စီမံချက်စီမံခန့်ခွဲမှု (PROJECT CYCLE MANAGEMENT)
အဖွဲ့အစည်းတခုလည်ပတ်ရာတွင် အဓိကဗဟိုချက်မှာ စီမံကိန်း/စီမံချက်များဖြစ်သည်။ စီမံကိန်း၊ စီမံချက်ဆိုသည်မှာ တနည်းအားဖြင့် အဖွဲ့အစည်းအနေဖြင့် အဓိကလုပ်ဆောင်ရန် ရည်ရွယ်သည့် လုပ်ငန်းများပင်ဖြစ်သည်။ နှစ်ကာလကြာမြင့်စွာ၊ ရေရှည်လုပ်ဆောင်ရသည့်လုပ်ငန်းများကို စီမံကိန်း(Program) ဟုခေါ်ဆိုလေ့ရှိကြပြီး ယင်းစီမံကိန်းများအတွင်းတွင်ဖြစ်စေ၊ အချိန်တိုတခုအတွင်း အဖွဲ့အနေဖြင့် လုပ်ဆောင်လိုသည့်လုပ်ငန်းများကိုဖြစ်စေ စီမံချက်(project) ဟုခေါ်ဆိုကြသည်။
စီမံချက်တခုဆိုသည်မှာ ရရှိလိုသည့်ရလဒ်၊ပန်းတိုင်သို့ရောက်ရှိစေရန် လုပ်ဆောင်ရသည့် ဆောင်ရွက်ရ သည့်လုပ်ငန်းများဖြစ်သည်။

စီမံကိန်း/စီမံချက်များကို စီမံခန့်ခွဲခြင်းဆိုသည်မှာ ပတ်သက်ဆက်စပ်သူများ၏ လိုအပ်ချက်များနှင့် မျှော်လင့်ချက်များ၊ မျှော်မှန်းချက်များ ပြည့်မီ၊ကျော်လွန်စေရန်အတွက် ယင်းစီမံချက်လုပ်ငန်းများကို အဖွဲ့အစည်း၏ နည်းပညာ၊ကျွမ်းကျင်မှုများ၊ အသိပညာဗဟုသုတများ၊ နည်းလမ်းများကို ထိရောက် အကျိုးရှိစွာ အသုံးချ စီမံခန့်ခွဲခြင်းဖြစ်သည်။ အထက်ပါပုံတွင် ဖော်ပြထားသကဲ့သို့ စီမံကိန်းတခုတွင် စီမံကိန်းလုပ်ဆောင်ရသည့် ရည်ရွယ်ချက်(များ)၊ ရောက်ရှိလိုသည့်ရည်မှန်းချက်ပန်းတိုင်များ၊ အကောင် အထည်ဖော်ပြီးမြောက်လိုသည့် ရည်ရွယ်ချက်(များ)ထားရှိကြသည်။ ယင်းရည်မှန်းချက်(များ)ဖြစ် မြောက်စေရန်အတွက် လိုအပ်သည့် ပစ္စည်းများနှင့် အခြားသွင်းအားစုများ၊ လုပ်ဆောင်မည့် နည်းလမ်း များနှင့် လူစွမ်းအားအရင်းအမြစ် ကျွမ်းကျင်မှုစွမ်းရည်များကို အကျိုးရှိစွာ အသုံးချစီမံခန့်ခွဲပြီး လုပ်ငန်း များကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်မှုဖြစ်ပင်ဖြစ်သည်။
စီမံချက်စီမံခန့်ခွဲမှုများအကြောင်းမဆွေးနွေးမီ ရှေးဦးစွာ စီမံချက်စက်ဝန်းနှင့်မိတ်ဆက်ပေးလို ပါသည်။

၁) အစီအစဉ်ရေးဆွဲသည့်အဆင့် (Planning Phase)
စီမံချက်စက်ဝန်းတခု၏အစမှာ စီမံချက်ရေးဆွဲရန် အစီအစဉ်ရေးဆွဲသည့်အဆင့်ဖြစ်သည်။ ယင်း အဆင့်တွင်
- စီမံကိန်း/စီမံချက်၏ ရည်မှန်းချက်(များ)ကိုဖော်ထုတ်ခြင်း၊
