စီမံချက်အကောင်အထည်ဖော်ခြင်းနှင့်ကြပ်မတ်စစ်ဆေးခြင်းနှင့် အရည်အသွေးထိန်းချုပ်ခြင်း 

စီမံချက်ဒီဇိုင်းရေးဆွဲခြင်း၏နောက်ဆုံးအပိုင်းမှာ စီမံချက်တခုအကောင်အထည်ဖော်သည့်အခါ မည်သို့ကြပ်မတ်လုပ်ဆောင်မည်နှင့် စီမံချက်အောင်မြင်မှုကို မည်သို့တိုင်းတာပြမည်ဆိုသည့်အပိုင်းပင်ဖြစ်သည်။ ကျိုးကြောင်းဆက်စပ်မှုမူဘောင်တွင် စီမံချက်ဒီဇိုင်းရေးဆွဲရာ၌ ပြဿနာကို စတင်စဉ်းစား၍ ယင်းပြဿနာကိုကိုင်တွယ်ဖြေရှင်းလိုက်ခြင်းဖြင့် အဆုံးသတ်တွင် မြင်လိုသည့် လူ့ဘောင်အသိုင်းအဝိုင်း၊ ဦးတည်အုပ်စုတခုလုံးအတွက် ကြီးမားသည့်အပြောင်း အလဲရလဒ် (Impact)ကို ပုံဖော်ကြည့်ကြသည်။ ယင်းရလဒ်ကိုရရှိစေရန် ဦးတည်အုပ်စုများတွင် မည်သို့သော အတွေးအခေါ်၊ အယူအဆ၊ အမူအကျင့်၊ ယဉ်ကျေးမှုအပြောင်းအလဲများ (Outcome) ရှိရန် လိုအပ်မည်ကို စဉ်းစားရသည်။ ယင်းအပြောင်းအလဲများဖြစ်ထွန်းစေရန် လိုအပ်သည့် နည်းပညာ၊ ကျွမ်းကျင်မှု၊အခြေအနေများ (output) အတွက် မည်သို့လုပ်ဆောင် မည်၊ မည်သည့်သင်တန်း၊အခြေအနေ၊ပစ္စည်းကိရိယာများလိုအပ်မည်ကို စဉ်းစားစီစဉ် ဒီဇိုင်းရေးဆွဲကြရသည်။ 

စီမံချက်လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် မည်သို့စီမံခန့်ခွဲမည်၊ ကြပ်မတ်ကွပ်ကဲ လုပ်ဆောင်မည်ကို စဉ်းစားရာတွင်မူ လုပ်ဆောင်မည့်လုပ်ငန်းများအတွက် လိုအပ်သည့်သွင်းအားစုမှစ၍ စဉ်းစားကြရသည်။

ကြပ်မတ်ကွပ်ကဲခြင်း 

ကြပ်မတ်ကွပ်ကဲခြင်း (Monitoring) စီမံကိန်းကို ထိရောက်စွာ စီမံခန့်ခွဲရန်အတွက် စီမံချက်တွင် လျာထားသည့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် လုပ်ဆောင်ချက်များ၏ တိုးတက်မှုအခြေအနေကို ကြပ်မတ်ကွပ်ကဲစစ်ဆေးသည့်လုပ်ငန်းစဉ်ပင်ဖြစ်သည်။

စီမံကိန်းအကောင်အထည်ဖော်မှုကို လစဉ်၊ နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ် စသဖြင့် ကြပ်မတ်ကွပ်ကဲ စစ်ဆေးကြသည်။

မည်သည်တို့ကို ကြပ်မတ်ကွပ်ကဲကြည့်ရှုတတ်ကြပါသနည်း။

၁။ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု (Management/Administration)

က။ ဝန်ထမ်းများ/လူအင်အား

ခ။ ယာဉ်ယန္တရားများ

ဂ။ ထောက်ပံ့ရေးပစ္စည်းများ

၂။ ဘဏ္ဍာရေး (Finance)

က။ စီမံကိန်း အသုံးစရိတ်နှင့် အမှန်တကယ် သုံးစွဲမှု (Budget and Expenditure)

ခ။ ဝန်ထမ်းလစာများ

ဂ။ ငွေကြေးစီးဆင်းမှု ဆန်းစစ်ချက် (Cash flow analysis)

၃။ စီမံကိန်း လုပ်ဆောင်ချက်များ (Project activities)

