ဆောင်းပါးများ

အပိုင်း – ၅ အဖွဲ့အစည်းရေရှည်တည်တံ့ခိုင်မြဲမှု

ယခုအပတ်တွင် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုအကြောင်း၏ နောက်ဆုံးအပိုင်း – ၅ ကို ဆက်လက်ဆွေးနွေး၍ ရေးသားမှုကို နိဂုံးချုပ်လိုပါသည်။ အဖွဲ့အစည်းတခု စတင်တည်ထောင်ပြီးနောက်တွင် အဖွဲ့များအတွက် ရေရှည်တည်တံ့အောင် မည်သို့ဆက်လက်လုပ်ဆောင်ကြမည်နည်း ဆိုသည်ကိုလည်း ဆက်၍ စဉ်းစားကြရသည်။ အဖွဲ့အစည်းတခုရေရှည်တည်တံ့နိုင်ရန်မှာ စီမံချက်လုပ်ငန်းများ ထိရောက်အောင် လုပ်ဆောင်နိုင်ခြင်းတခုတည်းဖြင့် မလုံလောက်ပါ။​အဖွဲ့နှင့် ပတ်သက်ဆက်စပ်သူများ၊ အထူးသဖြင့် ဦးတည်အုပ်စုများနှင့် ခိုင်မာသည့် ဆက်ဆံရေးတည်ဆောက်ထားနိုင်ရန် လိုအပ်သည်။ အဖွဲ့အစည်းအနေဖြင့် မိမိ၏ဦးတည်အုပ်စုများမှာ မည်သူများဖြစ်သည်၊ မည်သူတို့ကို ကိုယ်စားပြုသည်၊ နှင့် မည်သူတို့အပေါ်တွင် မှီခိုနေရသည် ဆိုသည်တို့ကိုလည်း အလေးအနက် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ 

လွတ်လပ်အမှီခိုကင်း၍ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက်ဟုဆိုရာတွင် မိမိတို့၏ရည်မှန်းချက်များ၊ လက်ခံယုံကြည်သည့် ကိစ္စရပ်များ၊ လုပ်ဆောင် ပေးနေသည့် ဦးတည်အုပ်စုများအတွက် လုပ်ငန်းများကို ဦးစိုက်လုပ်ကိုင်နိုင်ရန်မှာ အဓိကကျသည်။ ရံဖန်ရံခါတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများသည် ငွေကြေးပိုင်းဆိုင်ရာနှင့် အခြားလိုအပ်သည့် အရင်း အမြစ်များကို မှီခိုကြရပြီး နိုင်ငံရေးပါတီများ၊ အာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်း များ၏ လက်ကိုင်တုတ်များ၊ အသုံးချခံများ အဖြစ် ရောက်သွားတတ်ကြသည်။ ထို့ကြောင့် နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများ၊ အစိုးရ သို့မဟုတ် အခြားသော အင်အား စုများ၏ လွှမ်းမိုးမှုများ ရှိမနေဘဲ လွတ်လပ်စွာ ရပ်တည်နိုင်မှသာ မိမိတို့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် အမည်သတင်းကျော်စောမှုတို့ကို ကာကွယ်ထိန်းသိမ်းနိုင်ပြီး အဖွဲ့အပေါ် ယုံကြည်မှုခိုင်မာစေနိုင်မည်။

သို့ရာတွင် အဖွဲ့အစည်းများအနေဖြင့် လိုအပ်သည့် အရင်းအမြစ်များရှိမှသာလျှင် အဖွဲ့အစည်းအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည်ဖြစ်ပြီး ဦးတည် အုပ်စုများအတွက် ဆက်လက်လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းတခု ဖြစ်စေ၊ ဒေသန္တရနှင့် နိုင်ငံတနိုင်ငံလုံးတွင် လုပ်ဆောင်နေကြသည့်အဖွဲ့အစည်းများဖြစ်စေ လူစွမ်းအားနှင့် အခြားအရင်းအမြစ်များ ကို စုစည်းအသုံးချခြင်း (Resource Mobilization)ဆိုသည့် ကိစ္စကို မဖြစ်မနေစဉ်းစားကြရန်လိုအပ်သည်။​

အရင်းအမြစ်များ စုစည်းအသုံးချခြင်းဟုဆိုရာတွင် ငွေကြေးရန်ပုံငွေရရှိရေးသာမက ရပ်ရွာလူထုပါဝင်စေသော စည်းရုံးရေးလုပ်ဆောင်ရန်မှာလည်း အရေးကြီးလှသည်။ မိမိတို့ စီမံကိန်း လုပ်ဆောင်ပေးနေသည့် ပြည်သူလူထုနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း၊ ယုံကြည်မှုတည်ဆောက်နိုင်သည့် ဆက်ဆံရေးမျိုးလည်း ရှိရမည်။ ယင်းလုပ်ငန်းစဉ် မှတစ်ဆင့်—

  • ဒေသခံများ၏ လုပ်အား၊ အချိန်နှင့် အတွေ့အကြုံများ
  • အဖွဲ့အစည်းအပေါ် ယုံကြည်မှု 
  • ဒေသအာဏာပိုင်များ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ ပံ့ပိုးမှုများဖြင့်
  • စီမံကိန်းများကို လူထုကိုယ်တိုင် ဆက်လက်ထိန်းသိမ်းလုပ်ဆောင်နိုင်သည်။

ဤအချက်များအားလုံးသည် အဖွဲ့အစည်း၏ ရေရှည်တည်တံ့ခိုင်မြဲမှုကို အထောက်အကူပြုသည့် အချက်များဖြစ်သည်။

ရပ်ရွာလူထုကိုယ်တိုင် ပါဝင်လုပ်ဆောင်လာစေရန် စည်းရုံးခြင်း (Community Mobilization)

အဖွဲ့အစည်းတခု ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ငွေကြေးအရင်းအမြစ်များသာမက လူ့အရင်းအမြစ်၊ ယုံကြည်မှု၊ ပူးပေါင်းပါဝင်မှုနှင့် ဒေသခံလူထု၏ ပံ့ပိုးမှုများသည် အလွန် အရေးကြီးပါသည်။ ထို့ကြောင့် စီမံချက်လုပ်ငန်းများကို လုပ်ဆောင်ကြရာတွင် အဖွဲ့အစည်း၏ဝန်ထမ်းများသည် အဓိကဦးဆောင်လုပ်ကိုင်သည့်နေရာမှနေ၍ လုပ်ကိုင်ကြသည့်အစား  ယင်းလုပ်ငန်းစဉ်တွင် ပံ့ပိုးကူညီကြသူများ (facilitator)အဖြစ် ရပ်ရွာလူထုကိုယ်တိုင် ပါဝင်ပြီး မိမိတို့ရပ်ရွာအတွက် ကိုယ်တိုင်လုပ်ဆောင်လာစေရန် စည်းရုံးခြင်း (Community Mobilization) နည်းလမ်းကို အသုံးချ၍ ပံ့ပိုးပေးသင့်သည်။ 

ရပ်ရွာလူထုကိုယ်တိုင် ပါဝင်ပြီး မိမိတို့ရပ်ရွာအတွက် ကိုယ်တိုင်လုပ်ဆောင်လာစေရန် စည်းရုံး ခြင်း (Community Mobilization) ဆိုသည်မှာ – ရပ်ရွာလူထုအားလုံး သို့မဟုတ် လူအများစုအတွက် အရေးကြီးသည့် အခြေခံလိုအပ်ချက်များ၊ ပြဿနာများကို ရပ်ရွာအတွင်းရှိ အရင်းအမြစ်များကို အထိရောက်ဆုံး အသုံးချ၍ ရပ်ရွာလူထုမှ ဦးဆောင်ဖြေရှင်းလာတတ်စေရန် ပံ့ပိုးပေးသည့်လုပ်ငန်း စဉ်ပင်ဖြစ်သည်။

ရပ်ရွာလူထုပါဝင်မှု

ရပ်ရွာလူထုပါဝင်မှုဆိုသည်မှာ –

ရပ်ရွာ၏ ကိစ္စရပ်များကို “သူတို့၏ ကိုယ်ပိုင်ကိစ္စ” ဟု နားလည်သဘောပေါက်ကာ စီမံကိန်းရေးဆွဲခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်တခုလုံးတွင် တက်ကြွစွာ ပါဝင်လာစေခြင်းဖြစ်ပါသည်။ ထိုသို့ ပါဝင်လာသောအခါ လုပ်ဆောင်သည့် လုပ်ငန်း၊ စီမံကိန်းများသည် လူထု၏ လိုအပ်ချက်နှင့် ပိုမိုကိုက်ညီလာပြီး ရေရှည် တည်တံ့ခိုင်မြဲနိုင်သည်။ပါဝင်ခြင်းဆိုရာတွင် အကြံဉာဏ်များ၊ အဓိကဦးစားပေးလုပ် ဆောင်ရမည့်အရာများ၊ အရင်းအမြစ်များမျှဝေခြင်း၊ အချိန်ပေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် အကဲဖြတ် သုံးသပ်ခြင်း တို့ပါဝင်နိုင်ပါသည်။ ပူးပေါင်းပါဝင်ခြင်းဆိုသည်မှာ ဖြစ်စဉ် တစ်ခုဖြစ်ပြီး၊ အခြားအန္တိမအကျိုုးဆက်များကိုလည်း ဖြစ်ထွန်းစေနိုင်ပါသည်။

ရပ်ရွာလူထုပါဝင်မှု အဆင့်ဆင့်

ရပ်ရွာလူထုပါဝင်မှုကို အဆင့်ဆင့် ခွဲခြားနိုင်ပါသည်။ ပါဝင်မှုမရှိသည့် အဆင့်များတွင် လူထုကို “ပညာပေးရန်” သို့မဟုတ် “ဟန်ပြ” အဖြစ်သာ အသုံးချခြင်း ဖြစ်တတ်ပါသည်။ ထိုအဆင့်များကို လုပ်ဆောင်သည့်စီမံကိန်းများသည် ရေရှည်မတည်တံ့နိုင်ပဲ လူထု၏ ယုံကြည်မှု၊ စစ်မှန်သည့်ပါဝင်မှုမျိုးလည်း မရရှိနိုင်ပါ။ ပွဲပြီးမီးသေသာဖြစ် သွားတတ်သည်။

စီမံကိန်းအစီအစဉ်များရေးဆွဲခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်များတွင် ပြည်သူလူထု၏ ပါဝင်မှု ဒီဂရီအဆင့်အမျိုးမျိုးကို လှေကားထစ် ၆ ဆင့်ဖြင့် သရုပ်ဖော်ပြသထားသည်။ အောက်ဆုံးအဆင့် ရပ်ရွာအတွင်းရှိ ပြည်သူလူထုများထဲမှ အဖွဲ့မှရွေးချယ်ခန့်အပ်တာဝန်ပေးလုပ်ဆောင်ခြင်း၊ ဒုတိယအဆင့် တာဝန်များ ချမှတ်ပေး၍ လိုက်နာလုပ်ဆောင်စေခြင်းအဆင့်၊ တတိယအဆင့် တိုင်ပင်ဆွေးနွေးခြင်းအဆင့်မျှကိုသာ လုပ်ဆောင်ခဲ့ကြသည့် အဖွဲ့အစည်းများ၏ စီမံချက်များသည် စီမံကိန်း ပြီးလျှင် ရပ်ရွာတွင် ဘာမျှမကျန်ခဲ့တတ်ချေ။ ယင်းမှထပ်၍အဆင့်တက်ပြီး လက်တွဲလုပ်ဆောင်ခြင်း၊ ရပ်ရွာပြဿနာများကို ပြည်သူလူထုနှင့်အတူ လေ့လာသင်ယူပြီး အမြင့်ဆုံးအဆင့်ဖြစ်သည့် ပြည်သူ လူထုနှင့်အတူ ပူးပေါင်းလုပ်ဆောင်ကြမှသာလျှင် စီမံကိန်းမရှိတော့လျှင်ပင် ရပ်ရွာပြည်သူလူထုက ဆက်လက်လုပ်ဆောင်နေကြမည်ဖြစ်သည်။

ရပ်ရွာလူထုကိုယ်တိုင်ပါ ပါဝင်‌အောင်စည်းရုံးခြင်း ဆိုသည်မှာ –

  • တူညီသည့် လိုအပ်ချက်များ၊ တူညီသည့် စိတ်ဆန္ဒ သဘောထား များနှင့် ပြဿနာကိုရှုမြင် ပုံတူညီကြသူများ အားလုံးပူးပေါင်း၍ ရပ်ရွာပြည်သူလူထုအားလုံးအတွက် အကျိုး ကျေးဇူး ရရှိနိုင်စေရန် အတူတကွ အရေးယူဆောင်ရွက်သည့် ဖြစ်စဉ်ကို ဆိုလိုသည်။ (Joint United Nations Programme on HIV/AIDS)
  • တဦးနှင့်တဦးအကြားအပြန်အလှန်ဆက်ဆံ၊ ပညာပေး၊ စည်းရုံးမှုများပါဝင်ပြီး ယင်းသို့ လုပ်ဆောင်ခြင်းအားဖြင့် လွတ်လပ်မှုရှိပြီး အသိပညာတိုးပွား ရရှိစေနိုင်သော အဆက်မပြတ်၊ ဖွံ့ဖြိုးတိုးတက်စေနိုင်သည့် ဖြစ်စဉ်တခုဖြစ်သည်။ (Save the Children Federation)       

ရပ်ရွာလူထုပါဝင်မှု၏ အကျိုးကျေးဇူးများမှာ – 

  • တဦးချင်းစီ၏အကျိုးစီးပွား – တဦးချင်းစီ၏ကိုယ်ပိုင်လိုအပ်ချက်များကို နားလည်သဘောပေါက် ညှိနှိုင်းခွင့်ရပြီး အကောင်းဆုံးဖြေရှင်း၊ဖြည့်ဆည်းပေးနိုင်ခြင်း 
  • အခြားသူများ၏ လိုအပ်ချက်များကို နားထောင်တတ်ပြီး အလေးထားဂရုစိုက်ခြင်း
  • အခြားသူများနှင့် အလုပ်လုပ်ရသည်ကို သဘောကျနှစ်သက်လာခြင်း
  • အခြားရပ်ရွာလူထုနှင့်သက်ဆိုင်သည့်လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်လိုစိတ် ဖြစ်ထွန်းလာစေခြင်း
  • ကိုယ့်ကိစ္စ၊ ကိုယ့်ပြဿနာဟု လက်ခံသဘောပေါက်ပြီး ကိုယ့်ဘာသာအဖြေရှာလိုလာကြခြင်း
  • မတူကွဲပြားသည့် အလေ့အထနှင့် လူမှုတန်ဖိုးများကို ပြန်လည်ဖော်ထုတ်နိုင်ပြီး မြှင့်တင်ပေးရန် သတိပြုမိလာခြင်း
  • မိမိတို့ရပ်ရွာလူမှုအဖွဲ့အစည်း၏သွင်ပြင်လက္ခဏာနှင့် ညီညွတ်မှုများကိုလည်း ပြန်လည်ခိုင်မာ လာစေနိုင်ခြင်း
  • တဦးချင်းလုပ်ဆောင်မည့်အစား အများနှင့်စုပေါင်းလုပ်ကိုင်ခြင်းက ပိုမိုအောင်မြင်နိုင်သည်ကို လက်တွေ့နားလည်သဘောပေါက်လာကြခြင်း  
  • အပြောင်းအလဲကို လိုလားစိတ်နှင့် လေ့လာသင်ယူလိုစိတ်များ ပို၍ဖြစ်ထွန်းလာစေခြင်း

ရပ်ရွာလူထုပါဝင်မှုကို ဖြစ်ထွန်းစေသည့် တွန်းအားများနှင့် အဟန့်အတားများ

ရပ်ရွာလူထုကို ပါဝင်မှုကို ဖြစ်ထွန်းစေသည့်အချက်များမှာ

  • ခေါင်းဆောင်မှုကောင်းမွန်ခြင်း၊
  • ယုံကြည်မှုတည်ဆောက်နိုင်ခြင်၊
  • ပွင့်လင်းမြင်သာမှုရှိခြင်းနှင့်
  • အားလုံးပါဝင်ခွင့်ရရှိစေခြင်းတို့သည် အဓိက တွန်းအားများ ဖြစ်သည်။

ရပ်ရွာပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်လုပ်ဆောင်လာစေရန် အဟန့်အတားဖြစ်စေသည့်အချက် များမှာ –

  • တဦးချင်းစီ၏အကျိုးစီးပွားများ
  • မိမိကိုယ်မိမိယုံကြည်မှုမရှိခြင်း
  • လူမှုဆက်ဆံရေး သို့မဟုတ် ပူးပေါင်းပါဝင်ဆောင်ရွက်မှုအတွေ့အကြုံများမရှိခြင်း
  • ငွေကြေး၊ အချိန် မပေးနိုင်ခြင်း
  • ပံ့ပိုးကူညီမည့်စနစ်များ၊ လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်းသောသတင်း အချက်အလက်များ မရှိနေခြင်း 
  • ပါဝင်ရန် ဖိတ်ခေါ်မခံရခြင်း၊ အဖွဲ့အစည်းက ပါဝင်ခွင့် အခွင့်အလမ်း မပေးခြင်း 
  • ဘာသာစကား
  • မှီခိုတတ်သောအလေ့အကျင့် – ဘာလုပ်ရမည်ကို ပြောပြလမ်းညွှန်ပေးခြင်းကို နှစ်သက်ခြင်း
  • အသိပညာဗဟုသုတသည် သြဇာအာဏာဖြစ်နေခြင်း – သူတစ်ပါးကို မျှဝေပေးလိုက်ပါက မိမိတွင် သြဇာ အာဏာမရှိတော့မည့်ကို စိုးရိမ်ကြောက်လန့်ခြင်း
  • ပြန်လည်တုန့်ပြန်ပြောဆိုသည့် အလေ့အထအားနည်းခြင်း
  • အာဏာ၊ ရာထူး၊ သြဇာအရှိန်အဝါမရှိခြင်း

မိမိပြောလိုက်သည့်အတွက်ကြောင့်ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ကြောက်ရွံ့ခြင်း၊ ယုံကြည်မှုမရှိခြင်း၊ သတင်းအချက်အလက်မလုံလောက်ခြင်းတို့သည် အဟန့်အတားများအဖြစ် ရှိနေတတ်ပါသည်။

၁။ အားလုံးတွေ့ကြုံနေရသည့် အခက်အခဲပြဿနာများကို ဖေါ်ထုတ်ပြီးအဓိကအရေးတကြီး ဖြေရှင်းရ မည့် ကိစ္စများကို ရွေးချယ်ရာတွင် ရပ်ရွာတခုအတွင်းရှိ လူအများစုနှင့် သက်ဆိုင်သည့် ဥပမာ – ကျန်းမာရေးကိစ္စရပ်များ၊ သောက်သုံးရေပြဿနာ၊ လမ်းပန်းဆက်သွယ်ရေး၊​ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုစသည်များ၊ အားလုံးအတွက် အကျုံးမဝင်သော်လည်း အများစုစိတ်ဝင်စားသည့် ကိစ္စများ ဥပမာ – ပညာရေး၊ စီးပွားရေးအခက်အခဲများနှင့်ပတ်သက်၍ ရွေးချယ်လုပ်ဆောင်လေ့ရှိကြသည်။ ယင်းပြဿနာများကို အဖြေရှာရာတွင် Participatory Action Research(PRA)/ Participatory Learning and Action (PLA) ကဲ့သို့သော ရပ်ရွာပြည်သူလူထုကိုယ်တိုင် သူတို့ရပ်ရွာအခြေအနေ၊ ရှိသည့်အရင်းအမြစ်များကို ဖော်ထုတ်နားလည်သိရှိစေနိုင်မည့် နည်းလမ်းများကို အသုံးပြု၍ လက်ရှိပြဿနာများ၊ ပတ်သက်ဆက် စပ်သူများ၊ ရပ်ရွာအတွင်းရနိုင်သည့် အရင်းအမြစ်များကို ရှာဖွေဖော်ထုတ်တတ်ကြသည်။ ယင်းသို့လုပ်ဆောင်သည့် လုပ်ငန်းစဉ်တွင် – အမျိုးသမီးများနှင့် လူနည်းစုများ (လူနည်းစုမျိုးနွယ်စုများ၊ မသန်စွမ်းသူများ၊ရပ်ရွာအတွင်း ဖယ်ကျဉ်ခံထားကြရသူများ စသည်ဖြင့်)တို့ကိုဖော်ထုတ်၍ ၎င်းတို့၏အသံများကိုလည်း နားထောင်လာအောင် ကူညီပံ့ပိုးပေးရန်လိုအပ်သည်။

ရပ်ရွာပြည်သူလူထုပါဝင်လာအောင် စည်းရုံးသည့်လုပ်ငန်းစဉ်အတွက် အခြေခံလမ်းညွန်ချက်များ

  • ဖြစ်စဉ်အတွက် အဓိကအခန်းကဏ္ဍ မှပါဝင်သူများမှာ လုပ်ငန်းနှင့်အဓိက ပတ်သက်သည့် လူပုဂ္ဂိုလ်များနှင့် ရပ်ရွာပြည်သူလူထုတို့ပင်ဖြစ်သည်။
  • ရပ်ရွာလူထုအတွင်းမှ ယခင်ကမည်သည့်နေရာတွင် မှ ပါဝင်ဆွေးနွေးခွင့်မရသည့် သူများကို လုပ်ကိုင်ခွင့်၊ လုပ်ဆောင်နိုင်ရန် စွမ်းရည်မြှင့်တင်ပေးခြင်း၊ စကားပြော ဆိုခွင့်လမ်းဖွင့်ပေးခြင်း တို့ကို ပြုလုပ်သင့်သည်။ ဒေသအခြေအနေအလိုက် သူတို့၏ လုပ်ပိုင်ခွင့် အပေါ် ဦးစားပေး ဘက်လိုက်သင့်သည်။
  • ရပ်ရွာလူထုသည် မိမိတို့ဒေသ၏အပြောင်းအလဲများ အတွက်အဓိကလုပ်ဆောင်သည့်သူများ ဖြစ်သင့်သည်။

ပြည်သူလူထုနှင့် ရပ်ရွာအဖွဲ့အစည်းများတွင် မပြည့်စုံမှုများနှင့် လိုအပ်ချက်များရှိနေသည်။ သို့သော် ယင်းရပ်ရွာအတွင်း၌ပင် လူတဦးချင်းစီနှင့် ရပ်ရွာအဖွဲ့အစည်းများတွင် ယင်းမပြည့်စုံမှုများ၊ လိုအပ်ချက်များကို ဖြေရှင်းကူညီပေးနိုင်သည့် စွမ်းရည်များနှင့် အရင်းအမြစ်များရှိနေသည်။ အရင်းအမြစ်များကို စုစည်းပေါင်းစပ်အသုံးချခြင်းလုပ်ငန်းစဉ်မှတဆင့်ပင် ရပ်ရွာပြဿနာများစွာကို အဖြေရှာ၍ရတတ်ပြီး ယင်းဖြစ်စဉ်ဖြစ်လာအောင် ပံ့ပိုးမှု၊ ချိတ်ဆက်မှုလုပ်ပေးရန်သာလိုအပ်သည်။ 

ရပ်ရွာလူမှုအဖွဲ့အစည်းပါဝင်လာစေရန် လှုံ့ဆော်စည်းရုံးခြင်း၏ အဆုံးသတ်ရလဒ်များသည် `ပြဿနာတစ်ရပ်ကို ဖြေရှင်းလိုက်နိုင်ခြင်း´ တင်မက အခြားသော ရပ်ရွာ၏ လိုအပ်ချက်များနှင့် ဆန္ဒများကိုလည်း အောင်မြင်စွာ ဖြေရှင်းပေးနိုင်သည့် စွမ်းရည်များတိုးပွားလာစေပါသည်။ အဓိကအရေးကြီးသည့်အချက်မှာ ရပ်ရွာလူထုကို အမှန်တကယ် ပါဝင်ခွင့်ပေးပြီး ဆုံးဖြတ်ချက်များကို အတူမျှဝေခြင်း ဖြစ်ပါသည်။ Community Mobilization သည် အဖွဲ့အစည်း၏ ရေရှည်အောင်မြင်မှု အတွက် မဖြစ်မနေ လိုအပ်သော အခြေခံအုတ်မြစ်ဖြစ်ကြောင်းကို သတိပြုရန် လိုအပ်သည်။

========================================================================================

