မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ် အဆင့် ၂ နှင့် ၃
အဆင့် – ၂ လက်ရှိအခြေအနေကို ဆန်းစစ်သုံးသပ်ခြင်း
ခ) လက်ရှိအခြေအနေကို ဆန်းစစ်သုံးသပ်ခြင်း
အဖွဲ့အစည်း၏ အတိတ်သမိုင်းကြောင်းနှင့် ရေးဆွဲထားရှိပြီးသည့် မျှော်မှန်းအိပ်မက်၊ ရပ်တည်ခံယူချက်နှင့် လမ်းညွှန်မူဝါဒစံတန်ဖိုးများ၏ လက်ရှိအနေအထားနှင့် ဆီလျော်မှုရှိသေးခြင်းရှိမရှိကို ဆန်းစစ်ပြီးနောက် အဖွဲ့အစည်း၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ သေချာစွာဆန်းစစ်သုံးသပ်ကြရန်လိုအပ်ပါသည်။ ယင်းလုပ်ငန်းစဉ်သည် မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ်တခုလုံးတွင် အချိန်အယူရဆုံးလည်းဖြစ်သည်။ အဖွဲ့အစည်းတွင် တိုက်ရိုက်ပါဝင်ပတ်သက်သူများသာမက၊ အဖွဲ့အစည်းနှင့် ဆက်စပ်ပတ်သက်သည့် အရေးကြီးသူများအားလုံး၏ အဖွဲ့နှင့် အဖွဲ့၏လုပ်ငန်းများအပေါ် အမြင်များကို တတ်စွမ်းသမျှ စုဆောင်းရယူလုပ်ဆောင်သင့်သည့်လုပ်ငန်းစဉ်လည်း ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများတွင်မူ ဈေးကွက်သုတေသန၊ လက်ရှိလူကြိုက်များနေသည့်ပုံစံ၊ လူကြိုက်များသည့်ပစ္စည်းနှင့် မိမိတို့ဦးတည်အုပ်စုများ ၏ ရွေးချယ်မှုပုံစံများကို သိရှိအောင်လုပ်ဆောင်ရန် စစ်တမ်းများ၊ သုတေသနများပြုလုပ်ကြသကဲ့သို့ အစိုးရမဟုတ်သည့်အဖွဲ့ (Non-governmental Organization) များတွင်လည်း မိမိတို့၏အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ငွေကြေးပံ့ပိုးနေသူများနှင့် ဦးတည်အုပ်စုများ၏ အဖွဲ့နှင့် အဖွဲ့၏စီမံကိန်း၊စီမံချက်၊အကျိုးရလဒ်များအပေါ် အမြင်များကို မေးမြန်းစုစည်း ထည့်သွင်းစဉ်းစားလေ့ရှိကြသည်။
၁။ လက်ရှိအဖွဲ့အစည်း၏လုပ်ငန်းများကို စုစည်းသုံးသပ်ခြင်း
လက်ရှိအခြေအနေကို ဆန်းစစ်သုံးသပ်ချက်အတွက် ပထမဦးဆုံးပြုလုပ်သင့်သည့်လေ့ကျင့်ခန်းမှာ မိမိတို့အဖွဲ့၏ လက်ရှိလုပ်ငန်းတခုချင်းကို ပြန်လည်သုံးသပ်ခြင်းဖြစ်သည်။ အဖွဲ့အစည်းတခုလုံး၏ စီမံကိန်းများ၊ လုပ်ငန်းများအားလုံးကို စုစည်းကြည့်ပြီး အမျိုးအစားတူညီသည့် ပုံစံ အလိုက် ပြန်လည်ခွဲခြားကြည့်နိုင်သည်။ မိမိတို့အဖွဲ့အစည်း၏လုပ်ဆောင်မှုပုံစံအလိုက် အောက်ပါဇယားတွင် မပါဝင်သည့် စီမံကိန်း/လုပ်ငန်းအမျိုးအစားများရှိပါကလည်း ထပ်မံထည့်သွင်းနိုင်ပါသည်။
| စီမံကိန်း/စီမံချက်/လုပ်ငန်းအမျိုးအစား | အသေးစိတ်လုပ်ငန်းအမည်ဖော်ပြချက် |
| ၁)အဖွဲ့အစည်း၏အဓိကပင်မလုပ်ငန်း/စီမံကိန်းများ | |
| က) ငွေကြေးပံ့ပိုးသူ/အလှူရှင်ထံမှ ငွေကြေးများ ယူ၍ လုပ်ဆောင်နေသည့်လုပ်ငန်းများ | |
| ခ) အဖွဲ့အတွက် ငွေကြေးရရှိနေသည့် လုပ်ငန်းများ | |
| ဂ) အခြား (ထပ်မံထည့်သွင်းရန်ရှိလျှင်) | |
| ၂) စေတနာ့ဝန်ထမ်းစီမံကိန်းများ (အဖွဲ့ကိုယ်ပိုင်ငွေဖြင့် လည်ပတ်နေသည့်လုပ်ငန်းများ) | |
| က) အဖွဲ့ဝင်များ၏ရန်ပုံငွေဖြင့်လည်ပတ်နေသည့်လုပ်ငန်း | |
| ခ) လုပ်အားစိုက်ထုတ်ကူညီပေးနေသည့်စီမံကိန်း/လုပ်ငန်း | |
| ၃) အခြားအဖွဲ့အစည်း/ရပ်ရွာအသိုင်းအဝိုင်းများနှင့် ကွန်ရက်ဖွဲ့ လုပ်ဆောင်နေမှုများ – Networking | |
| က) အစည်းအဝေးများ | |
| ခ) လုပ်ငန်းများ | |
| ဂ) စီမံကိန်းများ | |
| ၄) အဖွဲ့အစည်းနှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက်လုပ်ဆောင်ချက်များအဖွဲ့အစည်းပုံစံ/မူဝါဒရေးဆွဲခြင်း၊ ပရိဘောဂအသစ်ဝယ်ခြင်းစသဖြင့် | |
| ၅) မိတ်ဖက်လုပ်ဆောင်မှုများ (နိုင်ငံတကာအဖွဲ့အစည်းများ/ပြည်တွင်းအဖွဲ့များ/ဒေသခံလုပ်ငန်းတူအဖွဲ့များနှင့် မဟာမိတ်ပြုလုပ်ဆက်ဆံမှုများ) Partnerships | |
| ၆) သင်တန်းများ – အဖွဲ့/အဖွဲ့ဝင်များ အခြားပြင်ပအဖွဲ့အစည်းမှ ရရှိသည့် သင်တန်းများ ကွန်ပြူတာ/စာရင်းကိုင်သင်တန်း၊ | |
