၁) အစီအစဉ်ရေးဆွဲသည့်အဆင့် (Planning Phase)

အဖွဲ့အစည်းတခုသည် စီမံကိန်း၊ စီမံချက်များစွာရှိနိုင်ပြီး အဖွဲ့၏လုပ်ဆောင်မည့်လုပ်ငန်းတိုင်း သည် အဖွဲ့အစည်းတခုလုံးအတွက် ရေးဆွဲချမှတ်ထားသည့် မျှော်မှန်းချက်ပန်းတိုင် (VISION), ရပ်တည်ခံယူချက် (MISSION) တို့နှင့် ကိုက်ညီရန်လိုအပ်ပါသည်။ မျှော်မှန်းချက်ပန်းတိုင်သည် အဖွဲ့တခုလုံးနှင့် နောက်ဆုံးရောက်ရှိလိုသည့်နေရာ၊အခြေအနေတခုဖြစ်ပြီး စီမံကိန်း၊ စီမံချက် တခုချင်းစီတိုင်းသည် ယင်းမျှော်မှန်းချက်ပန်းတိုင်သို့ရောက်ရန် အထောက်အကူဖြစ်စေမည့် လုပ်ဆောင်ချက်များပင်ဖြစ်သည်။ ထို့ကြောင့် စီမံကိန်း၊စီမံချက်များအတွက် ဒီဇိုင်းအစီအစဉ် များရေးဆွဲရာတွင် အဖွဲ့အစည်းအနေဖြင့် ချမှတ်ထားသည့် မဟာဗျူဟာတွင် ပါရှိသည့် မျှော် မှန်းချက်ပန်းတိုင်၊ ရည်တည်ခံယူချက်များ၊ မဟာဗျူဟာများကို အခြေတည်ပြီး စဉ်းစားကြရ သည်။

၁.၁ ပြဿနာကို ဆန်းစစ်လေ့လာခြင်း

စီမံချက်တခုအတွက် အစီအစဉ်ရေးဆွဲမည်ဆိုလျှင် မိမိတို့ကိုင်တွယ်လိုသည့်ကိစ္စ၊ အကြောင်း အရာ သို့မဟုတ် ပြဿနာများကို စတင်စဉ်းစားကြရသည်။ ကိုင်တွယ်လိုသည့်ကိစ္စ၊ အကြောင်း အရာ သို့မဟုတ် ပြဿနာများကို ကိုင်တွယ်ရာတွင် အသုံးအများဆုံးဆန်းစစ်လေ့လာသည့် နည်းလမ်း ၂ ခုရှိပါသည်။ ယင်းတို့မှာ – Problem Tree (ပြဿနာသစ်ပင်)ပုံစံ ဖြင့် ချဉ်းကပ် ဆန်းစစ်ခြင်းနှင့် Ishikawa fishbone diagram (ငါးရိုးပုံစံ)ဖြင့် ချဉ်းကပ်ကြည့်ခြင်းတို့ဖြစ် သည်။

အချို့ကမူ ရိုးရှင်းစွာပင် – 

“သစ်ပင်ဘာကြောင့်ကိုင်းရတယ်၊ ဗျိုင်းနားလို့ကိုင်းရတယ်” 

“ဗျိုင်းဘာလို့နားရတယ်၊ ဖါးအော်လို့နားရတယ်” ဆိုသကဲ့သို့ ဘာကြောင့်လဲ၊ ဘာကြောင့်လဲဆို သည်ကို ဆင့်ကဲမေးသည့်ပုံစံနှင့် အကြောင်းရင်းကို ရှာသည်မျိုးလည်းရှိတတ်ကြသည်။ ယင်းဆန်းစစ်မှုအားလုံး၏ အဓိကရည်ရွယ်ချက်မှာ မိမိတို့ကိုင်တွယ်အဖြေရှာလိုသည့် ပြဿနာ ကို သေချာစွာနားလည်သဘောပေါက်ပြီး ထိရောက်စွာကိုင်တွယ်နိုင်ရန် ရည်ရွယ်ပါသည်။

