အပိုင်း – ၅ အဖွဲ့အစည်းရေရှည်တည်တံ့ခိုင်မြဲမှု
ယခုအပတ်တွင် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုအကြောင်း၏ နောက်ဆုံးအပိုင်း – ၅ ကို ဆက်လက်ဆွေးနွေး၍ ရေးသားမှုကို နိဂုံးချုပ်လိုပါသည်။ အဖွဲ့အစည်းတခု စတင်တည်ထောင်ပြီးနောက်တွင် အဖွဲ့များအတွက် ရေရှည်တည်တံ့အောင် မည်သို့ဆက်လက်လုပ်ဆောင်ကြမည်နည်း ဆိုသည်ကိုလည်း ဆက်၍ စဉ်းစားကြရသည်။ အဖွဲ့အစည်းတခုရေရှည်တည်တံ့နိုင်ရန်မှာ စီမံချက်လုပ်ငန်းများ ထိရောက်အောင် လုပ်ဆောင်နိုင်ခြင်းတခုတည်းဖြင့် မလုံလောက်ပါ။အဖွဲ့နှင့် ပတ်သက်ဆက်စပ်သူများ၊ အထူးသဖြင့် ဦးတည်အုပ်စုများနှင့် ခိုင်မာသည့် ဆက်ဆံရေးတည်ဆောက်ထားနိုင်ရန် လိုအပ်သည်။ အဖွဲ့အစည်းအနေဖြင့် မိမိ၏ဦးတည်အုပ်စုများမှာ မည်သူများဖြစ်သည်၊ မည်သူတို့ကို ကိုယ်စားပြုသည်၊ နှင့် မည်သူတို့အပေါ်တွင် မှီခိုနေရသည် ဆိုသည်တို့ကိုလည်း အလေးအနက် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
လွတ်လပ်အမှီခိုကင်း၍ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက်ဟုဆိုရာတွင် မိမိတို့၏ရည်မှန်းချက်များ၊ လက်ခံယုံကြည်သည့် ကိစ္စရပ်များ၊ လုပ်ဆောင် ပေးနေသည့် ဦးတည်အုပ်စုများအတွက် လုပ်ငန်းများကို ဦးစိုက်လုပ်ကိုင်နိုင်ရန်မှာ အဓိကကျသည်။ ရံဖန်ရံခါတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများသည် ငွေကြေးပိုင်းဆိုင်ရာနှင့် အခြားလိုအပ်သည့် အရင်း အမြစ်များကို မှီခိုကြရပြီး နိုင်ငံရေးပါတီများ၊ အာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်း များ၏ လက်ကိုင်တုတ်များ၊ အသုံးချခံများ အဖြစ် ရောက်သွားတတ်ကြသည်။ ထို့ကြောင့် နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများ၊ အစိုးရ သို့မဟုတ် အခြားသော အင်အား စုများ၏ လွှမ်းမိုးမှုများ ရှိမနေဘဲ လွတ်လပ်စွာ ရပ်တည်နိုင်မှသာ မိမိတို့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် အမည်သတင်းကျော်စောမှုတို့ကို ကာကွယ်ထိန်းသိမ်းနိုင်ပြီး အဖွဲ့အပေါ် ယုံကြည်မှုခိုင်မာစေနိုင်မည်။
