အန္တရာယ်ကျရောက်နိုင်ခြေများကို ဆန်းစစ်လေ့လာစီမံခန့်ခွဲခြင်း

“”The biggest risk is not taking any risk… In a world that is changing really quickly, the only strategy that is guaranteed to fail is not taking risks” (Mark Zuckerberg)

အကြီးမားဆုံး အန္တရာယ်က ဘယ်လိုစွန့်စားမှုမျိုးမှ မလုပ်တာပါပဲ။… အလွန် မြန်ဆန်စွာ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ဘယ်လိုစွန့်စားမှုမျိုးကိုမှ မလုပ်ခြင်းဟာ ကျဆုံးဖို့သေချာတဲ့ မဟာဗျူဟာပါပဲ။”

အဖွဲ့အစည်းတခု၏ မဟာဗျူဟာရေးဆွဲသည့်လုပ်ငန်းစဉ်တွင် အဖွဲ့အစည်းအနေဖြင့် ကြုံတွေ့ရနိုင်သော စိုးရိမ်မကင်းဖြစ်ရသည့် အခြေအနေအမျိုးမျိုး၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့်ကိစ္စအမျိုးမျိုးကိုလည်း ကြိုတင်မှန်းဆတွက်ချက်၍ မဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲလေ့ရှိသည်။ ဘေးဘီဝဲယာကို ကြည့်ရှု (look around) သည့်လုပ်ငန်းစဉ်တွင် ပတ်သက်ဆက်စပ်သူများကို ဆန်းစစ်လေ့လာခြင်းသည် မဖြစ်မနေထည့်သွင်းလုပ်ဆောင်ကြသည့် လုပ်ငန်းစဉ်တခုဖြစ်သော်လည်း အန္တရာယ်ကျရောက်နိုင်ခြေကို ဆန်းစစ်လေ့လာစီမံခန့်ခွဲခြင်းမှာမူ မလိုအပ်ဟုထင်လျှင် မလုပ်၍ရသည်။ အချို့မှာ PESTLE analysis ဟုခေါ်သည့် (Political, Economic, Social, Techonological, Legal and Environmental Analysis) ကို အသုံးပြု၍ scenario planning လုပ်လျှင် ယင်းစိုးရိမ်စရာ ပြင်ပအခြေအနေများကိုပါ ထည့်သွင်းစဉ်းစားပြီးဖြစ်သည့်အတွက် သီးသန့်လုပ်နေစရာမလိုဟုလည်း ထင်မြင်ယူဆတတ်ကြသည်။ အချို့အဖွဲ့ အစည်းများမှာမူ မဟာဗျူဟာရည်မှန်းချက်များ ချမှတ်ပြီးမှတွေ့ရှိနိုင်သည့် ပြဿနာများ၊ စိုးရိမ်စရာများကို မဟာဗျူဟာတွင် ထည့်သွင်းနိုင်ရန် ဆန်းစစ်လေ့လာလိုကြသည်။

အန္တရာယ်ကျရောက်နိုင်ခြေကို ဆန်းစစ်လေ့လာစီမံခန့်ခွဲခြင်းလေ့ကျင့်ခန်း၏ အကျိုးကျေးဇူးများမှာ – 

  • အဖွဲ့အတွင်းရှိ ခေါင်းဆောင်များ၊ဦးဆောင်သူများသာမက အဖွဲ့ဝင်များ၊ဝန်ထမ်းများအားလုံး အနေဖြင့် အောက်ခြေမှစ၍ ဗဟိုအဆင့်ထိ ကြုံတွေ့နေရသည့်အခြေအနေများ၊ ဖြစ်လာနိုင်သည့် ပြဿနာများ ကို ဝိုင်းဝန်းဆွေးနွေးဖလှယ်ခွင့်ရရှိခြင်း။
  • ခေါင်းဆောင်များက ပြဿနာဟု မထင်ထားသည့် ကိစ္စအချို့သည် အဖွဲ့ဝင်များအတွက် ကြီးမားသည့် ပြဿနာများ ဖြစ်နေတတ်ခြင်း နှင့် မတူညီသည့်အမြင်များနှင့်အတွေ့အကြုံများကို တွေ့ရှိတတ်ကြခြင်း။
  • ယခင်က မစဉ်းစားမိသည့် စိုးရိမ်စရာများ၊ ပြဿနာများကို ထုတ်ဖော်နိုင်ခြင်း။ 
  • ဆွေးနွေးချက်များမှတဆင့်လည်း အားလုံး သဘောတူလက်ခံသည့်ဖြေရှင်းချက်များ၊ ပြင်ဆင်ချက်များကို စဉ်းစားနိုင်၊အဖြေထုတ်နိုင်စေနိုင်ခြင်း။ 
  • အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှု (team building) နှင့် ယုံကြည်မှုကို တည်ဆောက်ပေးခြင်း တို့ဖြစ်သည်။