အဖွဲ့အစည်း၏စီမံကိန်း/လုပ်ငန်းဌာနများအလိုက် အောက်ပါပုံစံဖြင့် စာရင်းပြုစုကြသည်။
| စီမံကိန်း/လုပ်ငန်းဌာနအမည် (Name of program/department) စီမံကိန်း/လုပ်ငန်းဌာန၏ ရည်ရွယ်ချက် လုပ်ငန်းစဉ် (Program/department purpose) လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းနယ်ပယ်နှင့် လုပ်ငန်းအတိုင်းအတာ (Description of current scope and scale of activities) |
| စီမံကိန်း/လုပ်ငန်းဌာနအမည် Name of program/department: စီမံကိန်း/လုပ်ငန်းဌာန၏ ရည်ရွယ်ချက် လုပ်ငန်းစဉ် (Program/department purpose) လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းနယ်ပယ်နှင့် လုပ်ငန်းအတိုင်းအတာ (Description of current scope and scale of activities) |
| စီမံကိန်း/လုပ်ငန်းဌာနအမည် Name of program/department: စီမံကိန်း/လုပ်ငန်းဌာန၏ ရည်ရွယ်ချက် လုပ်ငန်းစဉ် (Program/department purpose) လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းနယ်ပယ်နှင့် လုပ်ငန်းအတိုင်းအတာ (Description of current scope and scale of activities) |
အဖွဲ့အစည်း၏ လုပ်ငန်းလည်ပတ်မှု
| ဝန်ထမ်းအရေအတွက်နှင့် ဘုတ်အဖွဲ့ဝင်အရေအတွက် (Number of staff and board) ဘုတ်အဖွဲ့ဝင်အရေအတွက် – စီမံကိန်းဝန်ထမ်းအရေအတွက် စုစုပေါင်း – လုပ်ငန်းလည်ပတ်ရန်ပံ့ပိုးပေးနေသည့်ဝန်ထမ်း (Operations staff) အရေအတွက် – အဖွဲ့ဝင် (ရှိလျှင်) – စေတနာ့ဝန်ထမ်း/အလုပ်သင် စသဖြင့် ရှိလျှင် – |
| ငွေကြေးပိုင်းဆိုင်ရာ အချက်အလက်များ Financial data: (sources of revenue, budget, etc.)အဖွဲ့အစည်းလည်ပတ်ရန် ငွေကြေးရရှိနေသည့်နေရာများ (အရင်းအမြစ်များ) ဘတ်ဂျက်အခြေအနေ (ဝင်ငွေ၊ ထွက်ငွေ အကျဉ်းဖော်ပြချက်များ) |
၂။ အားသာချက်၊အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဆန်းစစ်ချက် (SWOT analysis) များကို အခြေခံ၍ TOWS matrix ကိုအသုံးပြုပြီး မဟာဗျူဟာများစဉ်းစားခြင်း
မဟာဗျူဟာတခုရေးဆွဲရာတွင် မဖြစ်မနေထည့်သွင်းဆန်းစစ်သည့် ဆန်းစစ်ချက်တခုဟုဆိုရမည့် SWOT analysis ကို စတင်မိတ်ဆက်ပေးလိုပါသည်။ SWOT analysis သည် အဖွဲ့အစည်းတခုအတွက်သာမက လူတဦးချင်းစီအတွက် တိုးတက်ရေးမဟာဗျူဟာချမှတ်ရာတွင် အသုံးပြုသည့်နည်းလမ်းတခုလည်းဖြစ်ပါသည်။ SWOT analysis သည် အဖွဲ့အစည်းများအတွက်သာမက လူပုဂ္ဂိုလ်တယောက်ချင်းစီအတွက်လည်း အသုံးပြုနိုင်၊ ဆန်းစစ်နိုင်ပြီး မိမိလုပ်ဆောင်လိုသည့် ပန်းတိုင်သို့ရောက်ရှိအောင် မဟာဗျူဟာများ ချမှတ်ရန် အထောက်အကူဖြစ်စေသည်။
လူတဦးဖြစ်စေ၊ အဖွဲ့တခုဖြစ်စေ မိမိကိုယ်ကိုနားလည်ခြင်းနှင့် ပတ်ဝန်းကျင်အခြေအနေကို မှန်ကန်စွာ ဆန်းစစ်သုံးသပ်နိုင်ခြင်းသည် အောင်မြင်မှု၏သော့ချက်ပင်ဖြစ်သည်။
Know Thyself (ကိုယ့်ကိုယ်ကို နားလည်နိုင်အောင်ကြိုးစားပါ။)
ဤဆန်းစစ်ချက်မှရရှိမည့် ရလဒ်များ၊ ၊
၁) အဖွဲ့အစည်း၏ လက်ရှိ အားသာချက်၊အားနည်းချက်၊ အခွင့် အလမ်း နှင့် စိန်ခေါ်မှုအခြေအနေများကို အဖွဲ့တွင်ပါဝင်သည့် ဝန်ထမ်းများ၊ ပတ်သက်ဆက်စပ်သူများ အားလုံး၏ အမြင်ကို သိရှိနားလည်ခွင့်ရရှိခြင်း၊
၂) အဖွဲ့အပေါ် ထင်မြင်ယူဆချက်များကို ဆွေးနွေးဖလှယ်ခွင့်ရရှိခြင်းဖြင့် အဖွဲ့၏စည်းလုံးညီညွတ်မှုပိုမိုရရှိနိုင် ခြင်း၊
၂) အဖွဲ့၏လက်ရှိ အားသာချက်၊အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာ၍ မဟာဗျူဟာများ စဉ်းစားချမှတ်နိုင်ခြင်း
ကြိုတင်ပြင်ဆင်ရန်လိုအပ်ချက်များ –
- ဆန်းစစ်လေ့လာချက်ကို ဦးဆောင်ပြုလုပ်ပေးမည့်သူအနည်းဆုံး တဦးနှင့် အချက်အလက်များကို စုစည်းမှတ်တမ်းတင်ပေးမည့်သူ အနည်းဆုံး တဦးလိုအပ်သည်။ ဦးဆောင်ဆွေးနွေးသူအနေဖြင့် SWOT analysis နှင့် TWOS matrix အသုံးပြုပုံကို တင်ကြိုလေ့လာပြီး ပြင်ဆင်ထားရန်လိုအပ်ပါသည်။
