စီမံကိန်း/စီမံချက်စီမံခန့်ခွဲမှု၊ စီမံချက်စက်ဝန်းနှင့် စီမံချက်ဒီဇိုင်းရေးဆွဲခြင်း
စီမံချက်/စီမံကိန်းဆိုသည့်စကားရပ်ကို အစိုးရ၊စီးပွားရေးလုပ်ငန်း၊ အရပ်ဘက်အဖွဲ့အစည်း အားလုံးတွင် အသုံးပြုကြသော်လည်း စီမံကိန်းဒီဇိုင်းရေးဆွဲရန် ချဉ်းကပ်လုပ်ဆောင်ရာတွင် မတူညီသည့်အချက်များစွာရှိကြသည်။
စီမံချက်/စီမံကိန်းများရေးဆွဲစီမံကြရာတွင် အစိုးရတရပ်အနေဖြင့်ချဉ်းကပ်ပုံ၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့ များ၏ အကူအညီဖြင့် အစိုးရကို ကူညီပံ့ပိုး ပေးသည့်စီမံကိန်း/ စီမံချက်များအတွက် စီမံကိန်း ရေးဆွဲလုပ်ဆောင်ကြပုံ၊ နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုအနေဖြင့် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်ကြပုံ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမားများအား အစိုးရတရပ် အနေဖြင့် လက်ခံလုပ်ကိုင် ဆောင်ရွက်ကြပုံ၊ အမြတ်အစွန်းတခုတည်းအတွက် စီးပွားရေး ဆန်ဆန် ရင်းနှီးမြှုပ်နှံ လုပ်ဆောင်ကြပုံတို့ကို လိုက်၍ ကွာခြားချက်များ စွာရှိကြသည်။ အဓိကကွာခြားချက်မှာ ရည်ရွယ်ချက်၊ စဉ်းစား ချဉ်းကပ်လုပ်ဆောင်ကြပုံများ၊ အရင်းအနှီး ပမာဏ၊ အချိန်ကာလ၊ ပတ်သက်ဆက်စပ်သည့် အကျိုးစီးပွားအမျိုးမျိုး၊ ရလဒ်များ၊ စီမံချက်နေရာရွေးချယ်ရာတွင် စဉ်းစားပုံအမျိုးမျိုးရှိကြသည်။
စီမံကိန်း စီမံခန့်ခွဲမှုဆိုသည့် ဝေါဟာရသည် အင်ဂျင်နီယာများ သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စွမ်းအင်၊ရေနံထုတ်လုပ်မှုလုပ်ငန်းများကို စီမံလုပ်ဆောင်ရာတွင် အသုံးပြုချဉ်းကပ်ကြသည့် ဘာသာရပ်တခုဖြစ်သည်။ ယခုအခါတွင်မူ ကမ္ဘာပေါ်ရှိ လုပ်ငန်းကဏ္ဍတိုင်းနီးပါးတွင် အသုံးပြုနေသော၊ အသုံးပြုလာခဲ့သော ပညာရပ် တစ်ခု ဖြစ်သည်။
လျင်မြန်စွာ ပြောင်းလဲပြင်ဆင်လုပ်ဆောင်ရန် လိုအပ်သည့် ခေတ်သစ်ဝန်ဆောင်မှုလုပ်ငန်းများ နှင့် နည်းပညာရပ်ပိုင်းဆိုင်ရာ လုပ်ငန်းများတွင် Agile Project Management ဆိုသည်ပုံစံဖြင့်လည်းချဉ်းကပ်လုပ်ဆောင်ကြသည်။ ဆော့ဖ်ဝဲလ်ရေးဆွဲသူများ၊ အက်ပ် (appllication) ဖန်တီး သူများနှင့် စနစ်(system) စီမံခန့်ခွဲသူများသည် ဆော့ဖ်ဝဲလ်အသစ်များ ထုတ်လုပ်ရန် သို့မဟုတ် စနစ် system များကို အပ်ဒိတ်လုပ်ရန်အတွက် အသုံးပြုသည်။ စျေးကွက်ရှာဖွေခြင်းနှင့် ကြော်ငြာလုပ်ငန်းလုပ်ဆောင်ကြသည့် အေဂျင်စီများသည် ၎င်းတို့၏ ဖောက်သည်များကို စည်းရုံးခြင်း၊ ထုတ်ကုန်မိတ်ဆက်ပွဲများနှင့် ပွဲများကို စီမံခန့်ခွဲရာတွင်လည်း အသုံးပြုကြသည်။ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းအသစ်များ အကောင်အထည်ဖော်ရန်၊ ကုမ္ပဏီ များ ပေါင်းစည်းရန် (merger) သို့မဟုတ် ခရက်ဒစ်ကတ်ထုတ်ကုန်အသစ်များ မိတ်ဆက်ရန် အတွက်လည်း အသုံးပြုကြသည်။ တက္ကသိုလ်များနှင့် ကျောင်းများသည် သင်ရိုးညွှန်းတမ်း အသစ်များ ရေးဆွဲရန် သို့မဟုတ် သုတေသန ထောက်ပံ့ငွေများကို စီမံခန့်ခွဲရန်အတွက်လည်း စီမံချက်စီမံခန့်ခွဲမှုပုံစံကို အသုံးပြုသည်။
မမျှော်လင့်ဘဲ စီမံကိန်းစီမံခန့်ခွဲမှုဘာသာရပ်နှင့် ထိတွေ့ကြရသူများမှာ စီးပွားရေး လုပ်ငန်းငယ်များ လုပ်ဆောင်သူများအနေဖြင့် ဆိုင်ဖွင့်ပွဲ သို့မဟုတ် ဝက်ဘ်ဆိုက်အသစ်တစ်ခု စီစဉ် ရသူများ၊မင်္ဂလာပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲကြီးများ၊ ညီလာခံများ သို့မဟုတ် ဖျော်ဖြေပွဲများ စီစဉ်ရသူများနှင့် ကျမ်းပြုစုခြင်း သို့မဟုတ် အဖွဲ့လိုက် သုတေသန လုပ်ငန်းတစ်ခုကို စီမံခန့်ခွဲ လုပ်ဆောင်ကြရသည့် ကျောင်းသူ/ကျောင်းသားများဖြစ်သည်။
ပညာရေးဆိုင်ရာစီမံချက်များသည်လည်း အမြတ်အစွန်းအတွက် အဓိကမထားသည့်စီမံချက်များ များပြားတတ်သော်လည်း အချို့ ထုတ်ကုန်အသစ် (ဆေးအသစ်၊ ရောဂါကုထုံးအသစ်၊ နည်းပညာအသစ်)များရှာဖွေရန် စီမံချက် များမှာမူ မေးခွန်းထုတ်စရာရှိကောင်းရှိနိုင်ပါသည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများအနေဖြင့် လူမှုအကူအညီများ ပေးအပ်ရန်၊ ကျောင်းများ တည်ဆောက်ရန် သို့မဟုတ် ကျန်းမာရေး အသိပညာပေး လှုပ်ရှားမှုများကို လုပ်ဆောင်ရန် ( “အကျိုးခံစားခွင့်ရှိသည့် လူထု” ကို အကျိုးပြုရန်) နှင့် အစိုးရများ (Governments): ပြည်သူ့ဝန်ထမ်းများအနေဖြင့် ဥပဒေသစ် များ အကောင်အထည်ဖော်ရန်၊ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ရန်နှင့် အခွန်ငွေများကို ပွင့်လင်းမြင်သာစွာ စီမံခန့်ခွဲရန် စီမံချက်များအား စီမံခန့်ခွဲကြရသည်။
Project Management Institute (PMI) မှ ထုတ်ဝေခဲ့သည့် Project Management Body of Knowledge (PMBOK) စာအုပ်သည် စီမံကိန်း စီမံခန့်ခွဲမှု (Project Management) တွင် အသုံးပြုသော အကောင်းဆုံး လုပ်ထုံးလုပ်နည်းများ၊ ကိရိယာများနှင့် နည်းစနစ်များပါရှိသည့် လက်စွဲစာအုပ်တစ်အုပ်ဖြစ်သည်။ ဤစာအုပ်ကို