- ကိုင်တွယ်ဖြေရှင်းလိုသည့် ပြဿနာ/ကိစ္စရပ်နှင့်ပတ်သက်၍ ဆန်းစစ်ခြင်း၊
- ဦးတည်အုပ်စုများ၏ လိုလားချက်၊ လိုအပ်ချက်များကိုဖော်ထုတ်ခြင်းနှင့်
- လုပ်ဆောင်မည့်နေရာ/ဒေသ/လုပ်ငန်းနှင့်ပတ်သက်၍ ပြင်ပအခြေအနေများကို ဖော်ထုတ်ခြင်းတို့ကို ပြုလုပ်ကြသည်။
၂) စီမံချက်ဒီဇိုင်းရေးဆွဲပြီး အဆိုပြုလွှာရေးသားသည့်အဆင့် (Project Design and Proposal Writing Phase)
ရရှိလာသည့် သတင်းအချက်အလက်များကိုအခြေခံပြီး အဖွဲ့၏ရည်မှန်းချက်များ၊ ပြီးမြောက်ရမည့် လုပ်ငန်းများ အားလုံးကို စီမံချက်ဒီဇိုင်းပုံစံရေးဆွဲ၍ အဖွဲ့အစည်း၏အုပ်ချုပ်မှုအဖွဲ့နှင့် ငွေကြေးပံ့ပိုး မည့်သူများအား တင်ပြရန် စီမံချက်အဆိုပြုလွှာရေးသားရသည့် အဆင့်ဖြစ်သည်။ ယင်းအဆင့်တွင် –
- အဖွဲ့၏မဟာဗျူဟာပါ အဖွဲ့တခုလုံး၏ အန္တိမမျှော်မှန်းချက်၊ ရပ်တည်ခံယူချက်၊ တန်ဖိုးထားမှု၊ လိုက်နာရန်ချမှတ်ထားသည့် မူဝါဒများနှင့်ညီညွတ်သည့် စီမံချက်ကြောင့် ပြောင်းလဲပေးနိုင်မည့် အခြေအနေများကို မူကြမ်း (Theory of Change) ရေးဆွဲခြင်း၊
- စီမံကိန်းကြီးတခုဖြစ်ပါက ရည်မှန်းချက်ကြီးတခုလုံးပြည့်မီအောင် လုပ်ဆောင်ရမည့် စီမံချက် များတခုစီအလိုက် အသေးစိတ်လိုအပ်မည့် ဘတ်ဂျက်၊လုပ်ငန်းစဉ်များ၊ လိုအပ်မည့်အရင်း အမြစ်များနှင့် ညွှန်းကိန်းများကို ဖော်ထုတ်ပေးရန် ကျိုးကြောင်းညီညွတ်သည့် လမ်းကြောင်း (causal pathway) ကို ရေးဆွဲခြင်း၊
- စီမံချက်အဆိုပြုလွှာရေးသားခြင်းတို့ပါဝင်သည်။
၃) စီမံချက်လုပ်ငန်းအကောင်အထည်ဖော်ခြင်း
စီမံချက်အဆိုပြုလွှာများရေးသားပြီးနောက် လုပ်ဆောင်ရန် ခွင့်ပြုချက်၊အတည်ပြုချက်များရရှိပြီ ဆိုလျှင် အဆိုပြုထားသည့်စီမံချက်များကို လက်တွေ့အကောင်အထည်ဖော်ရသည့်အဆင့် ဖြစ်သည်။ ယင်းအဆင့်တွင် –
- စီမံရေးရာဌာန၊ဘဏ္ဍာရေးဌာနတို့နှင့်အတူ လိုအပ်သည့်ဝန်ထမ်းအရေအတွက်၊ လိုအပ်မည့် အရင်းအမြစ်များ၊ လုပ်ငန်းအကောင်အထည်ဖော်မည့်အစီအစဉ် (Detailed Implementation Plan) ရေးဆွဲခြင်း
- လုပ်ငန်းအကောင်အထည်ဖော်မည့် ဦးတည်အုပ်စုများနှင့် စီမံချက်အကြောင်းကို မိတ်ဆက် ခြင်းနှင့် ၎င်းတို့၏သဘောထားအမြင်များ၊ စီမံချက်လုပ်ငန်းများနှင့်ပတ်သက်၍တုန့်ပြန်မှုများ လုပ်ဆောင်ခြင်း
