စီမံချက်အစီအစဉ်ရေးဆွဲသည့်အဆင့် (ယခင်အပတ်မှအဆက်)

ပြဿနာဖော်ပြချက်ရေးသားခြင်း

အစီအစဉ်ရေးဆွဲသည့်အဆင့်၌ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် စဉ်းစားချဉ်းကပ်ရာတွင် Why? (ဘာကြောင့်လဲ။) နှင့် ကိုင်တွယ်ဖြေရှင်းရန်နည်းလမ်းများကို ဆက်လက်စဉ်းစားပုံကို ဆက်လက်၍ ဆွေးနွေးပေးလိုပါသည်။

ဘာကြောင့်လဲဆိုသည့်မေးခွန်းနှင့်အတူ ပြဿနာကို ဆန်းစစ်ရာ၌ “ဒါဆိုဘယ်လိုဖြေရှင်းမလဲ”ဆိုသည့် မေးခွန်းကိုပါ ထပ်မံမေးမြန်းခြင်းက မေးခွန်းအတွက်အဖြေများကိုပါ ရစေနိုင်သည်။အောက်တွင်ဖော်ပြထားသည့်ဥပမာတွင် နှစ်စဉ်ရေကြီးရေလျှံဖြစ်နေသည့်ပြဿနာ၏အကြောင်းရင်းနှင့် ယင်းတို့အပေါ် အခြေခံ၍ မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို စဉ်းစားနိုင်သည်ကို တွေ့ရမည်။ 

သစ်ပင်ချစ်သူများအဖွဲ့ (Love Our Trees – LOT) ကဲ့သို့သော သစ်ပင်စိုက်ပျိုးသည့်အဖွဲ့အနေဖြင့် ပြဿနာကို ချဉ်းကပ်ရာတွင် သစ်ပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်သည့် ပြဿနာအကြောင်းရင်းခံများကို အဓိက ကိုင်တွယ်မည်ဖြစ်သည်။ အလားတူပင် အမှိုက်များ သိမ်းဆည်းသည့်လူငယ်အဖွဲ့အနေဖြင့်မူ စွန့်ပစ်အမှိုက်များကိစ္စကိုအဓိကထားစဉ်းစားမည်ဖြစ်သည်။ ပြဿနာဖြစ်စေသည့် အကြောင်းရင်းများစွာရှိသော်လည်း လုပ်ငန်းများလုပ်ဆောင်ကြရာတွင် ပြဿနာ တခု သို့မဟုတ် နှစ်ခုကို ကိုင်တွယ်လုပ်ဆောင် နိုင်ကြသည်။ အကြောင်းရင်းအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်မှာ အဖွဲ့တွင် စွမ်းရည်၊လုပ်ဆောင်နိုင်စွမ်း၊ ဩဇာအာဏာများ မရှိတတ်ကြသည့်အတွက်ဖြစ်သည်။ အစိုးရ၊အာဏာပိုင်အဖွဲ့အစည်းများမှသာလျှင် ပြဿနာအားလုံးကို ပြေလည်အောင်ဖြေရှင်း ကူညီကိုင်တွယ်နိုင်သည့် ဩဇာ၊ စွမ်းရည်နှင့်လုပ်ပိုင်ခွင့်မျိုးရှိတတ်ကြသည်။ ထို့ကြောင့်အချို့အဖွဲ့များကမူ ကိုယ်တိုင်မဖြေရှင်းကြဘဲ ပြဿနာကို သေချာစွာဆန်းစစ်လေ့လာ၍ အစိုးရ၊အာဏာပိုင်အဖွဲ့အစည်းများအား လုပ်ဆောင်ရန်တိုက်တွန်းနိုးဆော်အကြံပြုလေ့ ရှိတတ်ကြသည်။ ပြဿနာဖော်ပြချက်များကို ရေးသားနည်းကို အောက်တွင်ဆက်လက်၍ဖော်ပြပေးထားပါသည်။ စီမံချက်တခုကို လုပ်ဆောင်ရန်အတွက် ပြဿနာဖော်ပြချက်ကို ရေးသားရာတွင် ယခင်အပတ်ကဖော်ပြပါရှိပြီးသည့်အတိုင်း –

ပြဿနာ/ကိစ္စရပ်နှင့်ပတ်သက်၍ အဖွဲ့အနေဖြင့် ဖော်ထုတ်တွေ့ရှိရသည့် လိုအပ်ချက်များနှင့် ရရှိနိုင်သည့် ဝန်ဆောင်မှု/လုပ်ငန်းများအကြားမှ လစ်ဟာနေချက်များ/ စီမံချက်အနေဖြင့် ဦးစိုက်လုပ်ဆောင်လိုသည်များကိုရှင်းလင်းစွာဖော်ပြလေ့ရှိကြသည်။ 