သစ်ပင်ပုံစံဖြင့် ပြဿနာကို ဆန်းစစ်ကြည့်ခြင်း

က) ပထမဦးစွာမိမိအဓိကကိုင်တွယ်လိုသည့်ပြဿနာကို ပင်စည်နေရာတွင် ချရေးပါ။

ခ) ထို့နောက်ယင်းပြဿနာဖြစ်ရသည့်အကြောင်းရင်းများကို အားလုံးဝိုင်းဝန်းဆွေးနွေးကြည့် ပါ။ အချို့ပြဿနာများတွင် ပြဿနာဖြစ်စေသည့်အကြောင်းရင်းတခုမှ သစ်ပင်၏အမြစ်ပွား များကဲ့သို့ခွဲထွက်သွားသည့်အပိုင်းများလည်း ရှိတတ်ကြသည်။ ဥပမာ – သစ်တောများ ပြုန်းတီး လာရခြင်း ဆိုသည့်အကြောင်းရင်းကို အဓိကပြဿနာအဖြစ် ကိုင်တွယ်ကြည့်မည်ဆိုလျှင် အဓိကအကြောင်းရင်းများစွာရှိနိုင်သည်။ ယင်းပြဿနာများအနက်မှ သစ်ပင်ခုတ်ကြခြင်းကို ပင်မအကြောင်းရင်းတခုအနေဖြင့် ထည့်သွင်းနိုင်သည်။ သို့သော် သစ်ပင်ခုတ်ရာတွင် သစ်ပင် ကြီးများဖြစ်သည့် ကျွန်းပင်၊ကုက္ကိုပင်ကဲ့သို့သော စီးပွားဖြစ်အပင်များကို ခုတ်ကြသကဲ့သို့ ကျေးလက်ဒေသများတွင် ထင်းအဖြစ်အလယ်အလတ်စားဆီးသီးပင်ကဲ့သို့သော အပင်များ ကို ခုတ်ယူခြင်း၊ မြို့ကွက်ချဲ့ခြင်းနှင့် မြေယာချဲ့ထွင်ခြင်းကြောင့်ခုတ်ခြင်းတို့သည် အကြောင်းရင်း ကြီးအောက်တွင် အမြစ်ပွားများပုံစံ ဆက်လက်ရှိနိုင်ပါသည်။

ဂ) အကြောင်းရင်းများအားလုံးကို စဉ်းစားဆွေးနွေးပြီးပါက ဆက်လက်၍ ယင်းအဓိကပြဿနာ ၏ အကျိုးဆက်များကို သစ်ပင်၏ အခက်အလက်များကဲ့သို့ဆက်၍စဉ်းစားနိုင်သည်။ သစ်တောများပြုန်းတီးခြင်းကြောင့် မိုးခေါင်ရေရှားလာခြင်းကို အဓိကအကျိုးဆက်အနေဖြင့် ထည့်နိုင်သကဲ့သို့ ယင်းပင်မအကိုင်းကြီးတခု၏ အကိုင်းအခက်ငယ်များအနေဖြင့် စိုက်ပျိုးရေး မဖြစ်ထွန်းခြင်း၊ ရေရှားခြင်းနှင့်ပတ်သက်သည့် ရောဂါများအဖြစ်များလာခြင်း၊ သောက်သုံးရေ ရှားပါးလာခြင်းနှင့် ယင်းမှထပ်ဆင့်ပြီး သီးနှံများ(စားနပ်ရိက္ခာ)ရှားပါးလာခြင်းစသည်တို့အထိ စဉ်းစားနိုင်ပါသည်။

ဃ)အားလုံးဝိုင်းဝန်းဆွေးနွေးပြီးချိန်တွင် အကြောင်းရင်းနှင့် အကျိုးဆက်များကို ပြန်လည် ကြည့်ရှု၍ အကြောင်းရင်းတခုတည်း သို့မဟုတ်ဆင်တူရိုးမှားဖြစ်စေသည့်ကိစ္စများကို ပြန်လည် ကြည့်ရှုဆွေးနွေးခြင်း၊ ကျန်နေနိုင်သေးသည်များကို စဉ်းစားခြင်းတို့ကို အဆုံးသတ်ပြုလုပ်ပြီး နောက် ပြဿနာသစ်ပင်ရေးဆွဲခြင်းလုပ်ငန်းစဉ်ကို အဆုံးသတ်နိုင်သည်။

ငါးရိုးပုံစံဖြင့် ပြဿနာ၊ ကိုင်တွယ်မည့်ကိစ္စရပ်ကိုချဉ်းကပ်ခြင်း

က) ကိုင်တွယ်မည့်ပြဿနာကို ငါး၏ဦးခေါင်းနေရာတွင် ချရေးပြီး ငါးအရိုးများတွင် ခေါင်းစဉ်မျိုးစုံကို စဉ်းစားအဖြေရှာကြည့်နိုင်သည်။ 

ခ) ဥပမာ – မိမိတို့မျှော်မှန်းထားသည့်ရလဒ်များ (expected results) အတိုင်းပြီးမြောက် အောင်မြင်မှုမရှိသည့်ကိစ္စရပ်ကို ဝိုင်းဝန်းစဉ်းစားအဖြေရှာကြည့်မည်ဆိုပါစို့။ စီမံခန့်ခွဲမှု အပိုင်းမှာဘာပြဿနာရှိနေပါသလဲ။ အသုံးပြုသည့်နည်းလမ်းများ၊ ချဉ်းကပ်ပုံကရော။ အသုံးပြုသည့် ပစ္စည်းများကရောအရည်အသွေးပြည့်မီရဲ့လား စသဖြင့် အပိုင်းလိုက်ခွဲပြီး မိမိတို့ကိုင်တွယ်မည့်ပြဿနာတခု၏ အစိတ်အပိုင်းတခုစီကို သေချာစွာစဉ်းစားချဉ်းကပ် ကြည့်ကြရသည်။ ဖော်ပြပါရှိသည့်ငါးရိုးတခုစီပါ ခေါင်းစဉ်များမှာ ပြဿနာနှင့် ဆီလျော် ခြင်းမရှိလျှင် ဆွေးနွေးရန်မလိုအပ်ဘဲ မပါသော်လည်း အကြောင်းရင်းအနေဖြင့် ထပ်မံ ထည့်သွင်းစရာကိစ္စများလည်း ရှိနိုင်ပါသည်။

