ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု
အခန်း – ၂ အဖွဲ့အစည်းဖွဲ့စည်းပုံနှင့် အုပ်ချုပ်စီမံမှုအပိုင်းအား အဖွဲ့အစည်းတခုအတွက် အရေးကြီးလှသည့် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးပြီး အဆုံးသတ်လိုပါသည်။ အဖွဲ့တဖွဲ့တွင် ခေါင်းဆောင်မှုပေးနိုင်သည့် ခေါင်းဆောင်(များ) လိုအပ်သကဲ့သို့ အဖွဲ့၏လုပ်ငန်းများကို ထိရောက်စွာ လည်ပတ်နိုင် အောင် စီမံခန့်ခွဲပေးနိုင်မည့် စီမံခန့်ခွဲသူ/မန်နေဂျာကောင်း(များ) လည်းလိုအပ်ပါသည်။ ခေါင်းဆောင်တိုင်းသည် စီမံခန့်ခွဲမှုပါကောင်းမွန်သည့် မန်နေဂျာများဖြစ်နိုင်လျှင် ကောင်းပါသည်။ သို့ရာတွင် ခေါင်းဆောင်တိုင်းသည့် စီမံခန့်ခွဲမှုကောင်းကြသူများမဟုတ်ကြချေ။ အချို့မှာ စီမံခန့်ခွဲနိုင် သည့် အရည်အချင်းရှိသော်လည်း အချိန်မပေးနိုင်ကြပါ။ ထို့အတူပင် စီမံခန့်ခွဲနိုင်သည့် မန်နေဂျာတိုင်းသည်လည်း ခေါင်းဆောင်များမဟုတ်ကြချေ။
ခေါင်းဆောင်နှင့် စီမံခန့်ခွဲသူ (မန်နေဂျာ) များ၏ ကွာခြားချက်
၁။ ခေါင်းဆောင်ကောင်းများသည် အများမဖြစ်နိုင်၊ မလုပ်နိုင်ဟု သမရိုးကျမှတ်ထင်လက်ခံထားသည့် အပြောင်းအလဲများကို စိတ်ကူးပုံဖော်ကြသူများဖြစ်သည်။ မန်နေဂျာများမှာမူ ထိုအိပ်မက်ရည်မှန်းချက်များကို ဖြစ်မြောက်အောင်မြင်စေရန်လုပ်ဆောင်သည့် ဖြစ်စဉ်ကို စီမံခန့်ခွဲအကောင်အထည်ဖော်ကြသူများဖြစ်သည်။
၂။ ခေါင်းဆောင်များသည် လူများကို အလုပ်ပြီးမြောက်အောင် လုပ်ဆောင်သွားရန် စည်းရုံးခြင်းမျိုးထက် လူများကို လွှမ်းမိုး၊ ပဲ့ကိုင်ထိန်းကျောင်းပေးနိုင်မည့်နည်းလမ်းများ၊ မိမိမက်သည့်စိတ်ကူးအိပ်မက်များကို အားလုံးတွင် ကူးစက်သွားစေရန် ပိုအာရုံစိုက်တတ်ကြသည်။ မန်နေဂျာများမှာမူ မိမိတို့ရရှိလိုသည့် ရလဒ်တခု ပေါ်ထွက်လာအောင် မည်သို့စီမံလုပ်ဆောင်မည်ကို အလေးထားတတ်ကြသည်။
၃။ မန်နေဂျာဆိုသည်မှာ အဖွဲ့အစည်းတခုတွင် တာဝန်ပေး အပ်ခံရသည့် ရာထူးတခုသာလျှင် ဖြစ်ပြီး ခေါင်းဆောင်ဆိုသည်မှာမူ အဖွဲ့အတွက်အိပ်မက်များ၊စိတ်ကူး များဖြင့် အဖွဲ့တွင်ပါဝင်သူများ အတုယူ၊အားကျ၊လေးစားရသည့်သူများဖြစ်သည်။ ရာထူး၊တာဝန်နှင့် များစွာမသက်ဆိုင်လှချေ။
- ခေါင်းဆောင်သည် လမ်းညွှန်သူ၊လမ်းကြောင်းချပေးသူဖြစ်ပြီး မန်နေဂျာ က အလုပ်ကို လက်တွေ့ ပြီးမြောက်အောင်လုပ်ဆောင်သူ ဖြစ်သည်။
- ခေါင်းဆောင်များက မူဝါဒ ချမှတ်ပြီး မန်နေဂျာများက အကောင်အထည်ဖော်သည်။
