းဖြင့် ကိုဗစ်-၁၉အတွက် အစိုးရများလိုအပ်နေသည့် ဘဏ္ဍာငွေ ကြေးကို ဗဟိုဘဏ်များမှ ဖန်တီးပေးရန်ဖြစ်သည်။ လက်ရှိနိုင်ငံတကာ၌ အတိုးနှုန်းများ အင်မတန်နိမ့်ဆင်းနေ သည့် အခြေအနေတွင် အစိုးရများအနေဖြင့် လိုငွေပြမှုကို စိုးရိမ်စရာမလိုဟု သုံးသပ်ကြသည်။ စီးပွားရေး နိုဘယ် ဆုရှင် Paul Krugman ကသူ၏စာတမ်း၌ အမေရိကန်အစိုးရအနေဖြင့် perpetual deficit ထာဝရ လိုငွေပြသုံး စွဲရန်၊ ဂျီဒီပီ၏၂ရာခိုင်နှုန်း လိုငွေပြဘတ်ဂျက်ရေးဆွဲပြီး သုံးစွဲရန်အကြံပြုထားသည်။ သူဋ္ဌေးကြီး George Soros ကလည်း perpetual bonds လိုအမည်ပေးထားသည့် အတိုးသာပေးရန်လိုပြီး အရင်းပြန်ဆပ်ရန် မလိုသည့် ငွေတိုက်စာချုပ်များ ဥရောပသမဂ္ဂအနေဖြင့် ထုတ်၍သုံးစွဲရန် (အမေရိကန်ဒေါ်လာ၁.၁ထွီလီယံတန်ဖိုးရှိ) အကြံပြုထားသည် ။ အတိုးနှုန်းက အင်မတန်နိမ့်သဖြင့် ဥရောပသမဂ္ဂအနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံသာ အတိုးပေးရန်လိုပြီး လက်ရှိ ဥရောပသမဂ္ဂ ၂၀၂၀ခုနှစ်ဘတ်ဂျက်၏ ၃ရာခိုင်နှုန်းသာရှိသဖြင့် စိုးရိမ် စရာမရှိဟု ယင်း၏ဆောင်းပါး “The EU Should Issue Perpetual Bonds” တွင်သုံးသပ်ပြထားသည်။ တနည်း အားဖြင့်ဆိုလျှင် ကမ္ဘာပေါ်၌ အပေါဆုံးက ငွေဖြစ်ပြီး အရှားဆုံးက အမှန်တကယ် အများပြည်သူနှင့် စီးပွားရေး လုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများ၊ အလုပ်အကိုင်များ ရှားပါးနေခြင်းဖြစ်သည်။


မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း ကိုဗစ်-၁၉ကပ်ဘေးကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွားရိုက်ခတ်မှုများ သက်သာစေရန် အစီအစဉ်များချမှတ်လုပ်ဆောင်နေသည်ကိုတွေ့ရသည်။ မကြာခင်က ကျန်းမာရေးကဏ္ဍတွင် လိုအပ်နေသည့် ကိုဗစ်-၁၉ကာကွယ်တာဆီးကုသရေးလုပ်ငန်းများတွင်သုံးစွဲရန် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း၅၀ချေးငွေရယူခဲ့သည်။ အလားတူ ဥရောပသမဂ္ဂကလည်း ကိုဗစ်-၁၉ကြောင့် ထိခိုက်နစ်နာသွား သည့် အထည်ချုပ်လုပ်ငန်းများမှ အမျိုးသမီး အလုပ်သမားများအား ပံ့ပိုးကူညီရန် ယူရိုငွေ၅သန်း မေလ၁ရက်နေ့ မှစတင်ပေးအပ်သွားမည်ဖြစ်သည်။ အလားတူ ဧပြီလ သင်္ကြန်မတိုင်မီကလည်း နိုင်ငံတော်မှ အခြေခံလူတန်း စားများအတွက် ဆန်၊ဆီ၊ကြက်သွန် အစရှိသည့်စားကုန်များ ထောက်ပံ့မှုပြုခဲ့သည်။ ပြည်သူများ ကိုဗစ်-၁၉ကူးစက်ခြင်းမခံရစေရန် အိမ်တွင်နေရန် အစိုးရမှ လျှပ်စစ်မီတာခများကို ယူနစ်၁၅၀ထိ အခမဲ့ခွင့်ပြုခြင်း၊ အခြားလည်း အတိုးနှုန်းများ လျှော့ချခြင်း၊ပေးသွင်းရမည့် အခွန်အခများ ရပ်ဆိုင်းထားခြင်း၊ ထိခိုက်နစ်နာ သွားသည့် ခရီးသွားလုပ်ငန်းများအတွက် ချေးငွေများထုတ်ပေးရန် စီစဉ်နေခြင်းတို့ကို ကြားသိနေရသည်။
သို့သော်လည်း ထိုအထောက်အပံ့ အစီအစဉ်များသည် လုံလောက်လားဆိုသည်ကို တိုင်းပြည်၏ လူမှုစီးပွား အခြေအနေမျာကို လျင်မြန်စွာသုံးသပ်၍ ဆုံးဖြတ်ရတော့မည်ဖြစ်သည်။ အိမ်နီးချင်း ထိုင်း၊မလေး၊စင်ကာပူ၊ ဟောင်ကောင်တို့၏ တုန့်ပြန်မှုအသုံးစရိတ်များနှင့် နှိုင်းယှဉ်လျှင် လက်ရှိတုန့်ပြန်မှုသည် မလုံလောက်ဟု ယူဆ ရသည်။

Source: Baldwin & Beatrice (2020)

