အပိုင်း- ၃ အဖွဲ့အစည်းလည်ပတ်လုပ်ကိုင်ပုံနှင့် လိုအပ်ချက်များ
/in Uncategorized/by sandhi-mmအပိုင်း – ၂ တွင် အဖွဲ့အစည်းတခု၏ ခေါင်းတွဲနှင့်တူသည့် အုပ်ချုပ်စီမံမှုအကြောင်း၊ အဖွဲ့၏ဦးတည်ရာ ချမှတ် ပုံများအကြောင်းကို အသေးစိတ်ဆွေးနွေးတင်ပြခဲ့ပြီး နောက် ယခုအပတ်မှစ၍ အဖွဲ့အစည်း တခုအတွက် လက်တွေ့လုပ်ငန်းလည်ပတ်ရာတွင် လိုအပ်မည့်အကြောင်း များကို ဆက်လက်ဆွေးနွေး ပေးသွားပါမည်။ငွေကြေးအမြတ်အစွန်းရရှိရန်အတွက် လုပ်ဆောင်သည့် အဖွဲ့အစည်းမျိုးဖြစ်စေ၊ ငွေကြေးအမြတ်အစွန်းအတွက် မဟုတ်သည့် (not-for-profit)အဖွဲ့အစည်းမျိုးဖြစ်စေ၊ မည်သို့သော အဖွဲ့အစည်းမျိုးမဆို လုပ်ငန်းလည်ပတ်လုပ်ဆောင်ရန် အတွက် အခြေခံလိုအပ်ချက်များမှာ အတူတူ ပင်ဖြစ်သည်။
အဖွဲ့အစည်းတခုလည်ပတ်ခြင်း
အဖွဲ့အစည်းတခုတွင် ရှင်းလင်းသည့် ဦးတည်ချက်များရှိလာပြီးနောက်တွင် အဖွဲ့အနေဖြင့် ရောက်ရှိ လိုသည့် ပန်းတိုင်ရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် လည်ပတ် လုပ် ဆောင်ရန်လိုအပ်သည့် အုပ်ချုပ်ရေးနှင့် ငွေကြေးစနစ်များနှင့် မိမိတို့လုပ်ဆောင်သည့်လုပ်ငန်းများကို မျှော်မှန်းထားသည့်အတိုင်း ထိရောက်အကျိုးရှိစွာလုပ်ဆောင်နိုင်ရန် လုပ်ငန်းလည်ပတ်ပုံစနစ်များ တည်ဆောက်ရန် အချိန်ရောက်လာပြီဖြစ်သည်။ လုပ်ငန်းများလုပ်ရန်အတွက် လိုအပ်သည့် ငွေကြေးနှင့် အခြားအရင်းအမြစ်များကို တွက်ချက်ရန်လိုအပ်သကဲ့သို့ လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ ငွေကြေး များကို သုံးစွဲမည့်စနစ်နှင့် စီမံခန့်ခွဲမည့်ပုံစံများကိုလည်း စဉ်းစားရမည်ဖြစ်သည်။ အဖွဲ့အစည်းတခု၏ လုပ်ငန်းများကို မည်သို့လည်ပတ်မည်၊စီမံအုပ်ချုပ်မည်ဆိုသည်နှင့် ငွေကြေးသုံးစွဲမည့်စနစ်များကို ကောင်းမွန်စွာတည်ဆောက်ထားနိုင်ခြင်းသည် အဖွဲ့၏ဂုဏ်သိက္ခာသတင်းနှင့် အဖွဲ့အပေါ် ယုံကြည်မှု အတွက်သာမက အဖွဲ့နှင့်ပါဝင်ပတ်သက်ကြရသူများအတွက်လည်း ကျေနပ်ဂုဏ်ယူစရာဖြစ်စေသည်။ ထို့အပြင် စီးပွားရေးလုပ်ဆောင်ကြသည့်အဖွဲ့အစည်းများအနေဖြင့် ငွေကြေးပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အတွက် အစုရှယ်ယာခေါ်ယူလိုသည်ဖြစ်စေ၊ အန်န်ဂျီအိုအဖွဲ့များအနေဖြင့်လည်း မိမိတို့စီမံချက် လုပ်ငန်းများအတွက် ငွေကြေးပံ့ပိုးပေးမည့် အလှူရှင်အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများကို ချဉ်းကပ် လျှင်ဖြစ်စေ အဖွဲ့အစည်းတခုအနေဖြင့် ငွေကြေးထိရောက်စွာစီမံခန့်ခွဲမှုစနစ်နှင့် စွမ်းရည်ရှိခြင်းနှင့် လုပ်ငန်းကို စနစ်တကျလည်ပတ်နိုင်သည့်စနစ်ကောင်းရှိကြောင်းကို ပြသကြရသည်။
ထို့ကြောင့် အပိုင်း – ၃ တွင် ၁) အဖွဲ့အစည်း စီမံခန့်ခွဲမှု နှင့် ၂) လုပ်ငန်း(စီမံချက်) စီမံခန့်ခွဲမှု ဟူ၍ အဓိကအစိတ်အပိုင်း ၂ ပိုင်းကို ဆက်လက်ဆွေးနွေးတင်ပြပေးလိုပါသည်။
အဖွဲ့အစည်းလုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲမှု
ယင်းအပိုင်းကို လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲမှု (Operational Management) ဟုလည်း ခေါ်ဝေါ်ကြသည်။ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲမှုဆိုသည်မှာ အဖွဲ့အစည်း၏ လုပ်ငန်းများ ထိရောက်အကျိုးရှိစွာ လုပ်ဆောင်နိုင်ရန် လိုအပ်သည့် အရင်းအမြစ်များကို စနစ်တကျထားသို၊ အသုံးပြုပြီး တာဝန်ယူမှု၊တာဝန်ခံမှုရှိစွာ လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ အဖွဲ့၏လုပ်ငန်းသဘော သဘာဝ၊ အခြေအနေပေါ်မူတည်ပြီး မလိုသည့်အပိုင်းနှင့် ထပ်မံဖြည့်စွက်ရန်အစိတ်အပိုင်းများလည်း ရှိနိုင်သော်လည်း ပုံမှန်အားဖြင့် အဖွဲ့အစည်းလည်ပတ်သည့် စနစ်တခုတွင် အောက်တွင် ဆက်လက် မေးမြန်းထားသည့်အချက်များသည် အဓိကလိုအပ်ချက်များပင်ဖြစ်သည်။
- လုပ်ငန်းအသုံးစရိတ် (Working budget) – အဖွဲ့အစည်းက သုံးစွဲမည့် အရင်းအမြစ်များအတွက် အစီအစဉ်ချမှတ်ရေးဆွဲထားပါသလား။ တနှစ်စာလုပ်ငန်းလည်ပတ်ရန်အတွက် ငွေကြေး လိုအပ် ချက်များကိုရော တွက်ချက်ထားပါသလား။ ဘတ်ဂျက်ရေးဆွဲထားပြီးဖြစ်ပါက၊ သတ်မှတ် ထားသည့်အတိုင်း လိုက်နာပါသလား။
- ငွေကြေးအရင်းအမြစ် စီမံခန့်ခွဲမှု (Financial resource management) – အဖွဲ့အစည်းမှာ ငွေကြေးဆိုင်ရာ မူဝါဒနဲ့ စနစ်ရှိပါသလား။ ငွေသားစီမံမှု (cash management)၊ အကောင့် စာရင်းနှင့် ငွေကြေးစာရင်းပြုစုခြင်းနှင့် စာရင်းချုပ်ခြင်းများကို ပုံမှန်ပြုလုပ်နေပါသလား။
- ပစ္စည်းအရင်းအမြစ် စီမံခန့်ခွဲမှု (Material asset management) – လိုအပ်သည့် မူဝါဒများ ချမှတ်၍ လက်တွေ့အကောင်အထည်ဖော်မှု (ဥပမာ- ပစ္စည်းများ၊ စက်ကိရိယာများ၊ ငှားယူမှု၊ ယာဉ်သုံးမှု စသည်)တို့ကို စနစ်တကျ စီမံပါသလား။ မှတ်တမ်းများ စနစ်တကျ သိမ်းဆည်းထား ပါသလား။
- လူ့အရင်းအမြစ် စီမံခန့်ခွဲမှု (Human resource management) – အဖွဲ့၏စံတန်ဖိုးများ၊ လုပ်ငန်း လိုအပ်ချက်များနှင့် မူဝါဒများနှင့်အညီ ဝန်ထမ်းခေါ်ယူခြင်း ၊ ဝန်ထမ်းများ အလုပ်ခွင်တွင် ပျော်ရွှင် မှု၊အဖွဲ့အစည်း၏လုပ်ငန်းများ ပြီးမြောက်အောင်မြင်ရေးအတွက် စိတ်ပါဝင်စားစွာဖြင့် လုပ်ဆောင် မှု၊ ထိုသို့လုပ်ဆောင်နိုင်ရန် လိုအပ်သည့်စွမ်းရည်များဖွံ့ဖြိုးတိုးတက်မှုရှိစေရန်အတွက် ပံ့ပိုးကူညီ ပေးသည့် စနစ်၊ မူဝါဒများ ရှိပါသလား။ ဝန်ထမ်းရေးရာမူဝါဒတွင် အလုပ်စာချုပ်များ၊ဝန်ထမ်း လက်ရှိလုပ်နေရသည့် အလုပ်နှင့် ကိုက်ညီသည့် အလုပ်တာဝန်သတ်မှတ်ချက်များ၊ စွမ်းဆောင်ရည် အကဲဖြတ်မှုများ၊ ပုံမှန်တွေ့ဆုံမှုများနှင့် ဝန်ထမ်းများနှင့် ဦးဆောင်အကြီးအကဲများ ကောင်းမွန်သည့် ဆက်ဆံရေးများ ရှိပါသလား။
အဖွဲ့အစည်းများအတွက် ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုအပိုင်းသည် သီးခြားလေ့လာရန်လိုအပ်သော ကျယ်ပြန့်သည့်ဘာသာရပ်တခုဖြစ်သည့်အတွက် ပညာရပ်ပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက် များကို ထည့်သွင်းဆွေးနွေးရန်မဖြစ်နိုင်ချေ။ သို့ရာတွင် ငွေကြေးပိုင်းဆိုင်ရာအတွက် အထူးအာရုံစိုက် စရာမလိုအပ်လှသေးသည့် လုပ်ငန်းငယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းငယ်များအတွက် အခြေခံလို အပ်ချက်များနှင့် အသုံးပြုနိုင်သည့် ပုံစံများကိုမူ ထည့်သွင်းပေးသွားပါမည်။