က။ စီမံကိန်း၏ အရင်းအမြစ်များ (Inputs) – အသုံးစရိတ်၊ ကိရိယာတန်ဆာပလာများ၊ လိုအပ်သောဝန်ထမ်းများ

ခ။ လုပ်ဆောင်ချက်များ၏ ရလဒ်များ – စီမံကိန်း၏ အကျိုးရလဒ်များ (Outputs/Outcomes/Impact) – (ညွှန်းကိန်းများကို အသုံးပြု၍ တိုင်းတာရန်)

ဂ။ စီမံကိန်းကို စီမံခန့်ခွဲသည့် ပုံစံ

ဃ။ အခြေအနေ သို့မဟုတ် ပတ်ဝန်းကျင် အကြောင်းအရာ – စီမံချက်လုပ်ဆောင်ရသည့် မူဝါဒဆိုင်ရာ ပတ်ဝန်းကျင်နှင့် နိုင်ငံရေး အခြေအနေများ

ပြန်လည်သုံးသပ်ခြင်း 

ပြန်လည်သုံးသပ်ခြင်း (Evaluation) ဆိုသည်မှာ အချိန်ကာလတခုအတွင်းတွင် လုပ်ငန်းတစ်ခု၏ အကျိုးသက်ရောက်မှုနှင့် သတ်မှတ်ထားသော ရလဒ်များ မည်မျှအထိ အောင်မြင်ပြီးမြောက်သည်ကို ဆန်းစစ်လေ့လာသုံးသပ်ခြင်း ဖြစ်သည်။ ကြပ်မတ်ကွပ်ကဲရန်နှင့် ပြန်လည်သုံးသပ်ရန်အတွက် – 

  • တိုင်းတာနိုင်သော ရှင်းလင်းသည့် ရည်မှန်းချက်များ (Outputs, Outcomes, Impact)
  • အဓိက ညွှန်းကိန်းများ (Key indicators)
  • လုပ်ငန်းကြောင့် အပြောင်းအလဲတစုံတရာ ရှိမရှိကို သိရှိနိုင်ရန် အသုံးပြုမည့် ညွှန်းကိန်းဆိုင်ရာ အချက်အလက်များ။ (ဤအချက်အလက်များကို အခြေခံအချက်အလက် လေ့လာမှု (Baseline study) မှသော်လည်းကောင်း၊ စောင့်ကြည့်စစ်ဆေးမှုစနစ်မှတစ်ဆင့် အချိန်နှင့်အမျှ စုဆောင်းထားသော အချက်အလက်များမှသော်လည်းကောင်း ရရှိနိုင်ပါသည်။)

ညွှန်းကိန်း (Indicator) ဆိုသည်မှာ

“ညွှန်းကိန်း” ဆိုသည်မှာ တိုင်းတာသည့်ယူနစ်များ ဖြစ်ကြသည်။ ၎င်းတို့ကို စီမံကိန်း ရေးဆွဲရာတွင် ရည်မှန်းချက်များ၏ အောင်မြင်မှုကို သတ်မှတ်ရန်နှင့် စီမံကိန်းတွင် လျာထားသော အဆင့်ဆင့်သော ရလဒ်များ၏ အောင်မြင်မှုကို တိုင်းတာရန် အသုံးပြုသည်။ ၎င်းတို့သည် စီမံကိန်းကြောင့် ဖြစ်ပေါ်လာ သော တိုးတက်မှု သို့မဟုတ် ပြောင်းလဲမှုများကို သက်သေထူပေးနိုင်သည်။

ညွှန်းကိန်းများသည် တိုင်းတာသည့် စနစ်များပင် ဖြစ်သည်၊ ညွှန်းကိန်းများကို ရေးဆွဲရာတွင် –

ကျင့်ဝတ်နှင့် ညီညွတ်မှုရှိရန် (Ethical

အချို့ညွှန်းကိန်းများချမှတ်ရာတွင် ကျင့်ဝတ်များနှင့် မညီညွတ်သည်များဖြစ်တတ်သည်။ ဥပမာ – ရပ်ရွာတခုတွင် HIV/AIDS ရောဂါကြောင့် ART ဆေးသောက်သုံးနေရသူများရှိသည့် အိမ်ထောင်စုများ အား စားဝတ်နေရေးထောက်ပံ့ပေးမှုကြောင့် အဆင်ပြေချောင်လည်လာသည့် အရေအတွက်  