ယခုအခါဆိုလျှင် ပြည်ပတွင် တရားဝင်၊တရားမဝင် အလုပ်လုပ်နေကြသည့် ရွေ့ပြောင်းအလုပ်သမား ၄သန်းခန့် သည် ယင်းတို့လုပ်ကိုင်နေသည့် တိုင်းပြည်များတွင် စီးပွားရေးကျဆင်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားသဖြင့် မြန်မာနိုင်ငံသို့ အသီးသီး ပြန်လည်ဝင်ရောက်နေကြသည်။ ၎င်းတို့အပေါ်မှီခိုနေသည့် မိသားစုပေါင်းသန်းချီ၏ စားဝတ်နေရေး အခြေအနေများသည် အလွန်ဆိုးဝါးသွားနိုင်သည်။ ထိုပြန်ပမှပြန်လာသူများနှင့် ၎င်းတို့မိသားစု များအတွက် မည်သို့သော အလုပ်အကိုင်များ၊ အထောက်အပံ့ အစီအစဉ်များ ဖန်တီးပေးမည်ဆိုသည်မှာ အထူး အရေးကြီးလာသည်။ တချိန်တည်းမှာပင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပြိုလဲမသွားအောင် တတ်နိုင်သမျှ မည်သို့ ပံ့ပိုးထားမည်နည်း၊ ပြိုလဲသွားပါက ယင်းလုပ်ငန်းများမှ အလုပ်သမားများကို မည်သို့ထောက်ပံ့ကူညီ သွားမည်နည်းဆိုသည်မှာလည်း ထည့်သွင်းစဉ်းစားထားရန် လိုအပ်လာသည်။ ဆင်းရဲသားအခြေခံလူတန်းစား များအတွက် အချိန်သည်အင်မတန်အရေးကြီးသည်။ ဝင်ငွေမရှိဘဲ တစ်လရပ်တည်ရန် အလွန်ခက်ခဲလိမ့်မည်။ ပြည်သူ့အရေးဂျာနယ်တွင် သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက လူမှုဖူလုံရေး အသက်ကယ်စနစ်မရှိသဖြင့် နိုင်ငံတော်မှ ဒေါ်လာဘီလီယံများစွာ မဆိုင်းမတွထုတ်သုံးရန် စဉ်းစားသင့်ပြီဟု တိုက်တွန်းထားသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အထောက်အပံ့ အစီစဉ်များကို အရှိန်အဟုန်တိုးမြှင့်၍ နိုင်ငံတကာတွင် လက်ရှိချမှတ်ဆောင်ရွက်နေသည်များကို နှိုင်းယှဉ်ချင့်ချိန် ဆောင်ရွက်သွားရန် တိုက်တွန်းလိုက်ရပါသည်။


ခိုင်ဝင်း

၂၅ ၊ ဧပြီ ၊ ၂၀၂၀ ။


စကားချပ် ။။ ဤ ဆောင်းပါးကို ဖော်ပြပါ၊ ပုံများနှင့် တွဲ၍ ဖတ်ရှုပါ။ PDF ဖြင့် ဖတ်ရှုလျှင် ပို၍ အဆင်ပြေနိုင်ပါလိမ့်မည်ဟု ယူဆမိပါသည်။ ထို့ကြောင့် PDF Download link ဖြင့် သိမ်းဆည်းဖတ်ရှုနိုင်ပါသည်။


PDF Download Link >>>

http://www.mediafire.com/file/jqlvauismhtejyl/Covid_19_Pandemic_by_Khine_Win.pdf/file?fbclid=IwAR19B7UeuunaiRwUT_GAIdgqcWTs1QmwGoO6ZxLo-DAT0ESz0J61Fh4HEgw

ကိုဗစ်-၁၉ ဘယ်လိုခုခံကာကွယ်မည်နည်း

ယနေ့ထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူပေါင်း ၈၅ဦးရှိသွားပြီဖြစ်သည်။ အများစုမှ နိုင်ငံခြား သားများ၊ နိုင်ငံခြားမှပြန်လာသူများထံမှ ကူးစက်ခံရခြင်းဖြစ်သော်လည်း အချို့မှာတော့ ခရီးသွားရာဇဝင်မရှိ၊ နိုင်ငံခြားသားများ (သို့) နိုင်ငံခြားပြန်များဖြင့်လည်း ထိတွေ့ခဲ့မှု မရှိခဲ့သူများဖြစ်သည်။ ပြည်တွင်းနေသူ အချင်း ချင်းကြား ပျံ့နှံ့မှု (Local Transmission) စတင်ပြီဟုဆိုနိုင်သည်။ ထို့အတွက် ပိုမိုသတိထားရတော့မည်။