အလားတူပင် အခြေခံစီမံရေးရာစနစ်တခုအတွက် လိုအပ်သည့် ဝန်ထမ်းစီမံခန့်ခွဲမှု၊ အဖွဲ့အစည်းပိုင် ပစ္စည်းများ စီမံခန့်ခွဲမှုပြုလုပ်နည်းများနှင့် လိုအပ်သည့်စနစ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အသုံးပြု နိုင်သည့် နမူနာပုံစံများကို ထည့်သွင်းတင်ပြပေးသွားမည်ဖြစ်သည်။
အဖွဲ့အစည်း၏လုပ်ငန်းများအကောင်အထည်ဖော်ြခင်း
အဖွဲ့အစည်းတစ်ခုအနေဖြင့် မိမိတို့ဦးတည်လုပ်ဆောင်ပေးလိုသည့်သူများ (အုပ်စုများ) သို့မဟုတ် လုပ်ဆောင်ရာတွင် ပတ်သက်ဆက်စပ်သူများ၏ လိုအပ်ချက်များနှင့် မိမိတို့အဖွဲ့/လုပ်ငန်းအနေဖြင့် အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မည့် အပိုင်းများကို သဘောပေါက်ကူညီပေးရုံမျှမက လုပ်ဆောင် သည့်နည်းလမ်းများကိုလည်း ပို၍ပို၍ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ရန်အတွက် အဖွဲ့၏ လုပ်ငန်းစီမံခန့်ခွဲမှု (Project Management) မှာ ထိရောက်ကောင်းမွန်နေရန် လိုအပ်သည်။
လုပ်ငန်းအစီအစဉ်/စီမံချက်ဒီဇိုင်း ရေးဆွဲရာတွင် အောက်ပါမေးခွန်းများကို ဖြေကြည့်ရန် လိုအပ် သည်။
- စီမံချက်ဒီဇိုင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အခြေခံမူဝါဒ(တန်ဖိုးထားမှု)များ – အဖွဲ့အစည်းတွင် မိမိတို့၏ ဦးတည်အုပ်စု (စီးပွားရေးလုပ်ငန်းတွင် စားသုံးသူ/အသုံးပြုသူများ၊ လူမှုရေးလုပ်ငန်း တွင် အကျိုးကျေးဇူးခံစားရမည့်သူများ)နှင့် အဖွဲ့အတွင်း လုပ်ငန်းလုပ်ဆောင် မှုအပိုင်းတို့တွင် ရှင်းလင်းတိကျသည့် အခြေခံမူဝါဒများ ပြဌာန်းထားရှိပါသလား။
ဥပမာ -တိုယိုတာကားကုမ္ပဏီသည် ထုတ်လုပ်မှုစနစ်တိုင်းတွင် ဂျိဒိုကာ (Jidoka) ဆိုသည့် အခြေခံမူဖြင့် လုပ်ဆောင်သည်။ ဂျိဒိုကာ (Jidoka) ဆိုသည်မှာ “လူသား၏ထိတွေ့မှုပါဝင်သော အလို အလျောက်စနစ်” သို့မဟုတ် “စက်များကို ကိုယ်ပိုင်ဉာဏ်ဖြင့် အလုပ်လုပ်စေခြင်း” ဟုအဓိပ္ပါယ် ရသည်။ ဂျိဒိုကာ၏ အနှစ်သာရမှာ ပြဿနာတစ်ခုခုပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို အလိုအလျောက် ရပ်တန့်စေခြင်းပင်ဖြစ်သည်။
ဂျိဒိုကာ၏ အဓိက ရည်ရွယ်ချက်များမှာ-
- အရည်အသွေးကို တည်ဆောက်ခြင်း: ချို့ယွင်းချက်ရှိသော ပစ္စည်းများကို ဆက်လက် ထုတ်လုပ်နေခြင်းမှ တားဆီးပေးသည်။ ပြဿနာကို စောစီးစွာ တွေ့ရှိပြီး ချက်ချင်း ဖြေရှင်း ခြင်းဖြင့် ထုတ်ကုန်အရည်အသွေးကို ထိန်းသိမ်းသည်။
- အလေအလွင့်များကို လျှော့ချခြင်း: ချို့ယွင်းချက်များ စုပုံလာခြင်းကို တားဆီးသောကြောင့် အချိန်၊ ကုန်ကြမ်းနှင့် လုပ်အားအလေအလွင့်များကို လျှော့ချပေးသည်။
- စက်နှင့်လူသားအား စွမ်းဆောင်ရည်ပြည့် အသုံးချခြင်း: စက်များသည် တစ်ခုခုမှားယွင်းနေချိန် တွင် အလိုအလျောက်ရပ်တန့်သွားသဖြင့် အော်ပရေတာများသည် စက်တစ်လုံးတည်းကို အဆက်မပြတ် စောင့်ကြည့်နေစရာမလိုဘဲ အခြားအလုပ်များကို လုပ်ဆောင်နိုင်ရန် အချိန်ရ စေသည်။
- မျှော်မှန်းအိပ်မက်/ဦးတည်ရပ်တည်ချက်မပျောက်ခြင်း – အဖွဲ့အစည်း၏ လုပ်ငန်းစီမံချက်သည် အဖွဲ့၏ချမှတ်ထားသော မျှော်မှန်းအိပ်မက် (vision) နှင့်ကိုက်ညီမှု၊ ဆီလျော်မှုရှိပါသလား။
ဥပမာ – အဖွဲ့တခု၏ မျှော်မှန်းအိပ်မက်မှာ “ရေရှည်တည်တံ့သော ဆန်းသစ်သည့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချရန်” ဖြစ်သော်လည်း “စျေးသက်သာ၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေ နိုင်သော” ပစ္စည်းများအသုံးပြု၍ ထုတ်ကုန်များကို ထုတ်လုပ်နေသည်ဆိုလျှင် ကြွေးကြော်သံနှင့် လုပ်ရပ်မှာ မကိုက်ညီဟုဆိုနိုင်သည်။
- မြေပြင်လုပ်ငန်းများနှင့် သုတေသန – စီမံကိန်းများလုပ်ဆောင်ရာတွင် မြေပြင်လိုအပ်ချက်များကို သေချာသိရှိနိုင်စေရန် အဖွဲ့အစည်းအနေဖြင့် ဦးတည်အုပ်စု( စားသုံးသူများ/အသုံးပြုမည့်သူများ/ အကျိုးကျေးဇူးရရှိခံစားရမည့်သူများ)၏အသံများ၊ အမြင်များ၊ လိုအပ်ချက်များကို သိရှိနိုင်ရန် သုတေသနပြုလုပ်လေ့ရှိပါသလား။
- စီမံချက်/လုပ်ငန်းလုပ်ဆောင်ရန် လိုအပ်ချက်များဖော်ထုတ်ခြင်း–
အဖွဲ့အနေဖြင့် လုပ်ငန်းများလုပ်ဆောင်ရန် ပြင်ဆင်ရာတွင် အမှန်တကယ်လိုအပ်ချက်များ၊ လက်တွေ့အခြေအနေများကို သေချာစွာ ဆန်းစစ် လုပ်ဆောင်ပါသလား။ (ဥပမာ – ထုတ်ကုန် တခုကို ထုတ်ရန်ပြင်ဆင်လျှင် ယင်းထုတ်ကုန်၏ ဈေးကွက်၊ ဈေးနှုန်း၊ စိတ်ဝင်စားနိုင်မှု အခြေအနေ များကို ဆန်းစစ်ရန်လိုအပ်သကဲ့သို့ အန်န်ဂျီအို များသည်လည်း မိမိတို့ပံ့ပိုးမည့်ပစ္စည်း၊ လုပ်ဆောင် မည့်လုပ်ငန်းများ၏ လက်ရှိအခြေအနေနှင့် ဆီလျော်ကိုက်ညီမှု၊ လက်တွေ့ကျမှု၊ လုပ်ဆောင်နိုင်မည့် အခြေအနေများကို ဆန်းစစ်ရန်လိုအပ်သည်။)
- လုပ်ငန်းလုပ်ဆောင်မည့်အစီအစဉ်မူကြမ်း – လုပ်ဆောင်လိုတဲ့ အကြောင်းအရာ၊ အကြောင်းရင်း၊ နည်းလမ်းများ (Business Concept/Whtie Paper/Concept Paper) အပေါ် ရှင်းလင်းစွာ ဖော်ထုတ် ရေးသားထားပါသလား။
- အသေးစိတ်လုပ်ငန်းအစီအစဉ် –မိမိတို့လုပ်ဆောင်မည့်လုပ်ငန်းနှင့် ပတ်သက်သည့် အသေးစိတ် လုပ်ငန်းအစီအစဉ် (Proposal) ရေးဆွဲထားပါသလား။ လုပ်ငန်းအောင်မြင်မှုကို မည်သည့်ပုံစံဖြင့် တိုင်းတာသိရှိနိုင်ပါသလဲ။စံညွှန်း (indicators/milestones) များ ပါဝင်ပါသလား။
- စီမံချက်/လုပ်ငန်းစီမံခန့်ခွဲမှု – လုပ်ငန်း/စီမံချက်ကို မည်သို့ စီမံခန့်ခွဲမည်နည်း။ မည်သို့ မှတ်တမ်းတင်မည်နည်း ။ လုပ်ငန်းလုပ်ဆောင်သူများမှာ ကျွမ်းကျင်မှုနှင့်အတွေ့အကြုံရှိကြပါ သလား။ တာဝန်ခွဲဝေလုပ်ဆောင်မှုပုံစံစနစ်ရှိပါသလား။
- လုပ်ငန်းကြီးကြပ်ခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း – စီမံချက်/လုပ်ငန်းသည် အစီအစဉ်ချထားသည့် အတိုင်း လည်ပတ်ပါသလား။ စံညွှန်းများ ပြည့်မီကြောင်း စစ်ဆေးနေသူ ရှိပါသလား။ စီမံချက်/လုပ်ငန်းကြောင့် ဦးတည်အုပ်စုအနေဖြင့် မည်သည့်အကျိုးကျေးဇူးများကို ရေရှည်တွင် ရရှိနိုင်ပါသလဲ။အဖွဲ့၏ ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် စီမံချက်က မည်သို့အထောက်အကူပြုပါသလဲ။
ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု
/in Uncategorized/by sandhi-mmအခန်း – ၂ အဖွဲ့အစည်းဖွဲ့စည်းပုံနှင့် အုပ်ချုပ်စီမံမှုအပိုင်းအား အဖွဲ့အစည်းတခုအတွက် အရေးကြီးလှသည့် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးပြီး အဆုံးသတ်လိုပါသည်။ အဖွဲ့တဖွဲ့တွင် ခေါင်းဆောင်မှုပေးနိုင်သည့် ခေါင်းဆောင်(များ) လိုအပ်သကဲ့သို့ အဖွဲ့၏လုပ်ငန်းများကို ထိရောက်စွာ လည်ပတ်နိုင် အောင် စီမံခန့်ခွဲပေးနိုင်မည့် စီမံခန့်ခွဲသူ/မန်နေဂျာကောင်း(များ) လည်းလိုအပ်ပါသည်။ ခေါင်းဆောင်တိုင်းသည် စီမံခန့်ခွဲမှုပါကောင်းမွန်သည့် မန်နေဂျာများဖြစ်နိုင်လျှင် ကောင်းပါသည်။ သို့ရာတွင် ခေါင်းဆောင်တိုင်းသည့် စီမံခန့်ခွဲမှုကောင်းကြသူများမဟုတ်ကြချေ။ အချို့မှာ စီမံခန့်ခွဲနိုင် သည့် အရည်အချင်းရှိသော်လည်း အချိန်မပေးနိုင်ကြပါ။ ထို့အတူပင် စီမံခန့်ခွဲနိုင်သည့် မန်နေဂျာတိုင်းသည်လည်း ခေါင်းဆောင်များမဟုတ်ကြချေ။
ခေါင်းဆောင်နှင့် စီမံခန့်ခွဲသူ (မန်နေဂျာ) များ၏ ကွာခြားချက်
၁။ ခေါင်းဆောင်ကောင်းများသည် အများမဖြစ်နိုင်၊ မလုပ်နိုင်ဟု သမရိုးကျမှတ်ထင်လက်ခံထားသည့် အပြောင်းအလဲများကို စိတ်ကူးပုံဖော်ကြသူများဖြစ်သည်။ မန်နေဂျာများမှာမူ ထိုအိပ်မက်ရည်မှန်းချက်များကို ဖြစ်မြောက်အောင်မြင်စေရန်လုပ်ဆောင်သည့် ဖြစ်စဉ်ကို စီမံခန့်ခွဲအကောင်အထည်ဖော်ကြသူများဖြစ်သည်။
၂။ ခေါင်းဆောင်များသည် လူများကို အလုပ်ပြီးမြောက်အောင် လုပ်ဆောင်သွားရန် စည်းရုံးခြင်းမျိုးထက် လူများကို လွှမ်းမိုး၊ ပဲ့ကိုင်ထိန်းကျောင်းပေးနိုင်မည့်နည်းလမ်းများ၊ မိမိမက်သည့်စိတ်ကူးအိပ်မက်များကို အားလုံးတွင် ကူးစက်သွားစေရန် ပိုအာရုံစိုက်တတ်ကြသည်။ မန်နေဂျာများမှာမူ မိမိတို့ရရှိလိုသည့် ရလဒ်တခု ပေါ်ထွက်လာအောင် မည်သို့စီမံလုပ်ဆောင်မည်ကို အလေးထားတတ်ကြသည်။
၃။ မန်နေဂျာဆိုသည်မှာ အဖွဲ့အစည်းတခုတွင် တာဝန်ပေး အပ်ခံရသည့် ရာထူးတခုသာလျှင် ဖြစ်ပြီး ခေါင်းဆောင်ဆိုသည်မှာမူ အဖွဲ့အတွက်အိပ်မက်များ၊စိတ်ကူး များဖြင့် အဖွဲ့တွင်ပါဝင်သူများ အတုယူ၊အားကျ၊လေးစားရသည့်သူများဖြစ်သည်။ ရာထူး၊တာဝန်နှင့် များစွာမသက်ဆိုင်လှချေ။
- ခေါင်းဆောင်သည် လမ်းညွှန်သူ၊လမ်းကြောင်းချပေးသူဖြစ်ပြီး မန်နေဂျာ က အလုပ်ကို လက်တွေ့ ပြီးမြောက်အောင်လုပ်ဆောင်သူ ဖြစ်သည်။
- ခေါင်းဆောင်များက မူဝါဒ ချမှတ်ပြီး မန်နေဂျာများက အကောင်အထည်ဖော်သည်။
သို့သော် နှစ်ဦးစလုံးသည် — အဖွဲ့အစည်း၏ မျှော်မှန်းရည်မှန်းချက်များ ပြီးစီးနိုင်ရန်၊ ထိရောက်စွာ အလုပ်လုပ်နိုင်ရန် အရေးပါသည်။
ခေါင်းဆောင်မှု (Leadership)
“အဖွဲ့အစည်းတခု၏အောင်မြင်မှုအတွက် ခေါင်းဆောင်ကောင်းများသည် မရှိမဖြစ်”ဟု Harvard Business School မှ အောင်မြင်သောခေါင်းဆောင်ကောင်းတဦးဖြစ်နည်း စာအုပ်၏အဖွင့်တွင် ဖော်ပြထားသည်။
ခေါင်းဆောင်မှုအားကောင်းသည့်အဖွဲ့အစည်းများသည် –
- ပို၍ပြတ်ပြတ်သားသားဆုံးဖြတ်လုပ်ဆောင်နိုင်ကြသည်။
- ပိုမိုထိရောက်အကျိုးရှိစွာဖြင့် ရှုပ်ထွေးပွေလီသည့်အခြေအနေများကို ကျော်ဖြတ်သွားနိုင်သည်။
- ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများအားလုံးကို အလွယ်တကူ တင်ကြိုတွက်ချက်ပြင်ဆင်၊ တုံ့ပြန်လုပ်ဆောင်ပြီး ပြိုင်ဖက်အဖွဲ့များကို ကျော်လွှားနိုင်သည်။
ခေါင်းဆောင်ဆိုသည်မှာ – အဖွဲ့တခုတွင် ပါဝင်သူများကို ဦးဆောင်နိုင်သူဖြစ်ပြီး အခြားသူများက သူ၏လမ်းညွှန်မှုအတိုင်း လိုက်နာလုပ်ဆောင်တတ်ကြသည်။ အဖွဲ့အစည်းကို ဦးဆောင်မှုပေးပြီး အဖွဲ့ဦးတည်ရာကို လမ်းညွှန်ပဲ့ကိုင်ပေး ကြရသူများဖြစ်သည်။ အဖွဲ့အစည်း၏ ရပ်တည်ခံယူချက် (Mission) နှင့် အဖွဲ့အစည်းတန်ဖိုးများအတိုင်း လိုက်နာလုပ်ဆောင်စေသည်။ အဖွဲ့အစည်း တိုးတက် ရာတိုးတက်ကြောင်းအတွက် အကြံဉာဏ်များပေးပြီး အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ဦးဆောင် ချမှတ်ရသူ(များ)လည်းဖြစ်သည်။
အဖွဲ့အစည်းတိုင်းတွင် ခေါင်းဆောင်လိုအပ်ပါသလားဟု မေးမြန်းတတ်ကြသည်။ ယေဘုယျအားဖြင့် အဖွဲ့အစည်းတခု၏ လားရာနှင့် စံတန်ဖိုးများ၊ ဦးတည်ရည်မှန်းချက်များကို ချမှတ်ပေးရန်နှင့် အရေးကြီး သည့်ကိစ္စရပ်များကို ဆုံးဖြတ်ရာတွင် တာဝန်ယူ၊တာဝန်ခံပေးရန်အတွက် ခေါင်းဆောင် (များ) လိုအပ် ပါသည်။ ထိုသို့တာဝန်ခံလုပ်ဆောင်ပေးနိုင်သူများသည် အဖွဲ့၏ခေါင်းဆောင်များ၊ ဦးဆောင်သူများပင် ဖြစ်သည်။
အဖွဲ့အစည်းတခု၏ ခေါင်းဆောင်မှု/ဦးဆောင်မှုအဖွဲ့ကို အုပ်ချုပ်မှုအဖွဲ့ (Board of Directors), စီမံ အုပ်ချုပ်ရေးအဖွဲ့ (Board of Trustees) သို့မဟုတ် အလုပ်အမှုဆောင် ကော်မတီ (Executive Committee)စသည်ဖြင့် အမည်ပေး ဖွဲ့စည်းထားတတ်ကြသည်။ အချို့အဖွဲ့အစည်း များတွင် အကြံပေးဘုတ်အဖွဲ့ (Advisory Board) ထားရှိတတ်ကြပြီး အလုပ်အမှုဆောင်အဖွဲ့က တာဝန်ခံကြ သည်။ မိမိတို့၏တာဝန်ဝတ္တရားများကို နားလည်၍ ထိရောက်စွာ လမ်းညွှန်မှုပေးနိုင်သော ဦးဆောင်မှု အဖွဲ့ရှိခြင်းက အဖွဲ့အတွက်များစွာအကျိုးဖြစ်ထွန်းစေနိုင်သည်။ အလုပ်အမှုဆောင်အဖွဲ့များတွင် ဥက္ကဋ္ဌ ( ဦးဆောင်သူ)၊ ဒုဥက္ကဋ္ဌ (ဥက္ကဋ္ဌမရှိသည့်အခါ အစားထိုး လုပ်ဆောင်ပေးသူ)၊ အတွင်းရေးမှူး (အစည်း အဝေး မှတ်တမ်းရေးသူ၊မှတ်တမ်းတင်သူ)၊ ဘဏ္ဍာရေးမှူး(ငွေကြေးဆိုင်ရာ တာဝန်များကို စောင့်ကြည့် သူ) စသည်ဖြင့် တာဝန်ခွဲထားတတ်ကြသည်။ မဖြစ်မနေလိုအပ်သည့်ရာထူးများပေးပြီး လုပ်ဆောင်ကြ ရမည်မဟုတ်သော်လည်း တာဝန်များကို သက်ဆိုင်ရာအဖွဲ့ဝင်များအကြား ခွဲဝေလုပ်ဆောင်ခြင်းက ပို၍ အဆင်ပြေနိုင်သည်။
အဖွဲ့အစည်းတခုတွင် ခေါင်းဆောင်များအနေဖြင့် လိုအပ်မည့်တာဝန်ဝတ္တရားများကို အောက်ပါအတိုင်း လေးမျိုး ခွဲခြားနိုင်သည်။
၁။ အဖွဲ့အတွက် အစီအစဉ်များရေးဆွဲခြင်း (PLANNING)
- မူဝါဒချမှတ်ခြင်း နှင့် အဖွဲ့အစည်း၏ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်၊ လိုက်နာ လုပ်ဆောင်စေခြင်း။