နယ်ပယ်အသီးသီးတွင် စီမံကိန်းစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို စံချိန်စံညွှန်းတစ်ခုတည်းအဖြစ် ထိရောက်စွာ အသုံးပြုနိုင်ရန် ရည်ရွယ် ရေးသားထားခြင်း ဖြစ်ပါသည်။ လူအများအကြား စီမံကိန်း စီမံခန့်ခွဲမှုအကြောင်း ဆွေးနွေးရာတွင် တူညီသော ဘာသာစကားတစ်ခုဖြင့် ပြောဆိုနားလည်နိုင်စေရန်နှင့် စီမံကိန်းများကို အောင်မြင်စွာ ပြီးမြောက်စေရန် လမ်းညွှန်မှုပေးနိုင်သည်။ ယခုအဓိကတင်ပြသည့်စီမံချက်စီမံခန့်ခွဲမှု၊ စီမံချက်စက်ဝန်းနှင့် ဒီဇိုင်းရေးဆွဲသည့် ပုံစံများသည် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများတွင် စီမံကိန်းဒီဇိုင်းရေးဆွဲလုပ်ဆောင်ရာတွင် ချဉ်းကပ်စဉ်းစားကြပုံအပေါ် အခြေခံပါသည်။
စီမံကိန်းစက်ဝန်း
စီမံကိန်းစက်ဝန်း (Project Cycle) ဆိုသည်မှာ စီမံကိန်းတစ်ခုအတွင်း၌ အပြန်အလှန် ဆက်နွယ်နေသော လုပ်ငန်းစဉ်စနစ်တစ်ခုဖြစ်သည်။ စီမံကိန်းစီမံခန့်ခွဲမှု (Project Management) ဆိုသည်မှာ စီမံကိန်းစက်ဝန်းပါ လုပ်ငန်းစဉ်များနှင့် စနစ်ကို ပိုမို စွမ်းရည်ပြည့်ဝစေရန်၊ ထိရောက်မှုရှိစေရန်နှင့် ညီညွတ်မျှတမှုရှိစေရန် ဆောင်ရွက်ပေးရခြင်း ဖြစ်သည်။
စီမံကိန်းတခုကို ယေဘုယျအားဖြင့် အဆင့် – ၅ ဆင့် ခွဲနိုင်သည်။
၁) အစပျိုးသည့်အဆင့် (Initiating Phase): စီမံကိန်း၏ မျှော်မှန်းချက်အနေဖြင့် ကိုင်တွယ် ဖြေရှင်းပေးလိုသည်များကို ရှင်းလင်းစွာ သတ်မှတ်လေ့ရှိပြီး၊ အထူးသဖြင့် အကျိုးကျေးဇူး ရရှိမည့် အဝန်းအဝိုင်း၊ ဦးတည်အုပ်စုများ (Beneficiary Community) ၏ လိုအပ်ချက်၊ လိုလားချက်၊အသံများကို နားထောင် လုပ်ဆောင်လေ့ရှိကြသည်။
၂) စီမံကိန်း/စီမံချက်ဒီဇိုင်းရေးဆွဲခြင်း (Planning): အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်းသည် ခိုင်မာသော ရည်မှန်းချက်များနှင့် လုပ်ဆောင်ချက်များကို ချမှတ်ပေးပြီး၊ အရင်းအမြစ် များကို ထိရောက်စွာ ခွဲဝေချထားခြင်းနှင့် စီမံကိန်းကို ဒေသလိုအပ်ချက်များနှင့်ကိုက်ညီ မှုရှိစေရန် အာမခံချက် ပေးပါသည်။
၃) အကောင်အထည်ဖော်ခြင်း (implementation): စီမံကိန်းကာလအတွင်း တိကျသော လုပ်ဆောင်ချက်များကို ဆောင်ရွက်သည့်အပိုင်းဖြစ်သည်။
၄) ကြပ်မတ်စစ်ဆေးခြင်းနှင့် အရည်အသွေးထိန်းချုပ်ခြင်း (Monitoring and Quality Control): တိုးတက်မှုအခြေအနေများကို ငွေကြေးဆိုင်ရာ ရှုထောင့်မှသာမက လူမှုဆိုင်ရာ ညွှန်းကိန်းများ (Social Indicators) ဖြင့်ပါ အကဲဖြတ်ပြီး၊ အကျိုးသက်ရောက်မှု အများဆုံးရရှိစေရန် လိုအပ်သလို ပြုပြင်ပြောင်းလဲလုပ်ဆောင်ကြရသည်။