- စစ်တမ်းပြုလုပ်မည်ဆိုလျှင် စစ်တမ်းအတွက်မေးခွန်းများကို google forms တွင် တင်ကြိုပြင်ဆင်၍ မိမိတို့ ဖြေကြားစေလိုသူများအား ဖြန့်ဝေဖြေကြားခိုင်းရပါမည်။ မဟာဗျူဟာရေးဆွဲရန် တာဝန်ယူထား သူ ၂ ဦးခန့်ရှိရန်လိုအပ်ပြီး ဖြေဆိုထားသည့်အဖြေများကို ရေးဆွဲ ရန်တွေ့ဆုံချိန်တွင် စုစည်းတင်ပြရန် ဖြစ်သည်။
- မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ်ကို လူကိုယ်တိုင်တွေ့ဆုံလုပ်ဆောင်ကြမည်ဆိုလျှင် flipchart, marker pens များပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်သည်။ အွန်လိုင်းမှသာလုပ်ဆောင်ကြမည်ဆိုလျှင် အဖွဲ့လိုက် computer တွင်မှတ်တမ်းတင်စေရန် သို့မဟုတ် zoom တွင်ပါရှိသည့် whiteboard သို့မဟုတ် သီးခြား ဆွေးနွေး၍ရသည့် အက်ပ်လီကေးရှင်းများဖြစ်သည့် Miro တို့ကိုအသုံးပြုခြင်းနှင့် အလွယ်ကူဆုံးမှာ တင်ပြနေသည့် ပါဝါပွိုင့်တွင် အားလုံးမြင်အောင်ပြသပြီး လူကိုယ်တိုင်အသုံးပြုသည့် whiteboard ကဲ့သို့ ရေးသားဆွေးနွေးနိုင်သည်။ အားလုံးကိုပြန်လည်စုစည်းတင်ပြပေးနိုင်ရန်လည်း လိုအပ်ပါမည်။
- ထို့အပြင် အဖွဲ့အသီးသီးမှသူများ ရေးသားသည့် တူညီသည့်အချက်များကို တခုတည်း အတည်ပြု မှတ်တမ်းတင်ခြင်းနှင့် အားသာချက်နေရာတွင် ထည့်သွင်းထားတတ်သည့် စိန်ခေါ်မှုများ၊စိန်ခေါ်မှုနေရာ သို့ရောက်နေတတ်သည့် အားသာချက်များစသည်ဖြင့်တို့ကို ပြင်ဆင်ထည့်သွင်းပေးရန်လိုအပ်မည်။
ဦးဆောင်ဆွေးနွေးသူများအတွက် မှတ်စု
အဖွဲ့အစည်းအတွင်းရှိ အားသာချက်နှင့် အားနည်းချက်များဆိုသည်မှာ အဖွဲ့အတွင်းချက်ချင်း အသုံးချနိုင်ပြီး အဖွဲ့အနေဖြင့် စီမံခန့်ခွဲ၊ ကိုင်တွယ်ဖြေရှင်းနိုင်သည့်အချက်များကိုဆိုလိုသည်။ အခွင့်အလမ်းနှင့်စိန်ခေါ်မှု (ခြိမ်းခြောက်မှု) ဆိုသည်မှာမူ ပြင်ပမှ မိမိတို့အနေဖြင့် ထိန်းချုပ်ပိုင်ခွင့်မရှိသည့်အရာများဖြစ်သည်။ အချို့ အချက်များသည် ဖော်ပြချက်အပေါ်မူတည်၍ အားသာချက် သို့မဟုတ် အခွင့်အလမ်းဖြစ်နိုင်သည်။
ဥပမာ – အဖွဲ့အစည်းခေါင်းဆောင်သည် လူသိများသည် (leader of the organization is popular) ဆိုလျှင် အဖွဲ့ အစည်း၏ အားသာချက်ဖြစ်နိုင်သော်လည်း ခေါင်းဆောင်ကြောင့် အဖွဲ့အစည်းကို လူများစွာက ယုံကြည် ကြခြင်း (gained trust from many people due to the leader) ဆိုလျှင် အခွင့်အလမ်းအဖြစ်သို့ ပြောင်းလဲ သွားနိုင်သည်။ လူသိများသည့်ခေါင်းဆောင်သည် အဖွဲ့အစည်းပိုင်ဖြစ်သော်လည်း သူ့ကြောင့် လူအများ၏ ယုံကြည်မှု ရရှိခြင်းကမူ အဖွဲ့အစည်းအတွက် အခွင့်အလမ်းသာဖြစ်မည်။
လုပ်ဆောင်ပုံအဆင့်ဆင့်၊
၁၊ စစ်တမ်းပုံစံမေးခွန်းများပြုလုပ်၍ google forms ကို အသုံးပြုပြီး အဖွဲ့၏ဝန်ထမ်းများ၊ ဘုတ်အဖွဲ့၊ အဖွဲ့ဝင် များ နှင့် အဖွဲ့နှင့် ဆက်စပ်ပတ်သက်သူများထဲမှ မိမိတို့အဖွဲ့အကြောင်းသေချာစွာသိရှိသူများအား အဖွဲ့၏ အားသာချက်၊အားနည်းချက်၊အခွင့်အလမ်းနှင့်စိန်ခေါ်မှုများကို တဦးချင်း၏အမြင်များကို ဖြေကြားပေးရန် တင်ကြိုဖြန့်ဝေထားနိုင်သည်။ စစ်တမ်းတွင် အဖွင့်မေးခွန်းပုံစံဖြင့် ရေးသားစေခြင်းက ပို၍အဆင်ပြေနိုင်သည်။ မိုဘိုင်းဖုံးကိုသာအသုံးပြုပြီး ကွန်ပြူတာမရှိသူများအား သူတို့ရေးလိုသည့်အကြောင်းအရာကို စာရွက်ပေါ်တွင် ရေးသားစေ၍ ဓာတ်ပုံရိုက်ပြီး ဖြေကြားနိုင်ရန် စီစဉ်၍လည်း အဆင်ပြေပါသည်။
သို့မဟုတ်
အဖွဲ့၏ဝန်ထမ်းများအား စီမံကိန်းအလိုက်၊ ဌာနအလိုက်အဖွဲ့လိုက် တင်ကြိုတွေ့ဆုံစေ၍ စီမံကိန်း/ဌာနများ အလိုက် SWOT များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားနိုင်ကြသည်။ ၂၊ အဖွဲ့အားလုံးတွေ့ဆုံသည့် မဟာဗျူဟာရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် အောက်ဖော်ပြပါ ဇယားကို ပြ၍ အဖွဲ့၏အားသာချက်၊အားနည်းချက်၊အခွင့်အလမ်းနှင့်စိန်ခေါ်မှုများကို စုစည်းတင်ပြပေးပါ။