- အဖွဲ့အစည်း၏ မူဝါဒများကို ပြန်လည် သုံးသပ်ရန်လိုအပ်ပါကသုံးသပ်၍ အတည်ပြုပေးခြင်း
- အဖွဲ့ဝင်များ၊ပတ်သက်ဆက်စပ်သူများနှင့်အတူ အဖွဲ့အစည်း၏ အနာဂတ်အစီအစဉ်များကို ရေးဆွဲချမှတ်ခြင်း
- အဖွဲ့အစည်းအနေဖြင့် လုပ်ဆောင်မည့် လုပ်ငန်း/ဝန်ဆောင်မှုများ/အစီအစဉ်များကို ဆုံးဖြတ် ခြင်း
- အဖွဲ့အစည်း၏ အစီအစဉ်များနှင့် လုပ်ငန်းများကို ပုံမှန် သုံးသပ်အကဲဖြတ်ခြင်း
၂။ စီမံရေးရာ (ADMINISTRATION)
- အဖွဲ့အစည်း၏အမှုဆောင်ညွှန်ကြားရေးမှူး (Executive Director) ကို ရွေးချယ်ခန့်အပ်ပေး ခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း
- အဖွဲ့၏စီမံရေးရာဆိုင်ရာလုပ်ငန်းများတွင် လိုအပ်ချက်များ၊အခက်အခဲများရှိ၍ အကြံ ဉာဏ်၊အကူအညီ တောင်းခံလျှင် ပံ့ပိုးကူညီဖြေရှင်းပေးခြင်း
၃။ ငွေကြေး (FINANCE)
- အဖွဲ့အစည်း၏ ငွေကြေးဘတ်ဂျက်များအတွက် တာဝန်ခံပေးခြင်း
- အဖွဲ့အစည်း၏ ဘဏ္ဍာရေးခန့်မှန်းချက် (Budget) ကို ကြီးကြပ် သုံးသပ်၍ အတည်ပြုခြင်း
- အဖွဲ့အစည်း၏ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများအတွက် လိုအပ်သည့် ရန်ပုံငွေများရရှိအောင် ငွေကြေးကူညီရှာဖွေပေးခြင်းနှင့်
- ငွေကြေး အရင်းအမြစ်များနှင့် အသုံးစရိတ်များကို ကြပ်မတ်စစ်ဆေးပေးခြင်း
၄။ လူထုဆက်ဆံရေး (COMMUNITY RELATIONS)
- အဖွဲ့အစည်း၏ လုပ်ငန်းများနှင့် ဝန်ဆောင်မှုများအတွက် လိုအပ်သည့် အကြံဉာဏ်များ၊ တုံ့ပြန် မှုများကို အဖွဲ့အနေဖြင့် အပြုသဘောခံယူသုံးသပ်ဆွေးနွေးအဖြေရှာနိုင်အောင် လမ်းညွှန်ပေး ခြင်း
- အဖွဲ့အစည်း၏ ဝန်ဆောင်မှုများနှင့်လုပ်ငန်းများကို လိုအပ်လျှင် အများပြည်သူသိရှိနားလည် အောင်လုပ်ဆောင်ရာတွင် ဦးဆောင်ခြင်း သို့မဟုတ် ပံ့ပိုးကူညီခြင်း
- လူထုဆက်ဆံရေးကိစ္စရပ်များတွင် အဖွဲ့အစည်းကို ကိုယ်စားပြုသူများအဖြစ် ခိုင်မာစွာရပ်တည် ပေးခြင်းနှင့်
- အဖွဲ့အစည်း၏ကိုယ်စားပြုသူများဖြစ်ခြင်း
အဖွဲ့အစည်းဖွဲ့စည်းပုံနှင့်လုပ်ငန်းအနေအထားများအပေါ် အခြေခံ၍ ဖော်ပြထားသည့်လုပ်ငန်းတာဝန် များအပြင် အခြားတာဝန်များလည်း ပေးအပ်နိုင်ပြီး မလိုအပ်ဟုထင်သည့်တာဝန်များကိုလည်း မထည့် သွင်း၍လည်းရပါသည်။
Harvard Business School ၏အွန်လိုင်းမှသင်ကြားသည့်ခေါင်းဆောင်ကောင်းဖြစ်နည်းတွင် သုတေသနတွေ့ရှိချက်များအရ အအောင်မြင်ဆုံး ဒါရိုက်တာဘုတ်အဖွဲ့များသည် –
- အဖွဲ့နှင့်ဆက်စပ်ပတ်သက်သူများ၏ အကျိုးစီးပွားများကို ကိုယ်စားပြုပြီး ယင်းအကျိုးစီးပွား များကိုကာကွယ်၊မြှင့်တင်ရာတွင် အကြီးတန်းအမှုဆောင်များ၏ လုပ်ဆောင်မှုများကို သေချာ စွာ စောင့်ကြည့်အကဲခတ်ခြင်း
- အဖွဲ့အစည်းကို ပြင်ပမှ အရေးပါဆုံး ဆက်စပ်ပတ်သက်သူများနှင့် ချိတ်ဆက်၍ အဖွဲ့၏အရေး ပါသည့် လူမှုအဖွဲ့အစည်းဆိုင်ရာ အခြေအနေများကို အာရုံစိုက်ခံရအောင်ကြိုးစားပြီး အဖွဲ့၏ ရပ်တည်လုပ်ဆောင်ချက်များကို မြှင့်တင်ခြင်း
- စွမ်းရည်မြင့်မားသည့် ဒါရိုက်တာအဖွဲ့ဝင် ၈ မှ ၁၂ ဦးမျှဖြင့် ဖွဲ့စည်းလုပ်ဆောင်ခြင်း
- အကြီးတန်းအမှုဆောင်များ၏ လုပ်ဆောင်ချက်များကို သုံးသပ်ရန်နှင့် မဟာဗျူဟာကျသည့် အပြောင်းအလဲများကို မိတ်ဆက်ရာတွင် လွတ်လပ်၍ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားလုပ်ဆောင်ခြင်း
- ဒါရိုက်တာဘုတ်အဖွဲ့ဝင်များကို အတွင်းစည်း၊အပြင်စည်းနှစ်ခုလုံးမှ ပါဝင်သင့်သည့်သူများကို အချိုးကျပါဝင်စေပြီး လူနည်းစုကို ကိုယ်စားပြုသူများတို့ကိုပါ ထည့်သွင်းပြီး အလေးထားဖွဲ့ စည်းခြင်း
- စနစ်တကျဖွဲ့စည်းထားသည့် အဖွဲ့ဖွဲ့စည်းပုံမျိုးရှိပြီး အထူးပြုလုပ်ငန်းတာဝန်များကို လုပ်ဆောင် ရန်အတွက် ကျွမ်းကျင်သည့်အစုအဖွဲ့ငယ်များပါဝင်ဖွဲ့စည်းထားခြင်း (ဥပမာ – အမှုဆောင် အရာရှိချုပ်၏ စွမ်းဆောင်မှုကို အကဲဖြတ်ရန် နှင့်အဖွဲ့၏ငွေကြေးစီးဆင်းမှုများကို စစ်ဆေးရန်)
- အဖွဲ့အစည်းချမှတ်ထားသည့်ရည်မှန်းချက်ပန်းတိုင်များအောင်မြင်မှုအတိုင်းအတာကို ဆွေးနွေး ရန်နှင့် အမှုဆောင်အဖွဲ့ဝင်များအနေဖြင့် တိုင်ပင်ညှိနှိုင်းအကြံဉာဏ်ရယူနိုင်ရန် မကြာခဏတွေ့ ဆုံခြင်း
- ခေါင်းဆောင်မှုပုံစံနှင့်ပတ်သက်သည့် ကိစ္စရပ်များအတွက် လမ်းညွှန်မှုများပေးနိုင်ရန် အမှုဆောင်အရာရှိ (သို့မဟုတ် အဖွဲ့၏အခြားအကြီးအကဲ)၏ စွမ်းဆောင်ရည်ကို အနည်းဆုံး တနှစ်တကြိမ် အကဲဖြတ်ခြင်း
- အဖွဲ့အစည်း၏မဟာဗျူဟာနှင့် ပတ်ဝန်းကျင်အခြေအနေလိုအပ်ချက်များအကြား အံဝင်ခွင်ကျ ဖြစ်၊မဖြစ်ကို မဟာဗျူဟာဆိုင်ရာ လေ့လာသုံးသပ်မှုများကို လုပ်ဆောင်ခြင်း
- အဖွဲ့အစည်း၏အမှုဆောင်များနှင့် ဝန်ထမ်းများ၏ အပြုအမူများအတွက် အရေးပါသည့် ကျင့်ဝတ်စည်းမျဉ်းများကို ချမှတ်ပြီး လိုက်နာလုပ်ဆောင်ခြင်း
- လူ့ဘောင်အဖွဲ့အစည်း၏ လိုအပ်ချက်များကို ထင်ဟပ်ရန်နှင့် အဖွဲ့အစည်း၏ မျှော်မှန်း အိပ်မက်များကို ဒါရိုက်တာများအနေဖြင့် ရှင်းရှင်းလင်းလင်းမြင်သာအောင် စိန်ခေါ်၍ အဖွဲ့၏ ပန်းတိုင်ရည်မှန်းချက်များသည် အနာဂတ်ကိုအလေးထားသည့် ပုံစံမျိုး ဖြစ်အောင် မြှင့်တင် လုပ်ဆောင်ခြင်းတို့ ရှိကြသည်ကို တွေ့ရသည်။
အခြေခံအားဖြင့် ခေါင်းဆောင်တဦးသည် ဗလငါးတန်အနက် စိတ္တဗလ – စိတ်ပိုင်းဆိုင်ရာ ပြည့်ဝရင့်ကျက်သူဖြစ်အောင် လေ့ကျင့်ပျိုးထောင်ရန် အထူးလိုအပ်သည်။
- ရင်းရင်းနှီးနှီးဖော်ဖော်ရွေရွေရှိခြင်း
- အကူအညီပေးတတ်သူဖြစ်ခြင်း
- အခြားသူများအပေါ်သာမက ကိုယ့်ကိုယ်ကိုလည်း ရိုးသားခြင်း
- မျှတမှုရှိခြင်း
- အရေးတယူ အလေးထားဆက်ဆံခြင်း
- ကတိတည်ခြင်း
- အချိန်မှန်ခြင်း
- ကိုယ့်လုပ်နေသည့်အလုပ်ကို သေချာစွာနားလည်ခြင်း
- အချိန်တိုင်း အကောင်းဆုံးကြိုးစားလုပ်ဆောင်ခြင်း
- အခြားသူများထံမှ မျှော်လင့်သည့်အရာများကို နားလည်အောင်ရှင်းလင်းပြောပြတတ်ခြင်း။
- အဖွဲ့ဝင်တိုင်းကို တသားတည်းဆက်ဆံပြီး တဦးနှင့်တဦးကူညီပံ့ပိုးလုပ်ဆောင်စေခြင်း
- သဘောတူထားသည့်အတိုင်း လုပ်ငန်းများကို လုပ်ဆောင်မှုရှိ၊မရှိကိုစောင့်ကြည့်ခြင်း
- ပြစ်တင်ဝေဖန်ပြောဆိုမည့်အစား မည်သို့ပို၍ကောင်းအောင်လုပ်ဆောင်နိုင်မည်ဆိုသည်ကို အကြံပြုပေးခြင်း
- လုပ်ငန်းခွင်သည် စိတ်လှုပ်ရှားတက်ကြွစရာကောင်းသည့်နေရာတခုဖြစ်အောင် ဖန်တီးပေးနိုင်ခြင်း