စည်းရုံးလှုံ့ဆော်မှုမဟာဗျူဟာ (Advocacy Strategy)

အဖွဲ့အစည်းများ အထူးသဖြင့် အမြတ်အစွန်းအတွက်မဟုတ်ဘဲလုပ်ဆောင်နေကြသည့်အဖွဲ့အစည်းများအနေဖြင့် အဖွဲ့အစည်းပြင်ပဆက်ဆံရေး၊ ကွန်ရက်ချိတ်ဆက်ကြရုံမျှမက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ မိမိတို့၏ဦးတည်အုပ်စုများ ၏ ရေရှည်အတွက် အခြေအနေပိုမိုကောင်းမွန်စေသည့် မူဝါဒ၊လုပ်ထုံးလုပ်နည်းများပြောင်းလဲအောင် ဦးတည်အုပ်စုများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ကြခြင်းနှင့် ဦးတည်အုပ်စုများအနေဖြင့်လည်း လက်ရှိလုပ်ဆောင်ပေးနေသည့်လုပ်ငန်းများကို အဖွဲ့အနေဖြင့် မလုပ်ဆောင်တော့သည့်အချိန်တွင်လည်း ဦးဆောင်လုပ်ကိုင်ကြစေရန် စီမံချက်လုပ်ဆောင်နေသည့်ကာလအတွင်း ကြိုးပမ်းခဲ့ကြလေ့ရှိသည်။​ နမူနာအနေဖြင့် – Love Our Tree (LOT) ကဲ့သို့သော ရပ်/ကျေးအခြေပြုလူမှုအဖွဲ့အစည်းမျိုးတွင် စီမံချက်ပုံစံ ဖြင့် မိမိတို့လုပ်ငန်းများကို လုပ်ဆောင်ရုံမျှမက ဦးတည်အုပ်စုအပေါ် သက်ရောက်မှုရှိနိုင်သည့် ဒေသန္တရ ဆိုင်ရာနှင့် နိုင်ငံအဆင့် ဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အခွင့်အရေးများကိုရရှိစေရန်၊ ပြုပြင် ပြောင်းလဲနိုင်ရန် စည်းရုံးလှုံ့ဆော်ခြင်း (Advocacy) နှင့် လူထုကိုယ်တိုင်ပါဝင်လုပ်ဆောင်လာအောင် လုပ်ဆောင်ခြင်း (Mobilization) တို့ကိုလည်း စီမံချက်လုပ်ငန်းများတွင် ထည့်သွင်း လုပ်ဆောင်တတ်ကြသည်။ မိမိတို့၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ပစ်မှတ်ထားသောအုပ်စု (Target Group) အတွက် အကျိုးရှိမည့် အပြောင်းအလဲများ ဖော်ဆောင်နိုင်ရန်နှင့် “အပြောင်း အလဲများဖြစ်ပေါ်စေရန် တိုက်တွန်းခြင်း” (Voice for Change) တို့ကို ပြုလုပ်သည့်လုပ်ငန်းစဉ်များကို စီမံချက်တွင် ထည့်သွင်းရေးဆွဲလေ့ရှိကြသည်။ စီမံချက်များ ရေးဆွဲလုပ်ဆောင်ချိန်ကတည်း တပါတည်း မဟာဗျူဟာရေးဆွဲချမှတ်လုပ်ဆောင်မှသာ စီမံချက်ပြီးသည်နှင့် ပွဲပြီးမီးသေ၊ လုပ်ခဲ့သမျှ သဲထဲ ရေသွန်သကဲ့သို့အဖြစ်မျိုးနှင့် မကြုံကြရမည်ဖြစ်သည်။

မိမိတို့လုပ်ဆောင်သည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဦးတည်အုပ်စုများကို ထိခိုက်နစ်နာနေသည့်၊ အဖွဲ့အနေဖြင့် မကိုင်တွယ်မဖြေရှင်းပေးနိုင်သည့် ပြဿနာနှင့် အကျိုးဆက်များကို သက်ဆိုင်ရာအဖွဲ့အစည်း၊အာာဏာပိုင်များအား ဦးဆောင်၍ စည်းရုံးလှုံ့ဆော်ပေးရန် မဟာဗျူဟာချမှတ်ပုံ၊ချဉ်းကပ်လုပ်ဆောင်ပုံတို့ကို ယခုအပိုင်းတွင် တင်ပြဆွေးနွေးပေးသွားပါမည်။

လူမှုအသိုက်အဝန်းကို အပြုသဘောဆောင်သော အပြောင်းအလဲများ ဖြစ်ထွန်းအောင် လုပ်ဆောင်ခြင်း

အဖွဲ့အစည်းတခု၏ အောင်မြင်မှု၊ ထိရောက်မှုကိုတိုင်းတာရာတွင် ၎င်း၏ လုပ်ဆောင်ချက်များက ဦးတည်အုပ်စုအပေါ် မည်မျှသက်ရောက်မှုရှိသည်ဆိုသည့်အချက်ဖြင့် တိုင်းတာလေ့ ရှိကြသည်။ ရေရှည်တည်တံ့သော အပြောင်းအလဲများ ဖော်ဆောင်နိုင်ရန်အတွက်စဉ်းစားရာတွင် မိမိတို့ဦးတည်အုပ်စုတစုတည်းအတွက်သာမက လူမှုအသိုက်အဝန်းတခုလုံးအတွက် အပြုသဘောဆောင် သည့်အပြောင်းအလဲများ ဖြစ်ထွန်းစေရန် သက်ဆိုင်ရာ မူဝါဒချမှတ်သူများအား စည်းရုံးလှုံ့ဆော်ရန်လည်းလိုအပ်သည်။​

စည်းရုံးလှုံ့ဆော်ခြင်းဆိုင်ရာ ဗျူဟာများ (Advocacy Strategies)ရေးဆွဲချမှတ်ခြင်း 

အဖွဲ့အစည်းတခုသည် ဦးတည်အုပ်စု(များ)၏ အခွင့်အရေးနှင့် လိုအပ်ချက်များအတွက်နှင့် ယင်းဦးတည်အုပ်စုနေထိုင်သည့် လူမှုအသိုက်အဝန်းတခုလုံးအတွက် အပြုသဘောဆောင်သည့်အပြောင်းအလဲများဖြစ်ထွန်းစေရန် ရှေ့တန်းမှ ရပ်တည်ပေးရပါမည်။

  • မူဝါဒဆိုင်ရာ အပြောင်းအလဲများအတွက် စည်းရုံးခြင်း (Policy Advocacy): ဒေသန္တရ သို့မဟုတ် နိုင်ငံတော်အဆင့်ရှိ မူဝါဒများနှင့် ဥပဒေများက မိမိတို့၏ ဦးတည်အုပ်စုအပေါ် မည်သို့သက်ရောက်နေသည်ကို လေ့လာပြီး၊ လိုအပ်ပါက အကျိုးရှိမည့် ပြင်ဆင်ပြောင်းလဲမှုများ ဖြစ်လာရန် တိုက်တွန်း နှိုးဆော်ခြင်း။
  • သက်သေအထောက်အထားအခြေပြု တင်ပြခြင်း (Evidence-based Advocacy): လက်တွေ့ကွင်းဆင်း စစ်တမ်းများ၊ အချက်အလက်များနှင့် ဖြစ်ရပ်မှန်များကို အခြေခံ၍ သက်ဆိုင်ရာ အာဏာပိုင်များ သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သူများထံ အကျိုးအကြောင်းခိုင်လုံစွာ တင်ပြခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ရန်လည်း လိုအပ်သည်။

မူဝါဒဆိုင်ရာ အပြောင်းအလဲများအတွက် စည်းရုံးလှုံ့ဆော်ခြင်း (အက်ဒ်ဗိုကေစီ)ဆိုသည်မှာ –

မူဝါဒဆုံးဖြတ်ချက်ချမှတ်သူများကို လွှမ်းမိုးရန် စနစ်တကျကြိုးပမ်းသည့် လုပ်ငန်းစဉ်ကို ခေါ်ပါသည်။

မူဝါဒကိစ္စရပ်တခုချင်းစီကို ပံ့ပိုးကူညီရာတွင် ဆုံးဖြတ်ချက်ချမှတ်သူများ ကို ပစ်မှတ်ထား လုပ်ဆောင်သည့်လုပ်ငန်းစဉ်တခုလုံးပင်  ဖြစ်သည်။

မူဝါဒဆိုရာတွင် ဆုံးဖြတ်ချက်များ၊ အရေးယူဆောင်ရွက်ချက်များအားလုံးပါဝင်သည်။ လမ်းညွှန်ချက်များအကောင်အထည်ဖော်ခြင်း၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းပိုင်းဆိုင်ရာဆုံးဖြတ်ချက်များ၊ စီမံကိန်း/စီမံချက်လုပ်ငန်းများနှင့် အရေးယူတုံ့ပြန်လုပ်ဆောင်ချက်များ အားလုံးလည်း အကျုံးဝင်သည်။

မူဝါဒဆိုင်ရာ အပြောင်းအလဲများကို စည်းရုံးလှုံ့ဆော်ကြခြင်းဆိုရာတွင် –

  • လိုအပ်ပြီး မရှိသေးသည့်မူဝါဒများကို ချမှတ်ခြင်း
  • အန္တရာယ်ပေးနိုင်သည့်(သို့) ထိရောက်မှုမရှိသည့်မူဝါဒများကို ပြုပြင်ပြောင်းလဲခြင်း
  • မူဝါဒကောင်းများကို အကောင်အထည်ဖော်၊ လုပ်ဆောင်ခြင်း

အထက်ဖော်ပြပါရှိသည့်လုပ်ငန်းများအားလုံးကို မူဝါဒပိုင်းဆိုင်ရာ  ပြုပြင်ပြောင်းလဲမှုဟု ရည်ညွှန်းပါသည်။

မူဝါဒဆိုင်ရာအပြောင်းအလဲများအတွက် တိုက်တွန်းစည်းရုံးလှုံ့ဆော်ကြရာတွင် အများစု၏အမြင်မှာ – 

မူဝါဒဆိုင်ရာပြဿနာများကို ထုတ်ဖော်ပြောပြခြင်းနှင့် အပြောင်းအလဲဖြစ်အောင် ပြောဆိုတိုက်တွန်း လှုံ့ဆော်ရုံဖြင့် သက်ဆိုင်ရာက အလွယ်တကူလုပ်ဆောင်ပေးသည်ဟု ထင်မြင်တတ်ကြသည်။ 

လက်တွေ့ဘဝတွင် –

အကျိုးစီးပွားအုပ်စုမျိုးစုံနှင့် ထိတွေ့လုပ်ဆောင်နေကြသည့် တာဝန်ရှိအဖွဲ့အစည်းများ၊ အာဏာပိုင်များ က မိမိတို့ထင်သလို လွယ်ကူစွာ ပြုပြင်ပြောင်းလဲပေးကြခြင်းမျိုး လုပ်ပေးလေ့မရှိကြပါ။ ထို့ကြောင့် အချိန်ယူကြရပြီး မဟာဗျူဟာများရေးဆွဲချမှတ်လုပ်ဆောင်ကြရပါ သည်။

မူဝါဒဆိုင်ရာ အပြောင်းအလဲများအတွက် စည်းရုံးလှုံ့ဆော်ခြင်း (အက်ဒ်ဗိုကေစီ)မဟာဗျူဟာ ရေးဆွဲခြင်း

အက်ဒ်ဗိုကေစီဗျုဟာဆိုသည်မှာ အဖွဲ့ သို့မဟုတ် အဖွဲ့နှင့်အခြားပါဝင်တိုက်တွန်းစည်းရုံးလှုံ့ဆော်ကြ မည့်အဖွဲ့အစည်း/ကွန်ရက်များက တိုက်တွန်း အရေးဆိုမည့်အက်ဒီဗိုကေစီပန်းတိုင်များနှင့် ရည်မှန်း ချက် များအောင်မြင်နိုင်စေရန်ချဉ်းကပ်ပုံနည်းလမ်းများ၊ နည်းစနစ်များ နှင့် မက်ဆေ့ချ်(သတင်းစကား) များအားလုံးပင်ဖြစ်သည်။

အက်ဒ်ဗိုကေစီအတွက် မဟာဗျူဟာရေးဆွဲရာတွင် – 

  • ဦးတည်ပစ်မှတ်အုပ်စုကို ဖော်ထုတ်ခြင်း
  • ပံ့ပိုးကူညီမည့်သူများနှင့် (မဟာမိတ်)ဖွဲ့ခြင်း 
  • သင့်တော်သည့်သတင်းစကားများရေးသားခြင်း
  • ဆက်သွယ်နိုင်မည့်နည်းလမ်းများကို ‌ရွေးချယ်ခြင်း
  • အကောင်အထည်ဖော်မည့်အစီအစဉ်ကို ရေးဆွဲခြင်း

မူဝါဒဆိုင်ရာ အပြောင်းအလဲများအတွက် စည်းရုံးလှုံ့ဆော်ခြင်း (အက်ဒ်ဗိုကေစီ)စက်ဝန်း

အဖွဲ့တဖွဲ့အနေဖြင့် “အပြောင်းအလဲအတွက် အသံ” (Voice for Change) ဖြစ်လာစေရန် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တွင် ရှေးဦးစွာ ပြဿနာ၏ဇစ်မြစ်ကို ဆန်းစစ်ဖော်ထုတ်ပြီး အကျဉ်းချုံးရေးသားရန် လိုအပ်သည်။

ပြဿနာ၏ဇစ်မြစ်ကို ဆန်းစစ်ဖော်ထုတ်ရေးသားရာတွင် – 

  • လက်ရှိတွင် ဘာတွေဖြစ်နေပါသလဲ။
  • ဘယ်လိုအကျိုးဆက်တွေ ဖြစ်နေသလဲ။
  • ဘယ်သူတွေက အဓိကခံစားနေကြရသလဲဆိုသည့်အချက်များ ပါဝင်ရမည်။ 

ထို့အပြင် ယင်းပြဿနာကို မကိုင်တွယ်မဖြေရှင်းခဲ့လျှင် ဆက်လက်ဖြစ်လာနိုင်သည့်အခြေအနေများနှင့် နောက်ဆက်တွဲ အကျိုးဆက်များပါ ပါရှိရမည်။ 

အဖွဲ့အစည်းသည် ပြဿနာများကို ဖော်ပြရုံသာမက ဖြေရှင်းချက်များကိုပါ ဖော်ဆောင်ပေးသည့် အသံတစ်ခု ဖြစ်ရပါမည်။

သက်သေအထောက်အထားအခြေပြု တင်ပြခြင်း (Evidence-based Advocacy)

နောက်တနည်းမှာ ပြဿနာကို ဆန်းစစ်ဖော်ထုတ်ရေးသားရာတွင် မည်သည့်ကိစ္စရပ်/ပြဿနာကို အဓိကကိုင်တွယ်မည်။ အဘယ်ကြောင့် ယင်းကိစ္စရပ်ကအရေးကြီးသည်ဆိုသည်ကို အထောက် အထားများနှင့်တကွ တင်ပြ၍ တိုက်တွန်းနှိုးဆော်နိုင်သည်။

လက်တွေ့ကွင်းဆင်း စစ်တမ်းများ၊ အချက်အလက်များနှင့် ဖြစ်ရပ်မှန်များကို အခြေခံ၍ သက်ဆိုင်ရာ အာဏာပိုင်များ သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သူများထံ အကျိုးအကြောင်းခိုင်လုံစွာ တင်ပြရာတွင် –

အမှန်တကယ်ပစ်မှတ်ထားကိုင်တွယ်နိုင်ရန်အတွက် ကိစ္စရပ်တစ်ခု၏ရင်းမြစ်ကိုသိရှိနိုင်စေရန် -“ဘာကြောင့်လဲ။”ဆိုသည့်မေးခွန်းကိုအသုံးပြုနိုင်ပါသည်။​

ပတ်သက်ဆက်စပ်သူများကို ဆန်းစစ်ခြင်း

အက်ဒ်ဗိုကေစီလုပ်ငန်းစဉ်တစ်ခု၏အကျိုးရလဒ်ကအပြုသဘောဖြင့်သော်လည်းကောင်း၊ အပျက် သဘောဖြင့်သော်လည်းကောင်း အကျိုးသက်ရောက်မှုရှိနိုင်သည့် သို့မဟုတ် လုပ်ဆောင် ချက်များ ကိုလွှမ်းမိုးနိုင်သည့်အကျိုးစီးပွားပတ်သက်ဆက်စပ်မှုရှိသူ တစ်ဦးချင်း၊ အသိုင်းအဝိုင်း၊ အုပ်စု သို့မဟုတ် အဖွဲ့အစည်းတခုစီသည် ပတ်သက်ဆက်စပ်သူများဖြစ်ကြသည်။

ဆက်စပ်ပတ်သက်သူများဇယား

ဦးတည်ပစ်မှတ်များ ဆုံးဖြတ်ချက်ချမှတ်သူများ၊ အပြောင်းအလဲ များကိုဆောင်ကြဉ်းပေးနိုင်မည့် ဩဇာ အာဏာရှိသူများ၊ ဆုံးဖြတ်ချက်ချမှတ် သူများကို လွှမ်းမိုးနိုင်သူများ  
ထောက်ခံပါဝင်မည့်သူများသင်အက်ဒ်ဗိုကေစီလုပ်ဆောင်မှု၏ အကျိုးကျေးဇူးကိုခံစားရမည်ဟုမျှော် လင့်သူများ/လုပ်ဆောင်ပေးမည့် သူများ/အတူလုပ်ကိုင်မည့်သူများ။
မဟာမိတ်များ ရည်ရွယ်ချက်တူသူများနှင့် ဆုံးဖြတ် ချက်ချမှတ်သူများကို လွှမ်းမိုးရန် (သို့) ဖိအားပေးရာတွင် ပံ့ပိုးကူညီမည့်သူများ
အတိုက်အခံများသင်ဖြစ်ချင်သည့်ရည်မှန်းချက်များကို ကန့်ကွက်ပြီး သင်မြင်ချင်သည့် အပြောင်းအလဲများမဖြစ်စေရန် တားဆီးမည့်သူများ

ယင်းဆက်စပ်ပတ်သက်သူဇယားတွင် – ရည်ရွယ်ချက်တူသူများနှင့် ဆုံးဖြတ် ချက်ချမှတ်သူများကို လွှမ်းမိုးရန် (သို့) ဖိအားပေးရာ တွင် ပံ့ပိုးကူညီမည့်သူများနှင့် မဟာမိတ်ပြုလုပ်၍ သင်လိုရာ ပန်းတိုင်ကို ရောက်ရှိအောင် လုပ်ဆောင်နိုင်ပါလိမ့်မည်။

သတိပြုရန်အရေးကြီးသည့်အချက်မှာ မူဝါဒချမှတ်သူများသည် လူများသာဖြစ်ပြီး အဖွဲ့အစည်းများ မဟုတ်ချေ။ အက်ဒ်ဗိုကေစီသည် ဉပဒေများနှင့်မူဝါဒပြုလုပ်သူများ၊ အရင်းအမြစ်များကို ခွဲဝေသူများ နှင့် အများပြည်သူများ၏ အကျိုးစီးပွားကို သက်ရောက်စေနိုင်သည့် ဆုံးဖြတ်ချက်များ ကို ချမှတ်သူ များ၏ ရွေးချယ်မှုများနှင့် လုပ်ဆောင်ချက်များကို လွှမ်းမိုးခြင်းပင်ဖြစ်သည်။

အက်ဒ်ဗိုကေစီရည်မှန်းချက် (များ) ကို ချမှတ်ခြင်း

ဘယ်လိုအပြောင်းအလဲကို သေချာမြင်ချင်တာလဲ?

အလွန်ရှင်းလင်း၊တိကျပြီးလက်တွေ့ကျသည့် ရည်မှန်းချက် (များ) ကို ချမှတ်ခြင်း

ဥပမာ – 

သစ်ပင်များ အလွယ်တကူမခုတ်လှဲရန် နှင့် စနစ်တကျ ထိန်းသိမ်းထားရှိရန်ဆိုသည့် ယေဘုယျကျသည့် ရည်မှန်းချက်မျိုးအစား – 

သစ်တောဦးစီးဌာန၊ မြို့နယ်စည်ပင်/စိုက်ပျိုးရေးဌာနနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့်   “မြို့နယ်အတွင်း နေရာအားလုံးတွင် သစ်ပင်များခုတ်လှဲခြင်းနှင့်ပတ်သက်သည့် စည်းမျဉ်းဥပဒေများ နှင့် ချမှတ်ပြီး ယင်းဥပဒေစည်းမျဉ်းများအတိုင်း ထိရောက်စွာအရေးယူအတွက် အသုံးပြုရန် ထည့်သွင်း ရေးဆွဲရန် နှင့် သစ်ပင်များစိုက်ပျိုးရန်နှင့် စနစ်တကျထိန်းသိမ်းရန်အတွက် လိုအပ်သည့် ရန်ပုံငွေများ ထားရှိရန်” ဆိုသည့်တိကျရှင်းလင်းသည့် ရည်မှန်းချက်(များ)ထားရှိရန် 

စည်းရုံးလှုံ့ဆော်ရန် ပြင်ဆင်ခြင်း

ပြဿနာ/ကိစ္စရပ် 


ဖြေရှင်းချက် 




တောင်းဆိုချက် 
မည်သည့်ပြဿနာ၊ ကိစ္စရပ်ကို ဦးတည်ဖြေရှင်းလိုပါသလဲ။  သက်သေအထောက်အထား၊သာဓကတွေရှိပါသလား။ကိုယ်တင်ပြလိုသည့်ပြဿနာ၊ကိစ္စရပ်ကို လိုတိုရှင်း သေချာစွာပြောပြပေးနိုင်မည်လား။

ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဘာတွေပြောင်းလဲဖို့ လိုအပ်ပါသလဲ။ ဘာကြောင့် အဲလိုဖြေရှင်းခိုင်းရပါသလဲ။ဖြေရှင်းချက်ကို လိုတိုရှင်း သေချာစွာ ပြောပြပေးနိုင်မည်လား။ပြဿနာနှင့် ဖြေရှင်းချက်ကို ပြောပြပေးရန်။  

သင်တင်ပြဆွေးနွေးလိုသူက ယခုသင့်ရှေ့တွင် ရောက်နေပြီ။ ဘာတောင်းဆိုမလဲ။ တောင်းဆိုချက်ကရောလက်တွေ့ကျရဲ့လား။

အက်ဒ်ဗိုကေစီပြုလုပ်မည့် သတင်းစကားများပြင်ဆင်ရေးသားရာတွင် –

  • အရေးဆိုမည့်သူ ထိရှစေမည့် (Touch)
  • စိတ်ဝင်စားမှုရှိစေမည့် (Enthuse)
  • အရေးယူလုပ်ဆောင်ပေးရန် (Act)အချက်များပါဝင်ရပါမည်။

အက်ဒ်ဗိုကေစီပြုလုပ်ရာတွင် အသုံးပြုသည့်နည်းလမ်းများ 

အဖွဲ့တဖွဲ့အနေဖြင့် “အပြောင်းအလဲအတွက် အသံ” (Voice for Change) ဖြစ်လာစေရန် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တွင် အတွင်းလမ်းကြောင်း၊ အပြင်လမ်းကြောင်းနှစ်မျိုးလုံးကို အသုံးပြုလေ့ရှိကြသည်။ 

အသုံးပြုမည့်နည်းလမ်းများကို ဖော်ထုတ်ရတွင် ပြောင်းလဲမှုသီအိုရီကို အသုံးပြုနိုင်ပါသည်။

ဒါဆိုရင် (If so?) 