မဟာဗျူဟာမရေးဆွဲမီ အဖွဲ့၏တာဝန်ရှိသူများနှင့် တင်ကြိုပြင်ဆင်ချိန်၌ ရရှိနိုင်သည့်အကျိုးရလဒ်များကို ရှင်းပြ၍ ညှိနှိုင်းဆုံးဖြတ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ အဖွဲ့အတွက် စိုးရိမ်စရာ/ကျရောက်နိုင်သည့် အန္တရာယ်/ပြဿနာများကို တနည်းမဟုတ်တနည်းဖော်ထုတ်ပြီး အနာဂတ်မဟာဗျူဟာများစဉ်းစားခြင်းဇယား တွင် ထည့်သွင်းဖော်ပြရန် လိုအပ်သည်။

အန္တရာယ်ကျရောက်နိုင်ခြေများကို ဆန်းစစ်လေ့လာ စီမံခန့်ခွဲပုံ လုပ်ငန်းစဉ်အဆင့်ဆင့်

အဆင့် – ၁ အဖွဲ့အစည်းကို ရိုက်ခတ်မှု ရှိနိုင်သည့် စိုးရိမ်စရာ/အန္တရာယ်များကို စဉ်းစားဖော်ထုတ်ခြင်း

အဖွဲ့အစည်းကိုရိုက်ခတ်မှုရှိနိုင်သည့် အန္တရာယ်များကို ဆန်းစစ်ဖော်ထုတ်ရာတွင် – 

က) အဖွဲ့အစည်းပြင်ပအခြေအနေများ –

အဖွဲ့အစည်းနှင့်ပတ်သက်ဆက်စပ်သူများကို ဆန်းစစ်လေ့လာချက်တွင် ဆွေးနွေးခဲ့သည့် အဖွဲ့အပေါ် ထိခိုက်မှုရှိလာနိုင်သည့်အခြေအနေများနှင့် SWOT တွင်စဉ်းစားခဲ့သည့် ပြင်ပမှ စိန်ခေါ်၊ခြိမ်းခြောက်မှုများအပေါ် အခြေခံပြီးလည်း စဉ်းစားနိုင်သည်။ အဖွဲ့အစည်းပြင်ပမှ စိုးရိမ်စရာများ/အန္တရာယ်များကို စဉ်းစားလျှင် – 

၁) ဥပဒေ/နည်းဥပဒေ/လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ

အဖွဲ့အစည်းအနေဖြင့် တည်ဆဲဥပဒေ၊ အသစ်ပြဌာန်းလိုက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ လိုက်နာရန်လိုအပ်ချက်များအတိုင်း တိတိကျကျလိုက်နာရန် အခက်အခဲ၊ စိန်ခေါ်မှုများရှိတတ်ခြင်း 

၂) ပြိုင်ဘက်အဖွဲ့အစည်းများနှင့်ပတ်သက်၍ ကြုံတွေ့ရနိုင်သည့် စိုးရိမ်စရာများ

စီးပွားရေးလုပ်ငန်းများတွင် အခြားပြိုင်ဘက်အဖွဲ့အစည်းများ၏ ဈေးကွက်ရှာဖွေမှု၊ လုပ်ငန်းချဲ့ထွင် မှုများက မိမိတို့အဖွဲ့အစည်းအတွက် စိုးရိမ်စရာအခြေအနေများ။​  လုပ်ငန်းတူသူများ အနေဖြင့် လည်း မိမိတို့ဖောက်သည်များ၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ အဖွဲ့အတွက် စိုးရိမ်ပူပန်မှုမျာ။ လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်ကြသူ များပင်လျှင် ငွေကြေးပံ့ပိုးသူများထံသို့ ချဉ်းကပ်ရာတွင် အားပြိုင်မှုများ၊ ပြိုင်ဆိုင်ရမှုများ။