သို့ရာတွင် အဖွဲ့အစည်းများအနေဖြင့် လိုအပ်သည့် အရင်းအမြစ်များရှိမှသာလျှင် အဖွဲ့အစည်းအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည်ဖြစ်ပြီး ဦးတည် အုပ်စုများအတွက် ဆက်လက်လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းတခု ဖြစ်စေ၊ ဒေသန္တရနှင့် နိုင်ငံတနိုင်ငံလုံးတွင် လုပ်ဆောင်နေကြသည့်အဖွဲ့အစည်းများဖြစ်စေ လူစွမ်းအားနှင့် အခြားအရင်းအမြစ်များ ကို စုစည်းအသုံးချခြင်း (Resource Mobilization)ဆိုသည့် ကိစ္စကို မဖြစ်မနေစဉ်းစားကြရန်လိုအပ်သည်။
အရင်းအမြစ်များ စုစည်းအသုံးချခြင်းဟုဆိုရာတွင် ငွေကြေးရန်ပုံငွေရရှိရေးသာမက ရပ်ရွာလူထုပါဝင်စေသော စည်းရုံးရေးလုပ်ဆောင်ရန်မှာလည်း အရေးကြီးလှသည်။ မိမိတို့ စီမံကိန်း လုပ်ဆောင်ပေးနေသည့် ပြည်သူလူထုနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း၊ ယုံကြည်မှုတည်ဆောက်နိုင်သည့် ဆက်ဆံရေးမျိုးလည်း ရှိရမည်။ ယင်းလုပ်ငန်းစဉ် မှတစ်ဆင့်—
- ဒေသခံများ၏ လုပ်အား၊ အချိန်နှင့် အတွေ့အကြုံများ
- အဖွဲ့အစည်းအပေါ် ယုံကြည်မှု
- ဒေသအာဏာပိုင်များ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ ပံ့ပိုးမှုများဖြင့်
- စီမံကိန်းများကို လူထုကိုယ်တိုင် ဆက်လက်ထိန်းသိမ်းလုပ်ဆောင်နိုင်သည်။
ဤအချက်များအားလုံးသည် အဖွဲ့အစည်း၏ ရေရှည်တည်တံ့ခိုင်မြဲမှုကို အထောက်အကူပြုသည့် အချက်များဖြစ်သည်။
ရပ်ရွာလူထုကိုယ်တိုင် ပါဝင်လုပ်ဆောင်လာစေရန် စည်းရုံးခြင်း (Community Mobilization)
အဖွဲ့အစည်းတခု ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ငွေကြေးအရင်းအမြစ်များသာမက လူ့အရင်းအမြစ်၊ ယုံကြည်မှု၊ ပူးပေါင်းပါဝင်မှုနှင့် ဒေသခံလူထု၏ ပံ့ပိုးမှုများသည် အလွန် အရေးကြီးပါသည်။ ထို့ကြောင့် စီမံချက်လုပ်ငန်းများကို လုပ်ဆောင်ကြရာတွင် အဖွဲ့အစည်း၏ဝန်ထမ်းများသည် အဓိကဦးဆောင်လုပ်ကိုင်သည့်နေရာမှနေ၍ လုပ်ကိုင်ကြသည့်အစား ယင်းလုပ်ငန်းစဉ်တွင် ပံ့ပိုးကူညီကြသူများ (facilitator)အဖြစ် ရပ်ရွာလူထုကိုယ်တိုင် ပါဝင်ပြီး မိမိတို့ရပ်ရွာအတွက် ကိုယ်တိုင်လုပ်ဆောင်လာစေရန် စည်းရုံးခြင်း (Community Mobilization) နည်းလမ်းကို အသုံးချ၍ ပံ့ပိုးပေးသင့်သည်။
ရပ်ရွာလူထုကိုယ်တိုင် ပါဝင်ပြီး မိမိတို့ရပ်ရွာအတွက် ကိုယ်တိုင်လုပ်ဆောင်လာစေရန် စည်းရုံး ခြင်း (Community Mobilization) ဆိုသည်မှာ – ရပ်ရွာလူထုအားလုံး သို့မဟုတ် လူအများစုအတွက် အရေးကြီးသည့် အခြေခံလိုအပ်ချက်များ၊ ပြဿနာများကို ရပ်ရွာအတွင်းရှိ အရင်းအမြစ်များကို အထိရောက်ဆုံး အသုံးချ၍ ရပ်ရွာလူထုမှ ဦးဆောင်ဖြေရှင်းလာတတ်စေရန် ပံ့ပိုးပေးသည့်လုပ်ငန်း စဉ်ပင်ဖြစ်သည်။

