အပိုင်း ၄ – ပြင်ပဆက်ဆံရေးနှင့် ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်ခြင်း
အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ရှေ့အပိုင်းများတွင် ဆွေးနွေးခဲ့ကြသည်များအားလုံးမှာ အဖွဲ့အစည်းအပေါ် ဗဟိုပြုပြီး မည်သို့ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည်ကို ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။ ယခုဆက်၍ဆွေးနွေးရန် ကျန်နေသည့်အပိုင်း ၂ ပိုင်းမှာ အဖွဲ့အစည်းတခုအနေဖြင့် မိမိတို့နှင့် ပတ်သက်ဆက်စပ်သူများ၊ ပြင်ပဆက်ဆံရေးနှင့် ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်ခြင်းနှင့် အဖွဲ့အစည်းတခု ရေရှည်တည်တံ့အောင် မည်သို့လုပ်ဆောင်မည်ဆိုသည့်အပိုင်းတို့ဖြစ်သည်။ ပတ်သက်ဆက်စပ်သူများ၊ ပြင်ပဆက်ဆံရေးနှင့် ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်ခြင်းအပိုင်းမှ အဖွဲ့အစည်း နှင့်ပတ်သက်ဆက်စပ်သူများကို ဖော်ထုတ်သည့်ပုံစံ (Stakeholders Analysis) ကို အပိုင်း – ၃ တွင် ရေးသားခဲ့ပြီးဖြစ်သည့်အတွက် ယခုအပိုင်းတွင် ပြင်ပဆက်ဆံရေးနှင့် ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်ခြင်းတို့ နှင့်ပတ်သက်၍ အဓိကဆက်လက်ဆွေးနွေးတင်ပြပေးသွားပါမည်။
အဖွဲ့အစည်းများ၏ ပတ်သက်ဆက်စပ်သူများနှင့် ဆက်ဆံရေး၊ ဆက်သွယ်ချိတ်ဆက်သည့်ပုံစံများသည် အဖွဲ့၏ တန်ဖိုးထားမှုပုံစံ၊ အဖွဲ့အစည်းလည်ပတ်ပုံ၊ ဦးဆောင်သူများ/စီမံခန့်ခွဲသူများနှင့် အဖွဲ့ဝင်များ/ ဝန်ထမ်းများ၏ သဘောထားများကို ပုံဖော်ပေးနေသည်။အဖွဲ့အစည်းဟုဆိုရာတွင် အမြတ်အစွန်းအတွက်/စီးပွားရေးလုပ်ငန်းများအတွက် ဖွဲ့စည်းများသည့် အဖွဲ့ အစည်းများနှင့် အမြတ်အစွန်းအတွက်မဟုတ်ဘဲ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများအကြား ပြင်ပဆက်ဆံရေးနှင့်ပတ်သက်ပြီး လုပ်ဆောင်သည့်ပုံစံမှာ များစွာကွာခြားမှုရှိသည်ကို တွေ့ရမည်ဖြစ်သည်။ စီးပွားရေးအဖွဲ့အစည်းများတွင် ယေဘုယျအားဖြင့် ဆက်သွယ် ချိတ်ဆက်ရသူများမှာ စီးပွားဖက်များ၊ လုပ်ငန်းပိုင်းလိုအပ်ချက်အရ ဆက်ဆံရသူများ၊ စားသုံးသူများဖြစ်သည်။ ပြင်ပဆက်ဆံရေးဆိုရာတွင် မိမိတို့လုပ်ငန်း၊ ဝန်ဆောင်မှု၊ ထုတ်ကုန်စသည်များအပေါ် စိတ်ဝင်စား၍ အသုံးပြုလာစေရန်၊ ရင်းနှီးမြှုပ်နှံစေရန်စသဖြင့် ရည်ရွယ်တတ်ကြသည်။ အမြတ်အစွန်းအတွက် မရည်ရွယ်ဘဲဖွဲ့စည်းထားသည့် non profit အဖွဲ့အစည်းများကမူ မိမိတို့အဖွဲ့၏ ပုံရိပ်ကောင်းစေရန်၊ မိမိတို့အဖွဲ့/လုပ်ငန်းအပေါ် ယုံကြည်မှုရရှိစေရန်နှင့် အဖွဲ့အစည်းအပေါ် ပတ်သက်ဆက်စပ်သူများ၏ လက်ခံမှုရရှိစေရန်အတွက် အဓိကရည်ရွယ်တတ်ကြသည်။