၃) စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ

ဘဏ်လုပ်ငန်းများ၏ပြောင်းလဲနေသည့် မူဝါဒများ၊ ငွေလွှဲနှုန်း၊ ငွေသွင်းငွေထုတ်ကိစ္စရပ်များ၊ ငွေကြေးမတည်ငြိမ်မှု၊ ဈေးနှုန်းမတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှုဆိုင်ရာ စိုးရိမ်မကင်းဖြစ်ရသည့် အခြေအနေများ

၄) နိုင်ငံရေးနှင့်ပတ်သက်၍ ကြုံတွေ့ရနိုင်သည့်အခြေအနေများ

နိုင်ငံရေးဆိုင်ရာအပြောင်းအလဲ၊အခြေအနေများကြောင့် အဖွဲ့အစည်းကိုရိုက်ခတ်လာနိုင်သည့် စိုးရိမ်စရာများတို့ဖြစ်သည်။

ခ) အဖွဲ့အစည်းအတွင်း အခြေအနေများ

အဖွဲ့၏အားနည်းချက်များနှင့် မိမိတို့ ရှေ့ဆက်လုပ်ဆောင်သွားရန် စဉ်းစားသည့် TOWS matrix တွင်စဉ်းစားခဲ့ကြသည့် မဟာဗျူဟာများကို လုပ်ဆောင်ရာတွင် ကိုင်တွယ်ဖြေရှင်းရမည့်အချက်များကို ထည့်သွင်းတွက်ချက်နိုင်သည်။ အဖွဲ့အစည်းတခု တွင် တွေ့ရတတ်သည့် မဟာဗျူဟာပိုင်းဆိုင်ရာ အန္တရာယ်များမှာ –

၁) အပြောင်းအလဲနှင့်ဆက်စပ်သည့် စိန်ခေါ်မှု – အပြောင်းအလဲများပြုလုပ်သည့်အတွက် တွေ့ရ နိုင်သည့် ကြန့်ကြာမှုများ၊ ရပ်တန့်သွားမှုများ၊ ဆက်လက်လုပ်ဆောင်ရန်ခက်ခဲသွားမှုနှင့် အခြား တွေ့ရနိုင်သည့် ပြဿနာများ

၂) အမည်/ဂုဏ်သတင်းထိခိုက်မှု – အဖွဲ့အစည်း/အဖွဲ့အစည်းလုပ်ဆောင်နေသည့်လုပ်ငန်းများ ၏အမည်/အမှတ်တံဆိပ်များ ထိခိုက်နိုင်မှု (နံမည်ပျက်ခြင်း)

၃) အုပ်ချုပ်စီမံမှုဆိုင်ရာ စိန်ခေါ်မှု (governance risk) – အဖွဲ့အစည်းအုပ်ချုပ်စီမံမှု (ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေးအဖွဲ့၊ ဖွဲ့စည်းပုံ၊ မူဝါဒပိုင်းဆိုင်ရာများ) နှင့်ပတ်သက်၍ ကိုင်တွယ်ရန် လိုအပ်နိုင်သည့် ပြဿနာများ 

၄) ဘဏ္ဍာငွေကြေးဆိုင်ရာ စိန်ခေါ်မှု – အဖွဲ့အစည်းအတွင်း ဘဏ္ဍာရေး/ငွေကြေးပိုင်းဆိုင်ရာ မတည် ငြိမ်မှုကြောင့် တွေ့ရနိုင်သည့်ပြဿနာများ 

၅) လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စိန်ခေါ်မှု – နေ့စဉ်လုပ်ငန်းများလုပ်ဆောင်ရာတွင် တွေ့ကြုံ ရနိုင်သည့် စိန်ခေါ်မှုများ (ဥပမာ – ဝန်ထမ်းမလုံလောက်ခြင်း၊ ဝန်ထမ်းများအလုပ်ခဏခဏထွက် ခြင်း၊ အလုပ်ချိန်များခြင်း၊ ရုံးပြောင်းခြင်းစသဖြင့်)ဖြစ်သည်။

