စီမံချက်ဒီဇိုင်းရေးဆွဲခြင်း (အဆက်)

ပြီးခဲ့သည့်အပတ်က အဆုံးသတ်ခဲ့တဲ့ ပဟေဠိ၏ အဖြေမှန်များနှင့် စဉ်းစားပုံများကို ဆက်လက်ရှင်းလင်းပေးသွားပါမည်။

 SMART(Yes/No)
၁။ အသက် ၁၅ မှ ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (Antenatal Services) အသုံးပြုမှုကို ၂ နှစ်အတွင်း ၄၀ ရာခိုင်နှုန်း တိုးမြှင့်ရန်။Yes
၂။ ရန်ပုံငွေရရှိသည့်အဖွဲ့များ (grantees) သည် လုံလောက်သော ရန်ပုံငွေနှင့် ပစ္စည်းကိရိယာအထောက်အပံ့များ ရရှိကြစေရန်။No
၃။ ဒုက္ခသည်များ ဝင်ငွေရရှိရေးလုပ်ငန်းများနှင့် အစားအစာ ထုတ်လုပ်နိုင် စွမ်းရည်တိုးတက်လာအောင် မြှင့်တင်လုပ်ဆောင်ပေးရန်။No
၄။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန်တက်ရောက်သည့်ကျောင်းသူဦးရေ သည်ကျောင်းသားဦးရေနှင့် နှိုင်းယှဉ်လျှင် ၁ နှစ်အတွင်း ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်။Yes
၅။ လူ့အခွင့်အရေးများ အပြည့်အဝရရှိခံစားရပြီး ပျော်ရွှင်ချမ်းမြေ့သည့် လူ့ဘောင်သစ်တခု သို့ရောက်ရှိစေရန်No?

ရည်မှန်းချက်များရေးသားရာတွင် – ၁) တိကျရမည်၊ ၂) တိုင်းတာ၍ရရမည်၊ ၃) သတ်မှတ်ကာလ (စီမံချက်) အတွင်း အောင်မြင်နိုင်ရမည်၊ ၄) လက်တွေ့ကျသည့်/ဖြစ်နိုင်သည့် ရည်မှန်းချက်မျိုးဖြစ်ရမည်၊ ၅) သတ်မှတ်အချိန်အတွင်း ပြီးစီး/ပြည့်စုံစေရမည်ဆိုသည့် အချက် ၅ ချက်ဖြင့် တိုင်းတာကြည့်နိုင်သည်။
 