ယင်းညွှန်းကိန်းတွင် ရပ်ရွာတခုတွင် မည်သည့်အိမ်ထောင်စုများ၌ ဆေးသောက်နေရသူများရှိသည်ဟု အလွယ်တကူခန့်မှန်း၍ရနိုင်ပြီး အမြင်မကျယ်သူများ၏ ခွဲခြားဆက်ဆံခံရနိုင်သည့်အခြေအနေမျိုးကို ဖြစ်စေနိုင်သည့်အတွက် ကျင့်ဝတ်နှင့်မညီဟုသတ်မှတ်နိုင်သည်။ 

လက်တွေ့ကျရန် (Practical)

စီမံချက်တွင် ထည့်သွင်း ထားသည့် ကုန်ကျစရိတ်နှင့် အချိန်အတိုင်းအတာအတွင်း လိုအပ်သည့် အချက်အလက်များကို အမှန်တကယ် ကောက်ယူနိုင်ရန်လိုအပ်သည်။ ငွေကြေး၊ ဝန်ထမ်းနှင့် နည်းပညာ အလုံအလောက်ရှိရန်လည်း လိုအပ်မည်။

ဥပမာ – “တစ်နိုင်ငံလုံးရှိ မိသားစုအားလုံး၏ တစ်နှစ်စာဝင်ငွေ” ကို လိုက်လံတိုင်းတာမည့်အစား (၎င်းသည် အလွန်ကုန်ကျစရိတ်များသဖြင့်) လက်တွေ့ကျသော ညွှန်းကိန်းဖြစ်သည့် “စိုက်ပျိုး ရေးလုပ်ကိုင်သော မိသားစုများ၏ ပျမ်းမျှသီးနှံထွက်နှုန်း” ကို တိုင်းတာခြင်းမျိုး ဖြစ်သည်။

သီးခြားလွတ်လပ်မှုရှိရန် (Independent)

ညွှန်းကိန်းသည် လုပ်ဆောင်ချက် (Activity) အပေါ်တွင်သာ အခြေမခံဘဲ ထွက်ပေါ်လာသော “ရလဒ်” သို့မဟုတ် “ပြောင်းလဲမှု” ကို တိုင်းတာနိုင်ရမည်။

ဥပမာ – “သင်တန်းအကြိမ်ရေ မည်မျှပေးခဲ့သည်” ဆိုသည့်တိုင်းတာမှုမျိုးထက်  “သင်တန်း တက် ရောက်ပြီးနောက် ဝန်ထမ်းများ၏ ကျွမ်းကျင်မှု တိုးတက်လာသည့် ရာခိုင်နှုန်း” ကို တိုင်းတာ ခြင်းမျိုး ဖြစ်သည်။

တိုင်းတာ၍ရရန် (Measurable)

ညွှန်းကိန်းသည် တိကျပြီး ဝေဝါးမှုမရှိရပါ။ မည်သူတိုင်းတာသည်ဖြစ်စေ တူညီသော ရလဒ် ထွက်ပေါ်ရမည်။ ကိန်းဂဏန်း၊ ရာခိုင်နှုန်း သို့မဟုတ် ရှင်းလင်းသော အတိုင်းအတာတစ်ခုဖြင့် ဖော်ပြနိုင်သလား။

ဥပမာ – “ကျန်းမာရေး ပိုမိုကောင်းမွန်လာခြင်း” ဆိုသည့်ညွှန်းကိန်းမျိုးသည် မည်သို့သော အခြေအနေကို ဆိုလိုသည်ကို အဓိပ္ပါယ်မျိုးစုံဖွင့်နိုင်ပေမည်။​ယင်းညွှန်းကိန်းမျိုးအစား “အသက် ၅ နှစ်အောက် ကလေး ငယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု ၂၀ ရာခိုင်နှုန်း လျော့ကျလာခြင်း” ဟုဆိုလျှင် မည်သူ မဆိုအလွယ်တကူ တိုင်းတာသိရှိနိုင်သည်။