၃။ အားလုံးစုစည်းပြီးနောက် အားသာချက်နှင့် အခွင့်အလမ်း၊ အားသာချက်နှင့်စိန်ခေါ်မှု/ခြိမ်းခြောက်မှု၊ အားနည်းချက်နှင့် အခွင့်အလမ်း၊ အားနည်းချက်နှင့်ခြိမ်းခြောက်မှုများကို ပေါင်းစပ်၍ အဖွဲ့အစည်းအနေဖြင့် အသုံးချနိုင်သည့် လက်တွေ့မဟာဗျူဟာအဖြစ် ရေးဆွဲရန် TOWS matrix တွင်ထည့်သွင်းစဉ်းစားကြသည်။
| ရင်းနှီးမြုပ်နှံရန် Maximize the profits (Strengths + Opportunities) အားသာချက်များနှင့်အခွင့်အလမ်းများ ကို အကောင်းဆုံးပေါင်းစပ်နိုင်လျှင် အပြန်အလှန်အကျိုးပြု၍ အကျိုးအမြတ် အများဆုံးရစေနိုင်သည်။ | ကာကွယ်ရန် (Defend) (Strengths + Threats) မိမိကိုယ်ပိုင်အားသာချက်များကိုအသုံးပြု၍ ပြင်ပမှစိန်ခေါ်မှု၊ ခြိမ်းခြောက်မှုများကို တဦး တည်း၊တဖွဲ့တည်းဖြစ်စေ၊ အခြားသူ/အဖွဲ့များ နှင့်ဖြစ်စေ ပူးပေါင်းရင်ဆိုင်၊ကာကွယ်နိုင်သည်။ |
| ဆုံးဖြတ်ရန် (Decide) (Weaknesses + Opportunities) ကိုယ်ပိုင်အားနည်းချက်များကို ပြင်ပ အခွင့် အလမ်းများနှင့် ချိန်ထိုးကြည့်ပြီး ဆုံးဖြတ် ချက်ချရန်လိုအပ်သည်။ ရင်းနှီး မြုပ်နှံမလား၊ ဦးတည်ချက် ပြောင်းမလား၊ ပူးပေါင်းလုပ်ဆောင်မလား။ | ဆုံးရှုံးမှုကိုထိန်းချုပ်ရန်နှင့် လမ်းကြောင်းပြောင်းလုပ်ဆောင်ရန် minimize the loss (Weaknesses + Threats) ခြိမ်းခြောက်/စိန်ခေါ်မှုများရှိနေပြီး ကိုယ်တိုင် လည်း အားနည်းချက်များရှိနေပါက အတတ် နိုင်ဆုံး/အနည်းဆုံး ဆုံးရှုံးမည့်နည်းလမ်း၊ ဗျူဟာကို ရွေးချယ်ဆုံးဖြတ်ကြရသည်။ |
လူပုဂ္ဂိုလ်တဦးချင်းတွင်ဖြစ်စေ၊ အဖွဲ့အစည်းတခုတွင်ဖြစ်စေ မိမိကိုယ်ကိုသိရှိနားလည်ပြီး မိမိ၏အားသာချက်၊ အားနည်းချက်များကို သိရှိပြီး ပြင်ပမှရနိုင်သည့်အခွင့်အလမ်းများနှင့် ရင်ဆိုင်ရနိုင်သည့် ခြိမ်းခြောက်မှု၊ စိန်ခေါ်မှု များကို သေချာစွာတွက်ချက်နိုင်ခြင်းနှင့် ယင်းအပေါ် အခြေခံ၍ မဟာဗျူဟာရေးဆွဲလုပ်ဆောင်ခြင်းသည် အောင် မြင်မှုအတွက် အရေးပါသည့်သော့ချက်ပင်ဖြစ်သည်။
လုပ်ငန်းအတူတူ လုပ်ဆောင်နေကြသည့်သူချင်းတူသော်လည်း အချို့လုပ်ငန်းများမှာ ပို၍အောင်မြင်သည်ကို တွေ့ဖူးကြမည်ဖြစ်သည်။ မိမိတို့၏အားသာချက်၊အားနည်းချက်များကို ကိုယ်တိုင်သိ၍ဖြစ်စေ၊ သိသူ၊နားလည် သူပေးသည့် အကြံဉာဏ်ကို နားထောင်၍ဖြစ်စေ အချို့လုပ်ငန်းများမှာ ပို၍အောင်မြင်ကြသည်။
ဥပမာအဖြစ်ပေးရန် ဖွဲ့စည်းထားသည့် မကွေးတိုင်းအခြေစိုက် သစ်ပင်ချစ်သူများအဖွဲ့ (LOT) ကို SWOT analysis နှင့် TOWS matrix လုပ်ကြည့်ရအောင် –
| အားသာချက်များ မကွေးတိုင်းအတွင်းရှိ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများ၊ သစ်ပင်စိုက်ပျိုးရန် စိတ်ဝင်စားသူများ၊ ပညာရှင်များနှင့် ဖွဲ့စည်း ထားခြင်း ရပ်ကျေးခေါင်းဆောင်များပါဝင်ခြင်း၊ ကူညီခြင်း အဖွဲ့ဝင်များက ရန်ပုံငွေထည့်ဝင်လုပ်ဆောင်နေကြခြင်း မြို့နယ်များရှိ ပျိုးဥယျာဉ်လုပ်ငန်းရှင်အချို့ အဖွဲ့ဝင်အဖြစ်ရှိနေပြီး ပျိုးပင်များ ပံ့ပိုးပေးခြင်း | အခွင့်အလမ်းများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ သစ်ပင်များများရှိရန် လိုအပ်သည်ကို မကွေးတိုင်းအတွင်းရှိ ရပ်ရွာပြည်သူလူထုအားလုံး နားလည် လက်ခံမှုပူးပေါင်းပါဝင်၊လက်တွဲဆောင်ရွက်လိုသည့် အဖွဲ့အစည်း၊ စေတနာ့ဝန်ထမ်းများရှိနေမှု မကွေးတိုင်းအတွင်း ဒေသခံရပ်မိရပ်ဖများ၏ အားပေးထောက်ခံမှု မြို့နယ်များရှိ ပျိုးဥယျာဉ်လုပ်ငန်းရှင်များက ပါဝင်ရန် စိတ်ဝင်စားမှုရှိခြင်း |