သို့သော် နှစ်ဦးစလုံးသည် — အဖွဲ့အစည်း၏ မျှော်မှန်းရည်မှန်းချက်များ ပြီးစီးနိုင်ရန်၊ ထိရောက်စွာ အလုပ်လုပ်နိုင်ရန် အရေးပါသည်။
ခေါင်းဆောင်မှု (Leadership)
“အဖွဲ့အစည်းတခု၏အောင်မြင်မှုအတွက် ခေါင်းဆောင်ကောင်းများသည် မရှိမဖြစ်”ဟု Harvard Business School မှ အောင်မြင်သောခေါင်းဆောင်ကောင်းတဦးဖြစ်နည်း စာအုပ်၏အဖွင့်တွင် ဖော်ပြထားသည်။
ခေါင်းဆောင်မှုအားကောင်းသည့်အဖွဲ့အစည်းများသည် –
- ပို၍ပြတ်ပြတ်သားသားဆုံးဖြတ်လုပ်ဆောင်နိုင်ကြသည်။
- ပိုမိုထိရောက်အကျိုးရှိစွာဖြင့် ရှုပ်ထွေးပွေလီသည့်အခြေအနေများကို ကျော်ဖြတ်သွားနိုင်သည်။
- ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများအားလုံးကို အလွယ်တကူ တင်ကြိုတွက်ချက်ပြင်ဆင်၊ တုံ့ပြန်လုပ်ဆောင်ပြီး ပြိုင်ဖက်အဖွဲ့များကို ကျော်လွှားနိုင်သည်။
ခေါင်းဆောင်ဆိုသည်မှာ – အဖွဲ့တခုတွင် ပါဝင်သူများကို ဦးဆောင်နိုင်သူဖြစ်ပြီး အခြားသူများက သူ၏လမ်းညွှန်မှုအတိုင်း လိုက်နာလုပ်ဆောင်တတ်ကြသည်။ အဖွဲ့အစည်းကို ဦးဆောင်မှုပေးပြီး အဖွဲ့ဦးတည်ရာကို လမ်းညွှန်ပဲ့ကိုင်ပေး ကြရသူများဖြစ်သည်။ အဖွဲ့အစည်း၏ ရပ်တည်ခံယူချက် (Mission) နှင့် အဖွဲ့အစည်းတန်ဖိုးများအတိုင်း လိုက်နာလုပ်ဆောင်စေသည်။ အဖွဲ့အစည်း တိုးတက် ရာတိုးတက်ကြောင်းအတွက် အကြံဉာဏ်များပေးပြီး အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ဦးဆောင် ချမှတ်ရသူ(များ)လည်းဖြစ်သည်။
အဖွဲ့အစည်းတိုင်းတွင် ခေါင်းဆောင်လိုအပ်ပါသလားဟု မေးမြန်းတတ်ကြသည်။ ယေဘုယျအားဖြင့် အဖွဲ့အစည်းတခု၏ လားရာနှင့် စံတန်ဖိုးများ၊ ဦးတည်ရည်မှန်းချက်များကို ချမှတ်ပေးရန်နှင့် အရေးကြီး သည့်ကိစ္စရပ်များကို ဆုံးဖြတ်ရာတွင် တာဝန်ယူ၊တာဝန်ခံပေးရန်အတွက် ခေါင်းဆောင် (များ) လိုအပ် ပါသည်။ ထိုသို့တာဝန်ခံလုပ်ဆောင်ပေးနိုင်သူများသည် အဖွဲ့၏ခေါင်းဆောင်များ၊ ဦးဆောင်သူများပင် ဖြစ်သည်။
အဖွဲ့အစည်းတခု၏ ခေါင်းဆောင်မှု/ဦးဆောင်မှုအဖွဲ့ကို အုပ်ချုပ်မှုအဖွဲ့ (Board of Directors), စီမံ အုပ်ချုပ်ရေးအဖွဲ့ (Board of Trustees) သို့မဟုတ် အလုပ်အမှုဆောင် ကော်မတီ (Executive Committee)စသည်ဖြင့် အမည်ပေး ဖွဲ့စည်းထားတတ်ကြသည်။ အချို့အဖွဲ့အစည်း များတွင် အကြံပေးဘုတ်အဖွဲ့ (Advisory Board) ထားရှိတတ်ကြပြီး အလုပ်အမှုဆောင်အဖွဲ့က တာဝန်ခံကြ သည်။ မိမိတို့၏တာဝန်ဝတ္တရားများကို နားလည်၍ ထိရောက်စွာ လမ်းညွှန်မှုပေးနိုင်သော ဦးဆောင်မှု အဖွဲ့ရှိခြင်းက အဖွဲ့အတွက်များစွာအကျိုးဖြစ်ထွန်းစေနိုင်သည်။ အလုပ်အမှုဆောင်အဖွဲ့များတွင် ဥက္ကဋ္ဌ ( ဦးဆောင်သူ)၊ ဒုဥက္ကဋ္ဌ (ဥက္ကဋ္ဌမရှိသည့်အခါ အစားထိုး လုပ်ဆောင်ပေးသူ)၊ အတွင်းရေးမှူး (အစည်း အဝေး မှတ်တမ်းရေးသူ၊မှတ်တမ်းတင်သူ)၊ ဘဏ္ဍာရေးမှူး(ငွေကြေးဆိုင်ရာ တာဝန်များကို စောင့်ကြည့် သူ) စသည်ဖြင့် တာဝန်ခွဲထားတတ်ကြသည်။ မဖြစ်မနေလိုအပ်သည့်ရာထူးများပေးပြီး လုပ်ဆောင်ကြ ရမည်မဟုတ်သော်လည်း တာဝန်များကို သက်ဆိုင်ရာအဖွဲ့ဝင်များအကြား ခွဲဝေလုပ်ဆောင်ခြင်းက ပို၍ အဆင်ပြေနိုင်သည်။
အဖွဲ့အစည်းတခုတွင် ခေါင်းဆောင်များအနေဖြင့် လိုအပ်မည့်တာဝန်ဝတ္တရားများကို အောက်ပါအတိုင်း လေးမျိုး ခွဲခြားနိုင်သည်။
၁။ အဖွဲ့အတွက် အစီအစဉ်များရေးဆွဲခြင်း (PLANNING)
- မူဝါဒချမှတ်ခြင်း နှင့် အဖွဲ့အစည်း၏ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်၊ လိုက်နာ လုပ်ဆောင်စေခြင်း။
- အဖွဲ့အစည်း၏ မူဝါဒများကို ပြန်လည် သုံးသပ်ရန်လိုအပ်ပါကသုံးသပ်၍ အတည်ပြုပေးခြင်း
- အဖွဲ့ဝင်များ၊ပတ်သက်ဆက်စပ်သူများနှင့်အတူ အဖွဲ့အစည်း၏ အနာဂတ်အစီအစဉ်များကို ရေးဆွဲချမှတ်ခြင်း
- အဖွဲ့အစည်းအနေဖြင့် လုပ်ဆောင်မည့် လုပ်ငန်း/ဝန်ဆောင်မှုများ/အစီအစဉ်များကို ဆုံးဖြတ် ခြင်း
- အဖွဲ့အစည်း၏ အစီအစဉ်များနှင့် လုပ်ငန်းများကို ပုံမှန် သုံးသပ်အကဲဖြတ်ခြင်း
၂။ စီမံရေးရာ (ADMINISTRATION)
- အဖွဲ့အစည်း၏အမှုဆောင်ညွှန်ကြားရေးမှူး (Executive Director) ကို ရွေးချယ်ခန့်အပ်ပေး ခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း
- အဖွဲ့၏စီမံရေးရာဆိုင်ရာလုပ်ငန်းများတွင် လိုအပ်ချက်များ၊အခက်အခဲများရှိ၍ အကြံ ဉာဏ်၊အကူအညီ တောင်းခံလျှင် ပံ့ပိုးကူညီဖြေရှင်းပေးခြင်း
၃။ ငွေကြေး (FINANCE)
- အဖွဲ့အစည်း၏ ငွေကြေးဘတ်ဂျက်များအတွက် တာဝန်ခံပေးခြင်း
- အဖွဲ့အစည်း၏ ဘဏ္ဍာရေးခန့်မှန်းချက် (Budget) ကို ကြီးကြပ် သုံးသပ်၍ အတည်ပြုခြင်း
- အဖွဲ့အစည်း၏ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများအတွက် လိုအပ်သည့် ရန်ပုံငွေများရရှိအောင် ငွေကြေးကူညီရှာဖွေပေးခြင်းနှင့်
- ငွေကြေး အရင်းအမြစ်များနှင့် အသုံးစရိတ်များကို ကြပ်မတ်စစ်ဆေးပေးခြင်း
၄။ လူထုဆက်ဆံရေး (COMMUNITY RELATIONS)