အစိုးရ၊အာဏာပိုင်အဖွဲ့အစည်းများအား ပြဿနာကို ကိုင်တွယ်ဖြေရှင်းပေးရန် တိုက်တွန်းသည့်ဖော်ပြချက်များကို ရေးသားရာတွင်

ပြဿနာဖော်ပြချက်ကို တင်ပြရေးသားရာတွင် လက်ရှိဖြစ်ပျက်နေသည့်အခြေအနေ၊ ထိခိုက်ခံစားကြရ သူများ၊ ပါဝင်ပတ်သက်သူများကို ထည့်သွင်းစဉ်းစားရေးသားလေ့ရှိကြသည်။ အကယ်၍ ထိုပြဿနာကို ကိုင်တွယ်ဖြေရှင်းမှုမရှိခဲ့ပါက မည်သည့်အကျိုးဆက်များရှိနိုင်သည်ကိုလည်း ထည့်သွင်းရေးသားကြ သည်။ 

ပြဿနာ/ကိစ္စရပ်နှင့်ပတ်သက်၍ အဖွဲ့အနေဖြင့် ဖော်ထုတ်တွေ့ရှိရသည့် လိုအပ်ချက်များနှင့် ရရှိနိုင်သည့် ဝန်ဆောင်မှု/လုပ်ငန်းများအကြားမှ လစ်ဟာနေချက်များ/ စီမံချက်အနေဖြင့် ဦးစိုက်လုပ်ဆောင် လိုသည်များကို ရှင်းလင်းစွာဖော်ပြပေးသင့်သည်။ 

လေ့ကျင့်ရန်။

လက်ရှိအခြေအနေတွင် နှစ်စဉ် ရေကြီးရေလျှံဖြစ်နေသည့် ပြဿနာနှင့်ပတ်သက်၍ ပြဿနာ ဖော်ပြချက် နှင့်အခြေအနေကို မိမိတို့လုပ်ဆောင်နေသည့်လုပ်ငန်းနှင့် ချိတ်ဆက်၍ ပြဿနာ ဖော်ပြချက်ကို ရေးသားလေ့ကျင့်ကြည့်နိုင်ပါသည်။

ပတ်သက်ဆက်စပ်သူများကို ဆန်းစစ်လေ့လာခြင်း

လုပ်ဆောင်မည့်လုပ်ငန်း/ကိုင်တွယ်မည့်ပြဿနာ၊ကိစ္စရပ်များနှင့်ပတ်သက်ဆက်စပ်သူများကို စဉ်းစားရာ တွင် ပတ်သက်ဆက်စပ်သူများကို ဆန်းစစ်သည့်နည်းလမ်းဖြင့်ချဉ်းကပ်လေ့ရှိသည်။ စီမံချက်အစီအစဉ်ရေးဆွဲရန်အတွက် ပတ်သက်ဆက်စပ်သူများကို ဆန်းစစ်လေ့လာခြင်း ၏ရည်ရွယ်ချက်မှာ စီမံချက်နှင့်ပတ်သက်၍ အဖွဲ့၏ဦးတည်လုပ်ဆောင်ရမည့်အုပ်စုနှင့်လုပ်ငန်းလုပ်ဆောင်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အုပ်စုများကို နားလည်သဘောပေါက်စေရန်အတွက်ဖြစ်သည်။

လိုအပ်သည့်ဆန်းစစ်လုပ်ဆောင်ချက်များကိုလုပ်ဆောင်ပြီးပြီဆိုပါက စီမံချက်ဒီဇိုင်းရေးဆွဲရန်အဆင်သင့်ဖြစ်ပါပြီ။

စီမံချက်ဒီဇိုင်းတခုရေးဆွဲရာတွင် ကျိုးကြောင်းဆက်စပ်မှုလမ်းကြောင်း (Causal Pathway Framework)  ဖြင့် စဉ်းစားခြင်းသည် အလွယ်ကူ၊အရိုးရှင်းဆုံးဖြစ်သည်။ အဖွဲ့တခုလုံး၊ စီမံချက်တခုလုံး အတွက် Theory of Change (TOC) ကိုအသုံးပြုချဉ်းကပ်လေ့ရှိသည်။ အခြေခံအနေဖြင့်မူ ကျိုးကြောင်းဆက်စပ်မှုလမ်းကြောင်းသည် စီမံချက်တခုအတွက် အခြေခံကျသည့်အချက်အားလုံးကို စဉ်းစားဖော်ထုတ်ပေးနိုင်သည်။