တိကျသော ရည်မှန်းချက်ရှိရန် (Targeted) လိုအပ်သည်။

မည်သူ့ကို၊ မည်သည့်နေရာတွင်၊ မည်မျှအထိ ပြောင်းလဲစေမည်နည်း ဆိုသည်ကို အတိအကျ ဖော်ပြ ရပါမည်။ ဦးတည်အုပ်စု၊ စီမံချက်နေရာနှင့် အချိန်ကာလမျိုးထည့်သွင်းရေးဆွဲခြင်းမျိုးကို ဆိုလိုသည်။ ဥပမာ – “သန့်ရှင်းသောသောက်သုံးရေ သုံးစွဲနိုင်သူဦးရေ ပိုမိုများလာစေရန်” ဆိုသည့်ညွှန်းကိန်းမျိုး အစား “လှိုင်သာယာမြို့နယ် ရပ်ကွက် (၁) အရှေ့ပိုင်းရှိ အိမ်ထောင်စုပေါင်း ၅၀၀ သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် သန့်ရှင်းသည့်သောက်သုံးရေများအသုံးပြုနိုင်စေရန်” ဟု သတ်မှတ်ခြင်းမျိုး ဖြစ်သည်။

အနှစ်ချုပ် ဖော်ပြချက်

အချက်အလက်အဓိက မေးခွန်းရည်ရွယ်ချက်
လက်တွေ့ကျခြင်းတကယ်တိုင်းတာ၍ရနိုင်ပါသလားဖြစ်နိုင်ခြေရှိမှု (Feasibility)
သီးခြားလွတ်လပ်မှုရှိခြင်းရလဒ်ကို တိုင်းတာတာ သေချာပါသလားဘက်လိုက်မှုကင်းခြင်း (Objectivity)
တိုင်းတာ၍ရခြင်းကိန်းဂဏန်းနဲ့ တိတိကျကျ ပြနိုင်ပါသလားတိကျမှုရှိခြင်း (Precision)
တိကျသော ရည်မှန်းချက်ဘယ်သူ့ကို၊ ဘယ်နေရာမှာ၊ ဘယ်တော့လဲသတ်မှတ်ချက် တိကျခြင်း (Specificity)

ညွှန်းကိန်းများသည် –

  • စီမံကိန်း၏ ထွက်ပေါ်လာသော ရလဒ် (Output)
  • အကျိုးသက်ရောက်မှု (Outcome/Effect) သို့မဟုတ်
  • ရေရှည်အကျိုးကျေးဇူး (Impact)တို့ကို တိုင်းတာနိုင်ရမည်

ထွက်ပေါ်လာသော ရလဒ်များ (Outputs) ဆိုသည်မှာ စီမံကိန်း၏ အရင်းအမြစ်များကို အသုံးပြု၍ လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ခြင်းကြောင့် စီမံကိန်းအဆင့်တွင် ရရှိလာသော ရလဒ်များဖြစ်သည်။ ၎င်းတို့ကို အပိုင်း (၃) ပိုင်း ခွဲခြားနိုင်သည် – လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာရလဒ်၊ ဝန်ဆောင်မှုဆိုင်ရာရလဒ်နှင့် ဝန်ဆောင်မှုအသုံးပြုမှုဆိုင်ရာရလဒ်။

  • လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာရလဒ် (Functional outputs): အဓိကနယ်ပယ် (၆) ခုဖြစ်သော မူဝါဒ၊ သင်တန်းပေးခြင်း၊ စီမံခန့်ခွဲမှု၊ ပစ္စည်းနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ သုတေသနနှင့် အကဲဖြတ် ခြင်း၊ နှင့် အသိပညာပေး ဆက်သွယ်ပြောဆိုခြင်း (IEC) တို့မှ တိုက်ရိုက်ထွက်ပေါ်လာသော ရလဒ် များဖြစ်သည်။ ဥပမာ – လွန်ခဲ့သော ၁၂ လအတွင်း သင်တန်းပေးခဲ့သူများမှ သင်တန်းပါ စွမ်းရည် များကို လက်တွေ့အသုံးချနေသူအရေအတွက်၊ လွန်ခဲ့သော သုံးလပတ်အတွင်း ရေဒီယိုမှတစ်ဆင့် ထုတ်လွှင့်ခဲ့သော IEC သတင်းစကားများနှင့်ပတ်သက်၍ ရရှိသည့်တုံ့ပြန်မှုအရေအတွက် စသည်တို့ဖြစ်သည်။
  • ဝန်ဆောင်မှုဆိုင်ရာရလဒ် (Service outputs): ဝန်ဆောင်မှုပေးသည့်စနစ် တိုးတက် ကောင်းမွန် စေရန် ရည်ရွယ်သည့် လုပ်ဆောင်ချက်များမှ ရလဒ်များဖြစ်သည်။ ၎င်းတို့ကို ဝန်ဆောင်မှု၏ အရည် အသွေး၊ လက်လှမ်းမီမှု၊ စီမံကိန်း၏ ပုံရိပ်နှင့် လက်ခံနိုင်မှုတို့ဖြင့် တိုင်းတာသည်။
  • ဝန်ဆောင်မှုအသုံးပြုမှုဆိုင်ရာရလဒ် (Service utilization): အလားအလာရှိသော အသုံးပြုသူ များအတွက် ဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီစေခြင်းနှင့် စိတ်ကျေနပ်မှုရရှိစေခြင်း၏ ရလဒ် ဖြစ်သည်။ ဤရလဒ်ကို ယေဘုယျအားဖြင့် စီမံကိန်းလုပ်ဆောင်နေစဉ်ကာလအတွင်းတွင်  တိုင်းတာနိုင်သည်။