တွေ့ဆုံစည်းဝေးတာကောင်းပါတယ် – ဒါပေမဲ့ မလုံလောက်ဘူး။ ဘာဆက်လုပ်သင့်သလဲ။ နောက်တဆင့်ဘာလုပ်ကြမလဲ။

  • မင်းအဲဒါလုပ်မယ်။ဒါဆိုရင် ဘာဖြစ်မလဲ။
  • ဒါဆိုရင် ကိုအသုံးပြု၍ဆက်မေးပါ။
  • ဒါဆိုရင် ဘယ်နှစ်ခုလောက်အထိ စဉ်းစားလို့ရလဲ။
  • အက်ဒ်ဗိုကေစီကမ်ပိန်းတွေအားလုံးဟာ လူထုစိတ်ဝင်စားမှုအရှိန်အဟုန်မြှင့်ဖို့လုပ်ကြတာပါပဲ။
  • အရှိန်မြှင့်နိုင်ဖို့အတွက် စိတ်ဝင်စားမှုရှိလာရင် နောက် တဆင့်ထပ်တက်ဖို့ပြင်ဆင်ပါ။

စည်ပင်ဌာနနဲ့ တွေ့ဆုံဆွေးနွေးတာကောင်းပါတယ် – ဒါပေမဲ့ မလုံလောက်ဘူး။ 

  • ဘာဆက်လုပ်သင့်သလဲ။ နောက်တဆင့်ဘာလုပ်ကြမလဲ။
  • စိုက်ပျိုးရေးဌာနကို သွားတွေ့ကြတာပေါ့။ 
  • ဒါဆိုရင် ဘာဖြစ်မလဲ။ 
  •  တခြားအုပ်ချုပ်ရေးအဖွဲ့တွေလဲစိတ်ဝင်စားလာမယ်။
  •                                                                         ဒါဆိုရင်
  • သူတို့ကလည်း စည်ပင်ဌာနကို ဖိအားပေးလာနိုင်တယ်။
  •                                                                         ဒါဆိုရင်
  • တခြား သစ်ပင်ခုတ်လှဲတာနဲ့ပတ်သက်ပြီးဒုက္ခဖြစ်နေတဲ့ ပြည်သူလူထုကိုလည်း 
  • စည်းရုံးဟောပြောဆွေးနွေးကြမယ်။
  •                                                                         ဒါဆိုရင်
  • စည်ပင်ဌာနအနေနဲ့ လုပ်ငန်းတွေကို လက်တွေ့အရေးယူလုပ်ဆောင်ကြဖို့ စဉ်းစားရတော့မယ်

လုပ်ဆောင်မည့်မဟာဗျူဟာကို စဉ်းစားခြင်း

လုပ်ငန်းစဉ်များတာဝန်ယူမည့်သူနှင့် အရင်းအမြစ်အချိန်
အဓိကအကျိုးခံစားရသူတွေနဲ့တွေ့ပြီး သူတို့ခံစားချက်တွေကို စုစည်းမယ်ဘယ်သူတာဝန်ယူမလဲ။ ကုန်ကျစရိတ် ဘယ်သူပေးမလဲ။ဘယ်တော့လုပ်မလဲ၊ ဘယ်လောက်ကြာမလဲ။
 သူတို့ရဲ့စိတ်ဝင်တစားပါဝင်လာမယ်။တွေ့ရှိချက်တွေကိုဘယ်လိုစုစည်းမလဲ။သူတို့ကိုဘယ်လိုဆက်စည်းရုံးမလဲ။ဘယ်တော့လုပ်မလဲ၊ ဘယ်လောက်ကြာမလဲ။
 မီဒီယာတွေနဲ့ စိတ်ဝင်စားအောင် လုပ်မယ် မီဒီယာနဲ့တွေ့ပေးဖို့ဘယ်သူတာဝန်ယူမလဲ။ ဘယ်တော့လုပ်မလဲ၊ ဘယ်လောက်ကြာမလဲ။
  

အက်ဒ်ဗိုကေစီလုပ်ဆောင်မည့်လုပ်ငန်းစဉ်

ရည်ရွယ်ချက်များ နှင့် လုပ်ဆောင်မည့်လုပ်ငန်းများအချိန်ဇယားဘယ်သူက တာဝန်ယူမလဲမဟာမိတ်များ
   











  

မီဒီယာနှင့် ဆက်သွယ်ရေးကို အသုံးပြုခြင်း

လူမှုကွန်ရက်၊ သတင်းမီဒီယာများနှင့် လှုပ်ရှားမှုများမှတစ်ဆင့် ပစ်မှတ်အုပ်စု ရင်ဆိုင်နေရသော အခက်အခဲများကို လူထုက ပိုမိုသိရှိလာအောင် ပြုလုပ်နိုင်သည်။

ပစ်မှတ်အုပ်စု၏ အသံကို မြှင့်တင်ပေးခြင်း: အဖွဲ့အစည်းက ကိုယ်စားပြောပေးရုံသာမက၊ ပစ်မှတ်အုပ်စုကိုယ်တိုင်က ၎င်းတို့၏ အခက်အခဲများကို ထုတ်ဖော်ပြောဆိုနိုင်ရန်အတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း (Empowerment)တို့ကိုလည်း လုပ်ဆောင်ပေးရန်လိုအပ်သည်။

အက်ဒ်ဗိုကေစီလုပ်ရန်အတွက် သတင်းစကားများရေးသားရာတွင် –

  • ရှင်းလင်းသည့်သတင်းစကား – ပစ်မှတ်ထားခြင်း
  • ရိုးရှင်းသည့်ပြဿနာနှင့်ဖြေရှင်းချက်တစ်ခု
  • တက်ကြွလှုပ်ရှားစိတ်နှင့် တရားဝင်ကိုယ်စားပြုမှုရှိခြင်း
  • နိုင်ငံရေးပိုင်းဆိုင်ရာပံ့ပိုးမှု
  • မဟာမိတ်များ
  • မီဒီယာကို အသုံးပြုခြင်း
  • အရေးယူလုပ်ဆောင်မှုAction
  • အရှိန်အဟုန်ကိုထိန်းသိမ်းထားခြင်း

ရံဖန်ရံခါတွင် – လပေါင်းများစွာသင်တွေ့ဆုံပြောဆိုချင်နေသည့် နိုင်ငံရေးသမား/ ဒေသအာဏာပိုင် တစ်ဦးနှင့် ပွဲတစ်ပွဲတွင် ဆုံတွေ့နှုတ်ဆက်ခွင့်ရသည်ဟု စဉ်းစားစိတ်ကူးကြည့်ပါ။ရသည့်အချိန် တမိနစ် သို့မဟုတ် မိနစ်ဝက် (၁၅-၃၀စက္ကန့်) ကို မည်သို့အသုံးပြုနိုင်မည်ကို ကြိုတင်စဉ်းစားလေ့ကျင့်ထားရန် လိုအပ်ပါသည်။

တင်ကြိုလေ့ကျင့်ထားခြင်းဖြင့် အကောင်းဆုံးစည်းရုံးနိုင်ပြီး လိုလားသည့်ရလဒ်ကို ရရှိနိုင်ပါသည်။

ထိုကြောင့် အခွင့်အရေးကို သိသိကြီးနှင့် လက်လွှတ်မခံလိုက်ရစေရန်အဆင်သင့်ဖြစ်ရန် အမြဲပြင်ဆင်ထားရန် လိုအပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် –

မူဝါဒပြောင်းလဲရန် စည်းရုံးလှုံ့ဆော်သည့်လုပ်ငန်းစဉ်သည် ဖြောင့်ဖြူးသည့်လမ်းမဟုတ်ချေ။ အချိန် ကြာမြင့်ပါသည်။ လျင်လျင်မြန်မြန်ရလဒ်များရမည်ဟု မမျှော်လင့်ပါနှင့်။ နောက်ဆုံးရလဒ်ကိုသာလျှင် ဦးတည်လုပ်ဆောင်ခြင်း (ဥပမာ – မူဝါဒအသစ်)ဖြင့် သင့်အတွက်များစွာစိတ်မရှည်ချင်စရာ ဖြစ်စေ လိမ့်မည်။ ပြောင်းလဲမှု သီအိုရီပါ အဆင့်များအတိုင်း မူဝါဒလုပ်ငန်းစဉ်များကို အဆင့်ခွဲ၍ရနိုင်ပါသည်။ ယင်းအဆင့်များအလိုက်အကဲဖြတ်ပြီး တဆင့်ချင်း အောင်မြင်မှုအခြေအနေကို သုံးသပ်ခြင်းဖြင့် မည်မျှ လုပ်ဆောင်လာနိုင်ပြီးဖြစ်သည်ကို တဆင့်ချင်းတိုးတက်လာမှုကို သိရှိနိုင်ပါသည်။

****************************************************************************************************

ကွန်ရက်ချိတ်ဆက်ခြင်း (Networking)

အဖွဲ့အစည်းတခု၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့နိုင်မှုအတွက် လုပ်ဆောင်ကြရာတွင် မိမိ အဖွဲ့အစည်း၏ စနစ်များကောင်းမွန်နေရုံနှင့် မလုံလောက်ပါ။ လုပ်ငန်းသဘောသဘာဝ တူညီကြသည့် အခြားအဖွဲ့အစည်းများ ပြင်ပအဖွဲ့အစည်းများ၊ အခြားဆက်စပ်နေသည့် လူမှုအဖွဲ့အစည်းများ၊ အစိုးရ ဌာနဆိုင်ရာနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မှု၊ ယုံကြည်မှုတည်ဆောက်နိုင်မှုတို့သည်လည်း အလွန်အရေးပါသည်။ 

ကွန်ရက်ချိတ်ဆက်မှုဆိုသည်မှာဘာလဲ

ကွန်ရက်ချိတ်ဆက်မှုဆိုသည်မှာ အပြန်အလှန် အကျိုးရှိစေမယ့် ဆက်ဆံရေးတခုကို တည်ဆောက် ခြင်းနှင့် ထိန်းသိမ်းခြင်းပင် ဖြစ်သည်။ အဖွဲ့အစည်းတခုနှင့် အခြားအဖွဲ့အစည်းများ၊ အဖွဲ့ဝင်များ၊ ဆက်စပ်ပတ်သက်နေသူများ/အဖွဲ့အစည်းများ၊ အကျိုးခံစားခွင့်ရှိသူများ၊ အစိုးရအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် အပြန်အလှန်ဆက်သွယ်ပူးပေါင်းခြင်း၊ သတင်းအချက်အလက်များ မျှဝေခြင်း၊ အရင်းအမြစ်များကို ပူးပေါင်းအသုံးချခြင်းတို့ကို ဆိုလိုသည်။ ယင်းသည် အဖွဲ့အစည်း၏ ရည်မှန်းချက်များကို တဖွဲ့တည်းအနေဖြင့် မရောက်နိုင်သည့် အခြေအနေများတွင် စုစည်း ပူးပေါင်း အားဖြည့်ပေးသော ယန္တရားတခု၊ မဟာဗျူဟာတခုဟုဆိုနိုင်သည်။

အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ရက်၏ အရေးပါမှု

ထိရောက်သည့် ကွန်ရက်ချိတ်ဆက်နိုင်မှုကြောင့် အဖွဲ့အစည်းများအနေဖြင့် အောက်ပါအကျိုးကျေးဇူး များကို ရရှိနိုင်သည်—

  • ယုံကြည်မှုတိုးတက်လာပြီး အဖွဲ့အစည်းကို လက်ခံမှုမြင့်တက်လာနိုင်ခြင်း
    ပြင်ပအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကောင်းမွန်လျှင် မိမိအဖွဲ့အစည်း၏ အလုပ်လုပ် နိုင်စွမ်းနှင့် တာဝန်ယူ၊တာဝန်ခံမှုကို အသိအမှတ်ပြုခံရသည်။
  • အဖွဲ့အစည်း၏ ဂုဏ်သတင်း မြင့်မားလာခြင်း: 

လူသိများလာပြီး ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းတခုအဖြစ် ရပ်တည်လာနိုင်သည်။

  • အရင်းအမြစ်များ ပိုမိုအားကောင်းလာခြင်း
    လူသားအရင်းအမြစ်၊ နည်းပညာ၊ ဗဟုသုတ၊ အကြံဉာဏ်များ၊ သတင်းအချက်အလက်များနှင့် ငွေကြေးအရင်းအမြစ်များကို ကွန်ရက်မှတဆင့် ပိုမိုလွယ်ကူစွာ ရယူနိုင်သည်။
  • အရင်းအမြစ်များ စုစည်းအသုံးပြုနိုင်ခြင်း:၊ မျှဝေအသုံးပြုနိုင်ခြင်း 

ငွေကြေး၊ လူသားအရင်းအမြစ်နှင့် နည်းပညာများကို စုပေါင်းပြီး ပိုမိုကြီးမားသည့် လုပ်ငန်းများ ကို လုပ်ဆောင်နိုင်သကဲ့သို့ အဖွဲ့အစည်းတခုနှင့်တခုအကြား မျှဝေအသုံးပြုနိုင်သည်။

  • သင်ယူမှုနှင့် အတွေ့အကြုံမျှဝေမှု
    အခြားအဖွဲ့အစည်းများ၏ အောင်မြင်မှုများ၊ မအောင်မြင်မှုများ၊အတွေ့အကြုံများကို ဖလှယ်နိုင် ခြင်း၊ လေ့လာသင်ယူနိုင်ခြင်းဖြင့် အဖွဲ့အတွက် သင်ခန်းစာများရရှိစေနိုင်ပြီး အရည်အသွေးတိုး တက်စေနိုင်သည်။
  • အပြောင်းအလဲများ ဖြစ်အောင် တွန်းအားပို၍ပေးနိုင်ခြင်း
    တဖွဲ့တည်းဖြင့် ခရီးမရောက်နိုင်သော မူဝါဒပြောင်းလဲရန် ကိစ္စများ၊ လူမှုအပြောင်းအလဲများ၊ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို ကွန်ရက်ဖွဲ့စည်းလုပ်ဆောင်ခြင်းဖြင့် ပိုမို အားကောင်းစွာ တွန်းအားပေးလုပ်ဆောင်နိုင်သည်။
  • အခွင့်အလမ်းသစ်များ ပေါ်ပေါက်ခြင်း: 

ရန်ပုံငွေ အခွင့်အလမ်းများ၊ စီမံချက်အသစ်များကို ပိုမိုရရှိနိုင်စေသည်။

ကွန်ရက်အမျိုးအစားများ

အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ အမြတ်အစွန်းအတွက် လုပ်ဆောင်နေခြင်းမဟုတ်သည့် အဖွဲ့ အစည်းများလုပ်ဆောင်လေ့ရှိသည့်ကွန်ရက်အမျိုးအစားများမှာ –

၁) ဒေသခံကွန်ရက်များ – ရပ်ရွာအခြေပြုအဖွဲ့များ၊ ဒေသဆိုင်ရာ CSO များနှင့် ချိတ်ဆက်ခြင်း

၂) လုပ်ငန်းတူအဖွဲ့အစည်းများ ချိတ်ဆက်လုပ်ဆောင်သည့် ကွန်ရက်များ – လုပ်ငန်းတူ၊ ရည်မှန်းချက်တူ၊ ဦးတည်အုပ်စုတူသည့်အဖွဲ့အစည်းများအချင်းချင်း ချိတ်ဆက်ပူးပေါင်းခြင်း

၃) အစိုးရနှင့် ဆက်ဆံရေးကွန်ရက် – သက်ဆိုင်ရာဌာနများ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ဆက်သွယ် လုပ်ဆောင်ခြင်း

၄) ငွေကြေးပံ့ပိုးသည့်အလှူရှင်အဖွဲ့အစည်းများ နှင့် ဖွံ့ဖြိုးရေးမိတ်ဖက်ကွန်ရက်များ – ငွေကြေးပံ့ပိုးသူများ/အဖွဲ့အစည်းများ၊ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ဆက်စပ် လုပ်ဆောင် သည့် မိတ်ဖက်များနှင့် ဆက်ဆံရေးတို့ဖြစ်သည်။

ထိရောက်စွာ ကွန်ရက်ချိတ်ဆက်လုပ်ဆောင်ခြင်း

(၁) – ရည်မှန်းချက် ရှင်းရှင်းလင်းလင်းရှိပါစေ။

ကွန်ရက်ချိတ်ဆက်မှုမလုပ်ခင်တွင် မိမိအဖွဲ့အစည်းအနေဖြင့် ယင်းကွန်ရက်တွင် “အဘယ်ကြောင့် ပါဝင်လိုပါသလဲ။ ကွန်ရက်ချိတ်ဆက်လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်ကဘာလဲ။” ဆိုသည်ကို မိမိ ဖါသာရှင်းရှင်းလင်းလင်း၊ တိတိကျကျ ရှိသင့်သည်။​ ဥပမာ – နည်းပညာအကူအညီ လိုချင်တာလား၊ သို့မဟုတ် ရန်ပုံငွေ ရှာဖွေချင်တာလား။ အတွေ့အကြုံဖလှယ်ချင်တာလား။ စသဖြင့်

(၂) – ပူးပေါင်းလုပ်ဆောင်နိုင်သည့် ကွန်ရက်အမျိုးအစား(များ)ကို စာရင်းပြုစုပါ။

မိမိအဖွဲ့အစည်းနှင့် လုပ်ငန်းသဘောသဘာဝတူသည့် အဖွဲ့အစည်းများ၊ ရည်မှန်းချက်၊ အကျိုးစီးပွား လိုလားမှုတူညီသည့်အဖွဲ့အစည်းများ၊ မူဝါဒချမှတ်သူများ၊ ကျွမ်းကျင်သူများနှင့် အလှူရှင်အဖွဲ့အစည်း များကို စာရင်းပြုစုပါ။

(၃) – စတင်ချိတ်ဆက်ပါ

အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများနဲ့ လူမှုကွန်ရက်တို့မှတဆင့် စတင် မိတ်ဆက်ပါ။ ကိုယ့်အဖွဲ့အစည်းအကြောင်းကို တိုတိုနှင့် လိုရင်းရောက်အောင် ပြောနိုင်ရန် ပြင်ဆင်ထား ပါ။

(၄) – ယုံကြည်မှု တည်ဆောက်ပါ

ချိတ်ဆက်လုပ်ဆောင်ခြင်းဆိုသည်မှာ တကြိမ်တခါတည်းနှင့် ပြီးဆုံးသွားသည့်ကိစ္စမျိုးမဟုတ်သည့် ရေရှည်ဆက်ဆံရေးမျိုးဖြစ်သည်။ ပေးထားသည့် ကတိများ တည်နိုင်ရန် ကြိုးစားရုံမျှမကအပြန်အလှန် ကူညီမှု၊ ပံ့ပိုးမှုပေးခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းများဖြင့် ယုံကြည်မှုကို တည်ဆောက်ပါ။

ကွန်ရက်ချိတ်ဆက်လုပ်ဆောင်ရာတွင် သတိပြုရန်အချက်များ

ကွန်ရက်ချိတ်ဆက်လုပ်ဆောင်ကြရာတွင် တာဝန်ခွဲဝေယူမှု၊ အချင်းချင်းအကြား နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်မှုတို့မှာ အလွန်အရေးကြီးပါသည်။ 

  • အဖွဲ့အစည်းအတွင်း နားလည်သဘောပေါက်မှု – မည်သည့်အတွက် ကွန်ရက်ချိတ်ဆက်မည်ကို အဖွဲ့အစည်းအတွင်း သဘောတူညီထားရန်နှင့် အားလုံးလက်ခံနားလည်ထားရန်
  • အပြန်အလှန်အကျိုးရှိမှု – ကိုယ်တစ်ဖက်တည်း အကျိုးရှိရန်အတွက်မဟုတ်ဘဲ အပြန်အလှန် အကျိုးရှိသည့် ဆက်ဆံရေးမျိုးဖြစ်စေရန်
  • ယုံကြည်မှုနှင့် တာဝန်ယူမှု – ကတိများကို လိုက်နာခြင်း၊ သတင်းအချက်အလက်များကို တာဝန်ယူမှုရှိစွာ ထိန်းသိမ်းအသုံးပြုရန်
  • ဆက်လက်ထိန်းသိမ်းမှု – တကြိမ်တည်းဆက်သွယ်ပြီး ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ ဆက်လက်ဆက်ဆံမှုထားရှိရန်လိုအပ်သည်။

ကွန်ရက်ချိတ်ဆက်လုပ်ဆောင်ရာတွင် –

  • နားထောင်သူကောင်းဖြစ်အောင် ကြိုးစားပါ။ ကိုယ့်အကြောင်း၊ ကိုယ့်အဖွဲ့အစည်းအကြောင်း ချည်းပြောနေမည့်အစား အခြားသူများ၏ လိုအပ်ချက်၊ အမြင်၊ ယူဆချက်များကိုလည်း နားထောင်ပေးပါ။
  • ကျေးဇူးတင်စကား ပြောပါ။ အကူအညီရသည့်အခါ သို့မဟုတ် တွေ့ဆုံပြီးသည့်အခါ ကျေးဇူးတင်ကြောင်း ပြောပါ။
  • ပုံမှန် ဆက်သွယ်ပါ။ အကူအညီလိုသည့်အချိန်ကျမှ ဆက်သွယ်ခြင်းမျိုး မပြုလုပ်ဘဲ ပုံမှန် အစည်းအဝေးများ၊ သတင်းအချက်အလက် မျှဝေခြင်း၊ အသိပေးခြင်းမျိုးရှိသင့်သည်။

အဖွဲ့အစည်းတခုအတွက် ကွန်ရက်ချိတ်ဆက်မှုသည် အလုပ်ပိုမဟုတ်ဘဲ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှု အတွက် လိုအပ်သော လုပ်ငန်းစဉ်တရပ် ဖြစ်သည်။ ကွန်ရက်ချိတ်ဆက်မှု အားကောင်းပါက၊ အဖွဲ့ အစည်း၏ အရည်အသွေး၊ အဖွဲ့ကိုယုံကြည်လက်ခံမှု၊ အကျိုးသက်ရောက်မှုနှင့် ရေရှည်တည်တံ့နိုင်မှုတို့  ပို၍ကောင်းမွန်မည်ဖြစ်သည်။ တနည်းအားဖြင့် ခိုင်မာသည့်ကွန်ရက်တခုရှိခြင်းသည် အဖွဲ့အစည်း၏ စွမ်းအားပင်ဖြစ်သည်။ ထို့ကြောင့် အဖွဲ့အစည်းတိုင်းသည် မိမိ၏ မူဝါဒ၊ စီမံကိန်းများ လုပ်ဆောင် ရာတွင် ကွန်ရက်ချိတ်ဆက်လုပ်ဆောင်မှုကို စနစ်တကျ ထည့်သွင်းစဉ်းစားသင့်သည်။ကွန်ရက်ချိတ်ဆက်မှု အားကောင်းသည့် အဖွဲ့အစည်းတခုအနေဖြင့် အခက်အခဲများကို လွယ်ကူစွာ ကျော်ဖြတ်နိုင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မည်မှာ အသေအချာပင်ဖြစ်သည်။

ကွန်ရက်ချိတ်ဆက်ခြင်းဆိုင်ရာ မဟာဗျူဟာ နှင့် လုပ်ငန်းအစီအစဉ် (နမူနာပုံစံ)

၁။ ကွန်ရက်ချိတ်ဆက်ခြင်းမဟာဗျူဟာရည်ရွယ်ချက် 

ဥပမာ – လာမည့် ၆ လအတွင်း နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပေးနိုင်မည့် မိတ်ဖက် အဖွဲ့အစည်း ၃ ခုနှင့် ချိတ်ဆက်ရန်။

  • …………………………………………………………………………………….