တိကျပါသလား၊ 
၁) တိကျသည်  အသက် ၁၅ မှ ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု
၂) မတိကျပါ  မည်သို့သောရန်ပုံငွေရသည့်အဖွဲ့များလဲ၊ လုံလောက်သည်ဆိုသည့်ပမာဏကမည်မျှဖြစ်ပြီး မည်သည့်ပစ္စည်းကိရိယာများကို ထောက်ပံ့ပေးမှာလဲ။
၃) မတိကျပါ  ယင်းရည်မှန်းချက်တွင် မည်သည့်ဒေသ၊ မည်သည့်စခန်းမှ ဒုက္ခသည်များအတွက်လဲ၊ တိကျစွာဖော်ပြထားခြင်း မရှိချေ။ အစားအစာထုတ်လုပ်နိုင်စွမ်းရည်ဆိုသည့်နေရာတွင် မည်သည့်စွမ်းရည်ဆို သည်ကို တိကျစွာဖော်ပြခြင်း – ဥပမာ အချက်အပြုတ်၊ သစ်သီးယိုထိုး၊ မုန့်ဖုတ်လုပ်ငန်းစသဖြင့်၊ ထို့အပြင် ယင်း စွမ်းရည်များရှိလာသည့်အတွက် ဝင်ငွေရရှိမည်လား၊ သို့မဟုတ် အခြားနည်းဖြင့်ရော ဝင်ငွေတိုးလုပ်ငန်းလုပ်ပေး အုံးမည်လား မရှင်းလင်း၊မတိကျချေ။
၄) တိကျသည်  တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန် တက်ရောက်သည့်ကျောင်းသူဦးရေ သည် ကျောင်းသားဦးရေနှင့် နှိုင်းယှဉ်လျှင် (ဤနေရာတွင် အဖွဲ့အစည်းသည် တနိုင်ငံလုံးအတိုင်းအတာဖြင့်လုပ်ဆောင်နေ သည့် ပညာရေးဝန်ကြီးဌာန၊ သို့မဟုတ် နေရာဒေသတခုတွင် လုပ်ဆောင်နေသည့် ပညာရေးဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် ကျောင်းတကျောင်း၏ စီမံချက်ရည်မှန်းချက်ဖြစ်လျှင် နေရာအတိအကျဖော်ပြရေးသားခြင်းမပြုလုပ် တတ်ကြသည့်အတွက် တိကျသည်ဟုဆိုလိုခြင်းဖြစ်သည်။) နံပါတ် ၃ ရည်မှန်းချက်နှင့် ကွာခြားသည့်အချက်မှာ ဒုက္ခသည်စခန်းတခုတွင် လုပ်ဆောင်နေသည့်အဖွဲ့အစည်းဖြစ်လျှင်ပင် မည်သည့်ဒုက္ခသည်များကို လုပ်ဆောင်ပေး မည်ဆိုသည်ကို တိကျစွာဖော်ပြပေးရန်လိုအပ်သည်။
၅) မတိကျပါ  လူ့အခွင့်အရေးများ အပြည့်အဝရရှိခံစားရမည့်သူများက မည်သူများလဲဆိုသည်ကို တိကျစွာ ရေးသားရန်လိုအပ်ပါသည်။
 
တိုင်းတာ၍ရပါသလား 
နံပါတ် ၁) ရပါသည်  ၄၀ ရာခိုင်နှုန်းတိုးမြှင့်ရန် ဆိုသည့်အတွက် စီမံချက်မစမီအချိန်က စောင့်ရှောက်နိုင်သည့်အခြေအနေကို (baselineအဖြစ်) အခြေခံ၍ သတ်မှတ်ကာလအတွင်း ၄၀ရာခိုင်နှုန်း ယခင်က ကိုယ်ဝန်ဆောင်အမျိုးသမီး ၅၀ ဦးကို ပြုစုစောင့်ရှောက်ပေးနေသည်ဆိုပါက သတ်မှတ်ကာလအတွင်း အနည်းဆုံး ၄၀ ရာခိုင်နှုန်းတိုးမြှင့်ကြည့်ရှုနိုင်မှုရှိမရှိကို စာရင်းပြုစုထားပြီး တိုင်းတာ၍ရသည်။
နံပါတ် ၂) မရပါ  လုံလောက်သည့်ပမာဏ၊ ပစ္စည်းကိရိယာများဆိုသည့်အသုံးအနှုံးကြောင့်ဖြစ်သည်။ မည်သည့်ပမာဏကို လုံလောက်သည် ဟုသတ်မှတ်မည်နည်း။ 
နံပါတ် ၃) မရပါ  မည်သည့်ဝင်ငွေတိုးလုပ်ငန်းနှင့် အစားအစာထုတ်လုပ်မှုစွမ်းရည်ကို မည်မျှတိုးအောင်လုပ်မည်ကို တိတိကျကျမဖော်ပြထားခြင်းကြောင့်ဖြစ်သည်။ 
နံပါတ်  ၄) ရပါသည်  စီမံချက်မလုပ်မီကာလနှင့် လုပ်ဆောင်ပြီး တနှစ်အတွင်း တိုးတက်လာရမည့် ဦးရေ ၂၀ မှ ၃၀ ရာခိုင်နှုန်းရှိမရှိကို တိုင်းတာကြည့်၍ရနိုင်ပါသည်။ 
နံပါတ် ၅) မရပါ  တိုင်းတာ၍ ရနိုင်စေရန် အပြည့်အဝရရှိမှုဆိုသည်မှာ မည်သို့စံချိန်စံနှုန်းများကို အသုံးပြုမည်၊ ပျော်ရွှင် ချမ်းမြေ့သည့်လူ့ဘောင်သစ်တခုဆိုသည်မှာ မည်သည့်ပုံစံမျိုးရှိရမည်ကို သေချာစွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်းမျိုး လိုအပ် ပါမည်။ 
 