မိမိတို့အဖွဲ့အစည်းတွင် တွေ့ရသည့် စိန်ခေါ်မှုများကို ခြုံငုံရေးခြင်းမျိုးမလုပ်ပဲ တိကျစွာ ရေးသားဖော်ပြ ရန်လိုအပ်သည်။ ဥပမာ အပြောင်းအလဲနှင့်ပတ်သက်၍ စိန်ခေါ်မှုဟုဆိုလျှင် မည်သို့သောအပြောင်း အလဲမျိုးကို အဖွဲ့အနေဖြင့်လုပ်ရန်ရှိပါသလဲ။ သို့မဟုတ် အခြေအနေအရ အပြောင်းအလဲရှိနိုင်ပါသလဲ။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲလား၊ လုပ်ထုံးလုပ်နည်းမူဝါဒများ တိကျစွာချမှတ်ပြီး အုပ်ချုပ်စီမံမည့် အပြောင်းအလဲလား၊ လုပ်ငန်းပြောင်းလဲခြင်း သို့မဟုတ် ပြင်ဆင်ဖွဲ့စည်းခြင်းကြောင့် ဖြစ်လာနိုင်သည့် အပြောင်းအလဲလားဆိုသည်ကို တိတိကျကျ၊ရှင်းရှင်းလင်းလင်း ရေးသားရမည်ဖြစ်သည်။

အဆင့် – ၂ ဖြစ်လာနိုင်ခြေ နှင့် ထိခိုက်နိုင်မှု အတိုင်းအတာကို ဆန်းစစ် တွက်ချက်ခြင်း

အဆင့် – ၁ တွင် အဖွဲ့အနေဖြင့် ဖော်ထုတ်တွေ့ရှိခဲ့သည့် ပြဿနာ/စိန်ခေါ်မှုများကို အောက်ပါဇယား တွင် ထည့်သွင်းပါ။ ဖြစ်လာနိုင်ခြေအနည်းအများ/အဖွဲ့အစည်းကို ထိခိုက်နိုင်မှုအတိုင်းအတာအပေါ် မူတည်၍ ကျိမ်းသေနီးပါးဖြစ်လာနိုင်လျှင်/အဖွဲ့အစည်းကို ကြီးကြီးမားမားထိခိုက်နိုင်လျှင် ၅ နှင့် ဖြစ် လာနိုင်ရန်/အထိအခိုက်ရှိရန် ၅၀% မျှသာရှိသည်ဟုခန့်မှန်းလျှင် အလယ်အလတ် – ၃ နှင့် ဖြစ်နိုင်ခြေ နည်းပါးလွန်းသည်၊ အဖွဲ့အတွက် ထိခိုက်နိုင်ခြေနည်းသည်ဟု ထင်မြင်လျှင် ၁ အထိ ပေးနိုင်သည်။ နောက်ဆုံးကော်လံမှာ အဖွဲ့အစည်းအတွက် အန္တရာယ်ရှိနိုင်မှုအတိုင်းအတာကို ပထမနှင့် ဒုတိယ ကော်လံနှစ်ခုကို မြှောက်ပြီး ရလဒ်အပေါ် အခြေခံတွက်ချက်ရခြင်းဖြစ်သည်။

ဖြစ်လာနိုင်ခြေနှင့် ထိခိုက်မှုအပေါ် အခြေခံ၍တွက်ချက်မှုဇယား

ပြဿနာ/စိန်ခေါ်မှုဖော်ပြချက်Probability of occurance
ဖြစ်နိုင်ခြေများ 
၁ မှ ၅ အတွင်း
Potential impact
ထိခိုက်နိုင်မှု အတိုင်းအတာ
Risk score( level of risk)
အန္တရာယ်ရှိနိုင်မှု အတိုင်းအတာ
ဥပမာ – Economic risk
၁။ငွေကြေးဖောင်းပွမှု
၁၆
Operational risk
၂။ သဘာဝဘေးအန္တရာယ်ကြောင့်လုပ်ငန်းနှောင့်နှေးမှု
Financial risk/Competitor risk 
၃။ငွေကြေးပိုင်းဆိုင်ရာ ပံ့ပိုးမှုတွင် အခြားအဖွဲ့အစည်း များနှင့် ပြိုင်ဆိုင်ရမှုပိုမြင့်မားလာမှု
၂၀
Operational risk 
၄။ ဝန်ထမ်းအပြောင်းအလဲ ပိုများလာနိုင်ခြင်း
၁၂
    
    
    
    