၂။ ပစ်မှတ်ထားမည့် အစုအဖွဲ့များ (Target Stakeholders)

မည်သူများနှင့် ချိတ်ဆက်မှာလဲ? (အောက်ပါဇယားတွင် ဖြည့်စွက်ပါ)

အဖွဲ့အစည်း/ပုဂ္ဂိုလ် အမည်အမျိုးအစား (အလှူရှင်/မိတ်ဖက်/အစိုးရ)မျှော်မှန်းရလဒ်(များ)
    
    

၃။ ချိတ်ဆက်ဆောင်ရွက်မည့် နည်းလမ်းများ 

မည်သည့်နည်းလမ်းများ အသုံးပြု၍ချိတ်ဆက်လုပ်ဆောင်မည်လဲ။

[   ] လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခြင်း။

[   ] အပတ်စဉ်/လစဉ် သတင်းလွှာ (Newsletter) ပေးပို့ခြင်း။

[   ] လူမှုကွန်ရက်များမှတဆင့် မိတ်ဆက်ခြင်း။

[   ] တဦးချင်း တွေ့ဆုံခြင်း (One-on-One Meeting) ဖိတ်ခေါ်ခြင်း။

၄။ အဖွဲ့အစည်းအကြောင်း မိတ်ဆက်ရန် ပြင်ဆင်ခြင်း (Elevator Pitch)

မိမိတို့အဖွဲ့အစည်းအကြောင်းကို (၁) မိနစ်အတွင်း မည်သို့မိတ်ဆက်မည်လဲ။

“ကျွန်တော်တို့အဖွဲ့အစည်းကတော့ [အဖွဲ့အစည်းအမည်] ဖြစ်ပါတယ်။ ကျွန်တော်တို့က [ဘယ်သူတွေကို]ကူညီဖို့ [ဘယ်လိုလုပ်ငန်းတွေ] ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အခုဆိုရင် [အောင်မြင်မှုတစ်ခု] ကို ရရှိထားပြီး၊ နောင်မှာ [မျှော်မှန်းချက်] အတွက် အတူတူ ပူးပေါင်းဆောင်ရွက်နိုင်မယ့်သူတွေကို ရှာဖွေနေတာ ဖြစ်ပါတယ်။”

၅။ ဆက်ဆံရေးဆက်လက်တည်ဆောက်ခြင်း

ချိတ်ဆက်ပြီးနောက် ဆက်ဆံရေး တည်မြဲအောင်လုပ်ဆောင်ခြင်း –

  • တွေ့ဆုံပြီးနောက် ကျေးဇူးတင်လွှာ (Thank-you Email) ပေးပို့ခြင်း
  • ၃ လတစ်ကြိမ် အဖွဲ့အစည်း၏ တိုးတက်မှု အစီရင်ခံစာများ မျှဝေခြင်းမျိုး

****************************************************************************************************

အပိုင်း ၄ – ပြင်ပဆက်ဆံရေးနှင့် ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်ခြင်း

အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ရှေ့အပိုင်းများတွင် ဆွေးနွေးခဲ့ကြသည်များအားလုံးမှာ အဖွဲ့အစည်းအပေါ် ဗဟိုပြုပြီး မည်သို့ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည်ကို ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။ ယခုဆက်၍ဆွေးနွေးရန် ကျန်နေသည့်အပိုင်း ၂ ပိုင်းမှာ အဖွဲ့အစည်းတခုအနေဖြင့် မိမိတို့နှင့် ပတ်သက်ဆက်စပ်သူများ၊ ပြင်ပဆက်ဆံရေးနှင့် ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်ခြင်းနှင့် အဖွဲ့အစည်းတခု ရေရှည်တည်တံ့အောင် မည်သို့လုပ်ဆောင်မည်ဆိုသည့်အပိုင်းတို့ဖြစ်သည်။ ပတ်သက်ဆက်စပ်သူများ၊ ပြင်ပဆက်ဆံရေးနှင့် ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်ခြင်းအပိုင်းမှ အဖွဲ့အစည်း နှင့်ပတ်သက်ဆက်စပ်သူများကို ဖော်ထုတ်သည့်ပုံစံ (Stakeholders Analysis) ကို အပိုင်း – ၃ တွင် ရေးသားခဲ့ပြီးဖြစ်သည့်အတွက် ယခုအပိုင်းတွင် ပြင်ပဆက်ဆံရေးနှင့် ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်ခြင်းတို့ နှင့်ပတ်သက်၍ အဓိကဆက်လက်ဆွေးနွေးတင်ပြပေးသွားပါမည်။​ 

အဖွဲ့အစည်းများ၏ ပတ်သက်ဆက်စပ်သူများနှင့် ဆက်ဆံရေး၊ ဆက်သွယ်ချိတ်ဆက်သည့်ပုံစံများသည် အဖွဲ့၏ တန်ဖိုးထားမှုပုံစံ၊ အဖွဲ့အစည်းလည်ပတ်ပုံ၊ ဦးဆောင်သူများ/စီမံခန့်ခွဲသူများနှင့် အဖွဲ့ဝင်များ/ ဝန်ထမ်းများ၏ သဘောထားများကို ပုံဖော်ပေးနေသည်။အဖွဲ့အစည်းဟုဆိုရာတွင် အမြတ်အစွန်းအတွက်/စီးပွားရေးလုပ်ငန်းများအတွက် ဖွဲ့စည်းများသည့် အဖွဲ့ အစည်းများနှင့် အမြတ်အစွန်းအတွက်မဟုတ်ဘဲ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများအကြား ပြင်ပဆက်ဆံရေးနှင့်ပတ်သက်ပြီး လုပ်ဆောင်သည့်ပုံစံမှာ များစွာကွာခြားမှုရှိသည်ကို တွေ့ရမည်ဖြစ်သည်။ စီးပွားရေးအဖွဲ့အစည်းများတွင် ယေဘုယျအားဖြင့် ဆက်သွယ် ချိတ်ဆက်ရသူများမှာ စီးပွားဖက်များ၊ လုပ်ငန်းပိုင်းလိုအပ်ချက်အရ ဆက်ဆံရသူများ၊ စားသုံးသူများဖြစ်သည်။ ပြင်ပဆက်ဆံရေးဆိုရာတွင် မိမိတို့လုပ်ငန်း၊ ဝန်ဆောင်မှု၊ ထုတ်ကုန်စသည်များအပေါ် စိတ်ဝင်စား၍ အသုံးပြုလာစေရန်၊ ရင်းနှီးမြှုပ်နှံစေရန်စသဖြင့် ရည်ရွယ်တတ်ကြသည်။  အမြတ်အစွန်းအတွက် မရည်ရွယ်ဘဲဖွဲ့စည်းထားသည့် non profit အဖွဲ့အစည်းများကမူ မိမိတို့အဖွဲ့၏ ပုံရိပ်ကောင်းစေရန်၊ မိမိတို့အဖွဲ့/လုပ်ငန်းအပေါ် ယုံကြည်မှုရရှိစေရန်နှင့် အဖွဲ့အစည်းအပေါ် ပတ်သက်ဆက်စပ်သူများ၏ လက်ခံမှုရရှိစေရန်အတွက် အဓိကရည်ရွယ်တတ်ကြသည်။ 

စီးပွားရေး အဖွဲ့အစည်းများအတွက် ကွန်ယက်ချိတ်ဆက်ခြင်းနှင့် လူထုဆက်ဆံရေးသည် အမြတ်အစွန်းရရှိစေရေးနှင့် လုပ်ငန်းတိုးတက်ဖွံ့ဖြိုးရေးအတွက် အရေးပါလှ သည့်အတွက် သီးခြားဌာနတခုပင်ထားရှိ လုပ်ဆောင်လေ့ရှိကြသည်။​ စီးပွားရေးအဖွဲ့အစည်းများအတွက် လူထုဆက်ဆံရေး/ပြင်ပဆက်ဆံရေးအပိုင်းသည် အဖွဲ့၏ပုံရိပ်၊ မိမိတို့လုပ်ငန်း၊ဝန်ဆောင်မှုနှင့် ထုတ်ကုန်ပစ္စည်းများအတွက် အရေးပါလှပြီး ကျွမ်းကျင်ပညာရှင်များသာမက နည်းဗျူဟာမျိုးစုံ၊ပုံစံမျိုးစုံကို အသုံးပြုလုပ်ဆောင်လေ့ရှိကြသည်။ယခုဆွေးနွေးတင်ပြချက်တွင်မူ ကျွမ်းကျင်နားလည်သည့် အမြတ်အစွန်းအတွက်မရည်ရွယ်ဘဲ ဖွဲ့စည်းထားသည့်အဖွဲ့များ၏ ပြင်ပဆက်ဆံရေးနှင့်ပတ်သက်၍သာ ဆွေးနွေးတင်ပြပေးလိုပါသည်။  အမြတ်အစွန်းအတွက် မရည်ရွယ်သည့် အဖွဲ့အစည်းများအတွက်လည်း ကွန်ယက်ချိတ်ဆက်ခြင်းနှင့် လူထုဆက်ဆံရေးတို့သည်အဖွဲ့အစည်း ၏ လုပ်ငန်းများ ရေရှည် တည်တံ့ရေး အတွက်သာမက အဖွဲ့အစည်းယုံကြည်သည့် ပြီးမြောက်အောင်မြင်လိုသည့် လူမှုအပြောင်းအလဲများ၊ ယုံကြည်သည့်လုပ်ငန်းစဉ်များ အောင်မြင် စေရန်အတွက် အရေးပါလှသည့်အတွက် (ပြင်ပ/လူထု) ဆက်သွယ်ရေး မဟာဗျူဟာသီးခြားရေးဆွဲလုပ်ဆောင်တတ်ကြသည်။

ပြင်ပဆက်ဆံရေး

အဖွဲ့အစည်းတခုဖွဲ့စည်းသည်ဆိုရာတွင် အဖွဲ့အစည်းကိုသာဗဟိုပြု၍ မိမိအဖွဲ့အစည်းကောင်းအောင်၊ ခိုင်မာတောင့်တင်းအောင် ဖွဲ့စည်းနိုင်ရုံမျှဖြင့် အဖွဲ့အစည်းတခုဖွံ့ဖြိုးတိုးတက်သွားပြီဟု မဆိုနိုင်ချေ ။ အဖွဲ့အစည်းအားလုံးသည် တနည်း မဟုတ်တနည်း ပြင်ပ လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများနှင့် ဆက်ဆံမှုရှိကြရသည်။ ဆက်စပ်လုပ်ဆောင်ကြရသည်။ အခြားအဖွဲ့အစည်းများ၊ ငွေကြေးပံ့ပိုးပေးမည့်သူများ၊ ဦးတည်အုပ်စုများ၊ပြည်သူလူထုများက မိမိတို့အဖွဲ့အစည်းအပေါ်အမြင်၊ အဖွဲ့အစည်း၏ပုံရိပ်သည် အဖွဲ့၏ ယင်းတို့နှင့်ဆက်ဆံရေးအပေါ် အခြေခံသည်။ ရန်ပုံငွေနှင့် လူထုထောက်ခံမှု၊ ယုံကြည်မှုများအတွက် ယှဉ်ပြိုင်မှုများ ပိုမိုများလာပြီး ဆိုရှယ်မီဒီယာအသုံးပြုမှုများလာသည့် ယနေ့ခေတ်တွင် လူထုဆက်ဆံရေး (Public Relations) သည် လူထုထောက်ခံမှု တိုးမြှင့်ရေးနှင့် အဖွဲ့လုပ်ဆောင်နေသည့်လုပ်ငန်းများ၊ ရည်ရွယ်ချက်များကို တနည်း တလမ်းအားဖြင့် အထောက်အပံ့ပေးနိုင်ရေးအတွက် အရေးပါလှသည်။

ကောင်းမွန်သည့် လူထုဆက်ဆံရေးသည် အဖွဲ့အစည်းအပေါ် ယုံကြည်မှုကို ဖြစ်ထွန်းစေပြီး ပြည်သူလူထုနှင့် ဆက်ဆံ၊ဆက်သွယ်ရေးကို အားကောင်းစေကာ စေတနာ့ဝန်ထမ်းများနှင့် အလှူရှင်များ၏ ထောက်ခံမှုကိုလည်း ရရှိစေသည်။ ထို့အပြင် ပြည်သူလူထုနှင့် အဆက်မပြတ်၊ ထိရောက်စွာ ဆက်သွယ်ခြင်းမှတစ်ဆင့် ပွင့်လင်းမြင်သာမှု၊ယုံကြည်မှုတို့ မြင့်မားလာစေနိုင်သည်။ ယုံကြည်မှုနှင့် ပွင့်လင်း မြင်သာမှုတို့ရှိခြင်းဖြင့် လူထုယုံကြည်မှုကို တည်ဆောက်နိုင်ပြီး မိမိလုပ်ကိုင်နေသည့်လုပ်ငန်းများကို ရှင်းလင်းစွာ သိရှိနားလည်သဘောပေါက်စေနိုင်သည်။ 

ပြင်ပဆက်ဆံရေး၊ဆက်သွယ်ရေး မဟာဗျူဟာများ

အဖွဲ့အစည်းတခုတွင် မီဒီယာနှင့် ဆက်သွယ်ရေးလမ်းကြောင်း၊နည်းလမ်းအားလုံးကို ထည့်သွင်းစဉ်းစားရေးဆွဲထားသည် လူထုဆက်သွယ်ရေး မဟာဗျူဟာတခု ရှိသင့်သည်။မိမိတို့နှင့်အဓိကဆက်စပ်ပတ်သက်သူများနှင့် ပြည်သူလူထုအားလုံးကို မိမိတို့အဖွဲ့အကြောင်းနှင့် ပတ်သက်ပြီးလည်းကောင်း၊ မိမိတို့သိရှိစေလိုသည့်၊ ပေးလိုသည့်သတင်းအချက်အလက်များ၊ အသိပညာများနှင့် ပတ်သက်ပြီးလည်းကောင်း မည်သည့်ဆက်သွယ်ရေးနည်းလမ်းများကို အသုံးပြု၍ မည်သည့်နည်းလမ်းဖြင့် ထိထိရောက်ရောက် ဆက်သွယ်အသိပေးနိုင်မည်တို့ကို ယင်းမဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲသင့်သည်။
မဟာဗျူဟာရေးဆွဲရာတွင် –

  • ဆက်သွယ်လိုသည့်အကြောင်းရင်း၊ အဖွဲ့အနေဖြင့်ပေးလိုသည့် အသိပညာ၊ သတင်းအချက်အလက်များ သို့မဟုတ် အဖွဲ့အနေဖြင့် လူထု၏လက်ခံမှုပိုမိုရရှိရန် စသည့် ရည်ရွယ်ချက်များ ရှင်းရှင်းလင်းလင်း ရေးဆွဲချမှတ်ထားခြင်း
  • ပတ်သက်ဆက်စပ်သူများထဲမှ ငွေကြေးပံ့ပိုးသူ/အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ အကျိုး ခံစားရသူများ၊ ပြည်သူလူထုစသည်ဖြင့် မည်သည့် ပစ်မှတ်အုပ်စုများအတွက်ဆိုသည်ကို သေချာစွာချမှတ်ခြင်း
  • ဆိုရှယ်မီဒီယာ၊ ဘလော့ဂ်များ၊ သတင်းများ စသည့် ထိရောက်မှုအရှိနိုင်ဆုံးဆက်သွယ်ရေး လမ်းကြောင်း များ ရွေးချယ်ခြင်းတို့ ပါရှိရမည်။

ဆိုရှယ်မီဒီယာကို ထိရောက်စွာ အသုံးချခြင်း

ယနေ့ခေတ်တွင် ဆိုရှယ်မီဒီယာသည် အသိပညာမြှင့်တင်ရေးနှင့် လူထုထောက်ခံမှု ရရှိစေရေးတို့တွင် အရေးပါသည့် ကြားခံတခုဖြစ်သည်။
အဖွဲ့အစည်းများသည်–

  • မိမိတို့အဖွဲ့အနေဖြင့် ထိရောက်အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့် လုပ်ငန်းများနှင့် အကျိုးကျေးဇူးရရှိသူများ၏ အတွေ့အကြုံများကို ဖော်ပြပေးခြင်း
  • ရန်ပုံငွေရှာဖွေရေး သို့မဟုတ် အသိပညာမြှင့်တင်ရေး လှုပ်ရှားမှုများ လုပ်ဆောင်ခြင်း
  • မှတ်ချက်များနှင့် မေးခွန်းများကို တုံ့ပြန်ဖြေဆိုပေးခြင်းဖြင့် လူထုနှင့် ဆက်ဆံရေးကို ခိုင်မာအောင် ပြုလုပ်ပေးနိုင်ပါသည်။

ဒေသတွင်း အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း အဖွဲ့ကို လူသိများစေနိုင်သည်။ ထိုသို့လုပ်ဆောင်ရာတွင် – 

  • လှုပ်ရှားမှုများ၊ လှုံ့ဆော်ရေးအစီအစဉ်များကို ပူးပေါင်းလုပ်ဆောင်ခြင်း
  • နည်းပညာ၊ ငွေကြေး အထောက်အပံ့စသည့်အရင်းအမြစ်များကို မျှဝေပေးခြင်း
  • မိတ်ဖက်ကွန်ယက်များမှတစ်ဆင့် အခြားအဖွဲ့အစည်းများကို မိတ်ဆက်အသိဖွဲ့ချိတ်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။

စိတ်ဝင်စားဖွယ် အကြောင်းအရာများ ဖန်တီးခြင်း

  • အဖွဲ့နှင့် ဆက်စပ်သည့် ဇာတ်လမ်းများ မျှဝေခြင်း
  • ဓာတ်ပုံ၊ဗီဒီယိုများ အသုံးပြုခြင်း
  • အောင်မြင်မှုများနှင့် အကျိုးသက်ရောက်မှုများကို ဆောင်းပါးများရေးသားခြင်း
  • စိတ်ဝင်စားစရာ သင်ခန်းစာရနိုင်သည့်အဖြစ်အပျက်များကို ဖော်ပြခြင်းတို့ဖြင့် အဖွဲ့အကြောင်းကို လူသိများအောင် လုပ်ဆောင်နိုင်သည်။

တာဝန်ယူမှု၊တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုကို ပြသခြင်း

  • လုပ်ငန်းအစီရင်ခံစာများ ပုံမှန်ထုတ်ပြန်ခြင်း
  • အချက်အလက်များ၊ ကိန်းဂဏန်းများ မျှဝေခြင်း
  • ပါဝင်ကူညီနိုင်သော နည်းလမ်းများကို လွယ်ကူစွာ သိရှိနိုင်အောင် ဖော်ပြခြင်း 

စေတနာ့ဝန်ထမ်းများ၏အသံကို အသုံးပြုခြင်း

  • စေတနာ့ဝန်ထမ်းများအား လုပ်ငန်း/လှုပ်ရှားမှုများတွင် ဖိတ်ခေါ်ခြင်း
  • သင်တန်းများ၊ အထောက်အပံ့၊ အကူအညီများ ပေးခြင်း
  • အကြံပြုချက်များကို နားထောင်ပြီး ဆုံးဖြတ်ချက်များတွင် ပါဝင်စေခြင်း

အကျိုးသက်ရောက်မှုနှင့် အောင်မြင်မှုကို တိုင်းတာခြင်း

  • လူထုထံမှ အမြင်များ စုဆောင်းခြင်း
  • လူထုပါဝင်မှုနှင့် လက်ခံမှုတို့နှင့်ပတ်သက်၍ အမြင်သဘောထားများကို ဆန်းစစ်တင်ပြပေးခြင်း

အဖွဲ့အစည်းများအတွက် အသိပညာမြှင့်တင်ရေးနှင့် လူထုထောက်ခံမှု မြှင့်တင်ရေးတွင် လူထု ဆက်ဆံရေးသည် လွန်စွာအရေးပါသည်။ ထိရောက်သော ဆက်ဆံ၊ဆက်သွယ်ရေးနှင့် ပါဝင်ဆောင်ရွက်လာအောင် လုပ်ဆောင်သည့် မဟာဗျူဟာများကို စနစ်တကျ ရေးဆွဲအသုံးပြုခြင်းဖြင့် လူထု၏ယုံကြည်မှုကို ခိုင်မာစွာရရှိစေကာ အဖွဲ့အစည်း၏ ရည်မှန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေသည်။ လူထုဆက်ဆံရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အဖွဲ့အစည်း၏ ရေရှည်တည်တံ့မှုနှင့် အောင်မြင်မှုအတွက် မဖြစ်မနေ လုပ်ဆောင်ရန်လိုအပ်သည့်လုပ်ငန်းစဉ်တခု ဖြစ်သည်။

+++++++++++++++

ဆက်လက်ဖော်ပြပေးသွားပါမည်။

စီမံချက်အကောင်အထည်ဖော်ခြင်းနှင့်ကြပ်မတ်စစ်ဆေးခြင်းနှင့် အရည်အသွေးထိန်းချုပ်ခြင်း 

စီမံချက်ဒီဇိုင်းရေးဆွဲခြင်း၏နောက်ဆုံးအပိုင်းမှာ စီမံချက်တခုအကောင်အထည်ဖော်သည့်အခါ မည်သို့ကြပ်မတ်လုပ်ဆောင်မည်နှင့် စီမံချက်အောင်မြင်မှုကို မည်သို့တိုင်းတာပြမည်ဆိုသည့်အပိုင်းပင်ဖြစ်သည်။ ကျိုးကြောင်းဆက်စပ်မှုမူဘောင်တွင် စီမံချက်ဒီဇိုင်းရေးဆွဲရာ၌ ပြဿနာကို စတင်စဉ်းစား၍ ယင်းပြဿနာကိုကိုင်တွယ်ဖြေရှင်းလိုက်ခြင်းဖြင့် အဆုံးသတ်တွင် မြင်လိုသည့် လူ့ဘောင်အသိုင်းအဝိုင်း၊ ဦးတည်အုပ်စုတခုလုံးအတွက် ကြီးမားသည့်အပြောင်း အလဲရလဒ် (Impact)ကို ပုံဖော်ကြည့်ကြသည်။ ယင်းရလဒ်ကိုရရှိစေရန် ဦးတည်အုပ်စုများတွင် မည်သို့သော အတွေးအခေါ်၊ အယူအဆ၊ အမူအကျင့်၊ ယဉ်ကျေးမှုအပြောင်းအလဲများ (Outcome) ရှိရန် လိုအပ်မည်ကို စဉ်းစားရသည်။ ယင်းအပြောင်းအလဲများဖြစ်ထွန်းစေရန် လိုအပ်သည့် နည်းပညာ၊ ကျွမ်းကျင်မှု၊အခြေအနေများ (output) အတွက် မည်သို့လုပ်ဆောင် မည်၊ မည်သည့်သင်တန်း၊အခြေအနေ၊ပစ္စည်းကိရိယာများလိုအပ်မည်ကို စဉ်းစားစီစဉ် ဒီဇိုင်းရေးဆွဲကြရသည်။ 

စီမံချက်လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် မည်သို့စီမံခန့်ခွဲမည်၊ ကြပ်မတ်ကွပ်ကဲ လုပ်ဆောင်မည်ကို စဉ်းစားရာတွင်မူ လုပ်ဆောင်မည့်လုပ်ငန်းများအတွက် လိုအပ်သည့်သွင်းအားစုမှစ၍ စဉ်းစားကြရသည်။

ကြပ်မတ်ကွပ်ကဲခြင်း 

ကြပ်မတ်ကွပ်ကဲခြင်း (Monitoring) စီမံကိန်းကို ထိရောက်စွာ စီမံခန့်ခွဲရန်အတွက် စီမံချက်တွင် လျာထားသည့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် လုပ်ဆောင်ချက်များ၏ တိုးတက်မှုအခြေအနေကို ကြပ်မတ်ကွပ်ကဲစစ်ဆေးသည့်လုပ်ငန်းစဉ်ပင်ဖြစ်သည်။

စီမံကိန်းအကောင်အထည်ဖော်မှုကို လစဉ်၊ နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ် စသဖြင့် ကြပ်မတ်ကွပ်ကဲ စစ်ဆေးကြသည်။

မည်သည်တို့ကို ကြပ်မတ်ကွပ်ကဲကြည့်ရှုတတ်ကြပါသနည်း။

၁။ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု (Management/Administration)

က။ ဝန်ထမ်းများ/လူအင်အား

ခ။ ယာဉ်ယန္တရားများ

ဂ။ ထောက်ပံ့ရေးပစ္စည်းများ

၂။ ဘဏ္ဍာရေး (Finance)

က။ စီမံကိန်း အသုံးစရိတ်နှင့် အမှန်တကယ် သုံးစွဲမှု (Budget and Expenditure)

ခ။ ဝန်ထမ်းလစာများ

ဂ။ ငွေကြေးစီးဆင်းမှု ဆန်းစစ်ချက် (Cash flow analysis)

၃။ စီမံကိန်း လုပ်ဆောင်ချက်များ (Project activities)

က။ စီမံကိန်း၏ အရင်းအမြစ်များ (Inputs) – အသုံးစရိတ်၊ ကိရိယာတန်ဆာပလာများ၊ လိုအပ်သောဝန်ထမ်းများ

ခ။ လုပ်ဆောင်ချက်များ၏ ရလဒ်များ – စီမံကိန်း၏ အကျိုးရလဒ်များ (Outputs/Outcomes/Impact) – (ညွှန်းကိန်းများကို အသုံးပြု၍ တိုင်းတာရန်)

ဂ။ စီမံကိန်းကို စီမံခန့်ခွဲသည့် ပုံစံ

ဃ။ အခြေအနေ သို့မဟုတ် ပတ်ဝန်းကျင် အကြောင်းအရာ – စီမံချက်လုပ်ဆောင်ရသည့် မူဝါဒဆိုင်ရာ ပတ်ဝန်းကျင်နှင့် နိုင်ငံရေး အခြေအနေများ

ပြန်လည်သုံးသပ်ခြင်း 

ပြန်လည်သုံးသပ်ခြင်း (Evaluation) ဆိုသည်မှာ အချိန်ကာလတခုအတွင်းတွင် လုပ်ငန်းတစ်ခု၏ အကျိုးသက်ရောက်မှုနှင့် သတ်မှတ်ထားသော ရလဒ်များ မည်မျှအထိ အောင်မြင်ပြီးမြောက်သည်ကို ဆန်းစစ်လေ့လာသုံးသပ်ခြင်း ဖြစ်သည်။ ကြပ်မတ်ကွပ်ကဲရန်နှင့် ပြန်လည်သုံးသပ်ရန်အတွက် – 