သတ်မှတ်ကာလအတွင်း အောင်မြင်နိုင်ပါသလား 
နံပါတ် ၁) အောင်မြင်နိုင်ပါသည်​  လုပ်ဆောင်မည့်အဖွဲ့အစည်းအနေဖြင့် ကျန်းမာရေး ဝန်ဆောင်မှုပေးနေသည့် အဖွဲ့အစည်းတခုဆိုပါက အောင်မြင်နိုင်ပါသည်။
နံပါတ် ၂) မပြောတတ်ပါ  လုပ်ဆောင်မည့်အဖွဲ့အနေဖြင့် တိကျစွာသတ်မှတ်ပြောဆိုလျှင် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ လက်ရှိဖော်ပြချက်များကို ကြည့်၍ပြောရန်ခက်ခဲနိုင်သည်။ 
နံပါတ် ၃) မပြောတတ်ပါ  ဖော်ပြချက်များကို ကြည့်၍ အကောင်အထည်ဖော်အောင်မြင်နိုင်မည့်အလားအလာရှိသော် လည်း မတိကျသည့်အတွက် ပြော၍မရပါ။
နံပါတ် ၄) အောင်မြင်နိုင်ပါသည်  ယင်းရည်မှန်းချက်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခြေရှိသည်ဟု ယေဘုယျ ပြောနိုင်ပါသည်?၏။ 
နံပါတ် ၅) မဖြစ်နိုင်ပါ  စီမံချက်ကာလတခုအတွင်း အောင်မြင်နိုင်ရန် ခက်ခဲသည့် ရည်မှန်းချက်မျိုး ဖြစ်နေသည်။ 
 
လက်တွေ့ကျ/ဖြစ်နိုင်သည့်ရည်မှန်းချက်မျိုးလား 
နံပါတ် ၁) ဖြစ်နိုင်သည့်ရည်မှန်းချက်မျိုးဟုဆိုနိုင်ပါသည်။ ထိရောက်သည့်လုပ်ဆောင်ချက်မျိုးလုပ်ဆောင်လျှင် အောင်မြင်နိုင်မည့် ရည်မှန်းချက်မျိုးဟုဆိုနိုင်သည်။ 
နံပါတ် ၂) “လုံလောက်သော” ငွေကြေးနှင့် ပစ္စည်းကိရိယာဆိုသည့် အသုံးအနှုံးကြောင့် ဖြစ်နိုင်သည့်ရည်မှန်းချက်မဖြစ်နိုင် ဟု ဆိုရပါမည်။ လုံလောက်ရန် ဖြည့်ဆည်းရခြင်းမှာလွယ်ကူမည့်ကိစ္စတခုဖြစ်မည်မထင်ပါ။
နံပါတ် ၃) ယင်းရည်မှန်းချက်မှာမူ ရှင်းရှင်းလင်းလင်းတိတိကျကျရေးမည်ဆိုလျှင် ဖြစ်နိုင်မည့်/လက်တွေ့ကျနိုင်သည့် ရည်မှန်းချက်ဟုမူ ဆို၍ရနိုင်သည်။
နံပါတ် ၄) ရည်မှန်းချက်သည် လက်တွေ့ကျ/ဖြစ်နိုင်ရန် မခဲယဉ်းသည့် ရည်မှန်းချက်မျိုးဖြစ်သည်။
နံပါတ် ၅) ရည်မှန်းချက်မှာအလွန်ကောင်းမွန်သော်လည်း လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်ချက်များ စွာရှိနိုင်သည်။ 
 