| အားနည်းချက်များ အဖွဲ့ကို တာဝန်ယူ၊တာဝန်ခံသည့် ကွန်ဂရက် အဖွဲ့အစည်းပုံစံ လည်ပတ်နိုင်ရန် အချိန်ပိုပေးရန် လိုအပ်နေသေးခြင်း စတင်ဖွဲ့စည်းစဉ်က တာဝန်ခံပေးခဲ့သည့် ခေါင်းဆောင်အချို့ ရွှေ့ပြောင်းသွားခြင်း အမှုဆောင်ညွှန်ကြားရေးမှူး အလုပ်ထွက်သွားခြင်း အဖွဲ့တွင် အမြဲတမ်းဝန်ထမ်းမထားနိုင်တော့ခြင်း အဖွဲ့ဝင်များ၏ရန်ပုံငွေအပေါ် မှီခိုနေကြရပြီး စေတနာ့ဝန်ထမ်းများအဖြစ်သာ လက်ရှိရပ်တည်နေကြရခြင်း စိုက်ပျိုးပင်များရှင်သန်ကြီးထွားရေးအတွက် ကြပ်မတ်ကွပ်ကဲရန် ရပ်ရွာပြည်သူလူထုအား စည်းရုံးလှုံ့ဆော်နိုင်မှု၊ ပညာပေးနိုင်မှု အားနည်းနေသေးခြင်း | ခြိမ်းခြောက်/စိန်ခေါ်မှုများ အသင်းအဖွဲ့ဖွဲ့စည်းခြင်း ဥပဒေအသစ်အရ အသင်းမှတ်ပုံတင်မပြုလုပ်ပဲ လုပ်ငန်းလည်ပတ် ရန် မဖြစ်နိုင်တော့ခြင်း ပြောင်းလဲနေသည့် အခြေအနေအမျိုးမျိုးတွင် ရပ်ကျေးခေါင်းဆောင်အသစ်များနှင့် ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲလာခြင်း စီးပွားရေးအခြေအနေများကြောင့် ပျိုးဥယျာဉ် လုပ်ငန်းများ သိသိသာသာကျဆင်းလာခြင်း ရပ်ရွာပြည်သူလူထုအား စည်းရုံးလှုံ့ဆော်ပညာပေးနိုင်ရန်အတွက် စုစည်း၍မရနိုင်ခြင်း ရပ်ရွာ ပြည်သူလူထုအနေဖြင့် စိုက်ပျိုးပင်များ ရှင်သန်ကြီးထွားရေးအတွက် ကြပ်မတ်ကွပ်ကဲရန် အသိပညာများရှိမနေခြင်း |
အထက်ဖော်ပြပါ SWOT ကိုအခြေခံပြီး LOT အနေဖြင့် TOWS matrix ဖြင့် ရှေ့လာမည့် ၃ နှစ်အတွက် မဟာဗျူဟာများ ဆက်လက်စဉ်းစားကြည့်မည်ဆိုလျှင် –
| ရင်းနှီးမြုပ်နှံရန် Maximize the profits အဖွဲ့ဝင် ပျိုးဥယျာဉ်ပိုင်ရှင်များနှင့် တိုင်ပင် ဆွေးနွေးပြီး မြို့နယ်အလိုက် သစ်ပင်စိုက်ပျိုးလိုသည့် ရပ်ကျေးခေါင်းဆောင်များ၊ ပြည်သူ လူထုများအား ပျိုးပင်များ ပံ့ပိုးကူညီနိုင် ကြောင်း အသိပေးပြီး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန် | ကာကွယ်ရန် (Defend) အဖွဲ့အနေဖြင့် မှတ်ပုံတင်မရှိသည့်အခြေအနေ တွင် အဖွဲ့ပုံစံဖြင့် ဆက်လက်ရပ်တည်မည့်အစား မြို့နယ်အလိုက် အဖွဲ့ဝင်ပျိုးဥယျာဉ် ပိုင်ရှင်များနှင့်တိုင်ပင်၍ တနိုင်တပိုင် သစ်ပင် စိုက်ပျိုးလိုသည့်သူများကို ပံ့ပိုးကူညီရန်နှင့် လိုအပ်လျှင် ပညာရှင်များအား ဖုံးဆက်၍ အကူအညီတောင်းခံနိုင်သည့်စနစ်ထားပေးရန် |
| ဆုံးဖြတ်ရန် (Decide) အဖွဲ့တွင် ခေါင်းဆောင်မှု အပြောင်းအလဲနှင့် အမြဲတမ်းဝန်ထမ်းမရှိနေခြင်းနှင့် အဖွဲ့၏ လုပ်ငန်းများကို အဖွဲ့အနေဖြင့် မဟုတ်ပဲ တဦးချင်း စေတနာ့ဝန်ထမ်းပုံစံဖြင့် လုပ် ဆောင်နိုင်သည့်သူများရှိနေခြင်းနှင့် ရပ်မိရပ်ဖများ၏ လက်ခံယုံကြည်မှုရှိခြင်း တို့အပေါ် အခြေခံ၍ ပုံစံပြောင်းလဲလုပ် ဆောင်သင့်၊ မသင့် AGM တွင် ဆုံးဖြတ် အတည်ပြုပြောင်းလဲရန် | ဆုံးရှုံးမှုကိုထိန်းချုပ်ရန်နှင့် လမ်းကြောင်းပြောင်းလုပ်ဆောင်ရန် minimize the loss သက်တမ်းနုနယ်သေးသည့်အဖွဲ့ဖြစ်သော်လည်း မကွေးတိုင်းအတွင်း မရှိမဖြစ်လိုအပ်ချက်ကို အခြေခံဖွဲ့စည်းနိုင်ခဲ့ပြီး အချိန်တိုအတွင်း ရပ်ရွာပြည်သူလူထု၏ လက်ခံယုံကြည်မှု လျင်မြန်စွာရရှိသည့်အပေါ်အခြေခံ၍ အသင်း အဖွဲ့ အဖြစ် မှတ်ပုံတင်ရန် အခက်အခဲများကို ထည့်သွင်းစဉ်းစားပြီး တနိုင်တပိုင် စေတနာ့ ဝန်ထမ်း(ပျိုးဥယျာဉ်ပိုင်ရှင်)များ၏ လုပ်ငန်းကို တတ်စွမ်းသမျှ ကျန်သည့်ပညာရှင်များက ပံ့ပိုး လုပ်ဆောင်သည့်ပုံစံဖြင့် အဖွဲ့၏ ရပ်တည်လုပ် ဆောင်ချက်ကို ပြောင်းလဲလုပ်ဆောင်ရေး စဉ်းစားဆွေးနွေးကြရန် |
ဖော်ပြပါ နမူနာစဉ်းစားချက်များသည် အဖွဲ့အစည်းတခုအနေဖြင့် ရှေ့ဆက်မည့်လုပ်ငန်းများကို စဉ်းစားဆုံးဖြတ် ရာတွင် လက်ရှိအဖွဲ့အစည်း၏အားသာချက်၊အားနည်းချက်များ၊ အခွင့်အလမ်း၊ စိန်ခေါ်မှုများကို မဟာဗျူဟာ အဖြစ်ပြောင်းလဲစဉ်းစားပုံဖြစ်သည်။မိမိတို့အဖွဲ့အစည်းအတွက်ဖြစ်စေ၊ တဦးချင်းအတွက်ဖြစ်စေလည်း ယင်းကဲ့ သို့ အဆင့်ဆင့်ဆွေးနွေးလုပ်ဆောင်နိုင်ပါသည်။
အဆင့် – ၃ အဖွဲ့အစည်းနှင့်ဆက်စပ်ပတ်သက်သည့် အခြေအနေများကို ဆန်းစစ်သုံးသပ်ခြင်း
ဂ) အဖွဲ့အစည်း၏ ဘေးဘီဝဲယာအခြေအနေကို ဆန်းစစ်ခြင်း