- အဖွဲ့အစည်း၏ လုပ်ငန်းများနှင့် ဝန်ဆောင်မှုများအတွက် လိုအပ်သည့် အကြံဉာဏ်များ၊ တုံ့ပြန် မှုများကို အဖွဲ့အနေဖြင့် အပြုသဘောခံယူသုံးသပ်ဆွေးနွေးအဖြေရှာနိုင်အောင် လမ်းညွှန်ပေး ခြင်း
- အဖွဲ့အစည်း၏ ဝန်ဆောင်မှုများနှင့်လုပ်ငန်းများကို လိုအပ်လျှင် အများပြည်သူသိရှိနားလည် အောင်လုပ်ဆောင်ရာတွင် ဦးဆောင်ခြင်း သို့မဟုတ် ပံ့ပိုးကူညီခြင်း
- လူထုဆက်ဆံရေးကိစ္စရပ်များတွင် အဖွဲ့အစည်းကို ကိုယ်စားပြုသူများအဖြစ် ခိုင်မာစွာရပ်တည် ပေးခြင်းနှင့်
- အဖွဲ့အစည်း၏ကိုယ်စားပြုသူများဖြစ်ခြင်း
အဖွဲ့အစည်းဖွဲ့စည်းပုံနှင့်လုပ်ငန်းအနေအထားများအပေါ် အခြေခံ၍ ဖော်ပြထားသည့်လုပ်ငန်းတာဝန် များအပြင် အခြားတာဝန်များလည်း ပေးအပ်နိုင်ပြီး မလိုအပ်ဟုထင်သည့်တာဝန်များကိုလည်း မထည့် သွင်း၍လည်းရပါသည်။
Harvard Business School ၏အွန်လိုင်းမှသင်ကြားသည့်ခေါင်းဆောင်ကောင်းဖြစ်နည်းတွင် သုတေသနတွေ့ရှိချက်များအရ အအောင်မြင်ဆုံး ဒါရိုက်တာဘုတ်အဖွဲ့များသည် –
- အဖွဲ့နှင့်ဆက်စပ်ပတ်သက်သူများ၏ အကျိုးစီးပွားများကို ကိုယ်စားပြုပြီး ယင်းအကျိုးစီးပွား များကိုကာကွယ်၊မြှင့်တင်ရာတွင် အကြီးတန်းအမှုဆောင်များ၏ လုပ်ဆောင်မှုများကို သေချာ စွာ စောင့်ကြည့်အကဲခတ်ခြင်း
- အဖွဲ့အစည်းကို ပြင်ပမှ အရေးပါဆုံး ဆက်စပ်ပတ်သက်သူများနှင့် ချိတ်ဆက်၍ အဖွဲ့၏အရေး ပါသည့် လူမှုအဖွဲ့အစည်းဆိုင်ရာ အခြေအနေများကို အာရုံစိုက်ခံရအောင်ကြိုးစားပြီး အဖွဲ့၏ ရပ်တည်လုပ်ဆောင်ချက်များကို မြှင့်တင်ခြင်း
- စွမ်းရည်မြင့်မားသည့် ဒါရိုက်တာအဖွဲ့ဝင် ၈ မှ ၁၂ ဦးမျှဖြင့် ဖွဲ့စည်းလုပ်ဆောင်ခြင်း
- အကြီးတန်းအမှုဆောင်များ၏ လုပ်ဆောင်ချက်များကို သုံးသပ်ရန်နှင့် မဟာဗျူဟာကျသည့် အပြောင်းအလဲများကို မိတ်ဆက်ရာတွင် လွတ်လပ်၍ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားလုပ်ဆောင်ခြင်း
- ဒါရိုက်တာဘုတ်အဖွဲ့ဝင်များကို အတွင်းစည်း၊အပြင်စည်းနှစ်ခုလုံးမှ ပါဝင်သင့်သည့်သူများကို အချိုးကျပါဝင်စေပြီး လူနည်းစုကို ကိုယ်စားပြုသူများတို့ကိုပါ ထည့်သွင်းပြီး အလေးထားဖွဲ့ စည်းခြင်း
- စနစ်တကျဖွဲ့စည်းထားသည့် အဖွဲ့ဖွဲ့စည်းပုံမျိုးရှိပြီး အထူးပြုလုပ်ငန်းတာဝန်များကို လုပ်ဆောင် ရန်အတွက် ကျွမ်းကျင်သည့်အစုအဖွဲ့ငယ်များပါဝင်ဖွဲ့စည်းထားခြင်း (ဥပမာ – အမှုဆောင် အရာရှိချုပ်၏ စွမ်းဆောင်မှုကို အကဲဖြတ်ရန် နှင့်အဖွဲ့၏ငွေကြေးစီးဆင်းမှုများကို စစ်ဆေးရန်)