- လုပ်ငန်းများကို ကြီးကြပ်မည့်အစီအစဉ်နှင့် အသေးစိတ်ညွှန်းကိန်းနှင့် အောင်မြင်မှုကို တိုင်းတာ မည့်ပုံစံတို့ကို သေချာစွာရေးဆွဲခြင်း (MEAL plan)
- လုပ်ဆောင်ပြီးသည့်လုပ်ငန်းများ၏ တိုးတက်မှု၊ ပြီးမြောက်မှုအခြေအနေများကို သက်ဆိုင်ရာ တို့အား တင်ပြအစီရင်ခံခြင်း (Reporting) တို့အဓိကပါရှိသည်။
၄) စီမံချက်လုပ်ငန်းများ ပြန်လည်သုံးသပ်သည့်အဆင့်
စီမံချက်၏ သတ်မှတ်ကာလပြီးဆုံးခါနီးအချိန်တွင် စီမံချက်၏ရလဒ်များနှင့် ရရှိသည့် သင်ခန်းစာ များကို ပြန်လည်သုံးသပ်သည့်အဆင့်ဖြစ်သည်။ ယင်းအဆင့်တွင် –
- စီမံချက်၏အကျိုးရလဒ်များနှင့်ပတ်သက်၍ ပြည့်မြောက်အောင်မြင်မှုရှိ၊မရှိကို ပြန်လည်သုံးသပ်ခြင်း၊
- ပတ်သက်ဆက်စပ်သူများ၏ အမြင်များ၊ တုန့်ပြန်ချက်များနှင့် တွေ့ရှိရသည့်အပြောင်းအလဲ များ၊ ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းများအတွက် သင်ခန်းစာယူစရာအချက်များကို မှတ် သားခြင်းနှင့်
- စီမံချက်အဆုံးသတ်ရန်ပြင်ဆင်ခြင်း
၅) စီမံချက်အဆုံးသတ်ခြင်းနှင့် အဖွဲ့အနေဖြင့် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းအစီအစဉ်စဉ်းစား ခြင်း
ယင်းအဆင့်တွင် –
- စီမံချက်အဆုံးမသတ်မီတွင် လုပ်ဆောင်ရန်ရှိသည့်လုပ်ငန်းစဉ်များအပေါ် အခြေခံ၍ အဆုံးသတ်မည့်ပုံစံနှင့် ဦးတည်အုပ်စုများအနေဖြင့် စီမံချက်အပြီး လုပ်ငန်းများရေရှည် ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် အစီအစဉ်ကို စနစ်တကျရေးဆွဲခြင်း (Phase out strategy)
- စီမံချက်အဆုံးသတ်အစီရင်ခံစာရေးသားခြင်းနှင့်
- အဖွဲ့အနေဖြင့် ယင်းစီမံချက်နှင့်ဆက်စပ်၍ ရှေ့စီမံကိန်း/စီမံချက်များကို မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို အဖွဲ့အတွင်းရှိ ဝန်ထမ်းများ၊ပတ်သက်ဆက်စပ်သူများနှင့် ဆွေးနွေးညှိနှိုင်းခြင်းတို့ပါဝင်ပါသည်။
လာမည့်စနေနေ့တွင် စီမံချက်အစီအစဉ်ရေးဆွဲသည့်အဆင့်နှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေး တင်ပြပေးပါမည်။


