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါပိုးစတင်တွေ့ရှိသည့် အချိန်သည် တရုတ်နိုင်ငံ ဟူဗေးပြည်နယ် ဝူဟန်မြို့တွင် စတင်တွေ့ရှိ ဖြစ်ပွားခဲ့သည့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလနှင့် အခြား ဥရောပနိုင်ငံများ၊ အမေရိကန်နိုင်ငံတို့ဖြင့် နှိုင်းယှဉ်လျှင် အချိန် ၂-၃လခန့် နောက်ကျသဖြင့် ယင်းနိုင်ငံများ၏ အတွေ့အကြုံများ၊ သင်ခန်းစာများကို ရယူ အသုံးချနိုင်သလို၊ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုကို ယခုအချိန်ထိ အောင်မြင်စွာ ထိန်းချုပ်ထားနိုင်သည့် ဒေသ တွင်းနိုင်ငံများဖြစ်သည့် တိုင်ဝမ်၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်တို့နှင့် အိန္ဒိယနိုင်ငံ ကီရယ်လာ ပြည်နယ်အစိုးရအဖွဲ့များ၏ ထိန်းချုပ်ရေးလုပ်ကိုင်ဆောင်ရွက်ချက်များကို မိမိနိုင်ငံ၏ ပကတိအခြေအနေများဖြင့် ကိုက်ညီစွာ အသုံးချနိုင်ပါသည်။
ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ရာတွင် အချိန်သည် အထူးအရေးကြီးသည်။ စောစီးစွာ ထိန်းချုပ်ရေး ဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို ချမှတ်လုပ်ဆောင်သည့် နိုင်ငံများသည် အောင်မြင်စွာ ထိန်းချုပ်နိုင်သလို နိုင်ငံတနိုင်ငံလုံးကိုလည်း ပိတ်ဆို့ထားခြင်း lock-down လည်းလုပ်စရာမလိုသည်ကိုတွေ့ရသည်။

ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ရာတွင် အောင်မြင်စွာလုပ်ဆောင်နိုင်သည့် နိုင်ငံများ၏ လုပ်ဆောင်ချက်များမှ အရေးပါသည့် သင်ခန်းစာယူသင့်သည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။


၁) အချိန်သည် အင်မတန်အရေးကြီးသည်။ စောနိုင်သမျှ စောစီးစွာ နယ်စပ်နှင့်ပြည်ဝင်ခွင့် ထိန်းချုပ်မှုများကို ပြု လုပ်သည့်နိုင်ငံများသည် ထိန်းချုပ်နိုင်သည်ကိုတွေ့ရသည်။ အမေရိကန်နိုင်ငံသည် နောက်ကျခဲ့သဖြင့် နယူးယောက်ပြည်နယ်တွင် အသေအပျောက်များခဲ့ရသည်။ အထူးသတိပြုရမည်မှာ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ၏ ဝန်နှင့်အား မျှတစေရေးဖြစ်သည်။ နယူးယောက်တိုင်းမ် သတင်းစာကြီးပါ သတင်းဆောင်းပါးတစ်စောင်အရ အမေရိကန်ပြည် ထောင်စုတွင် ၁၈လအတွင်း လူသန်းပေါင်း၁၀၀ ကူးစက်ခံရခြင်းနှင့် ၁၈ပတ်အတွင်း ကူးစက်ခံရမှု၏အထူးကွာခြားချက်ကို ဖေါ်ပြထားသည်။ ၁၈လအတွင်း လူသန်း၁၀၀ကိုကူးစက်ခြင်းက လူနာအများဆုံးဆေးရုံများသို့တက်ရောက်ကုသချိန်၌ လိုအပ်မည့် အသက်ရှုစက် (ventilators)အရေအတွက်သည် ၁၈ပတ်အတွင်း လူသန်းပေါင်း၁၀၀ကူးစက်ခံရပါက လိုအပ်မည့် အသက်ရှုစက် (ventilators) အရေအတွက်ထက် များစွာကွာခြားသွားမည်ဖြစ်သဖြင့် ၁၈ပတ်အတွင်း လူသန်းပေါင်း၁၀၀ကုစက်ခံရပါက အခြားရောဂါဝေဒနာရှင်များအတွက်ပါ အသက်ရှုစက် (ventilators) မလုံလောက်ဖြစ်ပြီး ကိုဗစ်-၁၉ မကူးစက်ခံရသူအများအပြားပါ သေဆုံးနိုင်သည်။ Collateral damage ဟုဆိုနိုင်သည်။
၂) Identification, Tracing and testing ကူးစက်ခံရသူ (သို့) ကူးစက်နေပြီဟု သံသယရှိသူများကို ဖေါ်ထုတ်ခြင်း၊ ယင်းတို့နှင့်ထိတွေ့သူများကို ရှာဖွေဖေါ်ထုတ်ခြင်းနှင့် ရောဂါရှိမရှိဆေးစစ်ခြင်းသည် အင်မတန် အဓိကကျသည့်လုပ်ဆောင်ချက်များဖြစ်သည်။ ယင်းတို့နှင့်ဆက်စပ်ပြီး သံသယရှိသူများနှင့် ထိတွေ့ခဲ့သူများအား သီးခြားခွဲထားခြင်း quarantineသည်လည်း အထူးလုပ်ဆောင်ရမည့်ကိစ္စဖြစ်သည်။
၃) Social distancing/physical distancing သည် ထိရောက်သည့် ကာကွယ်ရေးနည်းလမ်းတစ်ခုဖြစ်သည်။ အထူးသဖြင့် မျက်နှာဖုံး maskများကို မဝတ်ဆင်မနေရ ပြဋ္ဌာန်းခြင်း (သို့) ဝတ်ဆင်သည့် နိုင်ငံများတွင် ကူးစက် မှုနည်းသည်ကိုတွေ့ရသည်။ မျက်နှာဖုံး maskများ ဝတ်ဆင်ခြင်းနှင့်အတူ လက်အိပ်စွတ်ခြင်း၊ လက်ဆေးခြင်း၊ ပိုးသတ်ခြင်းများကို ပြည်သူများလိုက်နာဆောင်ရွက်ရန် တိုက်တွန်းခြင်း၊ အမိန့်အာဏာဖြင့်ခိုင်းစေခြင်းနှင့် ပံ့ပိုးပေးခြင်းတို့ဖြစ်သည်။ လူစုလူဝေး ပွဲလမ်းသဘင်များအား တားမြစ်ခြင်းနှင့် ထိရောက်စွာ အရေးယူခြင်း။
၄) မျက်နှာဖုံး၊ လက်အိတ်၊ ဆပ်ပြာ၊ ပိုးသတ်ဆေး၊ ပီပီအီးဝတ်စုံများအပါအဝင် ကျန်းမာရေးဝန်ထမ်းများအား အကာအကွယ်ပေးသည့် ပစ္စည်းများ လုံလောက်စွာ ဖြန့်ဝေနိုင်မှု
၅) Lock-down ကို ထိရောက်စွာဆောင်ရွက်ခြင်းနှင့် မြို့လုံးကျွတ် Lock-downနှင့် အပိုင်းလိုက် မြို့နယ်အလိုက် ရပ်ကွက်အလိုက် Lock-down
၆) Quarantine နှင့် Lock-down များပြုလုပ်ရာတွင် (မြို့လုံးကျွတ် (သို့) နယ်မြေအလိုက်) လိုအပ်သည့် အထောက်အပံ့များကို အစိုးရမှ ထိရောက်စွာ ပေးဝေနိုင်မှု

တိုင်ဝမ်အစိုးရ၏ လုပ်ဆောင်ချက်များ (Taiwan’s List of Actions)

တိုင်ဝမ်အစိုးရသည် ၂၀၀၃ခုနှစ် SARS (Severe Acute Respiratory Syndrome) ဖြစ်ပြီးနောက်ပိုင်းထဲကစ၍ National Health Command Center (NHCC) အမျိုးသား ကျန်းမာရေးကွဲကဲမှုဗဟိုဋ္ဌာနကိုတည်ထောင်ခဲ့ပြီး ယင်းအောက်တွင် Central Epidemic Command Center ကပ်ရောဂါထိန်းချုပ်ကွပ်ကဲရေး ဗဟိုဋ္ဌာနကိုလည်း ဖွဲ့စည်းထားခဲ့သည်။ ဇန်နဝါရီလမှစတင်၍ ထိုကပ်ရောဂါထိန်းချုပ်ကွပ်ကဲရေး ဗဟိုဋ္ဌာနကို စတင်အလုပ်လုပ်စေ ခဲ့သည်။ ယင်းဗဟိုဋ္ဌာနမှ လုပ်ဆောင်ချက် ၁၂၄ချက်ကိုဆောင်ရွက်ခဲ့သည်။ ယင်းလုပ်ဆောင်ချက်များကို အုပ်စု အမျိုးအစား ၃ခုခွဲခြားထားသည်။ ၎င်းတို့မှာ-


၁- နယ်စပ်ဝင်ပေါက်များ ထိန်းချုပ်ရေး၊ ခရီးသွားလာမှု ကန့်သတ်ချက်များနှင့် ရောဂါပိုးရှိသူ ရှာဖွေဖေါ်ထုတ်ခြင်း (Actions on Border Control, Travel Restrictions and Case Finding)
၂- အရင်းအမြစ်များ ခွဲဝေမှုနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များ (Actions on Resource Distribution)
၃- သတင်းအချက်အလက် ဖြန့်ဝေမှုနှင့် နိုင်ငံရေး (Actions on Communication and Politics) တို့ဖြစ်သည်။


နံပါတ်၁အုပ်စုတွင်ပါဝင်သည့် မူဝါဒဆိုင်ရာ လုပ်ဆောင်ချက်များမှာ ဝူဟန်မြို့မှလာသည့် လေယာဉ်များပေါ်သို့ ဒီဇင်ဘာ၃၁ရက်နေ့တွင် ခရီးသည်များအား ဆင်းခွင့်မပေးဘဲ တိုင်ဝမ်အာဏာပိုင်များမှ လေယာဉ်ပေါ်၌ ဖျားနာ သူများ ပါမပါကို တက်ရောက် စစ်ဆေးခြင်း၊ အဖျားတိုင်းခြင်း။ ဝူဟန်မြို့ကိုသွားရောက်မည့် ခရီးသည်များကို သတိပေးသည့်အနေဖြင့် မြို့အဆင့်ကို-၂ (၁မှ၃ရှိ) သတ်မှတ်ခြင်းနှင့် ထိုမှတဆင့် အန္တရာယ်ရှိသည့်အဆင့်-၃ သတ်မှတ်ခြင်း။ ဝူဟန်မြို့မှလာရောက်မည့် ုတိုင်ဝမ် ပြည်ဝင်ခွင့်ဗီဇာ ရရှိပြီးသည့် ခရီးသွား ၄၀၀ကျော်၏ ပြည်ဝင် ခွင့်ဗီဇာများကို ပယ်ဖျက်၍ တိုင်ဝမ်နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်မပြုခြင်းတို့ပါဝင်သည်။ ထို့ပြင် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မည့် ခရီးသွားလုပ်ငန်းများ၏ ခရီးစဉ်များကို ပိတ်ပင်ခြင်းတို့ကိုပြုလုပ်သလို၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံများမှ ပြန်လာသူများကို ၁၄ရက် အိမ်မှာနေခိုင်းခြင်းနှင့် ချိုးဖေါက်ပါက ငွေဒဏ်ရိုက်ခြင်း တို့ကိုလည်းပြုလုပ်သည်။ ငွေဒဏ် အမေရိကန်ဒေါ်လာ ၅၀၀၀မှ ၁၀၀၀၀ထိ အိမ်မှာနေရန်ကန့်သတ်ထားမှုအား ချိုးဖေါက်ပါက ရိုက်မည်ဖြစ်သည်။