အဖွဲ့အစည်းတွင် အတူလက်တွဲလုပ်ဆောင်ချင်စိတ်ဖြစ်ထွန်းစေရန် –
- သူတို့၏ အလုပ်နှင့် အားထုတ်ကြိုးပမ်းမှုများကို ချီးမွမ်းပါ။
- သူတို့၏ အကြံဥာဏ်နှင့် အကြံပြုချက်များကို နားထောင်ပါ။
- တာဝန်ပေးပါ — အားလုံးကို ကိုယ့်တစ်ဦးတည်း မလုပ်ချင်ပါနှင့်။
- လူတိုင်းကို တသားတည်း သဘောထားပြီး မတူညီသည့်အခြေအနေများကို လက်ခံနားလည်ပြီး ဆက်ဆံပါ။
အဖွဲ့အစည်းတခု၏ ခေါင်းဆောင်များကို ရွေးချယ်ခြင်း
အဖွဲ့အစည်းများတွင် ခေါင်းဆောင်တင်ရန်လိုအပ်သည့်အခြေအနေတွင် ရှေးဦးစွာ မိမိတို့အဖွဲ့အစည်း၏ သဘောသဘာဝ၊အနေအထားနှင့် ကိုက်ညီသည့် ခေါင်းဆောင်များအတွက် စံနှုန်း(criteria)များကို ချမှတ်ရန်လိုအပ်သည်။
အဖွဲ့အစည်းတခုအတွက် ခေါင်းဆောင်များကို ရွေးချယ်ရန် စံနှုန်းများကိုချမှတ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ
- အဖွဲ့၏ လုပ်ငန်းကို စိတ်ဝင်စားမှုရှိရမည်။
- အလုပ်အတွက် အချိန်သေချာပေးနိုင်ရမည်။
- တာဝန်ယူ၊တာဝန်ခံလိုစိတ်ရှိရမည်။
- အဖွဲ့၏ဦးတည်အုပ်စုများ၊ ပတ်သက်ဆက်စပ်သူများနှင့် တိုက်ရိုက် ချိတ်ဆက်မှုရှိသူ ဖြစ်သင့်သည်။
- အဖွဲ့အနေဖြင့် ငွေကြေးရန်ပုံငွေ ရှာဖွေရန်လုပ်ဆောင်မှုများတွင် အကူအညီပေးရန် စိတ်ပါဝင်စားသူဖြစ်သင့်သည်။
- အဖွဲ့၏ လိုအပ်ချက်နှင့် သက်ဆိုင်သည့် ကျွမ်းကျင်မှုများ သို့မဟုတ် လုပ်ရည်ကိုင်ရည်ရှိသူဖြစ် သင့်သည့်။
- အဖွဲ့နှင့်ပတ်သက်သည့် လုပ်ငန်းနယ်ပယ်တွင် နံမည်ကောင်းသူဖြစ်သင့်သည်။
- အဖွဲ့နှင့်ပတ်သက်သည့် လုပ်ငန်းနယ်ပယ်တွင် ဩဇာရှိသူဖြစ်သင့်သည်။
- ခေါင်းဆောင်တဦး၏ တာဝန်ဝတ္တရားများကို သေချာစွာနားလည်သဘောပေါက်ထားသူဖြစ်ရ မည်။
- ဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူဖြစ်ရမည်။
- ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ရုံမက အခြားသူများကိုလည်း စံနမူနာအဖြစ်အတုယူစရာ ကောင်းအောင်နေထိုင်နိုင်သူဖြစ်ရမည်။
ခေါင်းဆောင်များ၏ လုပ်ငန်းတာဝန်ဝတ္တရားများကို အဖွဲ့အစည်း၏ ဖွဲ့စည်းပုံ (Constitution)အခန်း တွင် အသေးစိတ် ဖော်ပြထားပြီးဖြစ်သည်။
အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ အထူးသဖြင့် ဝန်ထမ်းမများသည့်အဖွဲ့ငယ်များတွင် ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှု တာဝန်များကို ခွဲမထားနိုင်ကြပဲ ရှိသည့်တာဝန်များကို ရှိသည့်လူများက အဆင်ပြေသလို လုပ်ကိုင်တတ်ကြသည်။ အဖွဲ့အစည်း ပိုမိုအားကောင်းစေရန် လူတိုင်း၏ အလုပ်နှင့် တာဝန်များကို သီးခြားခွဲထားသင့်သည်။
စီမံခန့်ခွဲမှု (Management)
စီမံခန့်ခွဲသူ (မန်နေဂျာ) များသည် အဖွဲ့၏လူအရင်းအမြစ်၊ ငွေကြေး၊ ပစ္စည်းကိရိယာ အရင်းအမြစ်များ အား အကောင်းဆုံး အသုံးချနိုင်အောင် စီမံခန့်ခွဲပေးကြသူများဖြစ်သည်။ အဖွဲ့အစည်း၏ နေ့စဉ်လုပ်ငန်း များကို အကောင်အထည်ဖော်ရန် စီစဉ်ပေးသူလည်း ဖြစ်သည်။
စီမံခန့်ခွဲသူကောင်းတဦးတွင် ရှိသင့်သည့် အရည်အချင်းများ
- အချို့လုပ်ငန်းများမှာ ခက်ခဲနိုင်သည်ကို လက်ခံပြီး မိမိအတွက် လေ့လာသင်ယူရန် အခွင့်အလမ်းတခုအဖြစ်ရှုမြင်နိုင်ရမည်။
- အဖွဲ့တွင် အကူအညီလိုအပ်နေချိန်တွင် ပါဝင်ကူညီနိုင်ရမည်။
- ခက်ခဲသော အလုပ်များ၏ စိန်ခေါ်မှုများကို လက်ခံပြီး တာဝန်ကို မျှဝေတတ်ရမည်။
- အလွန်အကျွံ စိတ်ဆိုးခြင်း၊ ကြမ်းတမ်းသည့် အပြုအမူမျိုးပြုမူခြင်းမျိုး မပြုလုပ်ပဲ ရုံး/လုပ်ငန်း ခွင်တွင် စိတ်ခံစားမှုကိုထိန်းချုပ်တတ်ရမည်။
- လူကြိုက်မများသည့်အမြင်များဖြစ်လျှင်ပင် မိမိအမြင်ကို ရိုးသားစွာ ထုတ်ဖော်ပြောပြရဲရမည်။
- ပြဿနာများကို ဖော်ထုတ်၍ မိမိအားနည်းချက်ကို သဘောပေါက်နိုင်ရမည်၊ ပြုပြင်ရန်လည်း ကြိုးစားနိုင်ရမည်။
- လုပ်ငန်းခွင်တွင် စကားပြောခြင်း၊ အလုပ်လုပ်ခြင်းနှင့် တာဝန်ခွဲဝေပေးခြင်းတို့ဖြင့် အသင်းအဖွဲ့ စိတ်ဓာတ်ကိုပြသပါ။
- မိမိ၏လုပ်ငန်းပြီးမြောက်အောင်မြင်မှုများအပေါ် အသိအမှတ်ပြုခြင်းကို ဣန္ဒြေသိက္ခာရှိရှိဖြင့် လက်ခံပြီး မာန်တက်ခြင်းမျိုးမရှိသင့်ပါ။
- အလုပ်ကို ကိုယ်တိုင်လည်း တိကျစွာလုပ်ဆောင်ပြီး အခြားသူများကိုလည်း တိတိကျကျလုပ်ကိုင် အောင် တိုက်တွန်းသော်လည်း ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပုံစံမျိုးဖြစ်သင့်သည်။
- အဖွဲ့နှင့် အမြင်သဘောထားမတူညီနေလျှင်ပင် အဖွဲ့နှင့်အတူပူးပေါင်းဆောင်ရွက်နိုင်ရမည်။
- အခြားသူများ၏ အကြံဉာဏ်များကို နားထောင်ပြီး အလုပ်တွင် ထည့်သွင်းနိုင်ရမည်။
- အကြံဉာဏ်သစ်များနှင့် ချဉ်းကပ်ပုံအသစ်များအတွက် လမ်းဖွင့်ထားရမည်။
- မိမိ၏ ဝန်ထမ်းများ၊လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရာတွင် ရိုးသားဖြောင့်မတ်မှုရှိရမည်။
- လုပ်နေသည့်အလုပ်များကို အောင်မြင်နေသည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ပါဝင်လုပ်ဆောင် သင့်သည်။
စီမံခန့်ခွဲသူများ၏ အရည်အချင်းများ
လူတိုင်းမှာ စီမံခန့်ခွဲပုံစံ မတူညီကြသည်။ ကိုယ်ရည်ကိုယ်သွေးကွာခြားချက်များအပေါ်မူတည်၍ အားသာသည့်အချက်များရှိသကဲ့သို့ အားနည်းသည့်အချက်များလည်းရှိနိုင်သည်။မန်နေဂျာကောင်း တဦးဖြစ်ရန် အကောင်းဆုံးနည်းလမ်းမှာ မိမိအားနည်းချက်များကို သိရှိထားပြီး တိုးတက်အောင် ပြုပြင်လုပ်ဆောင်ခြင်းပင် ဖြစ်သည်။
တိရစ္ဆာန်အမျိုးမျိုးနှင့်တူညီသည့် မန်နေဂျာများကို တွေ့ရနိုင်သည်။
ယုန်(Rabbit) – ပြဿနာ သို့မဟုတ် အုပ်စုအတွင်း တင်းမာမှုများ၊ ခက်ခဲသည့်အလုပ်များ ရှိလာသည် နှင့် အလျင်အမြန် ချက်ချင်း ထွက်ပြေးသွားတတ်သူ
ကြောင် (Cat) – “ဒီဟာ ငါ့အတွက်ခက်တယ်။ တစ်ယောက်ယောက် လုပ်ပေးလိုက်ပါ” ဆိုပြီး အမြဲတမ်း သူ့ကိုသနားမည့်သူကို ရှာဖွေနေတတ်သူ
မြွေ (Snake) – မြက်များအကြားပုန်းရှိုးနေတတ်ပြီး မမျှော်လင့်ပဲ တိုက်ခိုက်တတ်သည်။ လူအများက အန္တရာယ်မရှိလောက်ဟုထင်မြင်ယူဆနေချိန်တွင် ရုတ်တရက် ဒေါသကြီးတတ်သူ
ပုတ်သင်ညို (Chameleon) – အတူရှိသည့်သူနှင့်အတူ အရောင်လိုက်ပြောင်းတတ်သည်။အုပ်စုတခုနှင့် အတူရှိနေချိန်တွင် တမျိုးပြောပြီး နောက်အုပ်စုတစုနှင့်တွေ့လျှင် နောက်တမျိုးပြောတတ်သူ