ညွှန်းကိန်းနမူနာများ 

သတ်မှတ်ထားသော နယ်မြေများတွင် HIV/AIDS အသိပညာများကို အချင်းချင်းပြန်လည်သင်ကြား ပေးနိုင်မည့်သူ (Peer Educators) များကို လေ့ကျင့်ပေးရန်။

  • သတ်မှတ်နယ်မြေအသီးသီးရှိ လေ့ကျင့်ပေးပြီးအချင်းချင်းပြန်လည်သင်ကြားပေးနေသည့်သူ အရေအတွက်
  • သတ်မှတ်နယ်မြေအသီးသီးရှိ အချင်းချင်းပြန်လည်သင်ကြားပေးနေသူများမှတစ်ဆင့် ပြန်လည် အသိပညာပေးနိုင်သည့်သူအရေအတွက်။
  • အချင်းချင်းပြန်လည်သင်ကြားပေးသူများ ဦးဆောင်ပြုလုပ်သော HIV/AIDS အသိပညာ ပေး လှုပ်ရှားမှုအရေအတွက်။

သတ်မှတ်အရေအတွက်/တိုင်းတာနိုင်သည့်နည်းလမ်းများ (Means of Verifcation)

  • စီမံကိန်းကာလအတွင်း တက်ကြွစွာ အချင်းချင်းပြန်လည်သင်ကြားပေးသူဦးရေ အနည်းဆုံး ၅၀ ဦးကို လေ့ကျင့်သင်ကြားပေးခြင်း (မှတ်တမ်း – သင်တန်း follow up မှတ်တမ်း)
  • အချင်းချင်းပြန်လည်သင်ကြားပေးသူများ တစ်ဆင့် အနည်းဆုံး လူ ၅၀၀ ကို ပြန်လည် လေ့ကျင့်ပေးရန်။ (မှတ်တမ်း အချင်းချင်းပြန်လည်သင်ကြားပေးသူများ၏ လုပ်ငန်းမှတ်တမ်း၊ သင်တန်းမှတ်တမ်းများ)
  • အချင်းချင်းပြန်လည်သင်ကြားပေးသူများ ဦးဆောင်၍ အနည်းဆုံး အသိပညာပေးလုပ်ငန်း ၂ ခု ပြုလုပ်ရန်။ (မှတ်တမ်း – လစဉ်အစီရင်ခံစာ၊ လုပ်ငန်းမှတ်တမ်းများ)

စီမံကိန်း၏ အကျိုးသက်ရောက်မှု (Outcome/Effect) သို့မဟုတ် ရေရှည်အကျိုးကျေးဇူး (Impact) ဆိုသည်မှာ စီမံကိန်းလုပ်ဆောင်ချက်များနှင့် ရလဒ်များကြောင့် လူထုအဆင့်တွင် ဖြစ်ပေါ် လာရန် မျှော်မှန်းထား သည့် အကျိုးသက်ရောက်မှုနှင့် ရေရှည်ရလဒ်များဖြစ်သည်။