နံပါတ်၂အုပ်စုတွင် မျက်နှာဖုံးများကို အစိုးရမှဖြန့်ဝေပေးမည့် လက်လီဆိုင်များကို သတ်မှတ်ဈေးဖြင့် ရောင်းချ ခိုင်းခြင်း၊ ခရီးသွားလုပ်ငန်းများ အေးဂျင့်များဖြင့် ပူးပေါင်း၍ quarantine ကန့်သတ်ခြင်းကို တိုးမြှင့်လုပ်ဆောင် ခြင်း၊ နေ့စဉ် မျက်နှာဖုံး၄သန်းကို ပြည်တွင်းထုတ်လုပ်သူများကို ထုတ်လုပ်ခိုင်းခြင်းနှင့် ပြည်ပတင်ပို့မှုကို ဆိုင်းငံ့ ခြင်း၊ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများကို ဈေးတင်ရောင်းချပါက အရေးယူခြင်း ဒဏ်ရိုက်ခြင်း၊ အစိုးရပိုင် နေရာဋ္ဌာန များကို စောင့်ကြည့်သူများအား ထားရှိသည့်နေရာများအဖြင့် ပြောင်းလဲခြင်းတို့ပါဝင်သည်။


နံပါတ်၃အုပ်စုတွင်တော့ သတင်းမှားဖြန့်ဝေသူများကို တိုင်ဝမ်ငွေ ၃သန်း (အမေရိကန်ဒေါ်လာ ၁၀၀၀၀)ထိ ဒဏ်ငွေရိုက်ခြင်း၊ တိုင်ဝမ် အထူးစုံစမ်းစစ်ဆေးရေးဋ္ဌာနမှ သတင်းမှားဖြန့်ဝေသူ၆ဦးကို စုံစမ်းဖေါ်ထုတ်ခြင်း၊ ဆောင်းရာသီ ကျောင်းပိတ်ရက်များကို ထပ်တိုးမြှင့်သတ်မှတ်ခြင်း၊ ပညာရေးဝန်ကြီးဋ္ဌာနမှ ကျောင်းသားတစ်ဦး သည် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရ၍ ကျောင်းပျက်ကွက်ပါက ယင်းကို ကျောင်းသား၏ အတန်းတက်ရောက်မှု အချိန်စာရင်းတွင် မထည့်သွင်းခြင်း၊ ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနမှ ဘတ်စ်ကားများ၊ ရထားများအား သန့်ရှင်းရေးပြု လုပ်ခြင်းနှင့်ပတ်သက်ပြီး ညွှန်ကြားချက်ထုတ်ပြန်ခြင်း အစရှိသည်တို့ပါဝင်သည်။


တိုင်ဝမ်အစိုးရ၏ လုပ်ဆောင်ချက်များကို လေ့လာကြည့်လျှင် အာဏာနှင့်မက်လုံးပေးခြင်း၊ သတင်းအချက်အ လက်မှန်ပေးအပ်ခြင်း (သို့) မူဝါဒဆိုင်ရာကိရိယာများမှ အာဏာ (authority)၊ ဘဏ္ဍာငွေကြေး အခွန်အခသုံးစွဲ မှု (tax incentives/disincentives)နှင့် သတင်းအချက်အလက် (information)တို့ကိုထိရောက်စွာ အသုံးချ သည်ကိုတွေ့ရသည်။


အခြားအောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံတွင်လည်း ကူးစက်ခံရသူများနှင့် ၎င်းတို့နှင့် ထိ တွေ့ခဲ့သူများကို ဖေါ်ထုတ်ခြင်း၊ ကန့်သတ်နေရာများတွင်ထားရှိခြင်းနှင့် လူအများအပြားကို ကျယ်ပြန့်စွာ အလွယ် တကူ ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်မှုကို ပြုလုပ်ပေးခဲ့သည်ကိုတွေ့ရသည်။ ထို့ပြင် တောင်ကိုရီးယားနိုင်ငံ တွင် မျက်နှာဖုံးများကို လူအများအပြား ကျယ်ပြန့်စွာ ဝတ်ဆင်၍သွားလာခြင်းသည်လည်း ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ရာတွင် များစွာအထောက်အကူဖြစ်ခဲ့သည်။ စင်ကာပူနိုင်ငံသည် ပြည်ပမှပြန်ဝင်လာသူများမှ ရောဂါပိုး ကူးစက်မှုအများဆုံးဖြစ်ရာမှ မျက်နှာဖုံးဝတ်ဆင်ခြင်းကို မမြှင့်တင်ခဲ့သဖြင့် ပြည်တွင်းနေသူအချင်းချင်းကြား ကူးစက်မှုများ ဘော်ဒါဆောင်များတွင် အများဆုံးဖြစ်ပွားခဲ့သည်ကိုတွေ့ရသည်။ ထို့အတွက်ကြောင့် မျက်နှာဖုံး ဝတ်ဆင်ခြင်းကို အပြင်ထွက်ပါက မဝတ်မနေရ (mandatory) ဖြစ်သင့်သည်။ ယင်းနိုင်ငံများ၏ အားသာချက်မှာ နည်းပညာကို ကောင်းစွာအသုံးချ၍ ကူးစက်သူများဖြင့် ထိတွေ့သူများကို ခြေရာခံခြင်း၊ ကန့်သတ်စောင့်ကြည့် နိုင်ခြင်းတို့ဖြစ်သည်။

အသွားအလာ ကန့်သတ်ခံထားရသူများကိုလည်း အဆိုပါနိုင်ငံများတွင် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကို လည်း ကျွမ်းကျင်သူ စိတ်ကျန်းမာရေးဝန်ထမ်းများက ပေးအပ်သည်ကိုလည်းတွေ့ရသည်။