  • တိုင်းတာနိုင်သော ရှင်းလင်းသည့် ရည်မှန်းချက်များ (Outputs, Outcomes, Impact)
  • အဓိက ညွှန်းကိန်းများ (Key indicators)
  • လုပ်ငန်းကြောင့် အပြောင်းအလဲတစုံတရာ ရှိမရှိကို သိရှိနိုင်ရန် အသုံးပြုမည့် ညွှန်းကိန်းဆိုင်ရာ အချက်အလက်များ။ (ဤအချက်အလက်များကို အခြေခံအချက်အလက် လေ့လာမှု (Baseline study) မှသော်လည်းကောင်း၊ စောင့်ကြည့်စစ်ဆေးမှုစနစ်မှတစ်ဆင့် အချိန်နှင့်အမျှ စုဆောင်းထားသော အချက်အလက်များမှသော်လည်းကောင်း ရရှိနိုင်ပါသည်။)

ညွှန်းကိန်း (Indicator) ဆိုသည်မှာ

“ညွှန်းကိန်း” ဆိုသည်မှာ တိုင်းတာသည့်ယူနစ်များ ဖြစ်ကြသည်။ ၎င်းတို့ကို စီမံကိန်း ရေးဆွဲရာတွင် ရည်မှန်းချက်များ၏ အောင်မြင်မှုကို သတ်မှတ်ရန်နှင့် စီမံကိန်းတွင် လျာထားသော အဆင့်ဆင့်သော ရလဒ်များ၏ အောင်မြင်မှုကို တိုင်းတာရန် အသုံးပြုသည်။ ၎င်းတို့သည် စီမံကိန်းကြောင့် ဖြစ်ပေါ်လာ သော တိုးတက်မှု သို့မဟုတ် ပြောင်းလဲမှုများကို သက်သေထူပေးနိုင်သည်။

ညွှန်းကိန်းများသည် တိုင်းတာသည့် စနစ်များပင် ဖြစ်သည်၊ ညွှန်းကိန်းများကို ရေးဆွဲရာတွင် –

ကျင့်ဝတ်နှင့် ညီညွတ်မှုရှိရန် (Ethical

အချို့ညွှန်းကိန်းများချမှတ်ရာတွင် ကျင့်ဝတ်များနှင့် မညီညွတ်သည်များဖြစ်တတ်သည်။ ဥပမာ – ရပ်ရွာတခုတွင် HIV/AIDS ရောဂါကြောင့် ART ဆေးသောက်သုံးနေရသူများရှိသည့် အိမ်ထောင်စုများ အား စားဝတ်နေရေးထောက်ပံ့ပေးမှုကြောင့် အဆင်ပြေချောင်လည်လာသည့် အရေအတွက်  

ယင်းညွှန်းကိန်းတွင် ရပ်ရွာတခုတွင် မည်သည့်အိမ်ထောင်စုများ၌ ဆေးသောက်နေရသူများရှိသည်ဟု အလွယ်တကူခန့်မှန်း၍ရနိုင်ပြီး အမြင်မကျယ်သူများ၏ ခွဲခြားဆက်ဆံခံရနိုင်သည့်အခြေအနေမျိုးကို ဖြစ်စေနိုင်သည့်အတွက် ကျင့်ဝတ်နှင့်မညီဟုသတ်မှတ်နိုင်သည်။ 

လက်တွေ့ကျရန် (Practical)

စီမံချက်တွင် ထည့်သွင်း ထားသည့် ကုန်ကျစရိတ်နှင့် အချိန်အတိုင်းအတာအတွင်း လိုအပ်သည့် အချက်အလက်များကို အမှန်တကယ် ကောက်ယူနိုင်ရန်လိုအပ်သည်။ ငွေကြေး၊ ဝန်ထမ်းနှင့် နည်းပညာ အလုံအလောက်ရှိရန်လည်း လိုအပ်မည်။

ဥပမာ – “တစ်နိုင်ငံလုံးရှိ မိသားစုအားလုံး၏ တစ်နှစ်စာဝင်ငွေ” ကို လိုက်လံတိုင်းတာမည့်အစား (၎င်းသည် အလွန်ကုန်ကျစရိတ်များသဖြင့်) လက်တွေ့ကျသော ညွှန်းကိန်းဖြစ်သည့် “စိုက်ပျိုး ရေးလုပ်ကိုင်သော မိသားစုများ၏ ပျမ်းမျှသီးနှံထွက်နှုန်း” ကို တိုင်းတာခြင်းမျိုး ဖြစ်သည်။

သီးခြားလွတ်လပ်မှုရှိရန် (Independent)

ညွှန်းကိန်းသည် လုပ်ဆောင်ချက် (Activity) အပေါ်တွင်သာ အခြေမခံဘဲ ထွက်ပေါ်လာသော “ရလဒ်” သို့မဟုတ် “ပြောင်းလဲမှု” ကို တိုင်းတာနိုင်ရမည်။

ဥပမာ – “သင်တန်းအကြိမ်ရေ မည်မျှပေးခဲ့သည်” ဆိုသည့်တိုင်းတာမှုမျိုးထက်  “သင်တန်း တက် ရောက်ပြီးနောက် ဝန်ထမ်းများ၏ ကျွမ်းကျင်မှု တိုးတက်လာသည့် ရာခိုင်နှုန်း” ကို တိုင်းတာ ခြင်းမျိုး ဖြစ်သည်။

တိုင်းတာ၍ရရန် (Measurable)

ညွှန်းကိန်းသည် တိကျပြီး ဝေဝါးမှုမရှိရပါ။ မည်သူတိုင်းတာသည်ဖြစ်စေ တူညီသော ရလဒ် ထွက်ပေါ်ရမည်။ ကိန်းဂဏန်း၊ ရာခိုင်နှုန်း သို့မဟုတ် ရှင်းလင်းသော အတိုင်းအတာတစ်ခုဖြင့် ဖော်ပြနိုင်သလား။

ဥပမာ – “ကျန်းမာရေး ပိုမိုကောင်းမွန်လာခြင်း” ဆိုသည့်ညွှန်းကိန်းမျိုးသည် မည်သို့သော အခြေအနေကို ဆိုလိုသည်ကို အဓိပ္ပါယ်မျိုးစုံဖွင့်နိုင်ပေမည်။​ယင်းညွှန်းကိန်းမျိုးအစား “အသက် ၅ နှစ်အောက် ကလေး ငယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု ၂၀ ရာခိုင်နှုန်း လျော့ကျလာခြင်း” ဟုဆိုလျှင် မည်သူ မဆိုအလွယ်တကူ တိုင်းတာသိရှိနိုင်သည်။

တိကျသော ရည်မှန်းချက်ရှိရန် (Targeted) လိုအပ်သည်။

မည်သူ့ကို၊ မည်သည့်နေရာတွင်၊ မည်မျှအထိ ပြောင်းလဲစေမည်နည်း ဆိုသည်ကို အတိအကျ ဖော်ပြ ရပါမည်။ ဦးတည်အုပ်စု၊ စီမံချက်နေရာနှင့် အချိန်ကာလမျိုးထည့်သွင်းရေးဆွဲခြင်းမျိုးကို ဆိုလိုသည်။ ဥပမာ – “သန့်ရှင်းသောသောက်သုံးရေ သုံးစွဲနိုင်သူဦးရေ ပိုမိုများလာစေရန်” ဆိုသည့်ညွှန်းကိန်းမျိုး အစား “လှိုင်သာယာမြို့နယ် ရပ်ကွက် (၁) အရှေ့ပိုင်းရှိ အိမ်ထောင်စုပေါင်း ၅၀၀ သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် သန့်ရှင်းသည့်သောက်သုံးရေများအသုံးပြုနိုင်စေရန်” ဟု သတ်မှတ်ခြင်းမျိုး ဖြစ်သည်။

အနှစ်ချုပ် ဖော်ပြချက်

အချက်အလက်အဓိက မေးခွန်းရည်ရွယ်ချက်
လက်တွေ့ကျခြင်းတကယ်တိုင်းတာ၍ရနိုင်ပါသလားဖြစ်နိုင်ခြေရှိမှု (Feasibility)
သီးခြားလွတ်လပ်မှုရှိခြင်းရလဒ်ကို တိုင်းတာတာ သေချာပါသလားဘက်လိုက်မှုကင်းခြင်း (Objectivity)
တိုင်းတာ၍ရခြင်းကိန်းဂဏန်းနဲ့ တိတိကျကျ ပြနိုင်ပါသလားတိကျမှုရှိခြင်း (Precision)
တိကျသော ရည်မှန်းချက်ဘယ်သူ့ကို၊ ဘယ်နေရာမှာ၊ ဘယ်တော့လဲသတ်မှတ်ချက် တိကျခြင်း (Specificity)

ညွှန်းကိန်းများသည် –

  • စီမံကိန်း၏ ထွက်ပေါ်လာသော ရလဒ် (Output)
  • အကျိုးသက်ရောက်မှု (Outcome/Effect) သို့မဟုတ်
  • ရေရှည်အကျိုးကျေးဇူး (Impact)တို့ကို တိုင်းတာနိုင်ရမည်

ထွက်ပေါ်လာသော ရလဒ်များ (Outputs) ဆိုသည်မှာ စီမံကိန်း၏ အရင်းအမြစ်များကို အသုံးပြု၍ လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ခြင်းကြောင့် စီမံကိန်းအဆင့်တွင် ရရှိလာသော ရလဒ်များဖြစ်သည်။ ၎င်းတို့ကို အပိုင်း (၃) ပိုင်း ခွဲခြားနိုင်သည် – လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာရလဒ်၊ ဝန်ဆောင်မှုဆိုင်ရာရလဒ်နှင့် ဝန်ဆောင်မှုအသုံးပြုမှုဆိုင်ရာရလဒ်။

  • လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာရလဒ် (Functional outputs): အဓိကနယ်ပယ် (၆) ခုဖြစ်သော မူဝါဒ၊ သင်တန်းပေးခြင်း၊ စီမံခန့်ခွဲမှု၊ ပစ္စည်းနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ သုတေသနနှင့် အကဲဖြတ် ခြင်း၊ နှင့် အသိပညာပေး ဆက်သွယ်ပြောဆိုခြင်း (IEC) တို့မှ တိုက်ရိုက်ထွက်ပေါ်လာသော ရလဒ် များဖြစ်သည်။ ဥပမာ – လွန်ခဲ့သော ၁၂ လအတွင်း သင်တန်းပေးခဲ့သူများမှ သင်တန်းပါ စွမ်းရည် များကို လက်တွေ့အသုံးချနေသူအရေအတွက်၊ လွန်ခဲ့သော သုံးလပတ်အတွင်း ရေဒီယိုမှတစ်ဆင့် ထုတ်လွှင့်ခဲ့သော IEC သတင်းစကားများနှင့်ပတ်သက်၍ ရရှိသည့်တုံ့ပြန်မှုအရေအတွက် စသည်တို့ဖြစ်သည်။
  • ဝန်ဆောင်မှုဆိုင်ရာရလဒ် (Service outputs): ဝန်ဆောင်မှုပေးသည့်စနစ် တိုးတက် ကောင်းမွန် စေရန် ရည်ရွယ်သည့် လုပ်ဆောင်ချက်များမှ ရလဒ်များဖြစ်သည်။ ၎င်းတို့ကို ဝန်ဆောင်မှု၏ အရည် အသွေး၊ လက်လှမ်းမီမှု၊ စီမံကိန်း၏ ပုံရိပ်နှင့် လက်ခံနိုင်မှုတို့ဖြင့် တိုင်းတာသည်။
  • ဝန်ဆောင်မှုအသုံးပြုမှုဆိုင်ရာရလဒ် (Service utilization): အလားအလာရှိသော အသုံးပြုသူ များအတွက် ဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီစေခြင်းနှင့် စိတ်ကျေနပ်မှုရရှိစေခြင်း၏ ရလဒ် ဖြစ်သည်။ ဤရလဒ်ကို ယေဘုယျအားဖြင့် စီမံကိန်းလုပ်ဆောင်နေစဉ်ကာလအတွင်းတွင်  တိုင်းတာနိုင်သည်။

ညွှန်းကိန်းနမူနာများ 

သတ်မှတ်ထားသော နယ်မြေများတွင် HIV/AIDS အသိပညာများကို အချင်းချင်းပြန်လည်သင်ကြား ပေးနိုင်မည့်သူ (Peer Educators) များကို လေ့ကျင့်ပေးရန်။

  • သတ်မှတ်နယ်မြေအသီးသီးရှိ လေ့ကျင့်ပေးပြီးအချင်းချင်းပြန်လည်သင်ကြားပေးနေသည့်သူ အရေအတွက်
  • သတ်မှတ်နယ်မြေအသီးသီးရှိ အချင်းချင်းပြန်လည်သင်ကြားပေးနေသူများမှတစ်ဆင့် ပြန်လည် အသိပညာပေးနိုင်သည့်သူအရေအတွက်။
  • အချင်းချင်းပြန်လည်သင်ကြားပေးသူများ ဦးဆောင်ပြုလုပ်သော HIV/AIDS အသိပညာ ပေး လှုပ်ရှားမှုအရေအတွက်။

သတ်မှတ်အရေအတွက်/တိုင်းတာနိုင်သည့်နည်းလမ်းများ (Means of Verifcation)

  • စီမံကိန်းကာလအတွင်း တက်ကြွစွာ အချင်းချင်းပြန်လည်သင်ကြားပေးသူဦးရေ အနည်းဆုံး ၅၀ ဦးကို လေ့ကျင့်သင်ကြားပေးခြင်း (မှတ်တမ်း – သင်တန်း follow up မှတ်တမ်း)
  • အချင်းချင်းပြန်လည်သင်ကြားပေးသူများ တစ်ဆင့် အနည်းဆုံး လူ ၅၀၀ ကို ပြန်လည် လေ့ကျင့်ပေးရန်။ (မှတ်တမ်း အချင်းချင်းပြန်လည်သင်ကြားပေးသူများ၏ လုပ်ငန်းမှတ်တမ်း၊ သင်တန်းမှတ်တမ်းများ)
  • အချင်းချင်းပြန်လည်သင်ကြားပေးသူများ ဦးဆောင်၍ အနည်းဆုံး အသိပညာပေးလုပ်ငန်း ၂ ခု ပြုလုပ်ရန်။ (မှတ်တမ်း – လစဉ်အစီရင်ခံစာ၊ လုပ်ငန်းမှတ်တမ်းများ)

စီမံကိန်း၏ အကျိုးသက်ရောက်မှု (Outcome/Effect) သို့မဟုတ် ရေရှည်အကျိုးကျေးဇူး (Impact) ဆိုသည်မှာ စီမံကိန်းလုပ်ဆောင်ချက်များနှင့် ရလဒ်များကြောင့် လူထုအဆင့်တွင် ဖြစ်ပေါ် လာရန် မျှော်မှန်းထား သည့် အကျိုးသက်ရောက်မှုနှင့် ရေရှည်ရလဒ်များဖြစ်သည်။

  • အကျိုးသက်ရောက်မှု (Outcomes/Effects): စီမံကိန်းလုပ်ဆောင်ချက်များကြောင့် ကာလ အတန်ကြာတွင် မြင်ရသည့်ရလဒ်များဖြစ်သည်။ ဤရလဒ်များသည် ပစ်မှတ်ထားသော လူဦးရေ၏ အသိပညာ၊ သဘောထား၊ ကျွမ်းကျင်မှု၊ ရည်ရွယ်ချက်နှင့် အလေ့အထ (သို့မဟုတ်) အပြုအမူပိုင်း ဆိုင်ရာ ပြောင်းလဲမှုများကို ပြသသည်။
  • ရေရှည်အကျိုးကျေးဇူး (Impacts): ကြားဖြတ်ရလဒ်များမှတစ်ဆင့်သာ ဖြစ်ပေါ်လာနိုင်သော လူထုအဆင့်ရှိ ရေရှည်ရလဒ်များ ဖြစ်သည်။ ရေရှည်ရလဒ် (Impact) ကို ယေဘုယျအားဖြင့် ၅ နှစ်မှ ၁၀ နှစ်အတွင်း ရရှိလေ့ရှိသည်။

တိုင်းတာမှု အဆင့်ဆင့် (Levels of Measurement)

ထွက်ပေါ်လာသော ရလဒ်များ (Outputs) ကို များသောအားဖြင့် ဝန်ဆောင်မှုဆိုင်ရာ ကိန်းဂဏန်းများ၊ အသုံးပြုသူမှတ်တမ်းများ၊ အုပ်ချုပ်မှုမှတ်တမ်းများ၊ ပစ္စည်းတင်ပို့မှု၊ အရောင်းမှတ်တမ်းများနှင့် ဝန်ဆောင်မှုပေးသည့်နေရာမှ ရရှိသော အချက်အလက်များ (ဥပမာ – ဝန်ဆောင်မှုပေးသူအား စစ်တမ်းကောက်ခြင်း၊ ဝန်ဆောင်မှုပေးသူနှင့် အသုံးပြုသူ ဆက်ဆံပုံကို လေ့လာခြင်း) တို့ဖြင့် တိုင်းတာသည်။

အကျိုးသက်ရောက်မှု (Effect) နှင့် ရေရှည်အကျိုးကျေးဇူး (Impact) တို့ကို များသောအားဖြင့် လူထုအခြေပြု ဇီဝဗေဒဆိုင်ရာနှင့် အပြုအမူဆိုင်ရာ အချက်အလက်များဖြင့် တိုင်းတာသည်။ လူထုအခြေပြု အချက်အလက်ဆိုသည်မှာ စီမံကိန်းနယ်မြေအတွင်းရှိ ပစ်မှတ်လူဦးရေထံမှ စစ်တမ်းကောက်ယူ ရရှိသော အချက်အလက်များကို ဆိုလိုသည်။ ဤအချက်အလက်များကို များသောအားဖြင့် သန်းခေါင်စာရင်းနှင့် ကျန်းမာရေးစစ်တမ်း (DHS)၊ အပြုအမူဆိုင်ရာ စောင့်ကြည့်စစ်တမ်း (BSS) ကဲ့သို့သော စစ်တမ်းများမှတစ်ဆင့် စုဆောင်းရယူသည်။ ဇီဝဗေဒဆိုင်ရာ အချက်အလက်များကိုမူ စနစ်တကျ စောင့်ကြည့်စစ်ဆေးသည့် စနစ်များ (Sentinel surveillance systems) မှတစ်ဆင့် စုဆောင်းလေ့ရှိသည်။

 တိုင်းတာနိုင်သည့် ညွှန်းကိန်းများ ဟုတ်/မဟုတ်ဟုတ်မဟုတ်
သေဆုံးမှုနှုန်း  
ကျန်းမာရေးပညာပေးစာစောင်များ  
ကာလသားရောဂါကုသပေးနေသည့် ဆေးခန်းများသို့ လာရောက်သည့် လူနာအရေအတွက်   
စီမံချက်မှ ဥပဒေအကျိုးဆောင်များ၏ ပံ့ပိုးကူညီမှုကို ကျေနပ်သဘောကျသည့် အမှုသည်အရေအတွက် ၂၀ ရာခိုင်နှုန်း  တိုးတက်လာခြင်း  
သင်တန်းရရှိခဲ့သည့် ရပ်ရွာအခြေပြုကျန်းမာရေးလုပ်သားဦးရေ၏ အနည်းဆုံး ၅၀% က ရပ်ရွာ၏ကျန်းမာရေးကိစ္စရပ်များတွင် ကူညီလုပ်ဆောင်ပေးနေခြင်း  
ကွန်ပြူတာသင်တန်းတက်ရောက်ခဲ့သည့်ဝန်ထမ်းဦးရေ၏ အနည်းဆုံး ၇၀% က လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနေခြင်း   
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူများအား နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း  

စီမံချက်ဒီဇိုင်းရေးဆွဲခြင်း (အဆက်)

ပြီးခဲ့သည့်အပတ်က အဆုံးသတ်ခဲ့တဲ့ ပဟေဠိ၏ အဖြေမှန်များနှင့် စဉ်းစားပုံများကို ဆက်လက်ရှင်းလင်းပေးသွားပါမည်။

 SMART(Yes/No)
၁။ အသက် ၁၅ မှ ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (Antenatal Services) အသုံးပြုမှုကို ၂ နှစ်အတွင်း ၄၀ ရာခိုင်နှုန်း တိုးမြှင့်ရန်။Yes
၂။ ရန်ပုံငွေရရှိသည့်အဖွဲ့များ (grantees) သည် လုံလောက်သော ရန်ပုံငွေနှင့် ပစ္စည်းကိရိယာအထောက်အပံ့များ ရရှိကြစေရန်။No
၃။ ဒုက္ခသည်များ ဝင်ငွေရရှိရေးလုပ်ငန်းများနှင့် အစားအစာ ထုတ်လုပ်နိုင် စွမ်းရည်တိုးတက်လာအောင် မြှင့်တင်လုပ်ဆောင်ပေးရန်။No
၄။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန်တက်ရောက်သည့်ကျောင်းသူဦးရေ သည်ကျောင်းသားဦးရေနှင့် နှိုင်းယှဉ်လျှင် ၁ နှစ်အတွင်း ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်။Yes
၅။ လူ့အခွင့်အရေးများ အပြည့်အဝရရှိခံစားရပြီး ပျော်ရွှင်ချမ်းမြေ့သည့် လူ့ဘောင်သစ်တခု သို့ရောက်ရှိစေရန်No?