- အဖွဲ့အစည်းချမှတ်ထားသည့်ရည်မှန်းချက်ပန်းတိုင်များအောင်မြင်မှုအတိုင်းအတာကို ဆွေးနွေး ရန်နှင့် အမှုဆောင်အဖွဲ့ဝင်များအနေဖြင့် တိုင်ပင်ညှိနှိုင်းအကြံဉာဏ်ရယူနိုင်ရန် မကြာခဏတွေ့ ဆုံခြင်း
- ခေါင်းဆောင်မှုပုံစံနှင့်ပတ်သက်သည့် ကိစ္စရပ်များအတွက် လမ်းညွှန်မှုများပေးနိုင်ရန် အမှုဆောင်အရာရှိ (သို့မဟုတ် အဖွဲ့၏အခြားအကြီးအကဲ)၏ စွမ်းဆောင်ရည်ကို အနည်းဆုံး တနှစ်တကြိမ် အကဲဖြတ်ခြင်း
- အဖွဲ့အစည်း၏မဟာဗျူဟာနှင့် ပတ်ဝန်းကျင်အခြေအနေလိုအပ်ချက်များအကြား အံဝင်ခွင်ကျ ဖြစ်၊မဖြစ်ကို မဟာဗျူဟာဆိုင်ရာ လေ့လာသုံးသပ်မှုများကို လုပ်ဆောင်ခြင်း
- အဖွဲ့အစည်း၏အမှုဆောင်များနှင့် ဝန်ထမ်းများ၏ အပြုအမူများအတွက် အရေးပါသည့် ကျင့်ဝတ်စည်းမျဉ်းများကို ချမှတ်ပြီး လိုက်နာလုပ်ဆောင်ခြင်း
- လူ့ဘောင်အဖွဲ့အစည်း၏ လိုအပ်ချက်များကို ထင်ဟပ်ရန်နှင့် အဖွဲ့အစည်း၏ မျှော်မှန်း အိပ်မက်များကို ဒါရိုက်တာများအနေဖြင့် ရှင်းရှင်းလင်းလင်းမြင်သာအောင် စိန်ခေါ်၍ အဖွဲ့၏ ပန်းတိုင်ရည်မှန်းချက်များသည် အနာဂတ်ကိုအလေးထားသည့် ပုံစံမျိုး ဖြစ်အောင် မြှင့်တင် လုပ်ဆောင်ခြင်းတို့ ရှိကြသည်ကို တွေ့ရသည်။
အခြေခံအားဖြင့် ခေါင်းဆောင်တဦးသည် ဗလငါးတန်အနက် စိတ္တဗလ – စိတ်ပိုင်းဆိုင်ရာ ပြည့်ဝရင့်ကျက်သူဖြစ်အောင် လေ့ကျင့်ပျိုးထောင်ရန် အထူးလိုအပ်သည်။
- ရင်းရင်းနှီးနှီးဖော်ဖော်ရွေရွေရှိခြင်း
- အကူအညီပေးတတ်သူဖြစ်ခြင်း
- အခြားသူများအပေါ်သာမက ကိုယ့်ကိုယ်ကိုလည်း ရိုးသားခြင်း
- မျှတမှုရှိခြင်း
- အရေးတယူ အလေးထားဆက်ဆံခြင်း
- ကတိတည်ခြင်း
- အချိန်မှန်ခြင်း
- ကိုယ့်လုပ်နေသည့်အလုပ်ကို သေချာစွာနားလည်ခြင်း
- အချိန်တိုင်း အကောင်းဆုံးကြိုးစားလုပ်ဆောင်ခြင်း
- အခြားသူများထံမှ မျှော်လင့်သည့်အရာများကို နားလည်အောင်ရှင်းလင်းပြောပြတတ်ခြင်း။
- အဖွဲ့ဝင်တိုင်းကို တသားတည်းဆက်ဆံပြီး တဦးနှင့်တဦးကူညီပံ့ပိုးလုပ်ဆောင်စေခြင်း
- သဘောတူထားသည့်အတိုင်း လုပ်ငန်းများကို လုပ်ဆောင်မှုရှိ၊မရှိကိုစောင့်ကြည့်ခြင်း
- ပြစ်တင်ဝေဖန်ပြောဆိုမည့်အစား မည်သို့ပို၍ကောင်းအောင်လုပ်ဆောင်နိုင်မည်ဆိုသည်ကို အကြံပြုပေးခြင်း
- လုပ်ငန်းခွင်သည် စိတ်လှုပ်ရှားတက်ကြွစရာကောင်းသည့်နေရာတခုဖြစ်အောင် ဖန်တီးပေးနိုင်ခြင်း
အဖွဲ့အစည်းတွင် အတူလက်တွဲလုပ်ဆောင်ချင်စိတ်ဖြစ်ထွန်းစေရန် –
- သူတို့၏ အလုပ်နှင့် အားထုတ်ကြိုးပမ်းမှုများကို ချီးမွမ်းပါ။