ငှက်ကုလားအုပ် (Ostrich) – ခေါင်းကို သဲထဲထိုးဝှက်ထားတတ်သကဲ့သို့ ပြဿနာရှိသည်ကိုဝန်ခံရန် ငြင်းဆန်တတ်သူ
လိပ် (Tortoise) – မိမိ၏အကြံဉာဏ်၊ထင်မြင်ချက်များကို ထုတ်ဖော်ခြင်းမရှိတတ်ချေ။
ကြွက် (Mouse) – အလွန်ရှက်တတ်ပြီး ဘာကိုမှ မပြောနိုင်သူ။
ဒေါင်း (Peacock) – ဒေါင်းများကဲ့သို့ ဟန်ရေးပြနေပြီး မိမိမည်မျှတော်ကြောင်း၊တတ်ကြောင်းကို အများသူငှာသိရှိအောင် အာရုံစိုက်လာအောင် အမြဲကြိုးစားနေတတ်သူ။
ရေမြင်း (Rhinoceros) – နေရာတကာဝင်ပါပြီး အခြားသူများကို မလိုအပ်ပဲ စိတ်အနှောင့်အယှက် ပေးတတ်သူ
မျောက် (Monkey) – အမြဲတမ်းဟာသလုပ်နေပြီး အလုပ်ကို အလေးအနက်မထားတတ်သူ။
မြေခွေး (Fox) – မိမိကိုယ်ကျိုးကိုသာ အာရုံစိုက်ကြည့်တတ်ပြီး အခြားသူများကို ဒုက္ခရောက်စေသူ။
ဆင် (Elephant) – လမ်းပေါ်တွင်ပိတ်ထားတတ်ပြီး အဖွဲ့အစည်းသွားလိုသည့် ပန်းတိုင်ကို ရှေ့မဆက်နိုင်အောင် ခေါင်းမာစွာ ဟန့်တားပိတ်ဆို့ထားတတ်သူ။
ခြင်္သေ့ (Lion) – မိမိဖြစ်ချင်သည့်ပုံစံ၊ မိမိအစီအစဉ်ကို သဘောမတူသူတိုင်းအား လိုက်လံတိုက်ခိုက်တတ်သူ
မြည်း (Donkey) – အလွန်ခေါင်းမာပြီး မိမိအမြင်ကို မည်သည့်အခါမျှ မပြောင်းလဲတတ်သူ။
ဇီးကွက် (Owl) – အရာရာကို အလေးအနက်ထားဟန်၊ ဉာဏ်အမြော်အမြင်ကြီးသည့်ပုံဖြင့် စကားများများ၊ ရှုပ်ရှုပ်ထွေးထွေးပြောတတ်သူ။
သစ်ကုလားအုပ် (Giraffe) – အခြားသူများကို အထင်အမြင်သေးတတ်ပြီး အထက်စီးမှ ဆက်ဆံတတ်သူ
မန်နေဂျာတဦးအနေဖြင့် မည်သည့်တိရစ္ဆာန်မျိုး၏ အကျင့်စရိုက်မျိုးရှိနေသည်ကို ကိုယ့်ကိုယ်ကို ဆန်းစစ်လေ့လာနားလည်ပြီး ပြုပြင်ရန် ကြိုးစားသင့်သည်။
မန်နေဂျာများ စီမံခန့်ခွဲရသည့်ကိစ္စရပ်များ
- ငွေကြေး အရင်းအမြစ်များ (Financial resources)
- လူသား အရင်းအမြစ်များ (Human resources)
- ပစ္စည်း အရင်းအမြစ်များ (Material resources)
- မိမိစီမံကိန်း၊လုပ်ငန်း၏ လုပ်ဆောင်ချက်များ
ဝန်ထမ်းများကို စီမံခန့်ခွဲသည့်အခါ သတိပြုသင့်သည့် အချက်များ
ဝန်ထမ်းများသည် လစာလုံလောက်စွာရရှိပြီး ပျော်ရွှင်သည့်လုပ်ငန်းခွင်မျိုး တွင် အလုပ်ပိုမိုကောင်းစွာ လုပ်သည်ကို သတိပြုရမည်။ ထို့ကြောင့် မန်နေဂျာတဦးအနေဖြင့် ဝန်ထမ်းများအတွက် ကောင်းမွန် သည့်အခြေအနေမျိုးကို ဖန်တီးပေးနိုင်ရန် လိုအပ်ပါသည်။
ပထမဦးစွာ ဝန်ထမ်းများတွင် သင်လိုချင်သည့် အရည်အချင်းများကို စဉ်းစားပါ။
- လုပ်ငန်းအတွက် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ (Technically competent)
- အလုပ်ကြိုးစားသူ (Hard-working)
- စိတ်အားထက်သန်မှုရှိသူ – အဖွဲ့နှင့် လုပ်ငန်းများကို အောင်မြင်အောင်လုပ်ဆောင်ရန် စိတ်ပါဝင်စားသူ (Motivated)
- စမ်းသပ်လုပ်ဆောင်လိုစိတ်ရှိသူ (Initiative-taking)စီမံကိန်းနှင့် လုပ်ငန်းများ ပိုမို တိုးတက် ကောင်းမွန်စေရန်အတွက် အကြံဉာဏ်သစ်၊နည်းလမ်းသစ်များကို ကြံဆတွေးတောတတ်သူ
ဒုတိယအဆင့်အနေဖြင့် ဝန်ထမ်းများကို အထက်ဖော်ပြပါအခြေအနေမျိုးဖြစ်စေရန် –
- လုပ်ငန်းကျွမ်းကျင်စေရန် — သင်တန်းပေးခြင်းနှင့် လုပ်ငန်းလုပ်ဆောင်နိုင်ရန် ပံ့ပိုးကူညီပေးခြင်း
- ပျော်ရွှင်စေရန် — အလုပ်ကို နှစ်သက်ပြီး လုပ်ငန်းခွင်တွင်ပျော်ရွှင်အောင်ဖန်တီးပေးခြင်း
- ချီးကျူးအသိအမှတ်ပြုရန်— မိမိအလုပ်ကို တန်ဖိုးထားပြီး ဂုဏ်ယူအောင် အသိအမှတ်ပြုခြင်း
- တိုးတက်စေရန်(Improving) — အလုပ်တွင် မိမိ၏စွမ်းရည်နှင့် လုပ်ဆောင်နိုင်စွမ်း တိုးတက်နေကြောင်း ယုံကြည်လာစေခြင်း
- အောင်မြင်တိုးတက်နေရန် (Progressing) — အလုပ်၏ အကျိုးရလဒ် အပြောင်းအလဲ ကောင်းများကို တွေ့မြင်အောင် ကူညီပေးခြင်း
- အဖွဲ့၏အစိတ်အပိုင်းတခုအဖြစ် မြင်လာစေရန် — အဖွဲ့၏အပြောင်းအလဲတိုးတက်မှုများ ဖြစ်လာစေရန် တစိတ်တပိုင်းအနေဖြင့် ပါဝင်မှုကို ခံစားမြင်သာစေခြင်းတို့ကို လုပ်ဆောင်သင့် သည်။
မန်နေဂျာတဦး အနေဖြင့် –
- ချဉ်းကပ်နိုင်သူ (Approachable) — ဝန်ထမ်းများ စိုးရိမ်မှု/ပြဿနာတစုံတရာရှိပါက ချဉ်းကပ်နိုင်သူ
- တရားမျှတသူ (Fair) — ဝန်ထမ်းအားလုံးကို တန်းတူညီမျှ မျက်နှာမလိုက်ပဲ ဆက်ဆံနိုင်သူ
- ချီးမြှောက်သူ (Rewarding) — ဝန်ထမ်းများ၏ လုပ်ဆောင်ချက်ကောင်းများကို အသိအမှတ်ပြု ချီးမြှောက်ခြင်း
- စည်းကမ်းရှိသူ (Disciplinary) — စည်းကမ်းမလိုက်နာပါက တရားမျှတစွာ အရေးယူ ပေး နိုင်ခြင်း
- အောက်မှအထက် နားထောင်သူ (Bottom-up) — ဝန်ထမ်းများ၏ အကြံဉာဏ်များကို နားထောင်ခြင်း
- ထောက်ပံ့ပေးသူ (Supportive) — စိတ်ပိုင်းဆိုင်ရာ/နည်းပညာဆိုင်ရာ အကူအညီပေးနိုင်ခြင်း
- တသမတ်တည်းရှိသူ (Consistent) — လူကိုခင်၍မူကိုပြင်ခြင်းအပြုအမူမျိုးမရှိပဲ အားလုံးကို တသမတ်တည်း ဆက်ဆံခြင်း
- နားလည်မှုရှိသူ (Aware/Perceptive) — စီမံကိန်းအတွင်း ဖြစ်နိုင်သည့် ပြဿနာများကို ကြိုတင်မြင်နိုင်ပြီး ဖြေရှင်းပေးလိုစိတ်ရှိခြင်း
မန်နေဂျာများ ပြုလုပ်တတ်သည့် အမှားများ
- လူများကို စီမံခန့်ခွဲရာတွင် တိကျမှန်ကန်သည့် နည်းလမ်း တခုတည်းသာ ရှိသည်ဟု အထင်မှားခြင်း
- ဝန်ထမ်းများနှင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံပြောဆိုမှုမရှိခြင်း
- လစ်ဟာချက်များကို ဂရုမစိုက်ခြင်း
- တာဝန်ခွဲဝေမှု (delegation) မရှိခြင်း သို့မဟုတ် မလုံလောက်ခြင်း
- ဝန်ထမ်းများအား အလုပ်/လုပ်ဆောင်ရသည့်ရည်ရွယ်ချက် ကို အသိပေးရန် မေ့လျော့နေခြင်း
- စည်းကမ်းမလိုက်နာသည့်၊ အလုပ်မလုပ်သည့် ဝန်ထမ်းများကို အလုပ်ဖြုတ်ပစ်ရန် အချိန်ဆွဲ နေခြင်း
- လူသစ်ခန့်ရန် အချိန်အလုံအလောက်မယူခြင်း
- ဝန်ထမ်းများကို အဖွဲ့အတွက်တန်ဖိုးရှိကြောင်း အသိအမှတ်ပြုမပေးမိခြင်း
***************************************အပိုင်း – ၂ ပြီးပါပြီ။ ***************************************
ဃ) ရှေ့ကိုမျှော်ကြည့်ခြင်း Look forward