ရပ်ရွာလူထုပါဝင်မှု
ရပ်ရွာလူထုပါဝင်မှုဆိုသည်မှာ –
ရပ်ရွာ၏ ကိစ္စရပ်များကို “သူတို့၏ ကိုယ်ပိုင်ကိစ္စ” ဟု နားလည်သဘောပေါက်ကာ စီမံကိန်းရေးဆွဲခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်တခုလုံးတွင် တက်ကြွစွာ ပါဝင်လာစေခြင်းဖြစ်ပါသည်။ ထိုသို့ ပါဝင်လာသောအခါ လုပ်ဆောင်သည့် လုပ်ငန်း၊ စီမံကိန်းများသည် လူထု၏ လိုအပ်ချက်နှင့် ပိုမိုကိုက်ညီလာပြီး ရေရှည် တည်တံ့ခိုင်မြဲနိုင်သည်။ပါဝင်ခြင်းဆိုရာတွင် အကြံဉာဏ်များ၊ အဓိကဦးစားပေးလုပ် ဆောင်ရမည့်အရာများ၊ အရင်းအမြစ်များမျှဝေခြင်း၊ အချိန်ပေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် အကဲဖြတ် သုံးသပ်ခြင်း တို့ပါဝင်နိုင်ပါသည်။ ပူးပေါင်းပါဝင်ခြင်းဆိုသည်မှာ ဖြစ်စဉ် တစ်ခုဖြစ်ပြီး၊ အခြားအန္တိမအကျိုုးဆက်များကိုလည်း ဖြစ်ထွန်းစေနိုင်ပါသည်။

ရပ်ရွာလူထုပါဝင်မှု အဆင့်ဆင့်
ရပ်ရွာလူထုပါဝင်မှုကို အဆင့်ဆင့် ခွဲခြားနိုင်ပါသည်။ ပါဝင်မှုမရှိသည့် အဆင့်များတွင် လူထုကို “ပညာပေးရန်” သို့မဟုတ် “ဟန်ပြ” အဖြစ်သာ အသုံးချခြင်း ဖြစ်တတ်ပါသည်။ ထိုအဆင့်များကို လုပ်ဆောင်သည့်စီမံကိန်းများသည် ရေရှည်မတည်တံ့နိုင်ပဲ လူထု၏ ယုံကြည်မှု၊ စစ်မှန်သည့်ပါဝင်မှုမျိုးလည်း မရရှိနိုင်ပါ။ ပွဲပြီးမီးသေသာဖြစ် သွားတတ်သည်။

စီမံကိန်းအစီအစဉ်များရေးဆွဲခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်များတွင် ပြည်သူလူထု၏ ပါဝင်မှု ဒီဂရီအဆင့်အမျိုးမျိုးကို လှေကားထစ် ၆ ဆင့်ဖြင့် သရုပ်ဖော်ပြသထားသည်။ အောက်ဆုံးအဆင့် ရပ်ရွာအတွင်းရှိ ပြည်သူလူထုများထဲမှ အဖွဲ့မှရွေးချယ်ခန့်အပ်တာဝန်ပေးလုပ်ဆောင်ခြင်း၊ ဒုတိယအဆင့် တာဝန်များ ချမှတ်ပေး၍ လိုက်နာလုပ်ဆောင်စေခြင်းအဆင့်၊ တတိယအဆင့် တိုင်ပင်ဆွေးနွေးခြင်းအဆင့်မျှကိုသာ လုပ်ဆောင်ခဲ့ကြသည့် အဖွဲ့အစည်းများ၏ စီမံချက်များသည် စီမံကိန်း ပြီးလျှင် ရပ်ရွာတွင် ဘာမျှမကျန်ခဲ့တတ်ချေ။ ယင်းမှထပ်၍အဆင့်တက်ပြီး လက်တွဲလုပ်ဆောင်ခြင်း၊ ရပ်ရွာပြဿနာများကို ပြည်သူလူထုနှင့်အတူ လေ့လာသင်ယူပြီး အမြင့်ဆုံးအဆင့်ဖြစ်သည့် ပြည်သူ လူထုနှင့်အတူ ပူးပေါင်းလုပ်ဆောင်ကြမှသာလျှင် စီမံကိန်းမရှိတော့လျှင်ပင် ရပ်ရွာပြည်သူလူထုက ဆက်လက်လုပ်ဆောင်နေကြမည်ဖြစ်သည်။

