စီမံချက်ရည်မှန်းချက်များရေးဆွဲချမှတ်ခြင်း
ယခင်အပတ်က ရေးသားပြခဲ့သည့် ကြောင်းကျိုးဆက်စပ်မူကြမ်းသည် စီမံချက်တခုတွင် လိုချင်သည့်ရည်မှန်းချက်ရလဒ်များရရှိရန် မည်သို့လုပ်ဆောင်မည်ဆိုသည်ကို ဆက်စပ်ရှင်းပြခဲ့ခြင်းဖြစ်သည်။
ကြောင်းကျိုးဆက်စပ်မှုအဆိုမူကြမ်း ရေးသားပုံ
ဤအရင်းအမြစ်များ/သွင်းအားစုများ(INPUTS)နှင့်လုပ်ငန်းဆောင်ရွက်ချက်များ (ACTIVITIES) က ဤထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ(OUTPUTS) ကို ရရှိစေမည်။ ယင်းတို့က လူများ၏အပြုအမူများတွင် အပြောင်းအလဲများ(EFFECTS)ကိုဖြစ်ထွန်းစေပြီး ယင်းတို့က လိုလားသည့်အကျိုးရလဒ်အပြောင်းအလဲများ(IMPACT)အတွက်အထောက်အကူဖြစ်စေနိုင်မည်။
“ကြောင်းကျိုးဆက်စပ်မှုအဆိုမူကြမ်းသည်စီမံချက်၏နောက်ကွယ်မှကျိုးကြောင်းပြဆက်စပ်မှုကို ကျစ်လစ်စွာဖော်ပြချက်တခုပင်ဖြစ်သည်။”
စီမံချက်ရည်မှန်းချက်ရေးသားနည်း
ဆက်လက်၍ စီမံချက်တခု၏ပန်းတိုင်/ရည်မှန်းချက် (Project Goal/Objective) ရေးသားနည်း ကို ဆွေးနွေးရှင်းပြပါမည်။
စီမံချက်ပန်းတိုင်/ရည်မှန်းချက်ရေးသားရာတွင် ဦးတည်အုပ်စုတခုချင်းစီအတွက် ရေရှည်တွင် ရရှိရန် မျှော်မှန်းချက်များပင်ဖြစ်သည်။ ယင်းတို့မှာ ကြီးမားသည့်အပြောင်းအလဲရလဒ်များ (Impact) သို့မဟုတ် လူများ၊ လူ့အသိုင်းအဝန်းအတွင်း အပြုအမူ၊ အတွေးအခေါ်အယူအဆ အပြောင်းအလဲ (Effect) များဖြစ်နိုင်ပါသည်။ အများအားဖြင့် အပြုသဘောဆောင်သည့် လူမှု အပြောင်းအလဲများကို ဖော်ပြကြလေ့ရှိသည်။
စီမံချက်ပန်းတိုင်/ရည်မှန်းချက်ရေးသားရာတွင် SMART ဖြစ်ရန်လိုအပ်သည်။ SMART ဆိုသည်မှာ -
Specific – တိကျရမည်။
Measurable – တိုင်းတာနိုင်ရမည်။
Achievable – အောင်မြင်နိုင်ရမည်။
Realistic – လက်တွေ့ကျရမည်။
Timebound/timely – (စီမံချက်ကာလ)အချိန်မီပြီးစီးနိုင်ရမည်။

ချမှတ်ထားသည့် စီမံချက်ပန်းတိုင်ပြီးမြောက်အောင်မြင်စေရန်အတွက် ဦးတည်အုပ်စုတွင် ရှိနေရမည့် အခြေအနေများ၊ အပြုအမူ၊အတွေးအခေါ်အယူအဆအပြောင်းအလဲ ရည်မှန်းချက် (Effect/ Outcome Objective) ၂ ခု၊ ၃ ခုနှင့် လုပ်ဆောင်ချက်များကြောင့် ချက်ချင်းမြင်ရ နိုင်သည့် ရလဒ်များ (Output Objective) များကို ထည့်သွင်းဖော်ပြကြသည်။
ဦးတည်အုပ်စုတွင် ရှိနေရမည့် အခြေအနေများ၊ အပြုအမူ၊အတွေးအခေါ် အယူအဆ အပြောင်း အလဲ ရည်မှန်းချက်နမူနာအနေဖြင့် အထက်တွင်အသုံးပြုခဲ့သည့် သစ်ပင်ချစ်သူများအဖွဲ့၏ စီမံချက်တွင် –