/in Uncategorized/by sandhi-mmမဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ်အတွက် နောက်ဆုံးဆန်းစစ်လေ့လာချက်လုပ်ငန်းစဉ်မှာ ရှေ့ရေးအတွက် ပြင်ဆင်စဉ်းစားခြင်းဖြစ်သည်။ ယင်းလုပ်ငန်းစဉ်တွင် ဖြစ်လာနိုင်မည့်အခြေအနေများကို ခန့်မှန်းတွက်ချက် ပြင်ဆင်ခြင်း (Scenario Planning)နှင့် အနာဂတ်အတွက်စဉ်းစားချက်များ (Possible considerations for future) တို့ကို လုပ်ဆောင်ကြသည်။
၁။ ဖြစ်လာနိုင်မည့်အခြေအနေများကို ခန့်မှန်းတွက်ချက်ပြင်ဆင်ခြင်း (Scenario planning)
ဤလုပ်ငန်းစဉ်သည် အနာဂတ် ဖြစ်နိုင်ခြေများကို စဉ်းစားတွက်ချက်ပြီး အဖွဲ့အတွက် အရေးကြီးသည့် အခြေ အနေတစ်ခုချင်းစီအတွက် သေချာစဉ်းစားသည်။ ယင်းသို့စဉ်းစားချက်များအပေါ် အခြေခံ၍ မဟာဗျူဟာများ ချမှတ်ပြီး မသေချာမှုများကို ကြိုတင်ခန့်မှန်းပြင်ဆင်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ ၎င်းလုပ်ငန်းစဉ်သည် မဟာ ဗျူဟာ ရေးဆွဲရာတွင် အသုံးပြုလေ့ရှိပြီး အနာဂတ်အတွက် တွေးတော စဉ်းစား စေနိုင်ရုံမျှမက ရလဒ် (အရေး ယူ လုပ်ဆောင်နိုင်သည့် မဟာဗျူဟာများ)ကိုပါ အလေးထားစဉ်းစားပေးသည်။ပထမဦးဆုံးအဆင့်တွင် စဉ်းစားရမည့်အတိုင်းအတာကို ချမှတ်ကြသည်။
အောက်ပါဇယားတွင် ဖော်ပြထားသည့် အချက်များဖြစ်သည့် အချိန်အတိုင်းအတာ၊ လုပ်ငန်းဆောင်ရွက်မည့်နေရာနှင့် လုပ်ငန်းအတိုင်းအတာများကို အခြေခံပြီး ခန့်မှန်းတွက်ချက်ပြင်ဆင်ကြမည်ဖြစ်သည်။
| ၁။ | အချိန်အတိုင်းအတာ |
| ၂။ | လုပ်ငန်းဆောင်ရွက်မည့်နေရာ |
| ၃။ | အဖွဲ့၏ ဦးတည်အုပ်စု လက်တွဲလုပ်ဆောင်မည့်သူများ |
| ၄။ | လုပ်ဆောင်မည့်လုပ်ငန်းများ |
သစ်ပင်ချစ်သူများအဖွဲ့ကို ဥပမာပေးပြီး စဉ်းစားကြည့်ကြမည်ဆိုလျှင် – အချိန်အတိုင်းအတာအနေဖြင့် မဟာ ဗျူဟာရေးဆွဲချမှတ်ကြရာတွင် ၃ နှစ် သို့မဟုတ် ၅ နှစ်အတွက် စဉ်းစားလေ့ရှိ ကြသည်။ ထို့ကြောင့် ရှေ့လာမည့် ၃ နှစ်အတွင်း သို့မဟုတ် ၅ နှစ်အတွင်းအခြေအနေကိုခန့်မှန်းကြသည်။ လုပ်ငန်းဆောင်ရွက်မည့်နေရာဆိုသည်မှာ မိမိလုပ်ငန်းလုပ်ဆောင်မည့် နေရာများကို ဆိုလိုသည်။ ဥပမာ မကွေးတိုင်းသစ်ပင်ချစ်သူများအဖွဲ့ဆိုလျှင် မကွေး တိုင်းအတွင်းအခြေအနေကို ခန့်မှန်းရန်လိုအပ်မည်။ အဖွဲ့၏ ဦးတည် အုပ်စုအနေဖြင့် မကွေးတိုင်းအတွင်းရှိ ပြည်သူလူထုဖြစ်ပြီးလက်တွဲလုပ်ဆောင်မည့်သူများမှာ ပျိုးဥယျာဉ်နှင့် မျိုးစေ့ရောင်းချသူများဖြစ်ကြသည်။ အဖွဲ့အနေဖြင့် အဓိကလုပ်ငန်းများမှာ သစ်ပင်များ ပြန်လည်စိုက်ပျိုးရန်နှင့် စိုက်ပျိုးလာအောင်စည်းရုံးလှုံ့ဆော် ပညာပေးခြင်းလုပ်ငန်းများဖြစ်သည်။

အဆင့် – ၁။ တွန်းအားများကို ဖော်ထုတ်ခြင်း။
- နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ နည်းပညာ၊ ဥပဒေပိုင်းနှင့် သဘာဝပတ်ဝန်းကျင် (PESTLE) ဆိုသည့်အပိုင်း ၆ ပိုင်းကို အခြေခံ၍ အဖွဲ့အတွက် အရေးအကြီး ဆုံးတွန်းအား၂ခုကို ရွေးချယ်ပြီး ဖြစ်လာနိုင်သည့် အခြေ အနေများကို စနစ်တကျတွက်ချက်သည်။
အဖွဲ့၏လုပ်ငန်း၊ လုပ်ဆောင်မည့်နေရာ၊ ဦးတည်အုပ်စုများအတွက် သတ်မှတ်အချိန်အတိုင်းအတာအတွက် အရေးပါသည့် အဓိကအချက်များကို စဉ်းစားပါ။

အဆင့် – ၂။ အရေးပါသည့် မရေရာမသေချာသည့် အချက်များကို ရွေးချယ်ခြင်း
အဆင့် – ၁ တွင်စဉ်းစားခဲ့သည့်အချက်များကို ပေးသည့်အမှတ်များအပေါ် အခြေခံ၍ အောက်ပါဇယားတွင် ထည့်ပါ။

ယခုဇယား၏ထူးခြားချက်မှာ အနီရောင်ပြထားသည့်ဇယားတွင်မှ ဖြစ်နိုင်ခြေအများဆုံးနှင့် အဖွဲ့အတွက် သက်ရောက်နိုင်မှုအများဆုံးအချက် ၂ ချက်ကိုသာရွေးချယ်ရသည်။
အဆင့် – ၃။ ဖြစ်လာနိုင်သည့် အခြေအနေများကို စဉ်းစားခြင်း
၁) အခြေအနေများကို စဉ်းစားရာတွင် အသေးစိတ်တွက်ချက်ပါ။ ၂) တဦးချင်း၊ ဦးတည်အုပ်စု၊ အဖွဲ့/လုပ်ငန်းခွင်နှင့်လူမှုအသိုင်းအဝန်းတခုလုံးအတွက် တွေ့ရနိုင်သည့် အခြေအနေအားလုံးကို စဉ်းစားပါ။

အဆင့် – ၄။ အဖွဲ့၏ ဖြစ်လာနိုင်ခြေများနှင့် လမ်းကြောင်းများကို အသေးစိတ် ဖော်ထုတ်စဉ်းစားခြင်း။
အခြေအနေတိုင်းက အဖွဲ့နှင့်မည်သို့ ဆက်စပ်ပတ်သက်မှုရှိပြီး မည်သည့်အကျိုးဆက်များကို ဖြစ်ထွန်းစေ နိုင်မည်၊ အဖွဲ့၏လမ်းကြောင်းများကို မည်သို့ပြောင်းလဲသွားစေနိုင်မည်ဆိုသည်ကို သေချာစွာစဉ်းစားပါ။

၂။ ရှေ့အနာဂတ်အတွက် စဉ်းစားချက်များ Possible considerations for the future
မဟာဗျူဟာရေးဆွဲသည့်လုပ်ငန်းစဉ်၏ ဆန်းစစ်မှုအပိုင်း၊ ရှေ့အနာဂတ်ကိုမှန်းမျှော်ကြည့်ခြင်း လုပ်ငန်းစဉ်၏ နောက်ဆုံးအဆင့်သည် မဟာဗျူဟာအတွက် ရှေ့အနာဂတ်အတွက်စဉ်းစားစရာများအားလုံးကို စဉ်းစားခြင်း ပင်ဖြစ်သည်။
အဆင့် – ၁ ရှေ့လုပ်ငန်းစဉ်များကို ရွေးချယ်ခြင်း
ဤအပိုင်းတွင် ပထမဦးစွာ လာမည့် ၃ နှစ်တွင် အဖွဲ့အနေဖြင့် လုပ်ဆောင်လိုသည့်လုပ်ငန်းများနှင့် လုပ်ဆောင်ရန် လိုအပ်သည့်/လုပ်ဆောင်လိုသည့် အပြောင်းအလဲများကို စဉ်းစားပါမည်။ လက်ရှိအခြေအနေကို ဆန်းစစ် သုံးသပ်ခြင်း (Look inside) ခေါင်းစဉ်အောက်မှ အဖွဲ့အစည်း၏လုပ်ငန်းများကို စုစည်းသုံးသပ်ခြင်းဇယားကို ပြန်လည်ကြည့်ရှုပါ။ ယင်းတို့ကို ကျင့်၍ ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများကို စဉ်းစားရန်ဖြစ်သည်။ အဖွဲ့ ၏ လုပ်ငန်း၊ဝန်ဆောင်မှုများအတွက် စဉ်းစားရာတွင် –
- အစပျိုး၊ ပျိုးထောင်သင့်သည့်လုပ်ငန်းအသစ်များ
- ယခင်ပုံစံမှ တဖြည်းဖြည်းပုံစံပြောင်းလုပ်ဆောင်ရမည့်လုပ်ငန်းများ
- အသစ်စတင်လုပ်ဆောင်သင့်သည့်လုပ်ငန်းများ
- ဆက်မလုပ်တော့ပဲ ရပ်တန့်သင့်သည့်လုပ်ငန်းများဟူ၍ အပိုင်း ၄ ပိုင်းပြန်ခွဲကြည့်နိုင်သည်။

အဖွဲ့အစည်း၏စီမံရေးရာနှင့် လုပ်ငန်းလည်ပတ်မှုနှင့်ပတ်သက်၍ စဉ်းစားရာတွင် –
- အဖွဲ့တွင် အရင်းအမြစ်များကို ထိရောက်စွာလုပ်ဆောင်နိုင်ရန် ငွေစာရင်းကို စီမံခန့်ခွဲတတ်ပြီး တာဝန် ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသည့် ဘဏ္ဍာရေးရာစီမံခန့်ခွဲမှုစနစ်ကောင်းများ ရှိပါသလား။
- အဖွဲ့၏လုပ်ငန်းများနှင့် ဝန်ဆောင်မှုများကို ကောင်းမွန်ထိရောက်စွာပံ့ပိုးလုပ်ဆောင်ပေးနိုင်သည့် စီမံအုပ်ချုပ်မှုစွမ်းရည်မျိုးရှိပါသလားဆိုသည်တို့ကို မေးခွန်းထုတ်ရန် လိုအပ်သည်။