- သူတို့၏ အကြံဥာဏ်နှင့် အကြံပြုချက်များကို နားထောင်ပါ။
- တာဝန်ပေးပါ — အားလုံးကို ကိုယ့်တစ်ဦးတည်း မလုပ်ချင်ပါနှင့်။
- လူတိုင်းကို တသားတည်း သဘောထားပြီး မတူညီသည့်အခြေအနေများကို လက်ခံနားလည်ပြီး ဆက်ဆံပါ။
အဖွဲ့အစည်းတခု၏ ခေါင်းဆောင်များကို ရွေးချယ်ခြင်း
အဖွဲ့အစည်းများတွင် ခေါင်းဆောင်တင်ရန်လိုအပ်သည့်အခြေအနေတွင် ရှေးဦးစွာ မိမိတို့အဖွဲ့အစည်း၏ သဘောသဘာဝ၊အနေအထားနှင့် ကိုက်ညီသည့် ခေါင်းဆောင်များအတွက် စံနှုန်း(criteria)များကို ချမှတ်ရန်လိုအပ်သည်။
အဖွဲ့အစည်းတခုအတွက် ခေါင်းဆောင်များကို ရွေးချယ်ရန် စံနှုန်းများကိုချမှတ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ
- အဖွဲ့၏ လုပ်ငန်းကို စိတ်ဝင်စားမှုရှိရမည်။
- အလုပ်အတွက် အချိန်သေချာပေးနိုင်ရမည်။
- တာဝန်ယူ၊တာဝန်ခံလိုစိတ်ရှိရမည်။
- အဖွဲ့၏ဦးတည်အုပ်စုများ၊ ပတ်သက်ဆက်စပ်သူများနှင့် တိုက်ရိုက် ချိတ်ဆက်မှုရှိသူ ဖြစ်သင့်သည်။
- အဖွဲ့အနေဖြင့် ငွေကြေးရန်ပုံငွေ ရှာဖွေရန်လုပ်ဆောင်မှုများတွင် အကူအညီပေးရန် စိတ်ပါဝင်စားသူဖြစ်သင့်သည်။
- အဖွဲ့၏ လိုအပ်ချက်နှင့် သက်ဆိုင်သည့် ကျွမ်းကျင်မှုများ သို့မဟုတ် လုပ်ရည်ကိုင်ရည်ရှိသူဖြစ် သင့်သည့်။
- အဖွဲ့နှင့်ပတ်သက်သည့် လုပ်ငန်းနယ်ပယ်တွင် နံမည်ကောင်းသူဖြစ်သင့်သည်။
- အဖွဲ့နှင့်ပတ်သက်သည့် လုပ်ငန်းနယ်ပယ်တွင် ဩဇာရှိသူဖြစ်သင့်သည်။
- ခေါင်းဆောင်တဦး၏ တာဝန်ဝတ္တရားများကို သေချာစွာနားလည်သဘောပေါက်ထားသူဖြစ်ရ မည်။
- ဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူဖြစ်ရမည်။
- ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ရုံမက အခြားသူများကိုလည်း စံနမူနာအဖြစ်အတုယူစရာ ကောင်းအောင်နေထိုင်နိုင်သူဖြစ်ရမည်။
ခေါင်းဆောင်များ၏ လုပ်ငန်းတာဝန်ဝတ္တရားများကို အဖွဲ့အစည်း၏ ဖွဲ့စည်းပုံ (Constitution)အခန်း တွင် အသေးစိတ် ဖော်ပြထားပြီးဖြစ်သည်။
အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ အထူးသဖြင့် ဝန်ထမ်းမများသည့်အဖွဲ့ငယ်များတွင် ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှု တာဝန်များကို ခွဲမထားနိုင်ကြပဲ ရှိသည့်တာဝန်များကို ရှိသည့်လူများက အဆင်ပြေသလို လုပ်ကိုင်တတ်ကြသည်။ အဖွဲ့အစည်း ပိုမိုအားကောင်းစေရန် လူတိုင်း၏ အလုပ်နှင့် တာဝန်များကို သီးခြားခွဲထားသင့်သည်။
စီမံခန့်ခွဲမှု (Management)