၁) စီမံချက်လုပ်ဆောင်သည့်မြို့နယ်များတွင် စီမံချက်ကာလအတွင်း သစ်ပင်၊သစ်တောများ ပြန်လည် စိမ်းလန်းစိုပြေလာစေရန်၊
၂) စီမံချက်လုပ်ဆောင်သည့်မြို့နယ်များရှိ အာဏာပိုင်များ၊ ပြည်သူလူထုများအနေဖြင့် သဘာဝ ပတ်ဝန်းကျင် နှင့် ရာသီဥတုကောင်းမွန်လာစေရေးအတွက် သစ်ပင်စိုက်ပျိုး၊ ထိန်းသိမ်းမှု၏ အရေးပါပုံကို ကောင်းစွာ နားလည်သဘောပေါက်၍ တက်ကြွစွာပါဝင်လာကြစေရန်။
၃) စီမံချက်ဒေသရှိ မြို့နယ်တိုင်းတွင် ထင်းစိုက်သစ်တောများစိုက်ပျိုး၍ စနစ်တကျစိုက်ပျိုး၊ ခုတ်လှဲ အသုံးပြုတတ်လာကြစေရန်။
လုပ်ဆောင်ချက်များကြောင့် ချက်ချင်းရနိုင်သည့် ရည်မှန်းချက်များ (Output Objectives) နမူနာ
၁) စီမံချက်ဒေသများတွင် စိုက်ပျိုးသစ်ပင်များ တိုးတက်များပြားလာစေရန်
၂) ပြည်သူလူထု၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် သစ်ပင်၊သစ်တောများ၏ အရေးပါပုံကို နားလည်သဘောပေါက်လာစေရန်
၃) ရပ်မိ၊ရပ်ဖများ၊အာဏာပိုင်များအနေဖြင့် မိမိတို့ဒေသများတွင် သစ်ပင်၊သစ်တောများ ပြန်လည် စိုက်ပျိုး၊ထိန်းသိမ်းရေးတွင် စိတ်ဝင်တစားပါဝင်၍ ပံ့ပိုးကူညီလာစေရန်
၄) အာဏာပိုင်များ၏ ပံ့ပိုးကူညီမှုဖြင့် ထင်းစိုက်ခင်းများ စိုက်ပျိုးနိုင်ရန်
ယခုအပတ်တွင် ရေးသားဖော်ပြချက်ကို အောက်ပါရည်မှန်းချက်များသည် SMART ဖြစ်/မဖြစ် ပဟေဠိဖြင့် အဆုံးသတ်လိုပါသည်။ လာမည့်စနေတွင် အဖြေမှန်များကို ပြန်လည်ဖော်ပြပေးပါမည်။
.
| SMART(Yes/No) | |
| ၁။ အသက် ၁၅ မှ ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (Antenatal Services) အသုံးပြုမှုကို ၂ နှစ်အတွင်း ၄၀ ရာခိုင်နှုန်း တိုးမြှင့်ရန်။ | |
| ၂။ ရန်ပုံငွေရရှိသည့်အဖွဲ့များ (grantees) သည် လုံလောက်သော ရန်ပုံငွေနှင့် ပစ္စည်းကိရိယာအထောက်အပံ့များ ရရှိကြစေရန်။ | |
| ၃။ ဒုက္ခသည်များ ဝင်ငွေရရှိရေးလုပ်ငန်းများနှင့် အစားအစာ ထုတ်လုပ်နိုင် စွမ်းရည်တိုးတက်လာအောင် မြှင့်တင်လုပ်ဆောင်ပေးရန်။ | |
| ၄။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန်တက်ရောက်သည့်ကျောင်းသူဦးရေ သည်ကျောင်းသားဦးရေနှင့် နှိုင်းယှဉ်လျှင် ၁ နှစ်အတွင်း ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်။ | |
| ၅။ လူ့အခွင့်အရေးများ အပြည့်အဝရရှိခံစားရပြီး ပျော်ရွှင်ချမ်းမြေ့သည့် လူ့ဘောင်သစ်တခုသို့ရောက်ရှိစေရန် |


