အဖွဲ့အစည်းဖြစ်စေ၊ လူတဦးချင်းဖြစ်စေ လူမှုအသိုင်းအဝိုင်းအတွင်း နေထိုင်ကျင်လည်ကြရာတွင် တဦးတည်း၊ တဖွဲ့တည်း ထီးထီးရပ်တည်၍မရကြသည့်အတွက် အဖွဲ့အစည်းလုပ်ကိုင်ရသည့်ပတ်ဝန်းကျင်ရှိ ပတ်သက် ဆက်စပ်သူများကို ဆန်းစစ်လေ့လာရန် လိုအပ်သကဲ့သို့ အဖွဲ့အစည်းအနေဖြင့် လက်ရှိအခြေအနေတွင် ကြုံတွေ့နိုင်ရသည့် အန္တရာယ်များကိုလည်း ဆန်းစစ်နိုင်ပါသည်။ ပတ်သက်ဆက်စပ်သူများကို ဆန်းစစ် လေ့လာခြင်းနှင့် စီမံခန့်ခွဲမှုသည် မဟာဗျူဟာရေးဆွဲရာတွင် မဖြစ်မနေထည့်သွင်းစဉ်းစားရန် လိုအပ်သော်လည်း
အန္တရာယ်ကျရောက်နိုင်သည့်အခြေအနေကို ဆန်းစစ်လေ့လာခြင်းကိုမူ လိုအပ်မည်ထင်လျှင် လုပ်ဆောင်နိုင် သည်။ ယခုကာလကဲ့သို့ မရေရာ၊မသေချာသည့်အခြေအနေများစွာနှင့် ရင်ဆိုင်နေကြရသည့်ကာလမျိုးတွင်မူ ထည့်သွင်းလုပ်ဆောင်လေ့ရှိကြသည်။
၁။ ပတ်သက်ဆက်စပ်သူများကို ဆန်းစစ်လေ့လာခြင်း (Stakeholders Analysis)
ဤဆန်းစစ်ချက်မှရရှိမည့် ရလဒ်များ၊
၁) အဖွဲ့အစည်း၏ မြေပြင်မှစပြီး ဗဟိုအဆင့်အထိ လုပ်ငန်းအဆင့်ဆင့်တွင် ပါဝင်ပတ်သက်နေသူများကို ထုတ်ဖော်ခွင့်ရရှိခြင်း
၂) အဖွဲ့အစည်းအနေဖြင့် ဆက်စပ်ပတ်သက်လုပ်ကိုင်ဆောင်ရွက်နေရသူများအပြင် အဖွဲ့အစည်းအနေဖြင့် မဖြစ်မနေ ထည့်သွင်းစဉ်းစားထားရန် လိုအပ်သည့်လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများကို အကောင်းဆုံး၊ အထိရောက်ဆုံး ဆက်သွယ်၊ ဆက်ဆံနိုင်မည့် မဟာဗျူဟာများကို စဉ်းစားနိုင်ခြင်း။
၃) အဖွဲ့အစည်းတခုလုံး၏ ဆက်ဆံရေး၊ ဆက်သွယ်ရေးမဟာဗျူဟာနှင့် မဟာမိတ်ပြုလုပ်ရေး လမ်းညွှန် သို့မဟုတ် မူဝါဒများ(partnership guidelines or principles)အတွက် အရေးပါသည့်ဆက်စပ်ပတ်သက်သူများ ကို စဉ်းစားဖော်ထုတ်နိုင်ခြင်း
ကြိုတင်ပြင်ဆင်ရန်လိုအပ်ချက်များ –
- အထက်ပါလေ့ကျင့်ခန်းကဲ့သို့ပင် ဆန်းစစ်လေ့လာချက်ကို ဦးဆောင်ပြုလုပ်ပေးမည့်သူအနည်းဆုံး တဦးနှင့် အချက်အလက်များကို စုစည်းမှတ်တမ်းတင်ပေးမည့်သူ အနည်းဆုံး တဦးလိုအပ်သည်။ ဦးဆောင်ဆွေးနွေးသူအနေဖြင့် Stakeholders analysis နှင့် Stakeholders management ဇယားကို တင်ကြိုလေ့လာပြီး ပြင်ဆင်ထားရန်လိုအပ်ပါသည်။
- စစ်တမ်းမေးခွန်းများတွင်လည်း ထည့်သွင်းမေးမြန်း၍ တဦးချင်း၏ အမြင်များကိုလည်း multiple choice များပေးပြီး မေးမြန်းထား၍ရပါသည်။ ထိုသို့ပြုလုပ်မည်ဆိုလျှင် ဖြေဆိုထားသည့်အဖြေများကို ရေးဆွဲရန်တွေ့ဆုံချိန်တွင် စုစည်းတင်ပြရန် ပြင်ဆင်ရပါမည်။
- မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ်ကို လူကိုယ်တိုင်တွေ့ဆုံလုပ်ဆောင်ကြမည်ဆိုလျှင် ဇယားများကို A 4 size paper ဖြင့် တဖွဲ့အတွက် ၃ ရွက်ခန့် သို့မဟုတ် အယောက်စီအတွက် ထုတ်ထားပြီး အဖွဲ့လိုက် ဆွေးနွေးကြရာတွင် အသုံးပြုရန် flipchart, marker pens များပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်သည်။ အွန်လိုင်းမှသာလုပ်ဆောင်ကြမည်ဆိုလျှင် အဖွဲ့လိုက် computer တွင်မှတ်တမ်းတင်နိုင်ရန် သို့မဟုတ် zoom တွင်ပါရှိသည့် whiteboard သို့မဟုတ် သီးခြား ဆွေးနွေး၍ရသည့် အက်ပ်လီကေးရှင်းများ ဖြစ်သည့် Miro တို့ကိုအသုံးပြုနိုင်ရန် ဇယားများကို chatbox မှပို့ပေးရန်လိုအပ်မည်။ အလွယ်ကူဆုံးမှာ အဖွဲ့လိုက် ပါဝါပွိုင့်တွင် အားလုံးမြင်အောင်ဇယားကို တဦးကပြသပေးပြီး လူကိုယ်တိုင်အသုံးပြုသည့် whiteboard ကဲ့သို့ ရေးသားဆွေးနွေးနိုင်သည်။ အားလုံးကိုပြန်လည်စုစည်းတင်ပြပေးနိုင်ရန်လည်း လိုအပ်ပါမည်။
- ထို့အပြင် အဖွဲ့အသီးသီးမှသူများ ရေးသားသည့် တူညီသည့်အချက်များကို တခုတည်း အတည်ပြု မှတ်တမ်းတင်ခြင်းနှင့် သဘောထားခြင်းမတူပါက ပြန်လည်ဆွေးနွေး သဘောတူညီချက်ရယူရန် လိုအပ် မည်။
လုပ်ဆောင်ပုံအဆင့်ဆင့်၊