မြန်မာနိုင်ငံအနေ အခြေအနေနှင့် ဆက်လက်လုပ်ဆောင်ရန်များ

မြန်မာနိုင်ငံ၌ ပြီးခဲ့သည် ဧပြီလ၁၄ရက်နေ့ထိ
ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ အတည်ပြုလူနာ ၇၄ဦးရှိနေပြီဖြစ် သည်။ အရေအတွက်မှာ နည်းသည်ဟုဆိုနိုင်သော်လည်း စိုးရိမ်စရာလည်းဖြစ်လာသည်။ အမေရိကန်ပြည် ထောင်စုတွင် မတ်လ၃ရက်နေ့ထိ ကူးစက်ခံရသူ ၁၀၇ဦးနှင့် သေဆုံးသူ၆ဦးသာရှိသော်လည်း ၁လအတွင်း အဆပေါင်းများစွာမြင့်တက်သွား၍ ယခုဆိုလျှင် လူပေါင်း၂သောင်းကျော် သေဆုံးသွားပြီဖြစ်သည်။ ပြည်ထောင် စု ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဋ္ဌာနနှင့် လက်အောက်ခံဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများက အတတ် နိုင်ဆုံး ကြိုးစား၍ ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ထိန်းချုပ်နေလေသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရများကလည်းတတ်နိုင်သမျှ ဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါသည်။


သို့သော် ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုကို ခုခံကာကွယ်ရာတွင် အထက်၌ဖေါ်ပြခဲ့သလို အချိန်နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့များ၏ လုပ်ဆောင်ချက်များက အဓိကကျသဖြင့် အောက်ပါအချက်များကို ပြည်ထောင်စုအစိုးရနှင့် ကူးစက်မှု၏ ဗဟိုချက်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့အနေဖြင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည်ဟု ထင်မြင်မိပါသည်။


၁) မြန်မာနိုင်ငံ၏ လက်ရှိကျန်းမာရေးစနစ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ဆောင်မှုနေရာ များဖြစ်သည့် ဆေးရုံများ၏ ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ကုသပေးနိုင်သည့် အင်အား (ဥပမာ ကုတင်အရေအ တွက်၊ ဆရာဝန်အရေအတွက်) ကိုထုတ်ပြန်ပြီး ယင်အင်အားနှင့် ကုစက်မှုများပါလာက ပေးအပ်ရမည့် ဝန်ထုတ် တို့မမျှကြောင်းကို ပြည်သူကိုတင်ပြသင့်သည်။ ကိုဗစ်-၁၉ရောဂါသည် ကူးစက်ခံရသူအားလုံး၏ ၂၀ရာခိုင်နှုန်း ခန့်သာ ဆေးရုံတွင် တက်ရောက်ကုသရန်လိုအပ်သည်ဟု သုတေသနလေ့လာချက်များအရသိရသည်။ ထိုအထဲ မှ ၅ရာခိုင်နှုန်းခန့်သည် အထူးကြပ်မတ်ဆောင်များတွင် Ventilatorsများဖြင့် ကုသပေးရန်လိုအပ်သည်။ အထူး သဖြင့် သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါအခံရှိသူများသည် အန္တရာယ်အများဆုံးဖြစ်သည်။ ထိုသို့ တွက်ချက်မှုများကို ပြည်သူလူထု သိရှိပါက ၎င်းတို့၏သတိထားမှုများလည်း ပိုမိုမြင့်တက်လာနိုင်သည်။
၂) ဆက်စပ်ပြီးလည်း ရောဂါပိုးရှိသူများကို ဖေါ်ထုတ်စစ်ဆေးခြင်း၊ ထိတွေ့ခဲ့သူများကို ဖေါ်ထုတ်၍ သီးခြားကန့် သတ်ထားခြင်းပြုလုပ်ရာတွင်လည်း quarantine centers ထားရှိသည့်နေရာများ၏ အရေအတွက်တို့ကိုဖေါ်ပြ၍ ထပ်မံ တိုးချဲ့ရန်စီစဉ်နေသည့် တက္ကသိုလ်များကဲ့သို့ နေရာများမှ ထပ်တိုးအရေအတွက်ကိုပါ တွက်ချက်ပေးသင့် ပါသည်။


၃) ရန်ကုန်မြို့ကို ဝူဟန်မြို့ကဲ့သို့ လုံးဝပိတ်ဆို့ချရန် မလွယ်ကူ။ ထို့အတွက်ကြောင့် ရောဂါကာကွယ်ရေးလုပ်ငန်း များတွင် အထိရောက်ဆုံးဖြစ်သည့် မျက်နှာဖုံးဝတ်ဆင်ခြင်း (mask wearing) ကို အပြင်ထွက်သူတိုင်း ဝတ်ဆင် ရမည်ဟု အမိန့်ထုတ်သင့်သည်။ လက်ရှိ ကြားသိနေရသည်မှာ ဆင်ခြေဖုံးရပ်ကွက်များတွင် သင်္ကြန်ကာလ အပြင်မထွက်ရန် တားမြစ်ထားသော်လည်း အများစုမှာ သွားလာလျက်ရှိပြီး မျက်နှာဖုံးများကိုလည်း အများစု မဝတ်ဆင်ကြဟုသိရသည်။ ဒေသတွင်းနိုင်ငံများ၏ အတွေ့အကြုံအရ မျက်နှာဖုံးဝတ်ဆင်ခြင်းသည် အင်မတန် ထိရောက်သည်ကို တွေ့ရသည်။