စီးပွားရေး အဖွဲ့အစည်းများအတွက် ကွန်ယက်ချိတ်ဆက်ခြင်းနှင့် လူထုဆက်ဆံရေးသည် အမြတ်အစွန်းရရှိစေရေးနှင့် လုပ်ငန်းတိုးတက်ဖွံ့ဖြိုးရေးအတွက် အရေးပါလှ သည့်အတွက် သီးခြားဌာနတခုပင်ထားရှိ လုပ်ဆောင်လေ့ရှိကြသည်။ စီးပွားရေးအဖွဲ့အစည်းများအတွက် လူထုဆက်ဆံရေး/ပြင်ပဆက်ဆံရေးအပိုင်းသည် အဖွဲ့၏ပုံရိပ်၊ မိမိတို့လုပ်ငန်း၊ဝန်ဆောင်မှုနှင့် ထုတ်ကုန်ပစ္စည်းများအတွက် အရေးပါလှပြီး ကျွမ်းကျင်ပညာရှင်များသာမက နည်းဗျူဟာမျိုးစုံ၊ပုံစံမျိုးစုံကို အသုံးပြုလုပ်ဆောင်လေ့ရှိကြသည်။ယခုဆွေးနွေးတင်ပြချက်တွင်မူ ကျွမ်းကျင်နားလည်သည့် အမြတ်အစွန်းအတွက်မရည်ရွယ်ဘဲ ဖွဲ့စည်းထားသည့်အဖွဲ့များ၏ ပြင်ပဆက်ဆံရေးနှင့်ပတ်သက်၍သာ ဆွေးနွေးတင်ပြပေးလိုပါသည်။ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် အဖွဲ့အစည်းများအတွက်လည်း ကွန်ယက်ချိတ်ဆက်ခြင်းနှင့် လူထုဆက်ဆံရေးတို့သည်အဖွဲ့အစည်း ၏ လုပ်ငန်းများ ရေရှည် တည်တံ့ရေး အတွက်သာမက အဖွဲ့အစည်းယုံကြည်သည့် ပြီးမြောက်အောင်မြင်လိုသည့် လူမှုအပြောင်းအလဲများ၊ ယုံကြည်သည့်လုပ်ငန်းစဉ်များ အောင်မြင် စေရန်အတွက် အရေးပါလှသည့်အတွက် (ပြင်ပ/လူထု) ဆက်သွယ်ရေး မဟာဗျူဟာသီးခြားရေးဆွဲလုပ်ဆောင်တတ်ကြသည်။
ပြင်ပဆက်ဆံရေး
အဖွဲ့အစည်းတခုဖွဲ့စည်းသည်ဆိုရာတွင် အဖွဲ့အစည်းကိုသာဗဟိုပြု၍ မိမိအဖွဲ့အစည်းကောင်းအောင်၊ ခိုင်မာတောင့်တင်းအောင် ဖွဲ့စည်းနိုင်ရုံမျှဖြင့် အဖွဲ့အစည်းတခုဖွံ့ဖြိုးတိုးတက်သွားပြီဟု မဆိုနိုင်ချေ ။ အဖွဲ့အစည်းအားလုံးသည် တနည်း မဟုတ်တနည်း ပြင်ပ လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများနှင့် ဆက်ဆံမှုရှိကြရသည်။ ဆက်စပ်လုပ်ဆောင်ကြရသည်။ အခြားအဖွဲ့အစည်းများ၊ ငွေကြေးပံ့ပိုးပေးမည့်သူများ၊ ဦးတည်အုပ်စုများ၊ပြည်သူလူထုများက မိမိတို့အဖွဲ့အစည်းအပေါ်အမြင်၊ အဖွဲ့အစည်း၏ပုံရိပ်သည် အဖွဲ့၏ ယင်းတို့နှင့်ဆက်ဆံရေးအပေါ် အခြေခံသည်။ ရန်ပုံငွေနှင့် လူထုထောက်ခံမှု၊ ယုံကြည်မှုများအတွက် ယှဉ်ပြိုင်မှုများ ပိုမိုများလာပြီး ဆိုရှယ်မီဒီယာအသုံးပြုမှုများလာသည့် ယနေ့ခေတ်တွင် လူထုဆက်ဆံရေး (Public Relations) သည် လူထုထောက်ခံမှု တိုးမြှင့်ရေးနှင့် အဖွဲ့လုပ်ဆောင်နေသည့်လုပ်ငန်းများ၊ ရည်ရွယ်ချက်များကို တနည်း တလမ်းအားဖြင့် အထောက်အပံ့ပေးနိုင်ရေးအတွက် အရေးပါလှသည်။