ရပ်ရွာလူထုကိုယ်တိုင်ပါ ပါဝင်အောင်စည်းရုံးခြင်း ဆိုသည်မှာ –
- တူညီသည့် လိုအပ်ချက်များ၊ တူညီသည့် စိတ်ဆန္ဒ သဘောထား များနှင့် ပြဿနာကိုရှုမြင် ပုံတူညီကြသူများ အားလုံးပူးပေါင်း၍ ရပ်ရွာပြည်သူလူထုအားလုံးအတွက် အကျိုး ကျေးဇူး ရရှိနိုင်စေရန် အတူတကွ အရေးယူဆောင်ရွက်သည့် ဖြစ်စဉ်ကို ဆိုလိုသည်။ (Joint United Nations Programme on HIV/AIDS)
- တဦးနှင့်တဦးအကြားအပြန်အလှန်ဆက်ဆံ၊ ပညာပေး၊ စည်းရုံးမှုများပါဝင်ပြီး ယင်းသို့ လုပ်ဆောင်ခြင်းအားဖြင့် လွတ်လပ်မှုရှိပြီး အသိပညာတိုးပွား ရရှိစေနိုင်သော အဆက်မပြတ်၊ ဖွံ့ဖြိုးတိုးတက်စေနိုင်သည့် ဖြစ်စဉ်တခုဖြစ်သည်။ (Save the Children Federation)
ရပ်ရွာလူထုပါဝင်မှု၏ အကျိုးကျေးဇူးများမှာ –
- တဦးချင်းစီ၏အကျိုးစီးပွား – တဦးချင်းစီ၏ကိုယ်ပိုင်လိုအပ်ချက်များကို နားလည်သဘောပေါက် ညှိနှိုင်းခွင့်ရပြီး အကောင်းဆုံးဖြေရှင်း၊ဖြည့်ဆည်းပေးနိုင်ခြင်း
- အခြားသူများ၏ လိုအပ်ချက်များကို နားထောင်တတ်ပြီး အလေးထားဂရုစိုက်ခြင်း
- အခြားသူများနှင့် အလုပ်လုပ်ရသည်ကို သဘောကျနှစ်သက်လာခြင်း
- အခြားရပ်ရွာလူထုနှင့်သက်ဆိုင်သည့်လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်လိုစိတ် ဖြစ်ထွန်းလာစေခြင်း
- ကိုယ့်ကိစ္စ၊ ကိုယ့်ပြဿနာဟု လက်ခံသဘောပေါက်ပြီး ကိုယ့်ဘာသာအဖြေရှာလိုလာကြခြင်း
- မတူကွဲပြားသည့် အလေ့အထနှင့် လူမှုတန်ဖိုးများကို ပြန်လည်ဖော်ထုတ်နိုင်ပြီး မြှင့်တင်ပေးရန် သတိပြုမိလာခြင်း
- မိမိတို့ရပ်ရွာလူမှုအဖွဲ့အစည်း၏သွင်ပြင်လက္ခဏာနှင့် ညီညွတ်မှုများကိုလည်း ပြန်လည်ခိုင်မာ လာစေနိုင်ခြင်း
- တဦးချင်းလုပ်ဆောင်မည့်အစား အများနှင့်စုပေါင်းလုပ်ကိုင်ခြင်းက ပိုမိုအောင်မြင်နိုင်သည်ကို လက်တွေ့နားလည်သဘောပေါက်လာကြခြင်း
- အပြောင်းအလဲကို လိုလားစိတ်နှင့် လေ့လာသင်ယူလိုစိတ်များ ပို၍ဖြစ်ထွန်းလာစေခြင်း
ရပ်ရွာလူထုပါဝင်မှုကို ဖြစ်ထွန်းစေသည့် တွန်းအားများနှင့် အဟန့်အတားများ
ရပ်ရွာလူထုကို ပါဝင်မှုကို ဖြစ်ထွန်းစေသည့်အချက်များမှာ
- ခေါင်းဆောင်မှုကောင်းမွန်ခြင်း၊
- ယုံကြည်မှုတည်ဆောက်နိုင်ခြင်၊
- ပွင့်လင်းမြင်သာမှုရှိခြင်းနှင့်
- အားလုံးပါဝင်ခွင့်ရရှိစေခြင်းတို့သည် အဓိက တွန်းအားများ ဖြစ်သည်။