၅) ပိတ်သိမ်းခြင်း (Closure): နောက်ဆုံးအနေဖြင့် ဤအဆင့်သည် လုပ်ငန်းဆောင်တာများကို အဆုံးသတ်ခြင်းသာမကဘဲ လူမှုဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်မှုကို ဘက်စုံ အကဲဖြတ်ခြင်းနှင့် အနာဂတ်စီမံကိန်းများအတွက် သင်ခန်းစာယူစရာအချက်များကို ဖော်ထုတ်မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် ဆက်လက်လုပ်ဆောင်မည့် စီမံကိန်းများ အတွက် ဒီဇိုင်းရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်းတွင် စဉ်ဆက်မပြတ် တိုးတက်မှု သံသရာကို အထောက်အကူပြုစေပါသည်။
စီမံချက်ဒီဇိုင်းရေးဆွဲခြင်း
စီမံကိန်းတခုရေးဆွဲမည်ဆိုလျှင် စဉ်းစားချဉ်းကပ်ကြပုံများစွာအမျိုးမျိုးရှိကြသည်။ ယခုဆက်လက်တင်ပြပေးမည့် စီမံကိန်းဒီဇိုင်းရေးဆွဲရန်အသုံးပြုသည့်နည်းလမ်းမှာ အကျိုးအကြောင်းဆက်စပ်စဉ်းစားသည့် နည်းလမ်း (causal pathway) ဖြစ်သည်။ စီမံချက်တခု၏ ပြောင်းလဲမှု သီအိုရီ Theory Of Change ဟုဆိုသည့် စီမံချက်တခုပြုလုပ်ရသည့် အကြောင်းရင်း နှင့် အကျိုးဆက်များကို ရေးသားရှင်းပြနိုင်ရန် လွယ်ကူစွာစဉ်းစားပေးနိုင်သည့် နည်းလမ်းလည်းဖြစ်သည်။ အောက်တွင် ဖော်ပြထားသည့်စက်ဝန်းသည် အကျိုး/အကြောင်းပြအဆိုပြုမူကြမ်း Causal Hypothesis ရေးသားရန် ပထမအဆင့်စဉ်းစားသည့်ပုံစံဖြစ်သည်။
ဥပမာ – သစ်ပင်များနည်းပါးလာ၍ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးလာသည့်ကိစ္စ ကို ကိုင်တွယ်ဖြေရှင်းကြမည်ဆိုပါစို့။ ယင်းစီမံချက်၏ နောက်ဆုံးမြင်လိုသည့်ပန်းတိုင်မှာ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပြန်လည်ကောင်းမွန်ပြီး စားနပ်ရိက္ခာဖူလုံ၍ ရာသီဥတု ပြန်လည်ကောင်းမွန်လာခြင်းသည် မိမိလုပ်ငန်းလုပ်ဆောင်ပေးမည့်နေရာများတွင် မိမိတို့မြင် လိုသည့် အန္တိမရည်မှန်းချက်ဖြစ်သည်။ ယင်းရည်မှန်းချက်ပန်းတိုင်ဖြစ်မြောက်စေရန် သစ်ပင် များပြန်လည်များပြားလာခြင်း၊ သစ်ပင်များကို စနစ်တကျလိုအပ်သလောက်သာ ခုတ်လှဲတတ် သည့်အမူအကျင့်၊ ထင်းအဖြစ်အသုံးပြုရန်လိုအပ်သည့် သစ်ပင်များကို စနစ်တကျစိုက်ပျိုး၍ အသုံးပြုသည့်အလေ့အထ၊ သစ်ပင်များကို စည်းကမ်းမဲ့ခုတ်လှဲခြင်းကို စည်းကမ်းတင်းကြပ် ၍ အရေးယူသည့်မူဝါဒ၊ အစိုးရကိုယ်တိုင်မှ သစ်ပင်များကို စည်းကမ်းဖြင့်သာ ခုတ်လှဲခွင့်ပြုသည့် ဥပဒေများချမှတ် အရေးယူလုပ်ဆောင်ခြင်းဆိုသည့် အခြေအနေ၊အတွေးအခေါ်၊အယူအဆသာ မက မူဝါဒအပြောင်းအလဲများဖြစ်အောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ ယင်းအပြောင်းအလဲ များဖြစ်စေရန်အတွက် သစ်ပင်များစိုက်ပျိုး၊ထိန်းသိမ်းခြင်း၊ ထင်းစိုက်ခင်းများ သတ်မှတ်စိုက် ပျိုးခြင်း၊ သက်ဆိုင်ရာ အာဏာပိုင်များ၊အစိုးရများအနေဖြင့် သစ်ပင်ခုတ်လှဲခြင်းကို အရေးယူ ခြင်းနှင့် စည်းကမ်းချက်များ၊ဥပဒေများ သေချာစွာချမှတ်လာအောင် အရေးယူတိုက်တွန်းခြင်း တို့ကို စီမံချက်အနေဖြင့် လုပ်ဆောင်ရမည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းစဉ် အသေးစိတ်ရေးဆွဲချမှတ်ပြီး လုပ်ငန်းတခုချင်းစီအတွက် ပတ်သက်ဆက်စပ်သူများ၊ ဦးတည် အုပ်စုများ၊ စီမံချက်အတွက် လိုအပ်မည့် လူအင်အား၊ ငွေအင်အား၊ စွမ်းရည်၊ ချိတ်ဆက်မှုများ အားလုံးကို လုပ်ဆောင်ရမည်။

ယခုစဉ်းစားခဲ့သည့်အချက်များအပေါ် အခြေခံ၍ ကျိုးကြောင်းဆက်စပ်သည့်အဆိုမူကြမ်းတခု ကိုရေးသားရလျှင် – သစ်ပင်ချစ်သူများအဖွဲ့ (LOT) သည် မကွေးတိုင်း မြို့နယ် ၃ ခုတွင် နေထိုင်သည့် ပြည်သူလူထုအား သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုနှင့် နောက်ဆက်တွဲဆိုးကျိုးများ အကြောင်းကို အသိပညာပေးဟောပြောရှင်းပြခြင်း၊ စိုက်ပျိုးသစ်ပင်များပေးခြင်း၊ အတူစိုက်ပျိုးခြင်း၊ စိုက်ပျိုးပြီး သစ်ပင်များ ရှင်သန်ကြီးထွားစေရန် ထိန်းသိမ်းလာအောင် စည်းရုံးခြင်း၊ ကျေးရွာများအလိုက် ထင်းစိုက်နေရာများ စနစ်တကျထားရှိ၍ အကြီးမြန်သစ်ပင် များ သတ်မှတ်စိုက်ပျိုး အသုံးပြုခြင်း၊ သက်ဆိုင်ရာ အာဏာပိုင်များ၊အစိုးရများအနေဖြင့် သစ်ပင်ခုတ်လှဲခြင်းကို အရေးယူလာစေရန် နှင့် စည်းကမ်းချက်များ၊ဥပဒေများ သေချာစွာ ချမှတ်ကျင့်သုံးလာစေရန် ရပ်ရွားပြည်သူလူထုနှင့် ဆန္ဒတူအခြားအဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ အရေးဆိုတိုက်တွန်းခြင်းတို့ကို လုပ်ဆောင်မည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် မြို့နယ် ၃ ခုတွင် သစ်ပင်များပြန်လည်များပြားလာခြင်း၊ သစ်ပင်များကို စနစ်တကျလိုအပ်သလောက်သာ ခုတ်လှဲတတ်လာခြင်း၊ ထင်းအဖြစ်အသုံးပြုရန်လိုအပ်သည့် သစ်ပင်များကို စနစ်တကျ စိုက်ပျိုး၍ အသုံးပြုလာခြင်း သက်ဆိုင်ရာ အာဏာပိုင်များ၊အစိုးရများအနေဖြင့် သစ်ပင်များကို