၁၊ စစ်တမ်းပုံစံမေးခွန်းများပြုလုပ်၍ google forms ကို အသုံးပြုပြီး အဖွဲ့၏ဝန်ထမ်းများ၊ ဘုတ်အဖွဲ့၊ အဖွဲ့ဝင် များ နှင့် အဖွဲ့နှင့် ဆက်စပ်ပတ်သက်သူများထဲမှ မိမိတို့အဖွဲ့အကြောင်းသေချာစွာသိရှိသူများအား အဖွဲ့နှင့် ဆက်စပ်ပတ်သက်သူများနှင့်ပတ်သက်၍ အထက်ဖော်ပြပါ ပုံတွင် ရေးသားထားသည့်အချက်များအား တဦးချင်း၏အမြင်များကို ဖြေကြားပေးရန် တင်ကြိုဖြန့်ဝေထားနိုင်သည်။ စစ်တမ်းတွင် မေးခွန်းပုံစံဖြင့်မေးမြန်း လျှင် မဟာဗျူဟာရေးဆွဲရာတွင် တာဝန်ခံအဖြစ်လုပ်ဆောင်မည့် ဝန်ထမ်း(များ)နှင့် ပြင်ပမှကူညီမည့်သူပါလျှင် သူနှင့်ပါပူးပေါင်း၍ စဉ်းစား၍ရသမျှစာရင်းချရေးပြီး စာရင်းတွင်မပါသည့်သူများ/အဖွဲ့များကိုလည်း “အခြား”ဆို သည့်ဖြေဆိုရန်အကွက်တခုပေး၍ ရေးသားစေခြင်းက ပို၍အဆင်ပြေနိုင်သည်။ မိုဘိုင်းဖုံးကိုသာအသုံးပြုပြီး ကွန်ပြူတာမရှိသူများကို ဖြေဆိုခိုင်းရန်လိုအပ်လျှင် သူတို့ရေးလိုသည့်အချက်ကို စာရွက်ပေါ်တွင် ရေးသားစေ၍ ဓာတ်ပုံရိုက်ပြီး ဖြေကြားနိုင်ရန် စီစဉ်ပေး၍လည်း အဆင်ပြေပါသည်။
သို့မဟုတ်
အဖွဲ့၏ဝန်ထမ်းများအား စီမံကိန်းအလိုက်၊ ဌာနအလိုက်အဖွဲ့လိုက် တင်ကြိုတွေ့ဆုံစေ၍ စီမံကိန်း/ဌာနများ အလိုက် မိမိတို့နှင့်ဆက်စပ်ပတ်သက်သူများကို ဆွေးနွေးထားနိုင်ကြသည်။
၂၊ အဖွဲ့အားလုံးတွေ့ဆုံသည့် မဟာဗျူဟာရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် အောက်ဖော်ပြပါ ဇယားကို ပြ၍ အဖွဲ့တဖွဲ့လုံး၏ အမှတ်ပေးပုံများ၊ စဉ်းစားကြပုံများ မတူညီသည်များရှိမည်ဖြစ်သည့်အတွက် ပြန်လည် ဆွေးနွေးစေပြီး သဘောတူမှုရယူပါ။ ဆက်စပ်ပတ်သက်သူများ/ အဖွဲ့အစည်းများအား စုစည်းတင်ပြပေးရာတွင် ထပ်မံဖြည့်စွက်လိုသည်များရှိလျှင်လည်း ဖြည့်စွက်ခိုင်းပါ။

၃၊ အထက်ပါဇယားကို တဖွဲ့လုံးအတွက် စုစည်းပြီးပြီဆိုပါက အောက်ဖော်ပြပါ ဇယားတွင် အဖွဲ့ အနေဖြင့် အဓိကပတ်သက်ဆက်စပ်သူများကို ရွေးချယ်စဉ်းစားရန် ဆက်လက်လုပ်ဆောင်ရပါမည်။ ယင်းတို့၏ အဖွဲ့နှင့် ဆက်စပ်ပတ်သက်သည့် အကျိုးစီးပွားများနှင့် သူတို့၏ ဩဇာအာဏာရှိမှုအပေါ် အခြေခံ၍ ထည့်သွင်းရမည်။ ကျန်သည့်အချက်များထဲမှ အဖွဲ့အတွက် အရေးပါသည့်သူများကို ဦးစားပေး အလိုက် ပြန်ကြည့်ပြီး သူတို့အသုံးပြုနိုင်သည့် အရင်းအမြစ်များနှင့် သဘောထားအမြင်များကို အခြေခံ၍ ဆက်သွယ်ရေး မဟာဗျူဟာချမှတ်ရာတွင် ထည့်သွင်းစဉ်းစားရန်လိုအပ်မည်။
အဓိကပတ်သက်ဆက်စပ်သူများကို ရွေးချယ်၍ စီမံခန့်ခွဲပုံဇယား

၄၊ အထက်ဖော်ပြပါဇယားတွင် မိမိတို့နှင့်ပတ်သက်ဆက်စပ်သူများကို ပေးထားသည့်အမှတ်များအပေါ် အခြေခံ၍ ထည့်သွင်းကြည့်ပါ။ ယင်းတို့အနက်မှ အထက်၊အောက်အစဉ်ကို စဉ်းစားရာတွင် ကျန်သည့် အချက် ၃ ချက်ထဲမှ အဖွဲ့၏ လုပ်ငန်းများအတွက် အရေးပါမှုအပေါ် အဓိကထားစဉ်းစားရပါမည်။
အဖွဲ့အတွက် အရေးကြီးဆုံး ဆက်စပ်ပတ်သက်သူများနှင့် အဖွဲ့များအလိုက် မည်သို့ စီမံခန့်ခွဲမည်ကို စဉ်းစားရာတွင် –
- အနီးကပ်စီမံခန့်ခွဲရန်
၁) ဩဇာလွှမ်းမိုးနိုင်မှုမြင့်မားပြီး အကျိုးစီးပွား/စိတ်ဝင်စားမှုမြင့်မားသူများ/အဖွဲ့အစည်းများ
- ကျေနပ်အောင်ထားရန်
၂) ဩဇာလွှမ်းမိုးနိုင်မှုမြင့်မားပြီး အကျိုးစီးပွား/စိတ်ဝင်စားမှုအသင့်အတင့်ရှိသူများ/အဖွဲ့အစည်းများ
၃) ဩဇာလွှမ်းမိုးနိုင်မှုမြင့်မားပြီး အကျိုးစီးပွား/စိတ်ဝင်စားမှုနည်းသူများ/အဖွဲ့အစည်းများ
၄) ဩဇာလွှမ်းမိုးနိုင်မှုအသင့်အတင့်ရှိပြီးအကျိုးစီးပွား/စိတ်ဝင်စားမှုအသင့်အတင့်ရှိသူများ/အဖွဲ့အစည်းများ
- အခြေအနေကို အမြဲအသိပေးရန်
၅) ဩဇာလွှမ်းမိုးနိုင်မှုနည်းပါးပြီး အကျိုးစီးပွား/စိတ်ဝင်စားမှုမြင့်မားသူများ/အဖွဲ့အစည်းများ
၆) ဩဇာလွှမ်းမိုးနိုင်မှုနည်းပါးပြီး အကျိုးစီးပွား/စိတ်ဝင်စားမှုအလယ်အလတ်ရှိသူများ/အဖွဲ့အစည်းများ
- စောင့်ကြည့်အကဲခတ်ရန်
၇) ဩဇာလွှမ်းမိုးနိုင်မှုနည်းပါးပြီး အကျိုးစီးပွား/စိတ်ဝင်စားမှုနည်းပါးသူများ/အဖွဲ့အစည်းများဟု စဉ်းစားနိုင်သည်။