  • အကျိုးသက်ရောက်မှု (Outcomes/Effects): စီမံကိန်းလုပ်ဆောင်ချက်များကြောင့် ကာလ အတန်ကြာတွင် မြင်ရသည့်ရလဒ်များဖြစ်သည်။ ဤရလဒ်များသည် ပစ်မှတ်ထားသော လူဦးရေ၏ အသိပညာ၊ သဘောထား၊ ကျွမ်းကျင်မှု၊ ရည်ရွယ်ချက်နှင့် အလေ့အထ (သို့မဟုတ်) အပြုအမူပိုင်း ဆိုင်ရာ ပြောင်းလဲမှုများကို ပြသသည်။
  • ရေရှည်အကျိုးကျေးဇူး (Impacts): ကြားဖြတ်ရလဒ်များမှတစ်ဆင့်သာ ဖြစ်ပေါ်လာနိုင်သော လူထုအဆင့်ရှိ ရေရှည်ရလဒ်များ ဖြစ်သည်။ ရေရှည်ရလဒ် (Impact) ကို ယေဘုယျအားဖြင့် ၅ နှစ်မှ ၁၀ နှစ်အတွင်း ရရှိလေ့ရှိသည်။

တိုင်းတာမှု အဆင့်ဆင့် (Levels of Measurement)

ထွက်ပေါ်လာသော ရလဒ်များ (Outputs) ကို များသောအားဖြင့် ဝန်ဆောင်မှုဆိုင်ရာ ကိန်းဂဏန်းများ၊ အသုံးပြုသူမှတ်တမ်းများ၊ အုပ်ချုပ်မှုမှတ်တမ်းများ၊ ပစ္စည်းတင်ပို့မှု၊ အရောင်းမှတ်တမ်းများနှင့် ဝန်ဆောင်မှုပေးသည့်နေရာမှ ရရှိသော အချက်အလက်များ (ဥပမာ – ဝန်ဆောင်မှုပေးသူအား စစ်တမ်းကောက်ခြင်း၊ ဝန်ဆောင်မှုပေးသူနှင့် အသုံးပြုသူ ဆက်ဆံပုံကို လေ့လာခြင်း) တို့ဖြင့် တိုင်းတာသည်။

အကျိုးသက်ရောက်မှု (Effect) နှင့် ရေရှည်အကျိုးကျေးဇူး (Impact) တို့ကို များသောအားဖြင့် လူထုအခြေပြု ဇီဝဗေဒဆိုင်ရာနှင့် အပြုအမူဆိုင်ရာ အချက်အလက်များဖြင့် တိုင်းတာသည်။ လူထုအခြေပြု အချက်အလက်ဆိုသည်မှာ စီမံကိန်းနယ်မြေအတွင်းရှိ ပစ်မှတ်လူဦးရေထံမှ စစ်တမ်းကောက်ယူ ရရှိသော အချက်အလက်များကို ဆိုလိုသည်။ ဤအချက်အလက်များကို များသောအားဖြင့် သန်းခေါင်စာရင်းနှင့် ကျန်းမာရေးစစ်တမ်း (DHS)၊ အပြုအမူဆိုင်ရာ စောင့်ကြည့်စစ်တမ်း (BSS) ကဲ့သို့သော စစ်တမ်းများမှတစ်ဆင့် စုဆောင်းရယူသည်။ ဇီဝဗေဒဆိုင်ရာ အချက်အလက်များကိုမူ စနစ်တကျ စောင့်ကြည့်စစ်ဆေးသည့် စနစ်များ (Sentinel surveillance systems) မှတစ်ဆင့် စုဆောင်းလေ့ရှိသည်။

 တိုင်းတာနိုင်သည့် ညွှန်းကိန်းများ ဟုတ်/မဟုတ်ဟုတ်မဟုတ်
သေဆုံးမှုနှုန်း  
ကျန်းမာရေးပညာပေးစာစောင်များ  
ကာလသားရောဂါကုသပေးနေသည့် ဆေးခန်းများသို့ လာရောက်သည့် လူနာအရေအတွက်   
စီမံချက်မှ ဥပဒေအကျိုးဆောင်များ၏ ပံ့ပိုးကူညီမှုကို ကျေနပ်သဘောကျသည့် အမှုသည်အရေအတွက် ၂၀ ရာခိုင်နှုန်း  တိုးတက်လာခြင်း  
သင်တန်းရရှိခဲ့သည့် ရပ်ရွာအခြေပြုကျန်းမာရေးလုပ်သားဦးရေ၏ အနည်းဆုံး ၅၀% က ရပ်ရွာ၏ကျန်းမာရေးကိစ္စရပ်များတွင် ကူညီလုပ်ဆောင်ပေးနေခြင်း  
ကွန်ပြူတာသင်တန်းတက်ရောက်ခဲ့သည့်ဝန်ထမ်းဦးရေ၏ အနည်းဆုံး ၇၀% က လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနေခြင်း   
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူများအား နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း