ဂ) အထက်တွင်ဖော်ပြခဲ့သည့် ပြဿနာသစ်ပင်ကဲ့သို့ပင် ငါးရိုးမှာလည်း ငါးရိုးငယ်များစွာ ရှိသကဲ့သို့ ပြဿနာအကြောင်းရင်းတခုမှ ထပ်၍ခွဲနိုင်သည့် အကြောင်းရင်းငယ်များစွာလည်း ရှိနေနိုင်ပါသည်။

ငါးရိုးပုံစံချဉ်းကပ်ပုံမှာ ပြဿနာ၏အကြောင်းရင်းကို ခေါင်းစဉ်မျိုးစုံနှင့် တိကျစွာရှာဖွေသည့် ချဉ်းကပ်ပုံမျိုးဖြစ်ပြီး သစ်ပင်ပုံမှာမူ အကြောင်းရင်းသာမက အကျိုးဆက်များကိုပါ ထည့်သွင်း စဉ်းစားရသည်။

၁.၂ စီမံကိန်းပြုလုပ်မည့်နေရာ/ဒေသ/ဦးတည်အုပ်စုများ၏အခြေအနေကို ဆန်းစစ်လေ့လာခြင်း

စီမံကိန်းတွင် ဖြေရှင်းရန် ရည်ရွယ်သည့် ပြဿနာကို သေချာစွာဆန်းစစ်လေ့လာပြီးပြီဆိုလျှင် – 

  • စီမံကိန်းလုပ်ဆောင်မည့်နေရာ၏ ပတ်ဝန်းကျင် အနေအထားနှင့် အဖွဲ့၏ စီမံကိန်းဦးတည် အုပ်စု၏ လူနေမှုအခြေအနေများကို ဆက်လက်ဆန်းစစ်လေ့လာရန်ဖြစ်သည်။
  • ယင်းဒေသရှိ လူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး အခြေအနေများ ပြဿနာ/အခြေ အနေများ ပိုမိုဆိုးရွားမလာစေရန်အတွက် စီမံကိန်းအစီအစဉ်ရေးဆွဲရာတွင် ဖြေရှင်းကိုင်တွယ်မည့် အကြောင်းရင်းများကို ရွေးထုတ်ရန်လိုအပ်မည်။

အရင်းအမြစ်များကို ဆန်းစစ်ခြင်း

ကိုင်တွယ်ဖြေရှင်းမည့်ပြဿနာအကြောင်းရင်းများကို ရွေးထုတ်ပြီးပြီးဆိုလျှင် ယင်းပြဿနာကို ဖြေရှင်းရာတွင် လိုအပ်နိုင်မည့်အရင်းအမြစ်များကို ဆက်လက်ဆန်းစစ်ဖော်ထုတ်ရမည်ဖြစ်သည်။

  • ဤပြဿနာအပေါ် လက်ရှိမည်သို့ တုံ့ပြန်ဖြေရှင်း၊ လုပ်ဆောင်နေကြသလဲ။ (မည်သူများကမည်သို့ဖြေရှင်းနေကြပါသလဲ။)
  • ပြဿနာကို ဖြေရှင်းရန် မိမိတို့အဖွဲ့အစည်းတွင် မည်မျှလုပ်နိုင်စွမ်းရှိသလဲ။ 
  • ကျွန်ုပ်တို့ ကိုင်တွယ်ဖြေရှင်းရန်ရည်ရွယ်သည့် ပြဿနာကို အခြားအဖွဲ့အစည်းများက ဖြေရှင်းရန် ကြိုးပမ်းခဲ့ခြင်းမျိုးရော ရှိပါသလား။ အဖွဲ့ကိုယ်တိုင်ရော ယခင်က ကိုင်တွယ်ဖြေရှင်းဖူးပါသလား။​မဖြည့်ဆည်းနိုင်ဘဲ ကျန်ရှိနေသေးသည့် လိုအပ်ချက်များကား အဘယ်နည်း။

ပြဿနာ ဆန်းစစ်ချက် (The Problem Assessment)

“စီမံကိန်း၏ အဓိကထားလုပ်ဆောင်မည့် လိုအပ်ချက်များနှင့် အရင်းအမြစ်များကြား ကွာဟချက် ကို ပြဿနာ ဆန်းစစ်ချက်တွင် ရှင်းလင်းစွာ ဖော်ပြရန်လိုအပ်သည်။”