ကောင်းမွန်သည့် လူထုဆက်ဆံရေးသည် အဖွဲ့အစည်းအပေါ် ယုံကြည်မှုကို ဖြစ်ထွန်းစေပြီး ပြည်သူလူထုနှင့် ဆက်ဆံ၊ဆက်သွယ်ရေးကို အားကောင်းစေကာ စေတနာ့ဝန်ထမ်းများနှင့် အလှူရှင်များ၏ ထောက်ခံမှုကိုလည်း ရရှိစေသည်။ ထို့အပြင် ပြည်သူလူထုနှင့် အဆက်မပြတ်၊ ထိရောက်စွာ ဆက်သွယ်ခြင်းမှတစ်ဆင့် ပွင့်လင်းမြင်သာမှု၊ယုံကြည်မှုတို့ မြင့်မားလာစေနိုင်သည်။ ယုံကြည်မှုနှင့် ပွင့်လင်း မြင်သာမှုတို့ရှိခြင်းဖြင့် လူထုယုံကြည်မှုကို တည်ဆောက်နိုင်ပြီး မိမိလုပ်ကိုင်နေသည့်လုပ်ငန်းများကို ရှင်းလင်းစွာ သိရှိနားလည်သဘောပေါက်စေနိုင်သည်။
ပြင်ပဆက်ဆံရေး၊ဆက်သွယ်ရေး မဟာဗျူဟာများ
အဖွဲ့အစည်းတခုတွင် မီဒီယာနှင့် ဆက်သွယ်ရေးလမ်းကြောင်း၊နည်းလမ်းအားလုံးကို ထည့်သွင်းစဉ်းစားရေးဆွဲထားသည် လူထုဆက်သွယ်ရေး မဟာဗျူဟာတခု ရှိသင့်သည်။မိမိတို့နှင့်အဓိကဆက်စပ်ပတ်သက်သူများနှင့် ပြည်သူလူထုအားလုံးကို မိမိတို့အဖွဲ့အကြောင်းနှင့် ပတ်သက်ပြီးလည်းကောင်း၊ မိမိတို့သိရှိစေလိုသည့်၊ ပေးလိုသည့်သတင်းအချက်အလက်များ၊ အသိပညာများနှင့် ပတ်သက်ပြီးလည်းကောင်း မည်သည့်ဆက်သွယ်ရေးနည်းလမ်းများကို အသုံးပြု၍ မည်သည့်နည်းလမ်းဖြင့် ထိထိရောက်ရောက် ဆက်သွယ်အသိပေးနိုင်မည်တို့ကို ယင်းမဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲသင့်သည်။
မဟာဗျူဟာရေးဆွဲရာတွင် –
- ဆက်သွယ်လိုသည့်အကြောင်းရင်း၊ အဖွဲ့အနေဖြင့်ပေးလိုသည့် အသိပညာ၊ သတင်းအချက်အလက်များ သို့မဟုတ် အဖွဲ့အနေဖြင့် လူထု၏လက်ခံမှုပိုမိုရရှိရန် စသည့် ရည်ရွယ်ချက်များ ရှင်းရှင်းလင်းလင်း ရေးဆွဲချမှတ်ထားခြင်း
- ပတ်သက်ဆက်စပ်သူများထဲမှ ငွေကြေးပံ့ပိုးသူ/အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ အကျိုး ခံစားရသူများ၊ ပြည်သူလူထုစသည်ဖြင့် မည်သည့် ပစ်မှတ်အုပ်စုများအတွက်ဆိုသည်ကို သေချာစွာချမှတ်ခြင်း
- ဆိုရှယ်မီဒီယာ၊ ဘလော့ဂ်များ၊ သတင်းများ စသည့် ထိရောက်မှုအရှိနိုင်ဆုံးဆက်သွယ်ရေး လမ်းကြောင်း များ ရွေးချယ်ခြင်းတို့ ပါရှိရမည်။
ဆိုရှယ်မီဒီယာကို ထိရောက်စွာ အသုံးချခြင်း
ယနေ့ခေတ်တွင် ဆိုရှယ်မီဒီယာသည် အသိပညာမြှင့်တင်ရေးနှင့် လူထုထောက်ခံမှု ရရှိစေရေးတို့တွင် အရေးပါသည့် ကြားခံတခုဖြစ်သည်။
အဖွဲ့အစည်းများသည်–
- မိမိတို့အဖွဲ့အနေဖြင့် ထိရောက်အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့် လုပ်ငန်းများနှင့် အကျိုးကျေးဇူးရရှိသူများ၏ အတွေ့အကြုံများကို ဖော်ပြပေးခြင်း
- ရန်ပုံငွေရှာဖွေရေး သို့မဟုတ် အသိပညာမြှင့်တင်ရေး လှုပ်ရှားမှုများ လုပ်ဆောင်ခြင်း
- မှတ်ချက်များနှင့် မေးခွန်းများကို တုံ့ပြန်ဖြေဆိုပေးခြင်းဖြင့် လူထုနှင့် ဆက်ဆံရေးကို ခိုင်မာအောင် ပြုလုပ်ပေးနိုင်ပါသည်။