၄) Quarantine ကိုမလိုက်နာလျှင် မည်သို့အရေးယူမည်၊ လူစုလူဝေး ပြုလုပ်လျှင် မည်သို့အရေးယူမည်၊ အပြင် ထွက်လျှင် မျက်နှာဖုံး Mask မဝတ်ဆင်ပါက မည်သို့အရေးယူမည်ဆိုသည်ကို တရားဝင် လူအများသိရှိအောင် ထုတ်ပြန်ကြေငြာသင့်သည် (ယခုဤစာရေးနေချိန်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ယင်း၏ ဖေ့စ်ဘွတ် စာမျက်နှာမှ ယခုည၈နာရီသတင်းတွင် ထုတ်ပြန်ကြေငြာမည်ဟုသိရသည်)။


၅) မျက်နှာဖုံးများကို လုံလောက်စွာ ထုတ်လုပ်ဖြန့်ဝေနိုင်ရန် အစီအစဉ်များပြုလုပ်သင့်သည်။ နေ့စဉ် အရေအ တွက် မည်မျှလိုအပ်နိုင်သည်ကို တွက်ချက်၍ သက်ဆိုင်ရာ အထည်ချုပ်လုပ်ငန်းများ၊ ဖြန့်ဝေသည့်ဆိုင်များ၊ ဖြန့် ဝေပေးမည့် အရပ်ဘက်အဖွဲ့အစည်းများဖြင့် ဆွေးနွေးညှိနှိုင်း၍ ရန်ကုန်မြို့နေရာအသီးသီးရှိ ပြည်သူများထံ ရောက်ရှိအောင် မည်သို့ဖြန့်ဝေသွားမည်၊ ရောင်းချသွားမည်၊ လှူဒါန်းနိုင်သည်ကို ထုတ်ပြန်သွားရမည်။ ဈေး သတ်မှတ်၍ ဈေးတင်ရောင်းချသူများကို အရေးယူမည်ဟု အမိန့်အာဏာထုတ်ပြန်ရမည်။ ကိုဗစ်-၁၉ကူးစက်ရော ဂါ ကာကွယ်ရေးအတွက် အခြားအရေးကြီးသည့် ပစ္စည်းများဖြစ်သည့် လက်ဆေးဆပ်ပြာ၊ ပိုးသတ်ဆေး အစရှိ သည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များဖြင့် ညှိနှိုင်းဆောင်ရွက်သင့်သည်။


၆) ဈေးများနှင့် ဈေးသည်များကို စနစ်တကျ စီမံခန့်ခွဲရေးသည်လည်း ရန်ကုန်မြို့၏ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေး အစီအစဉ်များတွင် အရေးကြီးသည့်ကဏ္ဍတွင်ရှိနေသည်။ ဈေးသည်များ မျက်နှာဖုံးဝတ်ဆင်ရန်၊ လက်အိပ်ဝတ်ရန်၊ ဈေးဆိုင်နှင့် ဈေးဝယ်သူကြား အနည်းဆုံး၆ပေခွာထားရန်၊ ဈေးဆိုင်များရှေ့လိုင်းဆွဲထားရန်၊ ဈေးဝယ်လာသူတိုင်း မျက်နှာဖုံးဝတ်ဆင်ထားရန်တို့ကို အာဏာဖြင့်သက်ဝင်အောင်ပြုလုပ်သင့်သည်။ ဈေးများ ကိုလည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ်မရှိစေရန် လိုအပ်လျှင် အနေအထား ပြန်လည်ပြင်ဆင်သင့် သည်။ အချို့ဈေးများကို ပိတ်သင့်ကပိတ်သိမ်းရမည်။ ဆင်ခြေဖုံး ရပ်ကွက်များရှိ ဈေးများကို စနစ်တကျ ပြန်လည် နေရာချထားခြင်းများ ရပ်ရွာအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သင့်သည်။ ဈေးများနှင့် ဈေးသည်များ သည် ရန်ကုန်မြို့ရှိ လူအများစုအတွက် မရှိမဖြစ်သွားနေကြသည့် နေရာများဖြစ်သည်။ဈေးသည်အများ ဈေး ရောင်းရာမှ ရောဂါကူူးစက်ခံရပါက ဈေးရောင်းမချနိုင်ပါက ပြည်သူအများစုနေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲများဖြစ်ပေါ်လာနိုင်သည်။ ယခုလည်း ဈေးသည်များ မျက်နှာဖုံးဝတ်ဆင်ရန်၊ လက်အိတ်ဝတ်ရန် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက အချို့မြို့နယ်များတွင် တိုက်တွန်းလုပ်ဆောင်နေသည်ကိုတွေ့ရ သည်။


၇) နောက်ထပ်အနည်းဆုံး ၂ပတ်ခန့် ဆက်လက်၍ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများမှာ ယခုလိုပင် အသွားအလာ ကန့်သတ်ထားရန်လိုအပ်အုံံးမည်ဟုယူဆသည်။ ထိုသို့ဆက်လက် ကန့်သတ်ပါက အခြေခံ ပုံမှန်မဟုတ်သည့် စီးပွားရေးနယ်ပယ်မှာ လုပ်ကိုင်နေကြရသည့် လက်လုပ်လက်စားများအတွက် ကူညီထောက်ပံ့မှု အစီအစဉ်များ ကို အစိုးရ၊ ပုဂ္ဂလိက၊ အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်းရေးဆွဲလုပ်ကိုင်သင့်သည်ဟုထင်မြင်သည်။ အခြေခံ လူတန်းစားအား စားဝတ်နေရေး မရှိမဖြစ်လိုအပ်ချက်များကို ထိရောက်စွာ ဆက်လက်ဖြည့်ဆည်းပေးနိုင်မှသာ Lockdown ကန့်သတ်ထားရှိမှုများအောင်မြင်မည်ဖြစ်သည်။