၅x၅ ဇယားကိုအသုံးပြု၍ အန္တရာယ်၏အတိမ်အနက်ကို စဉ်းစားခြင်း 5X5 matrix calculation

အထက်ဇယား၏ ကော်လံ ၁ နှင့် ၂ တွင်ပေးထားသည့် အမှတ်များကို ကြည့်၍ အောက်ပါဇယားတွင် ပြဿနာတခုချင်း၏နေရာကို ထည့်သွင်းနိုင်သည်။ ဇယား၏ ညာဖက်အစွန်ထိပ်ဖက်သို့ရောက်နေသည့် အန္တရာယ်များ/ပြဿနာများသည် မဖြစ်မနေ အလေးထားကိုင်တွယ်ရမည့်ကိစ္စများဖြစ်သည်။

အဆင့် – ၃ တဖွဲ့လုံးအတွက် အထိခိုက်နိုင်ဆုံးနှင့် ဖြစ်လာနိုင်ခြေ အများဆုံးကိစ္စများကို ရွေးချယ်ခြင်း

အထက်ဖော်ပြပါ ဇယားနှစ်ခုစလုံးကို ကြည့်၍ အဖွဲ့အတွက် စိုးရိမ်ရသည့်ကိစ္စရပ်များကို အစဉ်လိုက်ရွေးချယ်၍ ရနိုင်သည်။ အန္တရာယ်ရှိနိုင်မှုရလဒ် ကော်လံတွင် အမှတ်မြင့်လေ၊ ယင်းပြဿနာကိစ္စရပ်မှာ အဖွဲ့အတွက် ဂရုစိုက် လုပ်ဆောင်ရန် လိုအပ်လေဖြစ်သည်။ အလားတူပင် ၅x၅ ဇယားတွင် ဇယားကွက်၏ညာဖက် အမြင့်ဆုံးတက်လေလေ၊ သေချာကိုင်တွယ်ရန် လိုအပ်လေလေဖြစ်သည်။ ဆိုလိုသည်မှာ အမှတ် ၂၀ မှ ၂၅ မှတ်အထိရသည့် ကိစ္စများအတွက် အဖွဲ့အနေဖြင့်မဖြစ်မနေ ကိုင်တွယ်ရန်နည်းလမ်းများကို စဉ်းစားရန်လိုအပ်မည်။ ၁၅ မှတ်မှ အမှတ် ၂၀ အထိရသည့်ကိစ္စများကိုမူ အဖွဲ့အတွက် ထိခိုက်နိုင်သည့်အတိုင်းအတာအပေါ် အခြေခံ၍ ထိရောက်သည့်စီမံခန့်ခွဲမှုမျိုးကို စဉ်းစားရန်လိုအပ်ပါသည်။ 

အထက်ဖော်ပြပါဇယားနမူနာတွင် ပါရှိသည့် အန္တရာယ်/စိုးရိမ်စရာ – ၄ ခုကို ကြည့်မည်ဆိုလျှင် – 

နံပါတ် ၃။ငွေကြေးပိုင်းဆိုင်ရာ ပံ့ပိုးမှုတွင် အခြားအဖွဲ့အစည်းများနှင့် ပြိုင်ဆိုင်ရမှုပိုမြင့်မားလာမှုကို အမှတ် – ၂၀ ပေးထားသည်။ အလားတူပင် ၅x၅ ဇယားတွင်လည်း ညာဖက်တွင် အမြင့်ဆုံး၊ ညာဖက်အမြင့်ဆုံးဖြစ်နေသည်။ 

နံပါတ် ၁။ ငွေကြေးဖောင်းပွမှုသည် ၁၆ မှတ်ရပြီး အလားတူပင် ၅x၅ ဇယားတွင်လည်း ညာဖက်တွင် ဒုတိယအမြင့်ဆုံးအနေအထားရှိသည်။ 

နံပါတ် ၄။ ဝန်ထမ်းအပြောင်းအလဲပိုများလာနိုင်ခြင်းသည် ၁၂ မှတ်ဖြစ်ပြီး အမှတ်အများဆုံး နှစ်ခုကို မြှောက်သည့်အမှတ် ၂၅ မှတ်၏ ထက်ဝက်အောက်ရှိသည်။ ယင်းကိစ္စမှာ ကျန်သည့်ဆန်းစစ်ချက်များ၏တွေ့ရှိချက်များတွင် စိုးရိမ်ရသည့်အခြေအနေမရှိလျှင် မဟာဗျူဟာတွင် ကြီးကြီးမားမားထည့်သွင်းပြင်ဆင်ရန် မလိုအပ်လှချေ။ သို့သော် လုပ်ငန်းလည်ပတ်မှု 0perational အပိုင်း တွင် ကိုင်တွယ်ရမည့်ကိစ္စအသေးစိတ်ပေါ်လာနိုင်ပြီး အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများ administrative issues တွင်ပြန်တွေ့ရနိုင်သည်။