ဒေသတွင်း အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း အဖွဲ့ကို လူသိများစေနိုင်သည်။ ထိုသို့လုပ်ဆောင်ရာတွင် –
- လှုပ်ရှားမှုများ၊ လှုံ့ဆော်ရေးအစီအစဉ်များကို ပူးပေါင်းလုပ်ဆောင်ခြင်း
- နည်းပညာ၊ ငွေကြေး အထောက်အပံ့စသည့်အရင်းအမြစ်များကို မျှဝေပေးခြင်း
- မိတ်ဖက်ကွန်ယက်များမှတစ်ဆင့် အခြားအဖွဲ့အစည်းများကို မိတ်ဆက်အသိဖွဲ့ချိတ်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။
စိတ်ဝင်စားဖွယ် အကြောင်းအရာများ ဖန်တီးခြင်း
- အဖွဲ့နှင့် ဆက်စပ်သည့် ဇာတ်လမ်းများ မျှဝေခြင်း
- ဓာတ်ပုံ၊ဗီဒီယိုများ အသုံးပြုခြင်း
- အောင်မြင်မှုများနှင့် အကျိုးသက်ရောက်မှုများကို ဆောင်းပါးများရေးသားခြင်း
- စိတ်ဝင်စားစရာ သင်ခန်းစာရနိုင်သည့်အဖြစ်အပျက်များကို ဖော်ပြခြင်းတို့ဖြင့် အဖွဲ့အကြောင်းကို လူသိများအောင် လုပ်ဆောင်နိုင်သည်။
တာဝန်ယူမှု၊တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုကို ပြသခြင်း
- လုပ်ငန်းအစီရင်ခံစာများ ပုံမှန်ထုတ်ပြန်ခြင်း
- အချက်အလက်များ၊ ကိန်းဂဏန်းများ မျှဝေခြင်း
- ပါဝင်ကူညီနိုင်သော နည်းလမ်းများကို လွယ်ကူစွာ သိရှိနိုင်အောင် ဖော်ပြခြင်း
စေတနာ့ဝန်ထမ်းများ၏အသံကို အသုံးပြုခြင်း
- စေတနာ့ဝန်ထမ်းများအား လုပ်ငန်း/လှုပ်ရှားမှုများတွင် ဖိတ်ခေါ်ခြင်း
- သင်တန်းများ၊ အထောက်အပံ့၊ အကူအညီများ ပေးခြင်း
- အကြံပြုချက်များကို နားထောင်ပြီး ဆုံးဖြတ်ချက်များတွင် ပါဝင်စေခြင်း
အကျိုးသက်ရောက်မှုနှင့် အောင်မြင်မှုကို တိုင်းတာခြင်း
- လူထုထံမှ အမြင်များ စုဆောင်းခြင်း
- လူထုပါဝင်မှုနှင့် လက်ခံမှုတို့နှင့်ပတ်သက်၍ အမြင်သဘောထားများကို ဆန်းစစ်တင်ပြပေးခြင်း
အဖွဲ့အစည်းများအတွက် အသိပညာမြှင့်တင်ရေးနှင့် လူထုထောက်ခံမှု မြှင့်တင်ရေးတွင် လူထု ဆက်ဆံရေးသည် လွန်စွာအရေးပါသည်။ ထိရောက်သော ဆက်ဆံ၊ဆက်သွယ်ရေးနှင့် ပါဝင်ဆောင်ရွက်လာအောင် လုပ်ဆောင်သည့် မဟာဗျူဟာများကို စနစ်တကျ ရေးဆွဲအသုံးပြုခြင်းဖြင့် လူထု၏ယုံကြည်မှုကို ခိုင်မာစွာရရှိစေကာ အဖွဲ့အစည်း၏ ရည်မှန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေသည်။ လူထုဆက်ဆံရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အဖွဲ့အစည်း၏ ရေရှည်တည်တံ့မှုနှင့် အောင်မြင်မှုအတွက် မဖြစ်မနေ လုပ်ဆောင်ရန်လိုအပ်သည့်လုပ်ငန်းစဉ်တခု ဖြစ်သည်။
+++++++++++++++
ဆက်လက်ဖော်ပြပေးသွားပါမည်။


