ရည်မှန်းချက်များရေးသားရာတွင် – ၁) တိကျရမည်၊ ၂) တိုင်းတာ၍ရရမည်၊ ၃) သတ်မှတ်ကာလ (စီမံချက်) အတွင်း အောင်မြင်နိုင်ရမည်၊ ၄) လက်တွေ့ကျသည့်/ဖြစ်နိုင်သည့် ရည်မှန်းချက်မျိုးဖြစ်ရမည်၊ ၅) သတ်မှတ်အချိန်အတွင်း ပြီးစီး/ပြည့်စုံစေရမည်ဆိုသည့် အချက် ၅ ချက်ဖြင့် တိုင်းတာကြည့်နိုင်သည်။
 
တိကျပါသလား၊ 
၁) တိကျသည်  အသက် ၁၅ မှ ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု
၂) မတိကျပါ  မည်သို့သောရန်ပုံငွေရသည့်အဖွဲ့များလဲ၊ လုံလောက်သည်ဆိုသည့်ပမာဏကမည်မျှဖြစ်ပြီး မည်သည့်ပစ္စည်းကိရိယာများကို ထောက်ပံ့ပေးမှာလဲ။
၃) မတိကျပါ  ယင်းရည်မှန်းချက်တွင် မည်သည့်ဒေသ၊ မည်သည့်စခန်းမှ ဒုက္ခသည်များအတွက်လဲ၊ တိကျစွာဖော်ပြထားခြင်း မရှိချေ။ အစားအစာထုတ်လုပ်နိုင်စွမ်းရည်ဆိုသည့်နေရာတွင် မည်သည့်စွမ်းရည်ဆို သည်ကို တိကျစွာဖော်ပြခြင်း – ဥပမာ အချက်အပြုတ်၊ သစ်သီးယိုထိုး၊ မုန့်ဖုတ်လုပ်ငန်းစသဖြင့်၊ ထို့အပြင် ယင်း စွမ်းရည်များရှိလာသည့်အတွက် ဝင်ငွေရရှိမည်လား၊ သို့မဟုတ် အခြားနည်းဖြင့်ရော ဝင်ငွေတိုးလုပ်ငန်းလုပ်ပေး အုံးမည်လား မရှင်းလင်း၊မတိကျချေ။
၄) တိကျသည်  တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန် တက်ရောက်သည့်ကျောင်းသူဦးရေ သည် ကျောင်းသားဦးရေနှင့် နှိုင်းယှဉ်လျှင် (ဤနေရာတွင် အဖွဲ့အစည်းသည် တနိုင်ငံလုံးအတိုင်းအတာဖြင့်လုပ်ဆောင်နေ သည့် ပညာရေးဝန်ကြီးဌာန၊ သို့မဟုတ် နေရာဒေသတခုတွင် လုပ်ဆောင်နေသည့် ပညာရေးဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် ကျောင်းတကျောင်း၏ စီမံချက်ရည်မှန်းချက်ဖြစ်လျှင် နေရာအတိအကျဖော်ပြရေးသားခြင်းမပြုလုပ် တတ်ကြသည့်အတွက် တိကျသည်ဟုဆိုလိုခြင်းဖြစ်သည်။) နံပါတ် ၃ ရည်မှန်းချက်နှင့် ကွာခြားသည့်အချက်မှာ ဒုက္ခသည်စခန်းတခုတွင် လုပ်ဆောင်နေသည့်အဖွဲ့အစည်းဖြစ်လျှင်ပင် မည်သည့်ဒုက္ခသည်များကို လုပ်ဆောင်ပေး မည်ဆိုသည်ကို တိကျစွာဖော်ပြပေးရန်လိုအပ်သည်။
၅) မတိကျပါ  လူ့အခွင့်အရေးများ အပြည့်အဝရရှိခံစားရမည့်သူများက မည်သူများလဲဆိုသည်ကို တိကျစွာ ရေးသားရန်လိုအပ်ပါသည်။
 
တိုင်းတာ၍ရပါသလား 
နံပါတ် ၁) ရပါသည်  ၄၀ ရာခိုင်နှုန်းတိုးမြှင့်ရန် ဆိုသည့်အတွက် စီမံချက်မစမီအချိန်က စောင့်ရှောက်နိုင်သည့်အခြေအနေကို (baselineအဖြစ်) အခြေခံ၍ သတ်မှတ်ကာလအတွင်း ၄၀ရာခိုင်နှုန်း ယခင်က ကိုယ်ဝန်ဆောင်အမျိုးသမီး ၅၀ ဦးကို ပြုစုစောင့်ရှောက်ပေးနေသည်ဆိုပါက သတ်မှတ်ကာလအတွင်း အနည်းဆုံး ၄၀ ရာခိုင်နှုန်းတိုးမြှင့်ကြည့်ရှုနိုင်မှုရှိမရှိကို စာရင်းပြုစုထားပြီး တိုင်းတာ၍ရသည်။
နံပါတ် ၂) မရပါ  လုံလောက်သည့်ပမာဏ၊ ပစ္စည်းကိရိယာများဆိုသည့်အသုံးအနှုံးကြောင့်ဖြစ်သည်။ မည်သည့်ပမာဏကို လုံလောက်သည် ဟုသတ်မှတ်မည်နည်း။ 
နံပါတ် ၃) မရပါ  မည်သည့်ဝင်ငွေတိုးလုပ်ငန်းနှင့် အစားအစာထုတ်လုပ်မှုစွမ်းရည်ကို မည်မျှတိုးအောင်လုပ်မည်ကို တိတိကျကျမဖော်ပြထားခြင်းကြောင့်ဖြစ်သည်။ 
နံပါတ်  ၄) ရပါသည်  စီမံချက်မလုပ်မီကာလနှင့် လုပ်ဆောင်ပြီး တနှစ်အတွင်း တိုးတက်လာရမည့် ဦးရေ ၂၀ မှ ၃၀ ရာခိုင်နှုန်းရှိမရှိကို တိုင်းတာကြည့်၍ရနိုင်ပါသည်။ 
နံပါတ် ၅) မရပါ  တိုင်းတာ၍ ရနိုင်စေရန် အပြည့်အဝရရှိမှုဆိုသည်မှာ မည်သို့စံချိန်စံနှုန်းများကို အသုံးပြုမည်၊ ပျော်ရွှင် ချမ်းမြေ့သည့်လူ့ဘောင်သစ်တခုဆိုသည်မှာ မည်သည့်ပုံစံမျိုးရှိရမည်ကို သေချာစွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်းမျိုး လိုအပ် ပါမည်။ 
 
သတ်မှတ်ကာလအတွင်း အောင်မြင်နိုင်ပါသလား 
နံပါတ် ၁) အောင်မြင်နိုင်ပါသည်​  လုပ်ဆောင်မည့်အဖွဲ့အစည်းအနေဖြင့် ကျန်းမာရေး ဝန်ဆောင်မှုပေးနေသည့် အဖွဲ့အစည်းတခုဆိုပါက အောင်မြင်နိုင်ပါသည်။
နံပါတ် ၂) မပြောတတ်ပါ  လုပ်ဆောင်မည့်အဖွဲ့အနေဖြင့် တိကျစွာသတ်မှတ်ပြောဆိုလျှင် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ လက်ရှိဖော်ပြချက်များကို ကြည့်၍ပြောရန်ခက်ခဲနိုင်သည်။ 
နံပါတ် ၃) မပြောတတ်ပါ  ဖော်ပြချက်များကို ကြည့်၍ အကောင်အထည်ဖော်အောင်မြင်နိုင်မည့်အလားအလာရှိသော် လည်း မတိကျသည့်အတွက် ပြော၍မရပါ။
နံပါတ် ၄) အောင်မြင်နိုင်ပါသည်  ယင်းရည်မှန်းချက်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခြေရှိသည်ဟု ယေဘုယျ ပြောနိုင်ပါသည်?၏။ 
နံပါတ် ၅) မဖြစ်နိုင်ပါ  စီမံချက်ကာလတခုအတွင်း အောင်မြင်နိုင်ရန် ခက်ခဲသည့် ရည်မှန်းချက်မျိုး ဖြစ်နေသည်။ 
 
လက်တွေ့ကျ/ဖြစ်နိုင်သည့်ရည်မှန်းချက်မျိုးလား 
နံပါတ် ၁) ဖြစ်နိုင်သည့်ရည်မှန်းချက်မျိုးဟုဆိုနိုင်ပါသည်။ ထိရောက်သည့်လုပ်ဆောင်ချက်မျိုးလုပ်ဆောင်လျှင် အောင်မြင်နိုင်မည့် ရည်မှန်းချက်မျိုးဟုဆိုနိုင်သည်။ 
နံပါတ် ၂) “လုံလောက်သော” ငွေကြေးနှင့် ပစ္စည်းကိရိယာဆိုသည့် အသုံးအနှုံးကြောင့် ဖြစ်နိုင်သည့်ရည်မှန်းချက်မဖြစ်နိုင် ဟု ဆိုရပါမည်။ လုံလောက်ရန် ဖြည့်ဆည်းရခြင်းမှာလွယ်ကူမည့်ကိစ္စတခုဖြစ်မည်မထင်ပါ။
နံပါတ် ၃) ယင်းရည်မှန်းချက်မှာမူ ရှင်းရှင်းလင်းလင်းတိတိကျကျရေးမည်ဆိုလျှင် ဖြစ်နိုင်မည့်/လက်တွေ့ကျနိုင်သည့် ရည်မှန်းချက်ဟုမူ ဆို၍ရနိုင်သည်။
နံပါတ် ၄) ရည်မှန်းချက်သည် လက်တွေ့ကျ/ဖြစ်နိုင်ရန် မခဲယဉ်းသည့် ရည်မှန်းချက်မျိုးဖြစ်သည်။
နံပါတ် ၅) ရည်မှန်းချက်မှာအလွန်ကောင်းမွန်သော်လည်း လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်ချက်များ စွာရှိနိုင်သည်။ 
 
သတ်မှတ်ချိန်တခုအတွင်းပြီးနိုင်ပါမည်လား 
နံပါတ် ၁) လုပ်ငန်းစဉ်များကို သေချာစွာလုပ်မည်ဆိုလျှင် ပြီးနိုင်ပါသည်။
နံပါတ် ၂ နှင့် ၃ အတွက်မူ အထက်ဖော်ပြပါသတ်မှတ်ချက်များမှာ ပို၍အရေးကြီးသဖြင့် အချိန်အတိုင်းအတာနှင့် ပတ်သက်၍ ဆွေးနွေးရန်မရှိပါ။ 
နံပါတ် ၄) အနေဖြင့် သတ်မှတ်ချိန်ကို တိကျစွာဖော်ပြထားပြီး အောင်မြင်မှုရှိ၊မရှိကိုလည်း လွယ်ကူစွာတိုင်းတာနိုင် သည့်ရည်မှန်းချက်မျိုးဖြစ်သည်။
နံပါတ် ၅) အနေဖြင့် သတ်မှတ်ချိန် ၅ နှစ်/၁၀ နှစ်ခန့်အတွင်း ပြီးမြောက်အောင်မြင်နိုင်ရန်အတွက် မေးခွန်းထုတ်စရာ များစွာရှိနေပါသည်။​

လုပ်ငန်းဆောင်ရွက်ချက်အသေးစိတ်စီစဉ်ရေးဆွဲခြင်း (Design Detailed Implementation Plan)

ရည်မှန်းချက်များရေးဆွဲပြီးပါက ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ရန်အတွက် စီမံချက်ကာလတခုအတွင်း လုပ်ဆောင်ရမည့်လုပ်ငန်းများကို စဉ်းစားရပါသည်။ Causal pathway သည် စီမံချက်တခုတွင်ပါရှိသည့် ရည်မှန်း ချက်တခုချင်းစီအတွက် အမြင့်မားဆုံး ရလဒ်ရည်မှန်းချက်များ (လူမှုအသိုင်းအဝိုင်း တခုလုံး၏ အပြောင်းအလဲ သို့မဟုတ် အပြုအမူ/အတွေးအခေါ်အပြောင်းအလဲကြီးကြီးမားမား) ဖြစ်ထွန်းစေရန်အတွက် မည်သည့်ရလဒ်များ ရလိုသည်၊ ယင်းမှတဆင့် ယင်းရလဒ်များရနိုင်စေရန် မည်သည့်အပြောင်းအလဲ၊ အတွေးအခေါ်၊ နည်းပညာများ ရရှိရန် လိုအပ်သည်တို့ကို တဆင့်ချင်းစဉ်းစားရသည်။ ထိုအပြောင်းအလဲကောင်းများ၊ ရလဒ်ကောင်းများဖြစ်နိုင်ရန် မည်သို့လုပ်ဆောင်မည်ကို အသေးစိတ်ရှင်းပြရသည့် ကဏ္ဍဖြစ်သည်။ ရည်မှန်းချက်များမည်မျှကောင်းနေစေကာမူ လက်တွေ့လုပ်ဆောင်သည့်လုပ်ငန်းများက ရည်မှန်းချက်ကိုဆောင်ကြဉ်းပေးနိုင်မည့်ရလဒ်များဖြစ်ထွန်းစေမည် မဟုတ်လျှင် ယင်းစီမံချက်အစီအစဉ်မှာ ယုံကြည်စရာမကောင်းပါ။ တနည်းအားဖြင့်ဆိုရလျှင် ပြဿနာသစ်ပင် ရေးဆွဲဖော်ထုတ်ခဲ့စဉ်က ပြဿနာဖြစ်စေသည့် အကြောင်းရင်းကြီးကြီးမားမားကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့် လုပ်ရပ်များကို လုပ်ငန်းဆောင်ရွက်ချက်တွင် မထည့်သွင်းနိုင်၊ မလုပ်ကိုင်နိုင်ဆိုပါက စီမံချက်ရလဒ်က လိုချင်သည့် အပြောင်းအလဲများကို မဆောင်ကြဉ်းနိုင်ချေ။ ဥပမာ – နွေရာသီတိုင်း သောက်သုံးရေမသန့်ရှင်းခြင်းကြောင့် ဝမ်းရောဂါဖြစ်၍ ရွာသူ/ရွာသားများ အထူးသဖြင့် အသက် ၅ နှစ်အောက်ကလေးများ အသေအပျောက် များနေသည့် ရွာတရွာတွင် ကူးစက်ရောဂါများဖြစ်ပွားပြီး ကလေးသူငယ်များသေဆုံးမှုလျော့ကျစေရန်ပြုလုပ်မည့် စီမံချက်တွင် သောက်သုံးရေပြဿနာကို ကိုင်တွယ်ဖြေရှင်းမှုမရှိခြင်း၊ ရပ်ရွာပြည်သူလူထုအနေဖြင့် တကိုယ်ရည် သန့်ရှင်းရေးအလေ့အကျင့်များရရှိအောင် ကျန်းမာရေးဗဟုသုတပညာပေးခြင်းနှင့် ယင်လုံအိမ်သာများဆောက်ပေးခြင်း၊ သောက်သုံးရေနှင့် ရေသန့်များ ရရှိ၊အသုံးပြုအောင် လုပ်ဆောင်ပေးခြင်းတို့မှာ မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းများဖြစ်သည်။

ဒီဇိုင်းရေးဆွဲရာတွင် စဉ်းစားလုပ်ဆောင်သည့်လမ်းကြောင်း (Design Direction)

လုပ်ငန်းဆောင်ရွက်ချက်များ

လုပ်ငန်းများကို တင်ပြရာတွင်လည်း တဆင့်ချင်းလုပ်ငန်းဆောင်မည့် အစီအစဉ်အတိုင်း ရေးသားဖော်ပြ ရန်လိုအပ်သည်။ ဥပမာ – သစ်ပင်စိုက်ပျိုးသည့်စီမံချက်လုပ်ဆောင်မည့်အဖွဲ့တဖွဲ့အနေဖြင့် ရှေးဦးစွာ ရပ်ရွာများတွင် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်း၍ ခွင့်ပြုချက်ဖြင့် သစ်ပင်စိုက်ပျိုးရန် နေရာများ၊ ထင်းစိုက်ခင်းများ ထားရှိမည်ဆိုလျှင် သတ်မှတ်နေရာရွေးချယ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပါ နေရာရွေးချယ်နိုင်ရန်၊ ခွင့်ပြုချက်ရနိုင်ရန် လုပ်ဆောင်ခြင်းကိုလုပ်ဆောင်သင့်သည်။ ထို့နောက် ပျိုးပင်များရနိုင်မည့်နေရာ၊ အသင့်ဖြစ်နေနိုင်သည့်အခြေအနေများအတွက် လိုအပ်သည့် ပြင်ဆင်မှု များကို ပြုလုပ်ခြင်း၊ ယင်းမှတဆင့် ရပ်ရွာလူထုအားသစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ အသိပညာများပေးခြင်း၊ စိုက်ပျိုးခြင်းတို့ကို တဆင့်ခြင်းလုပ်ဆောင်မည့်လုပ်ငန်းစဉ်များအဖြစ် မိမိတို့အဖွဲ့အနေဖြင့် လုပ်ဆောင် ရန်စီစဉ်ထားသည့်အဆင့်အလိုက် အစီအစဉ်လိုက် ရေးသားဖော်ပြရန်၊ အချိန်သတ်မှတ်ရန်လိုအပ်သည်။

အသေးစိတ်လုပ်ငန်းစဉ်ဇယား (နမူနာ)

စဉ်လုပ်ငန်းများတာဝန်ယူမည့်သူ/အဖွဲ့အချိန်ဇယား
janfebmaraprmayjunjulaugsepoctnovdec
ရည်မှန်းချက် – ၁
၁.၁              
၁.၂              
               
               
               
               
ရည်မှန်းချက် – ၂
၂.၁              
၂.၂              
               
               
               
               
               
               
               
               

စီမံချက်ရည်မှန်းချက်များရေးဆွဲချမှတ်ခြင်း

ယခင်အပတ်က ရေးသားပြခဲ့သည့် ကြောင်းကျိုးဆက်စပ်မူကြမ်းသည် စီမံချက်တခုတွင် လိုချင်သည့်ရည်မှန်းချက်ရလဒ်များရရှိရန် မည်သို့လုပ်ဆောင်မည်ဆိုသည်ကို ဆက်စပ်ရှင်းပြခဲ့ခြင်းဖြစ်သည်။
 
 
ကြောင်းကျိုးဆက်စပ်မှုအဆိုမူကြမ်း ရေးသားပုံ
ဤအရင်းအမြစ်များ/သွင်းအားစုများ(INPUTS)နှင့်လုပ်ငန်းဆောင်ရွက်ချက်များ (ACTIVITIES) က ဤထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ(OUTPUTS) ကို ရရှိစေမည်။ ယင်းတို့က လူများ၏အပြုအမူများတွင် အပြောင်းအလဲများ(EFFECTS)ကိုဖြစ်ထွန်းစေပြီး ယင်းတို့က လိုလားသည့်အကျိုးရလဒ်အပြောင်းအလဲများ(IMPACT)အတွက်အထောက်အကူဖြစ်စေနိုင်မည်။

ကြောင်းကျိုးဆက်စပ်မှုအဆိုမူကြမ်းသည်စီမံချက်၏နောက်ကွယ်မှကျိုးကြောင်းပြဆက်စပ်မှုကို ကျစ်လစ်စွာဖော်ပြချက်တခုပင်ဖြစ်သည်။

စီမံချက်ရည်မှန်းချက်ရေးသားနည်း

ဆက်လက်၍ စီမံချက်တခု၏ပန်းတိုင်/ရည်မှန်းချက် (Project Goal/Objective) ရေးသားနည်း ကို ဆွေးနွေးရှင်းပြပါမည်။ 
စီမံချက်ပန်းတိုင်/ရည်မှန်းချက်ရေးသားရာတွင် ဦးတည်အုပ်စုတခုချင်းစီအတွက် ရေရှည်တွင် ရရှိရန် မျှော်မှန်းချက်များပင်ဖြစ်သည်။ ယင်းတို့မှာ ကြီးမားသည့်အပြောင်းအလဲရလဒ်များ (Impact) သို့မဟုတ် လူများ၊ လူ့အသိုင်းအဝန်းအတွင်း အပြုအမူ၊ အတွေးအခေါ်အယူအဆ အပြောင်းအလဲ (Effect) များဖြစ်နိုင်ပါသည်။ အများအားဖြင့် အပြုသဘောဆောင်သည့် လူမှု အပြောင်းအလဲများကို ဖော်ပြကြလေ့ရှိသည်။
စီမံချက်ပန်းတိုင်/ရည်မှန်းချက်ရေးသားရာတွင် SMART ဖြစ်ရန်လိုအပ်သည်။ SMART ဆိုသည်မှာ ​- 
Specific – တိကျရမည်။ 
Measurable – တိုင်းတာနိုင်ရမည်။
Achievable – အောင်မြင်နိုင်ရမည်။
Realistic – လက်တွေ့ကျရမည်။
Timebound/timely – (စီမံချက်ကာလ)အချိန်မီပြီးစီးနိုင်ရမည်။

ချမှတ်ထားသည့် စီမံချက်ပန်းတိုင်ပြီးမြောက်အောင်မြင်စေရန်အတွက် ဦးတည်အုပ်စုတွင် ရှိနေရမည့် အခြေအနေများ၊ အပြုအမူ၊အတွေးအခေါ်အယူအဆအပြောင်းအလဲ ရည်မှန်းချက် (Effect/ Outcome Objective) ၂ ခု၊ ၃ ခုနှင့် လုပ်ဆောင်ချက်များကြောင့် ချက်ချင်းမြင်ရ နိုင်သည့် ရလဒ်များ (Output Objective) များကို ထည့်သွင်းဖော်ပြကြသည်။

ဦးတည်အုပ်စုတွင် ရှိနေရမည့် အခြေအနေများ၊ အပြုအမူ၊အတွေးအခေါ် အယူအဆ အပြောင်း အလဲ ရည်မှန်းချက်နမူနာအနေဖြင့် အထက်တွင်အသုံးပြုခဲ့သည့် သစ်ပင်ချစ်သူများအဖွဲ့၏ စီမံချက်တွင် – 

၁) စီမံချက်လုပ်ဆောင်သည့်မြို့နယ်များတွင် စီမံချက်ကာလအတွင်း သစ်ပင်၊သစ်တောများ ပြန်လည် စိမ်းလန်းစိုပြေလာစေရန်၊

၂)  စီမံချက်လုပ်ဆောင်သည့်မြို့နယ်များရှိ အာဏာပိုင်များ၊ ပြည်သူလူထုများအနေဖြင့် သဘာဝ ပတ်ဝန်းကျင် နှင့် ရာသီဥတုကောင်းမွန်လာစေရေးအတွက် သစ်ပင်စိုက်ပျိုး၊ ထိန်းသိမ်းမှု၏ အရေးပါပုံကို ကောင်းစွာ နားလည်သဘောပေါက်၍ တက်ကြွစွာပါဝင်လာကြစေရန်။

၃) စီမံချက်ဒေသရှိ မြို့နယ်တိုင်းတွင် ထင်းစိုက်သစ်တောများစိုက်ပျိုး၍ စနစ်တကျစိုက်ပျိုး၊ ခုတ်လှဲ အသုံးပြုတတ်လာကြစေရန်။

လုပ်ဆောင်ချက်များကြောင့် ချက်ချင်းရနိုင်သည့် ရည်မှန်းချက်များ (Output Objectives) နမူနာ

၁) စီမံချက်ဒေသများတွင် စိုက်ပျိုးသစ်ပင်များ တိုးတက်များပြားလာစေရန်

၂) ပြည်သူလူထု၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် သစ်ပင်၊သစ်တောများ၏ အရေးပါပုံကို နားလည်သဘောပေါက်လာစေရန်

၃) ရပ်မိ၊ရပ်ဖများ၊အာဏာပိုင်များအနေဖြင့် မိမိတို့ဒေသများတွင် သစ်ပင်၊သစ်တောများ ပြန်လည် စိုက်ပျိုး၊ထိန်းသိမ်းရေးတွင် စိတ်ဝင်တစားပါဝင်၍ ပံ့ပိုးကူညီလာစေရန်

၄) အာဏာပိုင်များ၏ ပံ့ပိုးကူညီမှုဖြင့် ထင်းစိုက်ခင်းများ စိုက်ပျိုးနိုင်ရန်

ယခုအပတ်တွင် ရေးသားဖော်ပြချက်ကို အောက်ပါရည်မှန်းချက်များသည် SMART ဖြစ်/မဖြစ် ပဟေဠိဖြင့် အဆုံးသတ်လိုပါသည်။ လာမည့်စနေတွင် အဖြေမှန်များကို ပြန်လည်ဖော်ပြပေးပါမည်။

.