နမူနာပေးထားခဲ့သည့် သစ်ပင်ချစ်သူများအဖွဲ့ (Love Our Trees – LOT) အတွက် ပတ်သက်ဆက်စပ်သူများ ကို ဆန်းစစ်ချက်နှင့် စီမံခန့်ခွဲရန် စဉ်းစားထည့်သွင်းပုံကို ထည့်သွင်းပြထားပါသည်။ အောက်ဖော်ပြပါ ဇယားကွက်များတွင် ဖော်ပြပါရှိသည့်အုပ်စုများမှာလည်း စိတ်ကူးဖြင့် နမူနာစဉ်းစားကြည့်နိုင်ရန်အတွက်သာ ဖြစ်ပြီး +++/— တို့မှာလည်း တဦးနှင့်တဦးအကြား၊ အုပ်စုဖွဲ့ဆွေးနွေး ကြလျှင်လည်း တဖွဲ့နှင့်တဖွဲ့အကြား အတွေ့အကြုံနှင့် အမြင်ကွဲပြားခြားနားတတ်သည့်အတွက် ပြန်လည်ညှိ နှိုင်း၍ သဘောတူသည်အထိ ဆွေးနွေးကြရလေ့ရှိပါသည်။

ပတ်သက်ဆက်စပ်သူများဇယားတွင် အဖွဲ့၏မဟာမိတ်ဖြစ်နိုင်သည့် အဖွဲ့အစည်းများမှာ အကျိုး စီးပွား/ အဖွဲ့၏လုပ်ငန်းများကို စိတ်ဝင်စားမှုအပြည့်ရှိသည်ဟုယူဆရသောသူများ/အဖွဲ့များကို အဝါရောင်အမှတ် အသား ပြုလုပ်ဖော်ပြထားပြီး အဖွဲ့၏လုပ်ငန်းများကြောင့် အကျိုးစီးပွားပျက်စီးနိုင်သူများ၊ အာဏာဩဇာ များအသုံးပြု၍ ပျက်စီးအောင်လုပ်နိုင်သူများ/အဖွဲ့အစည်းများကို အနီရောင်အမှတ်အသားပြုလုပ်ပြထား သည်။ အဖွဲ့အတွက်အရေးကြီးပြီး မိမိဖက်ပါလာအောင် လုပ်နိုင်သူများ/အဖွဲ့များအား စိမ်းပြာရောင် ဖြင့်ပြသထားသည်။အထက်ဖော်ပြပါဇယားမှ အကျိုးစီးပွားနှင့် တန်ခိုးဩဇာပိုင်းအကွက်ကို ကောက်နှုတ်၍ နမူနာပြရလျှင် –

- အနီးကပ်စီမံခန့်ခွဲရန်
LOT အနေဖြင့် လုပ်ငန်းသဘောသဘာဝအရ ယင်းအဆင့်အထိရောက်ရှိနေသည့်သူများ/အဖွဲ့အစည်းများ များစွာကို မတွေ့ရှိရဟု သတ်မှတ်နိုင်သည်။ သို့ရာတွင် အကျိုးစီးပွားမြင့်မားပြီး အဖွဲ့အတွက် အကျိုးပြုနိုင် သူများ/အုပ်စုများကိုမူတွေ့ရမည်ဖြစ်သည်။
- ဒေသခံလူမှုရေးအဖွဲ့အစည်းများ
- ပျိုးဥယျာဉ်စိုက်ပျိုးသူများ
- သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများနှင့် အနီးကပ်ချိတ်ဆက်၍ လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်သည်။
- ကျေနပ်အောင်ထားရန်
ယင်းအုပ်စုတွင် အဖွဲ့ ၂ ဖွဲ့ကို LOT အနေဖြင့် တွေ့ရမည်ဖြစ်သည်။
တိုင်း/မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် အဖွဲ့၏လုပ်ငန်းများကို စိတ်ဝင်စားမှု များစွာရှိမည်မဟုတ်သော်လည်း သူတို့နှင့်ဆက်ဆံရေးပြေလည်နေရန်လိုအပ်သည်။ သူတို့မကျေနပ်ပါက လုပ်ငန်းများကို တားမြစ်ပိတ်ပင်ခြင်းများပြုလုပ်နိုင်သည်။
ရပ်မိရပ်ဖများနှင့်သစ်ပင်စိုက်ပျိုးသည့်ဒေသများမှ ပြည်သူလူထုအနေဖြင့် အစပိုင်းတွင် အဖွဲ့၏လုပ်ငန်း များကို များစွာစိတ်ဝင်စားမှုမပြသော်လည်း စနစ်တကျဗျူဟာချ၍ စည်းရုံးနိုင်လျှင် အဖွဲ့အတွက်ပံ့ပိုးကူညီ နိုင်မည်ဖြစ်သည်။
- အခြေအနေကို အမြဲအသိပေးရန်
လုပ်ငန်းအတွက် ငွေကြေးပံ့ပိုးပေးနေသည့်အဖွဲ့အစည်းများအနေဖြင့် အဖွဲ့၏လုပ်ငန်းများကို စိတ်ဝင်စားမှု အပြည့်ရှိကြသည့်အတွက် သူတို့ကို အခြေအနေများအား အမြဲအသိပေးခြင်း၊ အစီရင်ခံစာများရေးသားပေး ပို့နေခြင်းတို့ပြုလုပ်ရန် လိုအပ်သည်။
အဖွဲ့၏လုပ်ငန်းများနှင့် အပြိုင်ကဲ့သို့ဖြစ်နေသည့် စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းများသည် အဖွဲ့ကို ဒုက္ခပေး နိုင်သည့် အာဏာမရှိကြသော် လည်း အဖွဲ့၏လုပ်ငန်းများကို စိတ်ဝင်စားကြသူများဖြစ်သဖြင့် သူတို့ကိုလည်း အခွင့်အရေးပေးနိုင်လျှင် အဖွဲ့အနေဖြင့် သူတို့နှင့်ပြိုင်ဖက်များမဟုတ်ကြောင်း အသိပေးထားရန်လိုအပ် သည်။ နမူနာအနေဖြင့် စဉ်းစားနိုင်ရန် ဆွေးနွေးချက်များသာဖြစ်သဖြင့် အငြင်းပွားဖွယ်ရာ၊မေးခွန်းထုတ်စရာများစွာ လည်းရှိနိုင်ပါသည်။
ဘေးဘီဝဲယာကြည့်ရှုခြင်း (Look around) အတွက် ကျန်ရှိသည့် အန္တရာယ်ကျရောက်နိုင်မှုများကို ဆန်းစစ် လေ့လာခြင်းကို လာမည့်စနေနေ့တွင် ဆက်လက်ဆွေးနွေးတင်ပြပေးသွားပါမည်။




