အဆုံးသတ်

Imperial College London တက္ကသိုလ်မှ Covid-19 Response Team၏ မတ်လ၂၆ရက်နေ့ နေ့စွဲဖြင့် ထုတ်ဝေခဲ့သည့် “Report 12: The Global Impact of COVID-19 and Strategies for Mitigation and Suppression” တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကို မတုန့်ပြန်ဘဲ do nothing policy လုပ်လျှင် တကမ္ဘာလုံး၌ လူသန်းပေါင်း၇၀၀၀ ကူးစက်ခံရနိုင်၍ လူသန်းပေါင်း၄၀သေဆုံးနိုင်သည်။ ထိုသို့မဟုတ်ဘဲ Mitigation Strategy ဟုခေါ်သည့် သက်ကြီးရွယ်အိုများကို အပြင်မထွက်စေခြင်း၊ သီးခြားထားရှိခြင်းနှင့် လူအားလုံး တတ်နိုင်သမျှ အသွားအလာများကို လျှော့ချပါက လူသန်းပေါင်း၂၀၏ အသက်ကိုကယ်တယ်နိုင်မည်။ သေဆုံးမှု ၅၀ရာခိုင်နှုန်း လျှော့ကျသွားမည်။ သို့သော် ဤအခြေအနေတွင်ပင် ဆေးရုံများ၊ ကျန်းမာရေးဝန်ဆောင်မှုဋ္ဌာနများ၊ ကျန်းမာ ရေးဝန်ထမ်းများ ဝန်နှင့်အားမမျှတော့ဘဲ overwhelm အခြေအနေဆိုးဝါးသွားနိုင်သည်ဟုဆိုသည်။ အထူးသ ဖြင့် ဝင်ငွေနည်းနိုင်ငံများ (low income countries)တွင် အခြေအနေဆိုးဝါးသွားနိုင်သည်ဟုရေးသားထားသည်။ Suppression Strategy ဟုခေါ်ဝေါသည့် ယခုကဲ့သို့ ကျောင်းများ၊ ရုံးများ၊ စားသောက်ဆိုင်များကို လချီပိတ်ခိုင်း ထားပြီး၊ အသွားအလာများလည်း ပိတ်ပင်ထားခြင်း၊ ပွဲလမ်းသဘင်များပိတ်ပင်ထားခြင်းများကို စောစီးစွာ ပြုလုပ် ပါက တကမ္ဘာလုံး၌ သေဆုံးမှု ၃၈.၈သန်းလျှော့ကျသွားမည်။ ကူးစက်မှုများလာပြီး သေဆုံးမှုနှုန်းများလာမှ လုပ်လျှင် သေဆုံးမှု ၃၀သန်းလောက်လျှော့ကျသွားနိုင်သည်။ ထိုကြောင့် မြန်မာနိုင်ငံတွင်လည်း Suppression Strategy ကို နိုင်ငံ၏ ပကတိအခြေအနေများဖြင့် ကိုက်ညီစွာ ဆက်လက်ကျင့်သုံးသွားရမည်သာဖြစ်သည်။

ထို့ပြင် သေဆုံးနိုင်သူအများစုမှာလည်း သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများဟုဆိုသည်။ ဖွံ့ဖြိုးပြီးနိုင်ငံ များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကွာခြားချက်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သက်ကြီးရွယ်အို (အသက်၆၅နှစ်အထက်) ရာခိုင်နှုန်းသည်များသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်တော့ လူဦးရေစုစုပေါင်းတွင်ပါဝင်သည့် သက်ကြီးရွယ်အို ရာခိုင် နှုန်းသည်နည်းသည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သက်ကြီးရွယ်အိုများသည် မိသားစုဦးရေများသည့် အိမ်များ တွင်နေထိုင်ကြရသည်။ ထိုအတွက်ကြောင့် ပြင်ပနှင့်ပိုမိုအဆက်အသွယ်များ၍ ရောဂါပိုးကူးစက်ခံရနိုင်ချေ ပိုများ သည်။


ထို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ မိသားစုများတွင် ရှားပါးသည့် သက်ကြီးရွယ်အိုများကို ကာကွယ်ရန် မိသားစု ဝင်သားသမီးမြေးမြစ်များအပေါ် များစွာမူတည်နေသည်။ သက်ကြီးရွယ်အိုများရှိသည့် မိသားစုဝင်များအနေဖြင့် တတ်နိုင်သမျှ အိမ်ပြင်မထွက်ခြင်း၊ မည်သည့်ကိစ္စနှင့်မဆို ထွက်လျှင်လည်း မမေ့မလျှော့ မျက်နှာဖုံး(mask) ဝတ်ဆင်သွားရန် တိုက်တွန်းလိုက်ရပါသည်။

ခိုင်ဝင်း
၁၆ ၊ ဧပြီ၊ ၂၀၂၀ ။

References:

Beth Duff Brown, How Taiwan Use Big Data, Transparency and a Central Command to Protect Its People from Corona Virus; March 3 2020, Stanford: Stanford Health Policy.
https://healthpolicy.fsi.stanford.edu/…/how-taiwan-used-big…?
Nicholas Kristof & Stuart A. Thomson, “How Much Worse the Corona Virus Could Get, In Charts”, March 13, 2020, New York Times.
https://www.nytimes.com/…/o…/coronavirus-trump-response.html
Patrick GT Walker, Charles Whittaker, Oliver Watson et al. The Global Impact of COVID-19 and Strategies for Mitigation and Suppression. Imperial College London (26-03-2020), doi: https://doi.org/10.25561/77735.