စီမံချက်ဒီဇိုင်းရေးဆွဲရာတွင် အသုံးပြုသည့်စကားလုံးဝေါဟာရများ

စီမံချက်ဒီဇိုင်းတခုကိုစဉ်းစားခြင်း

ဥပမာအနေဖြင့် သစ်တောများပြုန်းတီးခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီး၍ ရာသီဥတုဆိုးရွား ပြင်းထန်လာမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းမည့်စီမံချက်တခုကို စဉ်းစားမည်ဆိုပါက သစ်တောများပြန်လည်ရှိလာ၍ သဘာဝပတ်ဝန်းကျင်များ ပြန်လည်ကောင်းမွန်လာပြီး ရာသီဥတုများ ပြန်လည်ကောင်းမွန်လာမည့်အခြေအနေသည် ပြဿနာကိုဖြေရှင်းရာတွင် အဓိကမြင်လိုသည့် ကြီးမားသောအပြောင်းအလဲတခုဖြစ်မည်။ 

အသုံးအနှုံးရှင်းလင်းချက်
အရင်းအမြစ်/သွင်းအားစုများ(Inputs)လုပ်ငန်းများလုပ်ဆောင်ရန် လိုအပ်သည်များ
လုပ်ဆောင်ချက်များ (Activities)လိုချင်သည့်ရလဒ်ထွက်ပေါ်လာအောင်လုပ်ဆောင်ရသည့်လုပ်ငန်းများ
ချက်ချင်းမြင်ရသည့်ရလဒ်များ (outputs)အကျိုးရလဒ်များ ရရှိစေရန် လုပ်ဆောင်ရသည့် ဝန်ဆောင်မှုများနှင့် ထွက်ပေါ်စေသည့်ရလဒ်များ/ထုတ်ကုန်များ
အကျိုးရလဒ်များ (outcomes/Effects)လိုလားသည့်အပြောင်းအလဲဖြစ်ထွန်းစေရန်တွန်းအားပေးနိုင်သည့် အသိပညာဗဟု သုတ၊ သဘောထားများ၊ ကျွမ်းကျင်မှု၊ စေတနာ (သို့/   နှင့်) အပြုအမူများပြောင်းလဲခြင်း
အကျိုးကျေးဇူး/ကြီးမားသည့်အပြောင်းအလဲများ (Impacts)လူထုကျန်းမာရေး၊ စီးပွားရေး (သို့)လူနေမှုအဆင့်အတန်း အပြောင်းအလဲ 

 စီမံချက်အတွက် ကြောင်းကျိုးပြအဆိုမူကြမ်းတခုရေးသားခြင်း

ကြောင်းကျိုးပြအဆိုမူကြမ်းရေးသားရာတွင် – စီမံချက်အနေဖြင့် ပြဿနာအခြေအနေကို ဆန်းစစ်ခဲ့ပြီးဖြစ်သည်။ ယင်းပြဿနာ၏အဖြေအဖြစ် မြင်လိုသည့်အပြောင်းအလဲများ (IMPACTS) ကို စတင်စဉ်းစားကြည့်ရပါမည်။ ယင်းအပြောင်းအလဲများဖြစ်စေရန်အတွက် မည်သို့သောအပြုအမူ၊ အလေ့အကျင့်၊အခြေအနေ၊စွမ်းဆောင်ရည်အပြောင်းအလဲများ (EFFECTS) ကို ဖြစ်ရမည်ကို ဆက်စဉ်းစားရသည်။ ယင်းအပြောင်းအလဲများဖြစ်ရန်အတွက် လိုအပ်သည့်အခြေအနေများ (သင်တန်း၊ ပတ်ဝန်းကျင်အခြေအနေ၊ ဝန်ဆောင်မှုများ)/ချက်ချင်းရလဒ်များ (OUTPUTS) များလုပ်ရန်လိုအပ်မည်၊ ထိုသို့လုပ်ရန်မည်သည့်လုပ်ဆောင်ချက်များကို လုပ်ဆောင်ရမည်ကို ဆက်လက်စဉ်းစားရမည်ဖြစ်သည်။ နောက်ဆုံးအဆင့်တွင် ယင်းလုပ်ငန်းများလုပ်ဆောင်ရန်အတွက် လိုအပ်သည့်လူအင်အား၊ပစ္စည်း၊သွင်း အားစုများလိုအပ်မည်ကိုအသေးစိတ်စဉ်းစားရမည်ဖြစ်သည်။

လာမည့်စနေတွင် ယင်းစီမံချက်စက်ဝန်းနှင့် စီမံချက်ဒီဇိုင်းရေးဆွဲသည့်ပုံစံများကို အသေးစိတ်ဆက်လက်ဆွေးနွေးပါမည်။