စီမံခန့်ခွဲသူ (မန်နေဂျာ) များသည် အဖွဲ့၏လူအရင်းအမြစ်၊ ငွေကြေး၊ ပစ္စည်းကိရိယာ အရင်းအမြစ်များ အား အကောင်းဆုံး အသုံးချနိုင်အောင် စီမံခန့်ခွဲပေးကြသူများဖြစ်သည်။ အဖွဲ့အစည်း၏ နေ့စဉ်လုပ်ငန်း များကို အကောင်အထည်ဖော်ရန် စီစဉ်ပေးသူလည်း ဖြစ်သည်။
စီမံခန့်ခွဲသူကောင်းတဦးတွင် ရှိသင့်သည့် အရည်အချင်းများ
- အချို့လုပ်ငန်းများမှာ ခက်ခဲနိုင်သည်ကို လက်ခံပြီး မိမိအတွက် လေ့လာသင်ယူရန် အခွင့်အလမ်းတခုအဖြစ်ရှုမြင်နိုင်ရမည်။
- အဖွဲ့တွင် အကူအညီလိုအပ်နေချိန်တွင် ပါဝင်ကူညီနိုင်ရမည်။
- ခက်ခဲသော အလုပ်များ၏ စိန်ခေါ်မှုများကို လက်ခံပြီး တာဝန်ကို မျှဝေတတ်ရမည်။
- အလွန်အကျွံ စိတ်ဆိုးခြင်း၊ ကြမ်းတမ်းသည့် အပြုအမူမျိုးပြုမူခြင်းမျိုး မပြုလုပ်ပဲ ရုံး/လုပ်ငန်း ခွင်တွင် စိတ်ခံစားမှုကိုထိန်းချုပ်တတ်ရမည်။
- လူကြိုက်မများသည့်အမြင်များဖြစ်လျှင်ပင် မိမိအမြင်ကို ရိုးသားစွာ ထုတ်ဖော်ပြောပြရဲရမည်။
- ပြဿနာများကို ဖော်ထုတ်၍ မိမိအားနည်းချက်ကို သဘောပေါက်နိုင်ရမည်၊ ပြုပြင်ရန်လည်း ကြိုးစားနိုင်ရမည်။
- လုပ်ငန်းခွင်တွင် စကားပြောခြင်း၊ အလုပ်လုပ်ခြင်းနှင့် တာဝန်ခွဲဝေပေးခြင်းတို့ဖြင့် အသင်းအဖွဲ့ စိတ်ဓာတ်ကိုပြသပါ။
- မိမိ၏လုပ်ငန်းပြီးမြောက်အောင်မြင်မှုများအပေါ် အသိအမှတ်ပြုခြင်းကို ဣန္ဒြေသိက္ခာရှိရှိဖြင့် လက်ခံပြီး မာန်တက်ခြင်းမျိုးမရှိသင့်ပါ။
- အလုပ်ကို ကိုယ်တိုင်လည်း တိကျစွာလုပ်ဆောင်ပြီး အခြားသူများကိုလည်း တိတိကျကျလုပ်ကိုင် အောင် တိုက်တွန်းသော်လည်း ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပုံစံမျိုးဖြစ်သင့်သည်။
- အဖွဲ့နှင့် အမြင်သဘောထားမတူညီနေလျှင်ပင် အဖွဲ့နှင့်အတူပူးပေါင်းဆောင်ရွက်နိုင်ရမည်။
- အခြားသူများ၏ အကြံဉာဏ်များကို နားထောင်ပြီး အလုပ်တွင် ထည့်သွင်းနိုင်ရမည်။
- အကြံဉာဏ်သစ်များနှင့် ချဉ်းကပ်ပုံအသစ်များအတွက် လမ်းဖွင့်ထားရမည်။
- မိမိ၏ ဝန်ထမ်းများ၊လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရာတွင် ရိုးသားဖြောင့်မတ်မှုရှိရမည်။
- လုပ်နေသည့်အလုပ်များကို အောင်မြင်နေသည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ပါဝင်လုပ်ဆောင် သင့်သည်။
စီမံခန့်ခွဲသူများ၏ အရည်အချင်းများ