ဦးစားပေးလုပ်ငန်းများကို ရွေးချယ်သည့်နည်းမှာ မိမိလုပ်ဆောင်လိုသည့် လုပ်ငန်းများအားလုံးကို အရေးပေါ်လုပ် ဆောင်ရန် လိုအပ်မှုအခြေအနေနှင့် အဖွဲ့အတွက်အရေးကြီးမှုအခြေအနေများအပေါ် ဆွေးနွေးပြီး အထက်ပါ ဇယားကွက်တွင် ထည့်သွင်းနိုင်ပါသည်။ ဦးစားပေးလုပ်ငန်းများကို ရွေးချယ်ရာတွင် –
၁) အရေးပေါ်၊ အရေးကြီးသည့်လုပ်ငန်းများကို ချက်ချင်း ၆ လအတွင်း လုပ်ဆောင်ရမည့်လုပ်ငန်းများအဖြစ် သတ်မှတ်နိုင်သည်။
၂) အရေးပေါ်၊အရေးမကြီးသည့်လုပ်ငန်းများကို လိုအပ်ချက်အပေါ်မူတည်၍ ၆လအတွင်း လုပ်ဆောင်သင့်မသင့် ဆွေးနွေးဆုံးဖြတ်ထည့်သွင်းသင့်သည်။
၃) အရေးမပေါ်၊အရေးကြီးသည့်လုပ်ငန်းများကို လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ အချိန်အလယ်အလတ် သို့မဟုတ် ရေရှည်အတွက်လုပ်ရန် စဉ်းစားသင့်သည်။
အဆင့် – ၂။ လာမည့် ၃ နှစ် သို့မဟုတ် ၅ နှစ်အတွင်း အဖွဲ့အစည်းဘယ်ကိုဆက်လက်ဦးတည်မည်လဲ။
မဟာဗျူဟာရေးဆွဲမည့် လာမည့် ၃ နှစ် သို့မဟုတ် ၅ နှစ်တာ အတွင်း အဖွဲ့မည်သည့်လမ်းကြောင်းကို ဦးတည် မည်ကို ဆက်လက်စဉ်းစားကြရပါမည်။
| အဖွဲ့အစည်းအနေနဲ့ နောက်လာမည့် ၁၀ နှစ်/နှစ် ၂၀ မှာ ဘယ်လိုအခြေအနေမျိုးရှိလိုပါသလဲ။ | ထိုအခြေအနေမျိုးဖြစ်နေစေဖို့လာမည့် ၃ နှစ် မှာ အဖွဲ့ကဘယ်ကိုရောက်နေရမလဲ။ |
| ကိုယ်ဦးတည်လုပ်ဆောင်ပေးချင်တဲ့သူများ (ဦးတည်အုပ်စု၊ ရပ်ရွာလူမှုအသိုင်းအဝန်း)ကို ကိုယ်(အဖွဲ့အနေဖြင့်)မြင်စေချင်တဲ့ပုံစံအဲလိုဖြစ်ဖို့အတွက် လူမှုအသိုင်းအဝန်းရဲ့ စနစ်(များ)၊ ပုံစံ(များ)က ဘယ်လိုပြောင်းလဲ နေရမလဲ။ အဖွဲ့အစည်းအနေဖြင့် မည်သည့်ပုံစံဖြင့် ထိုအခြေအနေမျိုးဖြစ်အောင် ဘယ်လို လုပ်ဆောင်ပေးနိုင်မလဲ။ (အခြားအဖွဲ့များနှင့် မတူထူးခြားသည့်ပုံစံ – unique, critical role of your organization in realizing that future?)အဖွဲ့၏(အခြားအဖွဲ့များနှင့်မတူသည့်) သီးခြားဝိသေသလက္ခဏာဘာတွေရှိလဲ။ | ယင်းအနာဂတ်အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့ လာမည့် ၃ နှစ်မှာအဖွဲ့အနေနဲ့ ဘာတွေလုပ်ဆောင်ကြရမလဲ။ ဘာတွေလုပ်မလဲ။ဘယ်လိုအပြောင်းအလဲတွေကို ဖြစ်အောင်လုပ်မလဲ။အဖွဲ့အနေနဲ့ အဲဒီလမ်းကြောင်းပေါ်ရောက်အောင် ဘာတွေလိုအပ်မလဲ။ |
အဆင့် – ၃ မဟာဗျူဟာပန်းတိုင်ချမှတ်ခြင်း
မဟာဗျူဟာပန်းတိုင်ရည်မှန်းချက်ပန်းတိုင်များ မချမှတ်မီ အထက်ပါမေးခွန်းများကို ရှေးဦးစွာဖြေဆိုကြည့်ပါ။
- မည်သည့်ကိစ္စရပ်များကို ချက်ချင်းကိုင်တွယ်ဖြေရှင်းရန် လိုအပ်မည်နည်း? မည်သည့်ကိစ္စရပ်များကို ကိုင်တွယ်ရန် အချိန်အကန့်အသတ်များရှိသနည်း။ ချက်ချင်းလုပ်ရန်နှင့် ရေရှည်(သို့မဟုတ်) အချိန် အနည်းငယ်ယူလုပ်ဆောင်ရန်လိုသနည်း။
- မည်သည့်လုပ်ငန်းများက ငွေကြေးကုန်ကျမှု/အချိန်/လူအင်အားများစွာကုန်မည်ဖြစ်ပြီး မည်သည့် လုပ်ငန်းများက အနည်းဆုံးဖြစ်နိုင်မည်နည်း။
- အချို့လုပ်ငန်းများလုပ်ဆောင်ပြီးစီးနိုင်မှ အချို့ပန်းတိုင်နှင့် လုပ်ငန်းများကို လုပ်ဆောင်နိုင်မည့် ကိစ္စမျိုးရောရှိပါသလား? ဥပမာ – ငွေကြေးရရှိအောင်ရှာဖွေနိုင်ပြီးမှ အချို့လိုအပ်နေသည့် ဝန်ထမ်းများနှင့် အဖွဲ့အတွက် အရေးကြီးသည့်အစိတ်အပိုင်းများပြောင်းလဲနိုင်ခြင်း/ခန့်အပ်နိုင်ခြင်းမျိုး)
ပန်းတိုင်တိုင်းတွင် စိန်ခေါ်မှု၊ အခက်အခဲများရှိနိုင်ပါလိမ့်မည်။ မည်သည့်စိန်ခေါ်ချက်များက လွယ်ကူပြီး မည်သည်တို့က ကျော်လွှားနိုင်ရန် ပို၍ ခက်ခဲနိုင်ပါသလဲ။
| အချိန်အတိုင်းအတာ | လုပ်ငန်းများ | လိုအပ်မည့်အရင်းအမြစ်များအချိန်၊ငွေ၊ လုပ်အား၊အခြား | တွေ့ရနိုင်သည့် အခက်အခဲများ |
| ချက်ချင်း ( ၆ လအတွင်း) | |||
| အလယ်အလတ် (၁၈လအအတွင်း) | |||
| ရေရှည် (၁၈ လအထက်) | |||
ရည်မှန်းချက်ပန်းတိုင်များကို ချမှတ်ရာတွင် SMART ဆိုသည့် အချက် ၅ ချက်ကို ထည့်သွင်းစဉ်းစားရမည်။
၁. တိတိကျကျရှိရမည်။ (Specific)
၂. တိုင်းတာ၍ ရရမည်။ (Measurable)
၃. လုပ်ဆောင်အောင်မြင်နိုင်ရမည်။ (Attainable)
၄. လက်တွေ့ကျရမည်။ (Realistic)
၅. ချမှတ်ထားသည့်အချိန်အတိုင်းအတာအတွင်း ပြီးစီးနိုင်ရမည်။(Timely, timebound)
အဆင့် – ၄ စီစဉ်ထားသလိုဖြစ်မလာခဲ့ရင် ဘယ်လိုပြောင်းလဲလုပ်ဆောင်ကြမလဲ?
မဟာဗျူဟာချမှတ်ရာတွင် မိမိတို့မမျှော်လင့်ထားသည့်အခြေအနေမျိုးအတွက် Plan – B လည်း ထားရှိရန် လိုအပ်သည်။ ယင်းအချက်များကို စိုးရိမ်ချက်များ/ဖြစ်လာနိုင်သည့် ပြဿနာ၊အန္တရာယ်များကို ဆန်းစစ် လေ့လာ ချက် (risks analysis) နှင့် ဖြစ်လာနိုင်မည့်အခြေအနေ ဆန်းစစ်ချက် (Scenario planning) တို့မှ သိရှိနိုင်သည်။ မည်သည့်အခြေအနေမျိုးဖြစ်လာခဲ့လျှင်/စီစဉ်ချမှတ်ထားသည့်အတိုင်း ဖြစ်မလာခဲ့လျှင် ချမှတ်ထားသည့် မဟာ ဗျူဟာကို ပြန်လည်သုံးသပ်မည်နည်း။ အချို့ကိစ္စများအတွက်မူ အရေးပေါ် အစီအစဉ် (contingency plan) ပြင်ဆင်ထားရှိရန် လိုအပ်သည်။
ဥပမာ –
ငွေကြေးပိုင်းဆိုင်ရာအခက်အခဲများ —> အခြားငွေကြေးရန်ပုံငွေရနိုင်မည့် နည်းလမ်းများပြင်ဆင်ခြင်း
ခေါင်းဆောင်ပိုင်းအပြောင်းအလဲများ —> လုပ်ငန်းတာဝန်များခွဲဝေယူခြင်း (collective leadership)ဤအပိုင်းတွင် ဆန်းစစ်လေ့လာမှုအပိုင်းပြီးဆုံးပြီဖြစ်ပြီး မဟာဗျူဟာများကို ဆက်လက်ရေးဆွဲရန် အဆင်သင့်ဖြစ်ပြီဖြစ်သည်။
ဆန်းစစ်လေ့လာချက်များအားလုံးပြီးစီးပြီဖြစ်၍ မဟာဗျူဟာတွင်ထည့်သွင်းရန်အတွက် အချက်အလက်များအားလုံးအဆင်သင့်ဖြစ်ပါပြီ။
Post Formats is a theme feature introduced with Version 3.1. Post Formats can be used by a theme to customize its presentation of a post./in Uncategorized/by sandhi-mm
Lorem ipsum dolor sit amet, consectetuer adipiscing elit. Aenean commodo ligula eget dolor. Aenean massa. Cum sociis natoque penatibus et magnis dis parturient montes, nascetur ridiculus mus – more on WordPress.org: Post Formats
A Post without Image
/in Uncategorized/by sandhi-mmUt enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat.
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.






