နံပါတ် ၂။ သဘာဝဘေးအန္တရာယ်များကြောင့် လုပ်ငန်းနှောင့်နှေးနိုင်မှုမှာမူ စုစုပေါင်းရမှတ် ၉ မှတ်ရှိသည့်အတွက် အခြားအန္တရာယ် များနှင့် နှိုင်းစာပါက အဖွဲ့အတွက် အလွန်အမင်း စိုးရိမ်စရာမရှိလှဟုသုံးသပ်နိုင်သည်။ 

အမှတ်ပေးခြင်းနှင့် အဖွဲ့အတွက် စိုးရိမ်စရာ/အန္တရာယ်ဖြစ်စရာအဖြစ် သတ်မှတ်ချက်များသည် တဦးချင်းနှင့် လုပ်ငန်းတည်နေရာအလိုက် အမြင်များကွဲပြားတတ်ပြီး အမှတ်ပေးသည့်ပုံစံများမှာလည်း ကွဲပြားနိုင်သည်။ ထို့ကြောင့် ဦးဆောင်ဆွေးနွေး ကြသူများအနေဖြင့် ပြန်လည်ညှိနှိုင်းပေးခြင်းနှင့် နောက်ဆုံးတဖွဲ့လုံးအတွက် ပေးမှတ်ကို သဘောတူညီရန် လိုအပ်ခြင်းတို့ကို သတိပြုရန် လိုအပ်သည်။

အဆင့် – ၄ အကောင်းဆုံး ရင်ဆိုင်၊ကျော်လွှားနိုင်မည့် နည်းလမ်းများကို စနစ်တကျ ရေးဆွဲချမှတ်ခြင်း

နောက်ဆုံးအဆင့်တွင် အဖွဲ့အနေဖြင့် ရေးဆွဲမည့်မဟာဗျူဟာတွင် ဖော်ထုတ်တွေ့ရှိရသည့် အန္တရာယ်များ၊ စိုးရိမ်စရာကိစ္စရပ်များကို အဖွဲ့အတွက် အန္တရာယ်လျော့နည်းနိုင်သမျှလျော့နည်း၊ လျှော့ချနိုင်မည့်နည်းလမ်း များကို စဉ်းစားအဖြေရှာ၍ ဆုံးရှုံးမှုနည်းပါးနိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ရမည်။ 

ယင်းလုပ်ငန်းစဉ်တွင်  – 

  •  အဖွဲ့အစည်းအတွက်အန္တရာယ်အမြင့်မားဆုံးကိစ္စများကို ထိန်းချုပ်ကျော်လွှားနိုင်မည့် နည်းလမ်းများ
  • ဦးစားပေးကိုင်တွယ်ရမည့်စိုးရိမ်စရာကိစ္စများ/အန္တရာယ်များ၏ ဖြစ်လာနိုင်ခြေနှင့် အဖွဲ့အတွက် ထိခိုက်နိုင်မှုကို လျှော့ချပေးနိုင်မည့် အရေးယူလုပ်ဆောင်မှုအစီအစဉ်တခု
  • အဖွဲ့အစည်းတခုလုံးအတွက် အန္တရာယ်ကျရောက်နိုင်မည့်အခြေအနေများမှ ကျော်လွှားစေနိုင်မည့် ရေရှည်မဟာဗျူဟာတခုနှင့်
  •  အဆိုးဆုံးအခြေအနေမျိုးကြုံတွေ့ရလျှင် လတ်တလောဖြေရှင်းရန်အစီအစဉ်တခုတို့ပါဝင်သင့်သည်။

လာမည့်စနေတွင် ရှေ့ဖြစ်လာနိုင်သည့်အခြေအနေများကို စဉ်းစားပုံဖော်ကြည့်ခြင်း (Scenario Planning) ကိုဆက်လက်ရေးသားတင်ပြပေးပါမည်။