 SMART(Yes/No)
၁။ အသက် ၁၅ မှ ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (Antenatal Services) အသုံးပြုမှုကို ၂ နှစ်အတွင်း ၄၀ ရာခိုင်နှုန်း တိုးမြှင့်ရန်။ 
၂။ ရန်ပုံငွေရရှိသည့်အဖွဲ့များ (grantees) သည် လုံလောက်သော ရန်ပုံငွေနှင့် ပစ္စည်းကိရိယာအထောက်အပံ့များ ရရှိကြစေရန်။ 
၃။ ဒုက္ခသည်များ ဝင်ငွေရရှိရေးလုပ်ငန်းများနှင့် အစားအစာ ထုတ်လုပ်နိုင် စွမ်းရည်တိုးတက်လာအောင် မြှင့်တင်လုပ်ဆောင်ပေးရန်။ 
၄။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန်တက်ရောက်သည့်ကျောင်းသူဦးရေ သည်ကျောင်းသားဦးရေနှင့် နှိုင်းယှဉ်လျှင် ၁ နှစ်အတွင်း ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်။ 
၅။ လူ့အခွင့်အရေးများ အပြည့်အဝရရှိခံစားရပြီး ပျော်ရွှင်ချမ်းမြေ့သည့် လူ့ဘောင်သစ်တခုသို့ရောက်ရှိစေရန် 

စီမံကိန်း/စီမံချက်စီမံခန့်ခွဲမှု၊ စီမံချက်စက်ဝန်းနှင့် စီမံချက်ဒီဇိုင်းရေးဆွဲခြင်း

စီမံချက်/စီမံကိန်းဆိုသည့်စကားရပ်ကို အစိုးရ၊စီးပွားရေးလုပ်ငန်း၊ အရပ်ဘက်အဖွဲ့အစည်း အားလုံးတွင် အသုံးပြုကြသော်လည်း စီမံကိန်းဒီဇိုင်းရေးဆွဲရန် ချဉ်းကပ်လုပ်ဆောင်ရာတွင် မတူညီသည့်အချက်များစွာရှိကြသည်။  

စီမံချက်/စီမံကိန်းများရေးဆွဲစီမံကြရာတွင် အစိုးရတရပ်အနေဖြင့်ချဉ်းကပ်ပုံ၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့ များ၏ အကူအညီဖြင့် အစိုးရကို ကူညီပံ့ပိုး ပေးသည့်စီမံကိန်း/ စီမံချက်များအတွက် စီမံကိန်း ရေးဆွဲလုပ်ဆောင်ကြပုံ၊ နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုအနေဖြင့် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်ကြပုံ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမားများအား အစိုးရတရပ် အနေဖြင့် လက်ခံလုပ်ကိုင် ဆောင်ရွက်ကြပုံ၊ အမြတ်အစွန်းတခုတည်းအတွက်  စီးပွားရေး ဆန်ဆန် ရင်းနှီးမြှုပ်နှံ လုပ်ဆောင်ကြပုံတို့ကို လိုက်၍  ကွာခြားချက်များ စွာရှိကြသည်။ အဓိကကွာခြားချက်မှာ ရည်ရွယ်ချက်၊ စဉ်းစား ချဉ်းကပ်လုပ်ဆောင်ကြပုံများ၊ အရင်းအနှီး ပမာဏ၊ အချိန်ကာလ၊ ပတ်သက်ဆက်စပ်သည့် အကျိုးစီးပွားအမျိုးမျိုး၊ ရလဒ်များ၊ စီမံချက်နေရာရွေးချယ်ရာတွင် စဉ်းစားပုံအမျိုးမျိုးရှိကြသည်။​

စီမံကိန်း စီမံခန့်ခွဲမှုဆိုသည့် ဝေါဟာရသည် အင်ဂျင်နီယာများ သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စွမ်းအင်၊ရေနံထုတ်လုပ်မှုလုပ်ငန်းများကို စီမံလုပ်ဆောင်ရာတွင် အသုံးပြုချဉ်းကပ်ကြသည့် ဘာသာရပ်တခုဖြစ်သည်။ ​ယခုအခါတွင်မူ ကမ္ဘာပေါ်ရှိ လုပ်ငန်းကဏ္ဍတိုင်းနီးပါးတွင် အသုံးပြုနေသော၊ အသုံးပြုလာခဲ့သော ပညာရပ် တစ်ခု ဖြစ်သည်။

 လျင်မြန်စွာ ပြောင်းလဲပြင်ဆင်လုပ်ဆောင်ရန် လိုအပ်သည့် ခေတ်သစ်ဝန်ဆောင်မှုလုပ်ငန်းများ နှင့် နည်းပညာရပ်ပိုင်းဆိုင်ရာ လုပ်ငန်းများတွင် Agile Project Management ဆိုသည်ပုံစံဖြင့်လည်းချဉ်းကပ်လုပ်ဆောင်ကြသည်။ ဆော့ဖ်ဝဲလ်ရေးဆွဲသူများ၊ အက်ပ် (appllication) ဖန်တီး သူများနှင့် စနစ်(system) စီမံခန့်ခွဲသူများသည် ဆော့ဖ်ဝဲလ်အသစ်များ ထုတ်လုပ်ရန် သို့မဟုတ် စနစ် system များကို အပ်ဒိတ်လုပ်ရန်အတွက် အသုံးပြုသည်။ စျေးကွက်ရှာဖွေခြင်းနှင့် ကြော်ငြာလုပ်ငန်းလုပ်ဆောင်ကြသည့် အေဂျင်စီများသည် ၎င်းတို့၏ ဖောက်သည်များကို စည်းရုံးခြင်း၊ ထုတ်ကုန်မိတ်ဆက်ပွဲများနှင့် ပွဲများကို စီမံခန့်ခွဲရာတွင်လည်း အသုံးပြုကြသည်။ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းအသစ်များ အကောင်အထည်ဖော်ရန်၊ ကုမ္ပဏီ များ ပေါင်းစည်းရန် (merger) သို့မဟုတ် ခရက်ဒစ်ကတ်ထုတ်ကုန်အသစ်များ မိတ်ဆက်ရန် အတွက်လည်း အသုံးပြုကြသည်။ တက္ကသိုလ်များနှင့် ကျောင်းများသည် သင်ရိုးညွှန်းတမ်း အသစ်များ ရေးဆွဲရန် သို့မဟုတ် သုတေသန ထောက်ပံ့ငွေများကို စီမံခန့်ခွဲရန်အတွက်လည်း စီမံချက်စီမံခန့်ခွဲမှုပုံစံကို အသုံးပြုသည်။ 

မမျှော်လင့်ဘဲ စီမံကိန်းစီမံခန့်ခွဲမှုဘာသာရပ်နှင့် ထိတွေ့ကြရသူများမှာ စီးပွားရေး လုပ်ငန်းငယ်များ လုပ်ဆောင်သူများအနေဖြင့် ဆိုင်ဖွင့်ပွဲ သို့မဟုတ် ဝက်ဘ်ဆိုက်အသစ်တစ်ခု စီစဉ် ရသူများ၊​မင်္ဂလာပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲကြီးများ၊ ညီလာခံများ သို့မဟုတ် ဖျော်ဖြေပွဲများ စီစဉ်ရသူများနှင့် ကျမ်းပြုစုခြင်း သို့မဟုတ် အဖွဲ့လိုက် သုတေသန လုပ်ငန်းတစ်ခုကို စီမံခန့်ခွဲ လုပ်ဆောင်ကြရသည့် ကျောင်းသူ/ကျောင်းသားများဖြစ်သည်။

ပညာရေးဆိုင်ရာစီမံချက်များသည်လည်း အမြတ်အစွန်းအတွက် အဓိကမထားသည့်စီမံချက်များ များပြားတတ်သော်လည်း အချို့ ထုတ်ကုန်အသစ် (ဆေးအသစ်၊ ရောဂါကုထုံးအသစ်၊ နည်းပညာအသစ်)များရှာဖွေရန် စီမံချက် များမှာမူ မေးခွန်းထုတ်စရာရှိကောင်းရှိနိုင်ပါသည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများအနေဖြင့် လူမှုအကူအညီများ ပေးအပ်ရန်၊ ကျောင်းများ တည်ဆောက်ရန် သို့မဟုတ် ကျန်းမာရေး အသိပညာပေး လှုပ်ရှားမှုများကို လုပ်ဆောင်ရန် ( “အကျိုးခံစားခွင့်ရှိသည့် လူထု” ကို အကျိုးပြုရန်) နှင့် အစိုးရများ (Governments): ပြည်သူ့ဝန်ထမ်းများအနေဖြင့် ဥပဒေသစ် များ အကောင်အထည်ဖော်ရန်၊ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ရန်နှင့် အခွန်ငွေများကို ပွင့်လင်းမြင်သာစွာ စီမံခန့်ခွဲရန် စီမံချက်များအား စီမံခန့်ခွဲကြရသည်။

Project Management Institute (PMI) မှ ထုတ်ဝေခဲ့သည့် Project Management Body of Knowledge (PMBOK) စာအုပ်သည် စီမံကိန်း စီမံခန့်ခွဲမှု (Project Management) တွင် အသုံးပြုသော အကောင်းဆုံး လုပ်ထုံးလုပ်နည်းများ၊ ကိရိယာများနှင့် နည်းစနစ်များပါရှိသည့် လက်စွဲစာအုပ်တစ်အုပ်ဖြစ်သည်။ ဤစာအုပ်ကို နယ်ပယ်အသီးသီးတွင် စီမံကိန်းစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို စံချိန်စံညွှန်းတစ်ခုတည်းအဖြစ် ထိရောက်စွာ အသုံးပြုနိုင်ရန် ရည်ရွယ် ရေးသားထားခြင်း ဖြစ်ပါသည်။ လူအများအကြား စီမံကိန်း စီမံခန့်ခွဲမှုအကြောင်း ဆွေးနွေးရာတွင် တူညီသော ဘာသာစကားတစ်ခုဖြင့် ပြောဆိုနားလည်နိုင်စေရန်နှင့် စီမံကိန်းများကို အောင်မြင်စွာ ပြီးမြောက်စေရန် လမ်းညွှန်မှုပေးနိုင်သည်။ ယခုအဓိကတင်ပြသည့်စီမံချက်စီမံခန့်ခွဲမှု၊ စီမံချက်စက်ဝန်းနှင့် ဒီဇိုင်းရေးဆွဲသည့် ပုံစံများသည် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများတွင် စီမံကိန်းဒီဇိုင်းရေးဆွဲလုပ်ဆောင်ရာတွင် ချဉ်းကပ်စဉ်းစားကြပုံအပေါ် အခြေခံပါသည်။

စီမံကိန်းစက်ဝန်း

စီမံကိန်းစက်ဝန်း (Project Cycle) ဆိုသည်မှာ စီမံကိန်းတစ်ခုအတွင်း၌ အပြန်အလှန် ဆက်နွယ်နေသော လုပ်ငန်းစဉ်စနစ်တစ်ခုဖြစ်သည်။ စီမံကိန်းစီမံခန့်ခွဲမှု (Project Management) ဆိုသည်မှာ စီမံကိန်းစက်ဝန်းပါ လုပ်ငန်းစဉ်များနှင့် စနစ်ကို ပိုမို စွမ်းရည်ပြည့်ဝစေရန်၊ ထိရောက်မှုရှိစေရန်နှင့် ညီညွတ်မျှတမှုရှိစေရန် ဆောင်ရွက်ပေးရခြင်း ဖြစ်သည်။ 

စီမံကိန်းတခုကို ယေဘုယျအားဖြင့် အဆင့် – ၅ ဆင့် ခွဲနိုင်သည်။

၁) အစပျိုးသည့်အဆင့် (Initiating Phase): စီမံကိန်း၏ မျှော်မှန်းချက်အနေဖြင့် ကိုင်တွယ် ဖြေရှင်းပေးလိုသည်များကို ရှင်းလင်းစွာ သတ်မှတ်လေ့ရှိပြီး၊ အထူးသဖြင့် အကျိုးကျေးဇူး ရရှိမည့် အဝန်းအဝိုင်း၊ ဦးတည်အုပ်စုများ (Beneficiary Community) ၏ လိုအပ်ချက်၊ လိုလားချက်၊အသံများကို နားထောင် လုပ်ဆောင်လေ့ရှိကြသည်။ 

၂) စီမံကိန်း/စီမံချက်ဒီဇိုင်းရေးဆွဲခြင်း (Planning): အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်းသည် ခိုင်မာသော ရည်မှန်းချက်များနှင့် လုပ်ဆောင်ချက်များကို ချမှတ်ပေးပြီး၊ အရင်းအမြစ် များကို ထိရောက်စွာ ခွဲဝေချထားခြင်းနှင့် စီမံကိန်းကို ဒေသလိုအပ်ချက်များနှင့်ကိုက်ညီ မှုရှိစေရန် အာမခံချက် ပေးပါသည်။

၃) အကောင်အထည်ဖော်ခြင်း (implementation): စီမံကိန်းကာလအတွင်း တိကျသော လုပ်ဆောင်ချက်များကို ဆောင်ရွက်သည့်အပိုင်းဖြစ်သည်။​ 

၄) ကြပ်မတ်စစ်ဆေးခြင်းနှင့် အရည်အသွေးထိန်းချုပ်ခြင်း (Monitoring and Quality Control): တိုးတက်မှုအခြေအနေများကို ငွေကြေးဆိုင်ရာ ရှုထောင့်မှသာမက လူမှုဆိုင်ရာ ညွှန်းကိန်းများ (Social Indicators) ဖြင့်ပါ အကဲဖြတ်ပြီး၊ အကျိုးသက်ရောက်မှု အများဆုံးရရှိစေရန် လိုအပ်သလို ပြုပြင်ပြောင်းလဲလုပ်ဆောင်ကြရသည်။

၅) ပိတ်သိမ်းခြင်း (Closure): နောက်ဆုံးအနေဖြင့် ဤအဆင့်သည် လုပ်ငန်းဆောင်တာများကို အဆုံးသတ်ခြင်းသာမကဘဲ လူမှုဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်မှုကို ဘက်စုံ အကဲဖြတ်ခြင်းနှင့် အနာဂတ်စီမံကိန်းများအတွက် သင်ခန်းစာယူစရာအချက်များကို ဖော်ထုတ်မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် ဆက်လက်လုပ်ဆောင်မည့် စီမံကိန်းများ အတွက် ဒီဇိုင်းရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်းတွင် စဉ်ဆက်မပြတ် တိုးတက်မှု သံသရာကို အထောက်အကူပြုစေပါသည်။

စီမံချက်ဒီဇိုင်းရေးဆွဲခြင်း

စီမံကိန်းတခုရေးဆွဲမည်ဆိုလျှင် စဉ်းစားချဉ်းကပ်ကြပုံများစွာအမျိုးမျိုးရှိကြသည်။ ယခုဆက်လက်တင်ပြပေးမည့် စီမံကိန်းဒီဇိုင်းရေးဆွဲရန်အသုံးပြုသည့်နည်းလမ်းမှာ အကျိုးအကြောင်းဆက်စပ်စဉ်းစားသည့် နည်းလမ်း (causal pathway) ဖြစ်သည်။ စီမံချက်တခု၏ ပြောင်းလဲမှု သီအိုရီ Theory Of Change ဟုဆိုသည့် စီမံချက်တခုပြုလုပ်ရသည့် အကြောင်းရင်း နှင့် အကျိုးဆက်များကို ရေးသားရှင်းပြနိုင်ရန် လွယ်ကူစွာစဉ်းစားပေးနိုင်သည့် နည်းလမ်းလည်းဖြစ်သည်။ အောက်တွင် ဖော်ပြထားသည့်စက်ဝန်းသည် အကျိုး/အကြောင်းပြအဆိုပြုမူကြမ်း Causal Hypothesis ရေးသားရန် ပထမအဆင့်စဉ်းစားသည့်ပုံစံဖြစ်သည်။ 

ဥပမာ – သစ်ပင်များနည်းပါးလာ၍ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးလာသည့်ကိစ္စ ကို ကိုင်တွယ်ဖြေရှင်းကြမည်ဆိုပါစို့။ ယင်းစီမံချက်၏ နောက်ဆုံးမြင်လိုသည့်ပန်းတိုင်မှာ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပြန်လည်ကောင်းမွန်ပြီး စားနပ်ရိက္ခာဖူလုံ၍ ရာသီဥတု ပြန်လည်ကောင်းမွန်လာခြင်းသည် မိမိလုပ်ငန်းလုပ်ဆောင်ပေးမည့်နေရာများတွင် မိမိတို့မြင် လိုသည့် အန္တိမရည်မှန်းချက်ဖြစ်သည်။ ယင်းရည်မှန်းချက်ပန်းတိုင်ဖြစ်မြောက်စေရန် သစ်ပင် များပြန်လည်များပြားလာခြင်း၊ သစ်ပင်များကို စနစ်တကျလိုအပ်သလောက်သာ ခုတ်လှဲတတ် သည့်အမူအကျင့်၊ ထင်းအဖြစ်အသုံးပြုရန်လိုအပ်သည့် သစ်ပင်များကို စနစ်တကျစိုက်ပျိုး၍ အသုံးပြုသည့်အလေ့အထ၊ သစ်ပင်များကို စည်းကမ်းမဲ့ခုတ်လှဲခြင်းကို စည်းကမ်းတင်းကြပ် ၍ အရေးယူသည့်မူဝါဒ၊ အစိုးရကိုယ်တိုင်မှ သစ်ပင်များကို စည်းကမ်းဖြင့်သာ ခုတ်လှဲခွင့်ပြုသည့် ဥပဒေများချမှတ် အရေးယူလုပ်ဆောင်ခြင်းဆိုသည့် အခြေအနေ၊အတွေးအခေါ်၊အယူအဆသာ မက မူဝါဒအပြောင်းအလဲများဖြစ်အောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ ယင်းအပြောင်းအလဲ များဖြစ်စေရန်အတွက် သစ်ပင်များစိုက်ပျိုး၊ထိန်းသိမ်းခြင်း၊ ထင်းစိုက်ခင်းများ သတ်မှတ်စိုက် ပျိုးခြင်း၊ သက်ဆိုင်ရာ အာဏာပိုင်များ၊အစိုးရများအနေဖြင့် သစ်ပင်ခုတ်လှဲခြင်းကို အရေးယူ ခြင်းနှင့် စည်းကမ်းချက်များ၊ဥပဒေများ သေချာစွာချမှတ်လာအောင် အရေးယူတိုက်တွန်းခြင်း တို့ကို စီမံချက်အနေဖြင့် လုပ်ဆောင်ရမည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းစဉ် အသေးစိတ်ရေးဆွဲချမှတ်ပြီး လုပ်ငန်းတခုချင်းစီအတွက် ပတ်သက်ဆက်စပ်သူများ၊ ဦးတည် အုပ်စုများ၊ စီမံချက်အတွက် လိုအပ်မည့် လူအင်အား၊ ငွေအင်အား၊ စွမ်းရည်၊ ချိတ်ဆက်မှုများ အားလုံးကို လုပ်ဆောင်ရမည်။ 

ယခုစဉ်းစားခဲ့သည့်အချက်များအပေါ် အခြေခံ၍ ကျိုးကြောင်းဆက်စပ်သည့်အဆိုမူကြမ်းတခု ကိုရေးသားရလျှင် – သစ်ပင်ချစ်သူများအဖွဲ့ (LOT) သည် မကွေးတိုင်း မြို့နယ် ၃ ခုတွင်  နေထိုင်သည့် ပြည်သူလူထုအား သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုနှင့် နောက်ဆက်တွဲဆိုးကျိုးများ အကြောင်းကို အသိပညာပေးဟောပြောရှင်းပြခြင်း၊ စိုက်ပျိုးသစ်ပင်များပေးခြင်း၊ အတူစိုက်ပျိုးခြင်း၊ စိုက်ပျိုးပြီး သစ်ပင်များ ရှင်သန်ကြီးထွားစေရန် ထိန်းသိမ်းလာအောင် စည်းရုံးခြင်း၊ ကျေးရွာများအလိုက် ထင်းစိုက်နေရာများ စနစ်တကျထားရှိ၍ အကြီးမြန်သစ်ပင် များ သတ်မှတ်စိုက်ပျိုး အသုံးပြုခြင်း၊ သက်ဆိုင်ရာ အာဏာပိုင်များ၊အစိုးရများအနေဖြင့် သစ်ပင်ခုတ်လှဲခြင်းကို အရေးယူလာစေရန် နှင့် စည်းကမ်းချက်များ၊ဥပဒေများ သေချာစွာ ချမှတ်ကျင့်သုံးလာစေရန် ရပ်ရွားပြည်သူလူထုနှင့် ဆန္ဒတူအခြားအဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ အရေးဆိုတိုက်တွန်းခြင်းတို့ကို လုပ်ဆောင်မည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် မြို့နယ် ၃ ခုတွင် သစ်ပင်များပြန်လည်များပြားလာခြင်း၊ သစ်ပင်များကို စနစ်တကျလိုအပ်သလောက်သာ ခုတ်လှဲတတ်လာခြင်း၊ ထင်းအဖြစ်အသုံးပြုရန်လိုအပ်သည့် သစ်ပင်များကို စနစ်တကျ စိုက်ပျိုး၍ အသုံးပြုလာခြင်း သက်ဆိုင်ရာ အာဏာပိုင်များ၊အစိုးရများအနေဖြင့် သစ်ပင်များကို စည်းကမ်းဖြင့်သာ ခုတ်လှဲခွင့်ပြုသည့် ဥပဒေများချမှတ်လုပ်ဆောင်ပြီး သစ်ပင်များကို စည်းကမ်းမဲ့ခုတ်လှဲပါက တင်းကြပ်စွာ အရေးယူခြင်းတို့ လုပ်ဆောင်လာမည်။ ထိုသို့သော အပြောင်းအလဲများကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ပြန်လည်ကောင်းမွန်၍  ရာသီဥတုမှန်လာပြီးပြည်သူလူထုအနေဖြင့် စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများကို  ပြန်လည် လုပ်ဆောင်နိုင်လာကာ စားနပ်ရိက္ခာဖူလုံလာမည်။​ ယင်းစီမံချက်ကြောင့် မကွေးတိုင်းစီမံချက် ၃ မြို့နယ်ရှိ ပြည်သူလူထုအားလုံးအနေဖြင့် စီးပွားရေးကောင်းမွန်၊ ကျန်းမာပျော်ရွှင်၍ သာယာဝပြောသည့်အခြေအနေမျိုးသို့ ရောက်ရှိကြမည်ဖြစ်သည်။

ဆက်လက်၍ ကျိုးကြောင်းဆက်စပ်မှုအဆိုမူကြမ်းကို အခြေခံ၍ ထည့်သွင်းရမည့် အောက်ဖော်ပြပါ ကျိုးကြောင်းဆက်စပ်မှုလမ်းကြောင်းမူဘောင်ကို အနည်းငယ်ဆက်လက်ရှင်းပြပေးပါ။ စီမံချက်ဒီဇိုင်းအတွက် စဉ်းစားရာတွင် ကိုင်တွယ်မည့်ပြဿနာ/ကိစ္စရပ်ကို ဖြေရှင်းလိုက်သည့်အတွက် ရလိုသည့်လူမှုဘဝအပြောင်းအလဲများ၊ အခြေအနေများကို စတင်စဉ်းစားရပါသည်။ ဥပမာ – သစ်ပင်ချစ်သူများအဖွဲ့အနေဖြင့် သစ်ပင်စိုက်ရန် လှုံ့ဆော်ရသည့်အဓိကရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင်အခြေအနေများ ပြန်လည်ကောင်းမွန်၍ စားဝတ်နေရေးအဆင်ပြေသည့်အခြေအနေတခု၊ စီးပွားရေးကောင်းမွန်ပြီး ကျန်းမာပျော်ရွှင်သည့်လူ့ဘောင်အသိုင်းအဝိုင်းတခုကို ရရှိလိုသည့်အိပ်မက်ဖြင့်ဖြစ်သည်။ စီမံချက်ဒီဇိုင်းတခုရေးဆွဲလျှင် နောက်ဆုံးရလိုသည့် ပန်းတိုင်မှ စပြီး ဒီလိုဖြစ်ဖို့ ဘာတွေပြောင်းဖို့လိုသလဲ။ အဲလိုပြောင်းဖို့ဘာတွေရှိထားရမလဲဆိုသည်ကို တဆင့်ချင်းစဉ်းစားတွေးတောယူကြရသည်။ အောက်ဖော်ပြပါ မူဘောင်တွင် ဒီဇိုင်းရေးဆွဲသည့်လမ်းကြောင်းကိုပြသည့် မြားသည် နောက်ဆုံးရလိုသည့်ရလဒ်မှ တဖြည်းဖြည်းပြန်စဉ်းစားယူသည့်နည်းလမ်းဖြစ်သည်။ လုပ်ငန်းအကောင်အထည်ဖော်ခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်းတို့တွင်မူ သွင်းအားစုများကို ပြင်ဆင်ပြီး လုပ်ငန်းများလုပ်မှသာ ရလဒ်များကို တခုချင်းရနိုင်မည်ဖြစ်သည်။

သစ်ပင်ချစ်သူများအဖွဲ့ (LOT) အတွက် အထက်တွင် ဖော်ပြပေးထားသည့် ကျိုးကြောင်းဆက်စပ်သည့် အဆိုမူကြမ်း နမူနာကို အခြေခံ၍ မူဘောင်တွင်ထည့်သွင်း၍ စီမံချက်ဒီီဇိုင်းပုံစံစဉ်းစားကြည့်ရအောင်။

ဆက်လက်ဖော်ပြပေးပါမည်။

၁) အစီအစဉ်ရေးဆွဲသည့်အဆင့် (Planning Phase)

အဖွဲ့အစည်းတခုသည် စီမံကိန်း၊ စီမံချက်များစွာရှိနိုင်ပြီး အဖွဲ့၏လုပ်ဆောင်မည့်လုပ်ငန်းတိုင်း သည် အဖွဲ့အစည်းတခုလုံးအတွက် ရေးဆွဲချမှတ်ထားသည့် မျှော်မှန်းချက်ပန်းတိုင် (VISION), ရပ်တည်ခံယူချက် (MISSION) တို့နှင့် ကိုက်ညီရန်လိုအပ်ပါသည်။ မျှော်မှန်းချက်ပန်းတိုင်သည် အဖွဲ့တခုလုံးနှင့် နောက်ဆုံးရောက်ရှိလိုသည့်နေရာ၊အခြေအနေတခုဖြစ်ပြီး စီမံကိန်း၊ စီမံချက် တခုချင်းစီတိုင်းသည် ယင်းမျှော်မှန်းချက်ပန်းတိုင်သို့ရောက်ရန် အထောက်အကူဖြစ်စေမည့် လုပ်ဆောင်ချက်များပင်ဖြစ်သည်။ ထို့ကြောင့် စီမံကိန်း၊စီမံချက်များအတွက် ဒီဇိုင်းအစီအစဉ် များရေးဆွဲရာတွင် အဖွဲ့အစည်းအနေဖြင့် ချမှတ်ထားသည့် မဟာဗျူဟာတွင် ပါရှိသည့် မျှော် မှန်းချက်ပန်းတိုင်၊ ရည်တည်ခံယူချက်များ၊ မဟာဗျူဟာများကို အခြေတည်ပြီး စဉ်းစားကြရ သည်။