သတ်မှတ်ချိန်တခုအတွင်းပြီးနိုင်ပါမည်လား 
နံပါတ် ၁) လုပ်ငန်းစဉ်များကို သေချာစွာလုပ်မည်ဆိုလျှင် ပြီးနိုင်ပါသည်။
နံပါတ် ၂ နှင့် ၃ အတွက်မူ အထက်ဖော်ပြပါသတ်မှတ်ချက်များမှာ ပို၍အရေးကြီးသဖြင့် အချိန်အတိုင်းအတာနှင့် ပတ်သက်၍ ဆွေးနွေးရန်မရှိပါ။ 
နံပါတ် ၄) အနေဖြင့် သတ်မှတ်ချိန်ကို တိကျစွာဖော်ပြထားပြီး အောင်မြင်မှုရှိ၊မရှိကိုလည်း လွယ်ကူစွာတိုင်းတာနိုင် သည့်ရည်မှန်းချက်မျိုးဖြစ်သည်။
နံပါတ် ၅) အနေဖြင့် သတ်မှတ်ချိန် ၅ နှစ်/၁၀ နှစ်ခန့်အတွင်း ပြီးမြောက်အောင်မြင်နိုင်ရန်အတွက် မေးခွန်းထုတ်စရာ များစွာရှိနေပါသည်။​

လုပ်ငန်းဆောင်ရွက်ချက်အသေးစိတ်စီစဉ်ရေးဆွဲခြင်း (Design Detailed Implementation Plan)

ရည်မှန်းချက်များရေးဆွဲပြီးပါက ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ရန်အတွက် စီမံချက်ကာလတခုအတွင်း လုပ်ဆောင်ရမည့်လုပ်ငန်းများကို စဉ်းစားရပါသည်။ Causal pathway သည် စီမံချက်တခုတွင်ပါရှိသည့် ရည်မှန်း ချက်တခုချင်းစီအတွက် အမြင့်မားဆုံး ရလဒ်ရည်မှန်းချက်များ (လူမှုအသိုင်းအဝိုင်း တခုလုံး၏ အပြောင်းအလဲ သို့မဟုတ် အပြုအမူ/အတွေးအခေါ်အပြောင်းအလဲကြီးကြီးမားမား) ဖြစ်ထွန်းစေရန်အတွက် မည်သည့်ရလဒ်များ ရလိုသည်၊ ယင်းမှတဆင့် ယင်းရလဒ်များရနိုင်စေရန် မည်သည့်အပြောင်းအလဲ၊ အတွေးအခေါ်၊ နည်းပညာများ ရရှိရန် လိုအပ်သည်တို့ကို တဆင့်ချင်းစဉ်းစားရသည်။ ထိုအပြောင်းအလဲကောင်းများ၊ ရလဒ်ကောင်းများဖြစ်နိုင်ရန် မည်သို့လုပ်ဆောင်မည်ကို အသေးစိတ်ရှင်းပြရသည့် ကဏ္ဍဖြစ်သည်။ ရည်မှန်းချက်များမည်မျှကောင်းနေစေကာမူ လက်တွေ့လုပ်ဆောင်သည့်လုပ်ငန်းများက ရည်မှန်းချက်ကိုဆောင်ကြဉ်းပေးနိုင်မည့်ရလဒ်များဖြစ်ထွန်းစေမည် မဟုတ်လျှင် ယင်းစီမံချက်အစီအစဉ်မှာ ယုံကြည်စရာမကောင်းပါ။ တနည်းအားဖြင့်ဆိုရလျှင် ပြဿနာသစ်ပင် ရေးဆွဲဖော်ထုတ်ခဲ့စဉ်က ပြဿနာဖြစ်စေသည့် အကြောင်းရင်းကြီးကြီးမားမားကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့် လုပ်ရပ်များကို လုပ်ငန်းဆောင်ရွက်ချက်တွင် မထည့်သွင်းနိုင်၊ မလုပ်ကိုင်နိုင်ဆိုပါက စီမံချက်ရလဒ်က လိုချင်သည့် အပြောင်းအလဲများကို မဆောင်ကြဉ်းနိုင်ချေ။ ဥပမာ – နွေရာသီတိုင်း သောက်သုံးရေမသန့်ရှင်းခြင်းကြောင့် ဝမ်းရောဂါဖြစ်၍ ရွာသူ/ရွာသားများ အထူးသဖြင့် အသက် ၅ နှစ်အောက်ကလေးများ အသေအပျောက် များနေသည့် ရွာတရွာတွင် ကူးစက်ရောဂါများဖြစ်ပွားပြီး ကလေးသူငယ်များသေဆုံးမှုလျော့ကျစေရန်ပြုလုပ်မည့် စီမံချက်တွင် သောက်သုံးရေပြဿနာကို ကိုင်တွယ်ဖြေရှင်းမှုမရှိခြင်း၊ ရပ်ရွာပြည်သူလူထုအနေဖြင့် တကိုယ်ရည် သန့်ရှင်းရေးအလေ့အကျင့်များရရှိအောင် ကျန်းမာရေးဗဟုသုတပညာပေးခြင်းနှင့် ယင်လုံအိမ်သာများဆောက်ပေးခြင်း၊ သောက်သုံးရေနှင့် ရေသန့်များ ရရှိ၊အသုံးပြုအောင် လုပ်ဆောင်ပေးခြင်းတို့မှာ မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းများဖြစ်သည်။