စည်းကမ်းဖြင့်သာ ခုတ်လှဲခွင့်ပြုသည့် ဥပဒေများချမှတ်လုပ်ဆောင်ပြီး သစ်ပင်များကို စည်းကမ်းမဲ့ခုတ်လှဲပါက တင်းကြပ်စွာ အရေးယူခြင်းတို့ လုပ်ဆောင်လာမည်။ ထိုသို့သော အပြောင်းအလဲများကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ပြန်လည်ကောင်းမွန်၍ ရာသီဥတုမှန်လာပြီးပြည်သူလူထုအနေဖြင့် စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများကို ပြန်လည် လုပ်ဆောင်နိုင်လာကာ စားနပ်ရိက္ခာဖူလုံလာမည်။ ယင်းစီမံချက်ကြောင့် မကွေးတိုင်းစီမံချက် ၃ မြို့နယ်ရှိ ပြည်သူလူထုအားလုံးအနေဖြင့် စီးပွားရေးကောင်းမွန်၊ ကျန်းမာပျော်ရွှင်၍ သာယာဝပြောသည့်အခြေအနေမျိုးသို့ ရောက်ရှိကြမည်ဖြစ်သည်။
ဆက်လက်၍ ကျိုးကြောင်းဆက်စပ်မှုအဆိုမူကြမ်းကို အခြေခံ၍ ထည့်သွင်းရမည့် အောက်ဖော်ပြပါ ကျိုးကြောင်းဆက်စပ်မှုလမ်းကြောင်းမူဘောင်ကို အနည်းငယ်ဆက်လက်ရှင်းပြပေးပါ။ စီမံချက်ဒီဇိုင်းအတွက် စဉ်းစားရာတွင် ကိုင်တွယ်မည့်ပြဿနာ/ကိစ္စရပ်ကို ဖြေရှင်းလိုက်သည့်အတွက် ရလိုသည့်လူမှုဘဝအပြောင်းအလဲများ၊ အခြေအနေများကို စတင်စဉ်းစားရပါသည်။ ဥပမာ – သစ်ပင်ချစ်သူများအဖွဲ့အနေဖြင့် သစ်ပင်စိုက်ရန် လှုံ့ဆော်ရသည့်အဓိကရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင်အခြေအနေများ ပြန်လည်ကောင်းမွန်၍ စားဝတ်နေရေးအဆင်ပြေသည့်အခြေအနေတခု၊ စီးပွားရေးကောင်းမွန်ပြီး ကျန်းမာပျော်ရွှင်သည့်လူ့ဘောင်အသိုင်းအဝိုင်းတခုကို ရရှိလိုသည့်အိပ်မက်ဖြင့်ဖြစ်သည်။ စီမံချက်ဒီဇိုင်းတခုရေးဆွဲလျှင် နောက်ဆုံးရလိုသည့် ပန်းတိုင်မှ စပြီး ဒီလိုဖြစ်ဖို့ ဘာတွေပြောင်းဖို့လိုသလဲ။ အဲလိုပြောင်းဖို့ဘာတွေရှိထားရမလဲဆိုသည်ကို တဆင့်ချင်းစဉ်းစားတွေးတောယူကြရသည်။ အောက်ဖော်ပြပါ မူဘောင်တွင် ဒီဇိုင်းရေးဆွဲသည့်လမ်းကြောင်းကိုပြသည့် မြားသည် နောက်ဆုံးရလိုသည့်ရလဒ်မှ တဖြည်းဖြည်းပြန်စဉ်းစားယူသည့်နည်းလမ်းဖြစ်သည်။ လုပ်ငန်းအကောင်အထည်ဖော်ခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်းတို့တွင်မူ သွင်းအားစုများကို ပြင်ဆင်ပြီး လုပ်ငန်းများလုပ်မှသာ ရလဒ်များကို တခုချင်းရနိုင်မည်ဖြစ်သည်။

သစ်ပင်ချစ်သူများအဖွဲ့ (LOT) အတွက် အထက်တွင် ဖော်ပြပေးထားသည့် ကျိုးကြောင်းဆက်စပ်သည့် အဆိုမူကြမ်း နမူနာကို အခြေခံ၍ မူဘောင်တွင်ထည့်သွင်း၍ စီမံချက်ဒီီဇိုင်းပုံစံစဉ်းစားကြည့်ရအောင်။

ဆက်လက်ဖော်ပြပေးပါမည်။