ရပ်ရွာပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်လုပ်ဆောင်လာစေရန် အဟန့်အတားဖြစ်စေသည့်အချက် များမှာ –
- တဦးချင်းစီ၏အကျိုးစီးပွားများ
- မိမိကိုယ်မိမိယုံကြည်မှုမရှိခြင်း
- လူမှုဆက်ဆံရေး သို့မဟုတ် ပူးပေါင်းပါဝင်ဆောင်ရွက်မှုအတွေ့အကြုံများမရှိခြင်း
- ငွေကြေး၊ အချိန် မပေးနိုင်ခြင်း
- ပံ့ပိုးကူညီမည့်စနစ်များ၊ လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်းသောသတင်း အချက်အလက်များ မရှိနေခြင်း
- ပါဝင်ရန် ဖိတ်ခေါ်မခံရခြင်း၊ အဖွဲ့အစည်းက ပါဝင်ခွင့် အခွင့်အလမ်း မပေးခြင်း
- ဘာသာစကား
- မှီခိုတတ်သောအလေ့အကျင့် – ဘာလုပ်ရမည်ကို ပြောပြလမ်းညွှန်ပေးခြင်းကို နှစ်သက်ခြင်း
- အသိပညာဗဟုသုတသည် သြဇာအာဏာဖြစ်နေခြင်း – သူတစ်ပါးကို မျှဝေပေးလိုက်ပါက မိမိတွင် သြဇာ အာဏာမရှိတော့မည့်ကို စိုးရိမ်ကြောက်လန့်ခြင်း
- ပြန်လည်တုန့်ပြန်ပြောဆိုသည့် အလေ့အထအားနည်းခြင်း
- အာဏာ၊ ရာထူး၊ သြဇာအရှိန်အဝါမရှိခြင်း
မိမိပြောလိုက်သည့်အတွက်ကြောင့်ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ကြောက်ရွံ့ခြင်း၊ ယုံကြည်မှုမရှိခြင်း၊ သတင်းအချက်အလက်မလုံလောက်ခြင်းတို့သည် အဟန့်အတားများအဖြစ် ရှိနေတတ်ပါသည်။

၁။ အားလုံးတွေ့ကြုံနေရသည့် အခက်အခဲပြဿနာများကို ဖေါ်ထုတ်ပြီးအဓိကအရေးတကြီး ဖြေရှင်းရ မည့် ကိစ္စများကို ရွေးချယ်ရာတွင် ရပ်ရွာတခုအတွင်းရှိ လူအများစုနှင့် သက်ဆိုင်သည့် ဥပမာ – ကျန်းမာရေးကိစ္စရပ်များ၊ သောက်သုံးရေပြဿနာ၊ လမ်းပန်းဆက်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုစသည်များ၊ အားလုံးအတွက် အကျုံးမဝင်သော်လည်း အများစုစိတ်ဝင်စားသည့် ကိစ္စများ ဥပမာ – ပညာရေး၊ စီးပွားရေးအခက်အခဲများနှင့်ပတ်သက်၍ ရွေးချယ်လုပ်ဆောင်လေ့ရှိကြသည်။ ယင်းပြဿနာများကို အဖြေရှာရာတွင် Participatory Action Research(PRA)/ Participatory Learning and Action (PLA) ကဲ့သို့သော ရပ်ရွာပြည်သူလူထုကိုယ်တိုင် သူတို့ရပ်ရွာအခြေအနေ၊ ရှိသည့်အရင်းအမြစ်များကို ဖော်ထုတ်နားလည်သိရှိစေနိုင်မည့် နည်းလမ်းများကို အသုံးပြု၍ လက်ရှိပြဿနာများ၊ ပတ်သက်ဆက် စပ်သူများ၊ ရပ်ရွာအတွင်းရနိုင်သည့် အရင်းအမြစ်များကို ရှာဖွေဖော်ထုတ်တတ်ကြသည်။ ယင်းသို့လုပ်ဆောင်သည့် လုပ်ငန်းစဉ်တွင် – အမျိုးသမီးများနှင့် လူနည်းစုများ (လူနည်းစုမျိုးနွယ်စုများ၊ မသန်စွမ်းသူများ၊ရပ်ရွာအတွင်း ဖယ်ကျဉ်ခံထားကြရသူများ စသည်ဖြင့်)တို့ကိုဖော်ထုတ်၍ ၎င်းတို့၏အသံများကိုလည်း နားထောင်လာအောင် ကူညီပံ့ပိုးပေးရန်လိုအပ်သည်။