ဒီဇိုင်းရေးဆွဲရာတွင် စဉ်းစားလုပ်ဆောင်သည့်လမ်းကြောင်း (Design Direction)

လုပ်ငန်းဆောင်ရွက်ချက်များ

လုပ်ငန်းများကို တင်ပြရာတွင်လည်း တဆင့်ချင်းလုပ်ငန်းဆောင်မည့် အစီအစဉ်အတိုင်း ရေးသားဖော်ပြ ရန်လိုအပ်သည်။ ဥပမာ – သစ်ပင်စိုက်ပျိုးသည့်စီမံချက်လုပ်ဆောင်မည့်အဖွဲ့တဖွဲ့အနေဖြင့် ရှေးဦးစွာ ရပ်ရွာများတွင် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်း၍ ခွင့်ပြုချက်ဖြင့် သစ်ပင်စိုက်ပျိုးရန် နေရာများ၊ ထင်းစိုက်ခင်းများ ထားရှိမည်ဆိုလျှင် သတ်မှတ်နေရာရွေးချယ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပါ နေရာရွေးချယ်နိုင်ရန်၊ ခွင့်ပြုချက်ရနိုင်ရန် လုပ်ဆောင်ခြင်းကိုလုပ်ဆောင်သင့်သည်။ ထို့နောက် ပျိုးပင်များရနိုင်မည့်နေရာ၊ အသင့်ဖြစ်နေနိုင်သည့်အခြေအနေများအတွက် လိုအပ်သည့် ပြင်ဆင်မှု များကို ပြုလုပ်ခြင်း၊ ယင်းမှတဆင့် ရပ်ရွာလူထုအားသစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ အသိပညာများပေးခြင်း၊ စိုက်ပျိုးခြင်းတို့ကို တဆင့်ခြင်းလုပ်ဆောင်မည့်လုပ်ငန်းစဉ်များအဖြစ် မိမိတို့အဖွဲ့အနေဖြင့် လုပ်ဆောင် ရန်စီစဉ်ထားသည့်အဆင့်အလိုက် အစီအစဉ်လိုက် ရေးသားဖော်ပြရန်၊ အချိန်သတ်မှတ်ရန်လိုအပ်သည်။

အသေးစိတ်လုပ်ငန်းစဉ်ဇယား (နမူနာ)

စဉ်လုပ်ငန်းများတာဝန်ယူမည့်သူ/အဖွဲ့အချိန်ဇယား
janfebmaraprmayjunjulaugsepoctnovdec
ရည်မှန်းချက် – ၁
၁.၁              
၁.၂              
               
               
               
               
ရည်မှန်းချက် – ၂
၂.၁              
၂.၂