၁.၁ ပြဿနာကို ဆန်းစစ်လေ့လာခြင်း

စီမံချက်တခုအတွက် အစီအစဉ်ရေးဆွဲမည်ဆိုလျှင် မိမိတို့ကိုင်တွယ်လိုသည့်ကိစ္စ၊ အကြောင်း အရာ သို့မဟုတ် ပြဿနာများကို စတင်စဉ်းစားကြရသည်။ ကိုင်တွယ်လိုသည့်ကိစ္စ၊ အကြောင်း အရာ သို့မဟုတ် ပြဿနာများကို ကိုင်တွယ်ရာတွင် အသုံးအများဆုံးဆန်းစစ်လေ့လာသည့် နည်းလမ်း ၂ ခုရှိပါသည်။ ယင်းတို့မှာ – Problem Tree (ပြဿနာသစ်ပင်)ပုံစံ ဖြင့် ချဉ်းကပ် ဆန်းစစ်ခြင်းနှင့် Ishikawa fishbone diagram (ငါးရိုးပုံစံ)ဖြင့် ချဉ်းကပ်ကြည့်ခြင်းတို့ဖြစ် သည်။

အချို့ကမူ ရိုးရှင်းစွာပင် – 

“သစ်ပင်ဘာကြောင့်ကိုင်းရတယ်၊ ဗျိုင်းနားလို့ကိုင်းရတယ်” 

“ဗျိုင်းဘာလို့နားရတယ်၊ ဖါးအော်လို့နားရတယ်” ဆိုသကဲ့သို့ ဘာကြောင့်လဲ၊ ဘာကြောင့်လဲဆို သည်ကို ဆင့်ကဲမေးသည့်ပုံစံနှင့် အကြောင်းရင်းကို ရှာသည်မျိုးလည်းရှိတတ်ကြသည်။ ယင်းဆန်းစစ်မှုအားလုံး၏ အဓိကရည်ရွယ်ချက်မှာ မိမိတို့ကိုင်တွယ်အဖြေရှာလိုသည့် ပြဿနာ ကို သေချာစွာနားလည်သဘောပေါက်ပြီး ထိရောက်စွာကိုင်တွယ်နိုင်ရန် ရည်ရွယ်ပါသည်။

သစ်ပင်ပုံစံဖြင့် ပြဿနာကို ဆန်းစစ်ကြည့်ခြင်း

က) ပထမဦးစွာမိမိအဓိကကိုင်တွယ်လိုသည့်ပြဿနာကို ပင်စည်နေရာတွင် ချရေးပါ။

ခ) ထို့နောက်ယင်းပြဿနာဖြစ်ရသည့်အကြောင်းရင်းများကို အားလုံးဝိုင်းဝန်းဆွေးနွေးကြည့် ပါ။ အချို့ပြဿနာများတွင် ပြဿနာဖြစ်စေသည့်အကြောင်းရင်းတခုမှ သစ်ပင်၏အမြစ်ပွား များကဲ့သို့ခွဲထွက်သွားသည့်အပိုင်းများလည်း ရှိတတ်ကြသည်။ ဥပမာ – သစ်တောများ ပြုန်းတီး လာရခြင်း ဆိုသည့်အကြောင်းရင်းကို အဓိကပြဿနာအဖြစ် ကိုင်တွယ်ကြည့်မည်ဆိုလျှင် အဓိကအကြောင်းရင်းများစွာရှိနိုင်သည်။ ယင်းပြဿနာများအနက်မှ သစ်ပင်ခုတ်ကြခြင်းကို ပင်မအကြောင်းရင်းတခုအနေဖြင့် ထည့်သွင်းနိုင်သည်။ သို့သော် သစ်ပင်ခုတ်ရာတွင် သစ်ပင် ကြီးများဖြစ်သည့် ကျွန်းပင်၊ကုက္ကိုပင်ကဲ့သို့သော စီးပွားဖြစ်အပင်များကို ခုတ်ကြသကဲ့သို့ ကျေးလက်ဒေသများတွင် ထင်းအဖြစ်အလယ်အလတ်စားဆီးသီးပင်ကဲ့သို့သော အပင်များ ကို ခုတ်ယူခြင်း၊ မြို့ကွက်ချဲ့ခြင်းနှင့် မြေယာချဲ့ထွင်ခြင်းကြောင့်ခုတ်ခြင်းတို့သည် အကြောင်းရင်း ကြီးအောက်တွင် အမြစ်ပွားများပုံစံ ဆက်လက်ရှိနိုင်ပါသည်။

ဂ) အကြောင်းရင်းများအားလုံးကို စဉ်းစားဆွေးနွေးပြီးပါက ဆက်လက်၍ ယင်းအဓိကပြဿနာ ၏ အကျိုးဆက်များကို သစ်ပင်၏ အခက်အလက်များကဲ့သို့ဆက်၍စဉ်းစားနိုင်သည်။ သစ်တောများပြုန်းတီးခြင်းကြောင့် မိုးခေါင်ရေရှားလာခြင်းကို အဓိကအကျိုးဆက်အနေဖြင့် ထည့်နိုင်သကဲ့သို့ ယင်းပင်မအကိုင်းကြီးတခု၏ အကိုင်းအခက်ငယ်များအနေဖြင့် စိုက်ပျိုးရေး မဖြစ်ထွန်းခြင်း၊ ရေရှားခြင်းနှင့်ပတ်သက်သည့် ရောဂါများအဖြစ်များလာခြင်း၊ သောက်သုံးရေ ရှားပါးလာခြင်းနှင့် ယင်းမှထပ်ဆင့်ပြီး သီးနှံများ(စားနပ်ရိက္ခာ)ရှားပါးလာခြင်းစသည်တို့အထိ စဉ်းစားနိုင်ပါသည်။

ဃ)အားလုံးဝိုင်းဝန်းဆွေးနွေးပြီးချိန်တွင် အကြောင်းရင်းနှင့် အကျိုးဆက်များကို ပြန်လည် ကြည့်ရှု၍ အကြောင်းရင်းတခုတည်း သို့မဟုတ်ဆင်တူရိုးမှားဖြစ်စေသည့်ကိစ္စများကို ပြန်လည် ကြည့်ရှုဆွေးနွေးခြင်း၊ ကျန်နေနိုင်သေးသည်များကို စဉ်းစားခြင်းတို့ကို အဆုံးသတ်ပြုလုပ်ပြီး နောက် ပြဿနာသစ်ပင်ရေးဆွဲခြင်းလုပ်ငန်းစဉ်ကို အဆုံးသတ်နိုင်သည်။

ငါးရိုးပုံစံဖြင့် ပြဿနာ၊ ကိုင်တွယ်မည့်ကိစ္စရပ်ကိုချဉ်းကပ်ခြင်း

က) ကိုင်တွယ်မည့်ပြဿနာကို ငါး၏ဦးခေါင်းနေရာတွင် ချရေးပြီး ငါးအရိုးများတွင် ခေါင်းစဉ်မျိုးစုံကို စဉ်းစားအဖြေရှာကြည့်နိုင်သည်။ 

ခ) ဥပမာ – မိမိတို့မျှော်မှန်းထားသည့်ရလဒ်များ (expected results) အတိုင်းပြီးမြောက် အောင်မြင်မှုမရှိသည့်ကိစ္စရပ်ကို ဝိုင်းဝန်းစဉ်းစားအဖြေရှာကြည့်မည်ဆိုပါစို့။ စီမံခန့်ခွဲမှု အပိုင်းမှာဘာပြဿနာရှိနေပါသလဲ။ အသုံးပြုသည့်နည်းလမ်းများ၊ ချဉ်းကပ်ပုံကရော။ အသုံးပြုသည့် ပစ္စည်းများကရောအရည်အသွေးပြည့်မီရဲ့လား စသဖြင့် အပိုင်းလိုက်ခွဲပြီး မိမိတို့ကိုင်တွယ်မည့်ပြဿနာတခု၏ အစိတ်အပိုင်းတခုစီကို သေချာစွာစဉ်းစားချဉ်းကပ် ကြည့်ကြရသည်။ ဖော်ပြပါရှိသည့်ငါးရိုးတခုစီပါ ခေါင်းစဉ်များမှာ ပြဿနာနှင့် ဆီလျော် ခြင်းမရှိလျှင် ဆွေးနွေးရန်မလိုအပ်ဘဲ မပါသော်လည်း အကြောင်းရင်းအနေဖြင့် ထပ်မံ ထည့်သွင်းစရာကိစ္စများလည်း ရှိနိုင်ပါသည်။

ဂ) အထက်တွင်ဖော်ပြခဲ့သည့် ပြဿနာသစ်ပင်ကဲ့သို့ပင် ငါးရိုးမှာလည်း ငါးရိုးငယ်များစွာ ရှိသကဲ့သို့ ပြဿနာအကြောင်းရင်းတခုမှ ထပ်၍ခွဲနိုင်သည့် အကြောင်းရင်းငယ်များစွာလည်း ရှိနေနိုင်ပါသည်။

ငါးရိုးပုံစံချဉ်းကပ်ပုံမှာ ပြဿနာ၏အကြောင်းရင်းကို ခေါင်းစဉ်မျိုးစုံနှင့် တိကျစွာရှာဖွေသည့် ချဉ်းကပ်ပုံမျိုးဖြစ်ပြီး သစ်ပင်ပုံမှာမူ အကြောင်းရင်းသာမက အကျိုးဆက်များကိုပါ ထည့်သွင်း စဉ်းစားရသည်။

၁.၂ စီမံကိန်းပြုလုပ်မည့်နေရာ/ဒေသ/ဦးတည်အုပ်စုများ၏အခြေအနေကို ဆန်းစစ်လေ့လာခြင်း

စီမံကိန်းတွင် ဖြေရှင်းရန် ရည်ရွယ်သည့် ပြဿနာကို သေချာစွာဆန်းစစ်လေ့လာပြီးပြီဆိုလျှင် – 

  • စီမံကိန်းလုပ်ဆောင်မည့်နေရာ၏ ပတ်ဝန်းကျင် အနေအထားနှင့် အဖွဲ့၏ စီမံကိန်းဦးတည် အုပ်စု၏ လူနေမှုအခြေအနေများကို ဆက်လက်ဆန်းစစ်လေ့လာရန်ဖြစ်သည်။
  • ယင်းဒေသရှိ လူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး အခြေအနေများ ပြဿနာ/အခြေ အနေများ ပိုမိုဆိုးရွားမလာစေရန်အတွက် စီမံကိန်းအစီအစဉ်ရေးဆွဲရာတွင် ဖြေရှင်းကိုင်တွယ်မည့် အကြောင်းရင်းများကို ရွေးထုတ်ရန်လိုအပ်မည်။

အရင်းအမြစ်များကို ဆန်းစစ်ခြင်း

ကိုင်တွယ်ဖြေရှင်းမည့်ပြဿနာအကြောင်းရင်းများကို ရွေးထုတ်ပြီးပြီးဆိုလျှင် ယင်းပြဿနာကို ဖြေရှင်းရာတွင် လိုအပ်နိုင်မည့်အရင်းအမြစ်များကို ဆက်လက်ဆန်းစစ်ဖော်ထုတ်ရမည်ဖြစ်သည်။

  • ဤပြဿနာအပေါ် လက်ရှိမည်သို့ တုံ့ပြန်ဖြေရှင်း၊ လုပ်ဆောင်နေကြသလဲ။ (မည်သူများကမည်သို့ဖြေရှင်းနေကြပါသလဲ။)
  • ပြဿနာကို ဖြေရှင်းရန် မိမိတို့အဖွဲ့အစည်းတွင် မည်မျှလုပ်နိုင်စွမ်းရှိသလဲ။ 
  • ကျွန်ုပ်တို့ ကိုင်တွယ်ဖြေရှင်းရန်ရည်ရွယ်သည့် ပြဿနာကို အခြားအဖွဲ့အစည်းများက ဖြေရှင်းရန် ကြိုးပမ်းခဲ့ခြင်းမျိုးရော ရှိပါသလား။ အဖွဲ့ကိုယ်တိုင်ရော ယခင်က ကိုင်တွယ်ဖြေရှင်းဖူးပါသလား။​မဖြည့်ဆည်းနိုင်ဘဲ ကျန်ရှိနေသေးသည့် လိုအပ်ချက်များကား အဘယ်နည်း။

ပြဿနာ ဆန်းစစ်ချက် (The Problem Assessment)

“စီမံကိန်း၏ အဓိကထားလုပ်ဆောင်မည့် လိုအပ်ချက်များနှင့် အရင်းအမြစ်များကြား ကွာဟချက် ကို ပြဿနာ ဆန်းစစ်ချက်တွင် ရှင်းလင်းစွာ ဖော်ပြရန်လိုအပ်သည်။”

စီမံချက်စီမံခန့်ခွဲမှု (PROJECT CYCLE MANAGEMENT)

အဖွဲ့အစည်းတခုလည်ပတ်ရာတွင် အဓိကဗဟိုချက်မှာ စီမံကိန်း/စီမံချက်များဖြစ်သည်။ စီမံကိန်း၊ စီမံချက်ဆိုသည်မှာ တနည်းအားဖြင့် အဖွဲ့အစည်းအနေဖြင့် အဓိကလုပ်ဆောင်ရန် ရည်ရွယ်သည့် လုပ်ငန်းများပင်ဖြစ်သည်။ နှစ်ကာလကြာမြင့်စွာ၊ ရေရှည်လုပ်ဆောင်ရသည့်လုပ်ငန်းများကို စီမံကိန်း(Program) ဟုခေါ်ဆိုလေ့ရှိကြပြီး ယင်းစီမံကိန်းများအတွင်းတွင်ဖြစ်စေ၊ အချိန်တိုတခုအတွင်း အဖွဲ့အနေဖြင့် လုပ်ဆောင်လိုသည့်လုပ်ငန်းများကိုဖြစ်စေ  စီမံချက်(project) ဟုခေါ်ဆိုကြသည်။ 

စီမံချက်တခုဆိုသည်မှာ ရရှိလိုသည့်ရလဒ်၊ပန်းတိုင်သို့ရောက်ရှိစေရန်  လုပ်ဆောင်ရသည့် ဆောင်ရွက်ရ သည့်လုပ်ငန်းများဖြစ်သည်။

စီမံကိန်း/စီမံချက်များကို စီမံခန့်ခွဲခြင်းဆိုသည်မှာ ပတ်သက်ဆက်စပ်သူများ၏ လိုအပ်ချက်များနှင့် မျှော်လင့်ချက်များ၊ မျှော်မှန်းချက်များ ပြည့်မီ၊ကျော်လွန်စေရန်အတွက် ယင်းစီမံချက်လုပ်ငန်းများကို အဖွဲ့အစည်း၏ နည်းပညာ၊ကျွမ်းကျင်မှုများ၊ အသိပညာဗဟုသုတများ၊ နည်းလမ်းများကို ထိရောက် အကျိုးရှိစွာ အသုံးချ စီမံခန့်ခွဲခြင်းဖြစ်သည်။ အထက်ပါပုံတွင် ဖော်ပြထားသကဲ့သို့ စီမံကိန်းတခုတွင် စီမံကိန်းလုပ်ဆောင်ရသည့် ရည်ရွယ်ချက်(များ)၊ ရောက်ရှိလိုသည့်ရည်မှန်းချက်ပန်းတိုင်များ၊ အကောင် အထည်ဖော်ပြီးမြောက်လိုသည့် ရည်ရွယ်ချက်(များ)ထားရှိကြသည်။ ယင်းရည်မှန်းချက်(များ)ဖြစ် မြောက်စေရန်အတွက် လိုအပ်သည့် ပစ္စည်းများနှင့် အခြားသွင်းအားစုများ၊ လုပ်ဆောင်မည့် နည်းလမ်း များနှင့် လူစွမ်းအားအရင်းအမြစ် ကျွမ်းကျင်မှုစွမ်းရည်များကို အကျိုးရှိစွာ အသုံးချစီမံခန့်ခွဲပြီး လုပ်ငန်း များကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်မှုဖြစ်ပင်ဖြစ်သည်။

စီမံချက်စီမံခန့်ခွဲမှုများအကြောင်းမဆွေးနွေးမီ ရှေးဦးစွာ စီမံချက်စက်ဝန်းနှင့်မိတ်ဆက်ပေးလို ပါသည်။

၁) အစီအစဉ်ရေးဆွဲသည့်အဆင့် (Planning Phase)

စီမံချက်စက်ဝန်းတခု၏အစမှာ စီမံချက်ရေးဆွဲရန် အစီအစဉ်ရေးဆွဲသည့်အဆင့်ဖြစ်သည်။ ယင်း အဆင့်တွင် 

  • စီမံကိန်း/စီမံချက်၏ ရည်မှန်းချက်(များ)ကိုဖော်ထုတ်ခြင်း၊ 
  • ကိုင်တွယ်ဖြေရှင်းလိုသည့် ပြဿနာ/ကိစ္စရပ်နှင့်ပတ်သက်၍ ဆန်းစစ်ခြင်း၊
  • ဦးတည်အုပ်စုများ၏ လိုလားချက်၊ လိုအပ်ချက်များကိုဖော်ထုတ်ခြင်းနှင့်
  • လုပ်ဆောင်မည့်နေရာ/ဒေသ/လုပ်ငန်းနှင့်ပတ်သက်၍ ပြင်ပအခြေအနေများကို ဖော်ထုတ်ခြင်းတို့ကို ပြုလုပ်ကြသည်။ 

၂) စီမံချက်ဒီဇိုင်းရေးဆွဲပြီး အဆိုပြုလွှာရေးသားသည့်အဆင့် (Project Design and Proposal Writing Phase)

ရရှိလာသည့် သတင်းအချက်အလက်များကိုအခြေခံပြီး အဖွဲ့၏ရည်မှန်းချက်များ၊ ပြီးမြောက်ရမည့် လုပ်ငန်းများ အားလုံးကို စီမံချက်ဒီဇိုင်းပုံစံရေးဆွဲ၍ အဖွဲ့အစည်း၏အုပ်ချုပ်မှုအဖွဲ့နှင့် ငွေကြေးပံ့ပိုး မည့်သူများအား တင်ပြရန် စီမံချက်အဆိုပြုလွှာရေးသားရသည့် အဆင့်ဖြစ်သည်။ ယင်းအဆင့်တွင် – 

  • အဖွဲ့၏မဟာဗျူဟာပါ အဖွဲ့တခုလုံး၏ အန္တိမမျှော်မှန်းချက်၊ ရပ်တည်ခံယူချက်၊ တန်ဖိုးထားမှု၊ လိုက်နာရန်ချမှတ်ထားသည့် မူဝါဒများနှင့်ညီညွတ်သည့် စီမံချက်ကြောင့် ပြောင်းလဲပေးနိုင်မည့် အခြေအနေများကို မူကြမ်း (Theory of Change) ရေးဆွဲခြင်း၊
  • စီမံကိန်းကြီးတခုဖြစ်ပါက ရည်မှန်းချက်ကြီးတခုလုံးပြည့်မီအောင် လုပ်ဆောင်ရမည့် စီမံချက် များတခုစီအလိုက် အသေးစိတ်လိုအပ်မည့် ဘတ်ဂျက်၊လုပ်ငန်းစဉ်များ၊ လိုအပ်မည့်အရင်း အမြစ်များနှင့် ညွှန်းကိန်းများကို ဖော်ထုတ်ပေးရန် ကျိုးကြောင်းညီညွတ်သည့် လမ်းကြောင်း (causal pathway) ကို ရေးဆွဲခြင်း၊
  • စီမံချက်အဆိုပြုလွှာရေးသားခြင်းတို့ပါဝင်သည်။

၃) စီမံချက်လုပ်ငန်းအကောင်အထည်ဖော်ခြင်း

စီမံချက်အဆိုပြုလွှာများရေးသားပြီးနောက် လုပ်ဆောင်ရန် ခွင့်ပြုချက်၊အတည်ပြုချက်များရရှိပြီ ဆိုလျှင် အဆိုပြုထားသည့်စီမံချက်များကို လက်တွေ့အကောင်အထည်ဖော်ရသည့်အဆင့် ဖြစ်သည်။ ယင်းအဆင့်တွင် –

  • စီမံရေးရာဌာန၊ဘဏ္ဍာရေးဌာနတို့နှင့်အတူ လိုအပ်သည့်ဝန်ထမ်းအရေအတွက်၊ လိုအပ်မည့် အရင်းအမြစ်များ၊ လုပ်ငန်းအကောင်အထည်ဖော်မည့်အစီအစဉ် (Detailed Implementation Plan) ရေးဆွဲခြင်း
  • လုပ်ငန်းအကောင်အထည်ဖော်မည့် ဦးတည်အုပ်စုများနှင့် စီမံချက်အကြောင်းကို မိတ်ဆက် ခြင်းနှင့် ၎င်းတို့၏သဘောထားအမြင်များ၊ စီမံချက်လုပ်ငန်းများနှင့်ပတ်သက်၍တုန့်ပြန်မှုများ လုပ်ဆောင်ခြင်း
  • လုပ်ငန်းများကို ကြီးကြပ်မည့်အစီအစဉ်နှင့် အသေးစိတ်ညွှန်းကိန်းနှင့် အောင်မြင်မှုကို တိုင်းတာ မည့်ပုံစံတို့ကို သေချာစွာရေးဆွဲခြင်း (MEAL plan)
  • လုပ်ဆောင်ပြီးသည့်လုပ်ငန်းများ၏ တိုးတက်မှု၊ ပြီးမြောက်မှုအခြေအနေများကို သက်ဆိုင်ရာ တို့အား တင်ပြအစီရင်ခံခြင်း (Reporting) တို့အဓိကပါရှိသည်။

၄) စီမံချက်လုပ်ငန်းများ ပြန်လည်သုံးသပ်သည့်အဆင့်

စီမံချက်၏ သတ်မှတ်ကာလပြီးဆုံးခါနီးအချိန်တွင် စီမံချက်၏ရလဒ်များနှင့် ရရှိသည့် သင်ခန်းစာ များကို ပြန်လည်သုံးသပ်သည့်အဆင့်ဖြစ်သည်။ ယင်းအဆင့်တွင် –

  • စီမံချက်၏အကျိုးရလဒ်များနှင့်ပတ်သက်၍ ပြည့်မြောက်အောင်မြင်မှုရှိ၊မရှိကို ပြန်လည်သုံးသပ်ခြင်း၊
  • ပတ်သက်ဆက်စပ်သူများ၏ အမြင်များ၊ တုန့်ပြန်ချက်များနှင့် တွေ့ရှိရသည့်အပြောင်းအလဲ များ၊ ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းများအတွက် သင်ခန်းစာယူစရာအချက်များကို မှတ် သားခြင်းနှင့်
  • စီမံချက်အဆုံးသတ်ရန်ပြင်ဆင်ခြင်း

၅) စီမံချက်အဆုံးသတ်ခြင်းနှင့် အဖွဲ့အနေဖြင့် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းအစီအစဉ်စဉ်းစား ခြင်း

ယင်းအဆင့်တွင် – 

  • စီမံချက်အဆုံးမသတ်မီတွင် လုပ်ဆောင်ရန်ရှိသည့်လုပ်ငန်းစဉ်များအပေါ် အခြေခံ၍ အဆုံးသတ်မည့်ပုံစံနှင့် ဦးတည်အုပ်စုများအနေဖြင့် စီမံချက်အပြီး လုပ်ငန်းများရေရှည် ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် အစီအစဉ်ကို စနစ်တကျရေးဆွဲခြင်း (Phase out strategy) 
  • စီမံချက်အဆုံးသတ်အစီရင်ခံစာရေးသားခြင်းနှင့်
  • အဖွဲ့အနေဖြင့် ယင်းစီမံချက်နှင့်ဆက်စပ်၍ ရှေ့စီမံကိန်း/စီမံချက်များကို မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို အဖွဲ့အတွင်းရှိ ဝန်ထမ်းများ၊​ပတ်သက်ဆက်စပ်သူများနှင့် ဆွေးနွေးညှိနှိုင်းခြင်းတို့ပါဝင်ပါသည်။

လာမည့်စနေနေ့တွင် စီမံချက်အစီအစဉ်ရေးဆွဲသည့်အဆင့်နှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေး တင်ပြပေးပါမည်။