ရပ်ရွာပြည်သူလူထုပါဝင်လာအောင် စည်းရုံးသည့်လုပ်ငန်းစဉ်အတွက် အခြေခံလမ်းညွန်ချက်များ
- ဖြစ်စဉ်အတွက် အဓိကအခန်းကဏ္ဍ မှပါဝင်သူများမှာ လုပ်ငန်းနှင့်အဓိက ပတ်သက်သည့် လူပုဂ္ဂိုလ်များနှင့် ရပ်ရွာပြည်သူလူထုတို့ပင်ဖြစ်သည်။
- ရပ်ရွာလူထုအတွင်းမှ ယခင်ကမည်သည့်နေရာတွင် မှ ပါဝင်ဆွေးနွေးခွင့်မရသည့် သူများကို လုပ်ကိုင်ခွင့်၊ လုပ်ဆောင်နိုင်ရန် စွမ်းရည်မြှင့်တင်ပေးခြင်း၊ စကားပြော ဆိုခွင့်လမ်းဖွင့်ပေးခြင်း တို့ကို ပြုလုပ်သင့်သည်။ ဒေသအခြေအနေအလိုက် သူတို့၏ လုပ်ပိုင်ခွင့် အပေါ် ဦးစားပေး ဘက်လိုက်သင့်သည်။
- ရပ်ရွာလူထုသည် မိမိတို့ဒေသ၏အပြောင်းအလဲများ အတွက်အဓိကလုပ်ဆောင်သည့်သူများ ဖြစ်သင့်သည်။
ပြည်သူလူထုနှင့် ရပ်ရွာအဖွဲ့အစည်းများတွင် မပြည့်စုံမှုများနှင့် လိုအပ်ချက်များရှိနေသည်။ သို့သော် ယင်းရပ်ရွာအတွင်း၌ပင် လူတဦးချင်းစီနှင့် ရပ်ရွာအဖွဲ့အစည်းများတွင် ယင်းမပြည့်စုံမှုများ၊ လိုအပ်ချက်များကို ဖြေရှင်းကူညီပေးနိုင်သည့် စွမ်းရည်များနှင့် အရင်းအမြစ်များရှိနေသည်။ အရင်းအမြစ်များကို စုစည်းပေါင်းစပ်အသုံးချခြင်းလုပ်ငန်းစဉ်မှတဆင့်ပင် ရပ်ရွာပြဿနာများစွာကို အဖြေရှာ၍ရတတ်ပြီး ယင်းဖြစ်စဉ်ဖြစ်လာအောင် ပံ့ပိုးမှု၊ ချိတ်ဆက်မှုလုပ်ပေးရန်သာလိုအပ်သည်။
ရပ်ရွာလူမှုအဖွဲ့အစည်းပါဝင်လာစေရန် လှုံ့ဆော်စည်းရုံးခြင်း၏ အဆုံးသတ်ရလဒ်များသည် `ပြဿနာတစ်ရပ်ကို ဖြေရှင်းလိုက်နိုင်ခြင်း´ တင်မက အခြားသော ရပ်ရွာ၏ လိုအပ်ချက်များနှင့် ဆန္ဒများကိုလည်း အောင်မြင်စွာ ဖြေရှင်းပေးနိုင်သည့် စွမ်းရည်များတိုးပွားလာစေပါသည်။ အဓိကအရေးကြီးသည့်အချက်မှာ ရပ်ရွာလူထုကို အမှန်တကယ် ပါဝင်ခွင့်ပေးပြီး ဆုံးဖြတ်ချက်များကို အတူမျှဝေခြင်း ဖြစ်ပါသည်။ Community Mobilization သည် အဖွဲ့အစည်း၏ ရေရှည်အောင်မြင်မှု အတွက် မဖြစ်မနေ လိုအပ်သော အခြေခံအုတ်မြစ်ဖြစ်ကြောင်းကို သတိပြုရန် လိုအပ်သည်။
========================================================================================


