လူတိုင်းမှာ စီမံခန့်ခွဲပုံစံ မတူညီကြသည်။ ကိုယ်ရည်ကိုယ်သွေးကွာခြားချက်များအပေါ်မူတည်၍ အားသာသည့်အချက်များရှိသကဲ့သို့ အားနည်းသည့်အချက်များလည်းရှိနိုင်သည်။မန်နေဂျာကောင်း တဦးဖြစ်ရန် အကောင်းဆုံးနည်းလမ်းမှာ မိမိအားနည်းချက်များကို သိရှိထားပြီး တိုးတက်အောင် ပြုပြင်လုပ်ဆောင်ခြင်းပင် ဖြစ်သည်။
တိရစ္ဆာန်အမျိုးမျိုးနှင့်တူညီသည့် မန်နေဂျာများကို တွေ့ရနိုင်သည်။
ယုန်(Rabbit) – ပြဿနာ သို့မဟုတ် အုပ်စုအတွင်း တင်းမာမှုများ၊ ခက်ခဲသည့်အလုပ်များ ရှိလာသည် နှင့် အလျင်အမြန် ချက်ချင်း ထွက်ပြေးသွားတတ်သူ
ကြောင် (Cat) – “ဒီဟာ ငါ့အတွက်ခက်တယ်။ တစ်ယောက်ယောက် လုပ်ပေးလိုက်ပါ” ဆိုပြီး အမြဲတမ်း သူ့ကိုသနားမည့်သူကို ရှာဖွေနေတတ်သူ
မြွေ (Snake) – မြက်များအကြားပုန်းရှိုးနေတတ်ပြီး မမျှော်လင့်ပဲ တိုက်ခိုက်တတ်သည်။ လူအများက အန္တရာယ်မရှိလောက်ဟုထင်မြင်ယူဆနေချိန်တွင် ရုတ်တရက် ဒေါသကြီးတတ်သူ
ပုတ်သင်ညို (Chameleon) – အတူရှိသည့်သူနှင့်အတူ အရောင်လိုက်ပြောင်းတတ်သည်။အုပ်စုတခုနှင့် အတူရှိနေချိန်တွင် တမျိုးပြောပြီး နောက်အုပ်စုတစုနှင့်တွေ့လျှင် နောက်တမျိုးပြောတတ်သူ
ငှက်ကုလားအုပ် (Ostrich) – ခေါင်းကို သဲထဲထိုးဝှက်ထားတတ်သကဲ့သို့ ပြဿနာရှိသည်ကိုဝန်ခံရန် ငြင်းဆန်တတ်သူ
လိပ် (Tortoise) – မိမိ၏အကြံဉာဏ်၊ထင်မြင်ချက်များကို ထုတ်ဖော်ခြင်းမရှိတတ်ချေ။
ကြွက် (Mouse) – အလွန်ရှက်တတ်ပြီး ဘာကိုမှ မပြောနိုင်သူ။
ဒေါင်း (Peacock) – ဒေါင်းများကဲ့သို့ ဟန်ရေးပြနေပြီး မိမိမည်မျှတော်ကြောင်း၊တတ်ကြောင်းကို အများသူငှာသိရှိအောင် အာရုံစိုက်လာအောင် အမြဲကြိုးစားနေတတ်သူ။
ရေမြင်း (Rhinoceros) – နေရာတကာဝင်ပါပြီး အခြားသူများကို မလိုအပ်ပဲ စိတ်အနှောင့်အယှက် ပေးတတ်သူ
မျောက် (Monkey) – အမြဲတမ်းဟာသလုပ်နေပြီး အလုပ်ကို အလေးအနက်မထားတတ်သူ။
မြေခွေး (Fox) – မိမိကိုယ်ကျိုးကိုသာ အာရုံစိုက်ကြည့်တတ်ပြီး အခြားသူများကို ဒုက္ခရောက်စေသူ။
ဆင် (Elephant) – လမ်းပေါ်တွင်ပိတ်ထားတတ်ပြီး အဖွဲ့အစည်းသွားလိုသည့် ပန်းတိုင်ကို ရှေ့မဆက်နိုင်အောင် ခေါင်းမာစွာ ဟန့်တားပိတ်ဆို့ထားတတ်သူ။
ခြင်္သေ့ (Lion) – မိမိဖြစ်ချင်သည့်ပုံစံ၊ မိမိအစီအစဉ်ကို သဘောမတူသူတိုင်းအား လိုက်လံတိုက်ခိုက်တတ်သူ
မြည်း (Donkey) – အလွန်ခေါင်းမာပြီး မိမိအမြင်ကို မည်သည့်အခါမျှ မပြောင်းလဲတတ်သူ။
ဇီးကွက် (Owl) – အရာရာကို အလေးအနက်ထားဟန်၊ ဉာဏ်အမြော်အမြင်ကြီးသည့်ပုံဖြင့် စကားများများ၊ ရှုပ်ရှုပ်ထွေးထွေးပြောတတ်သူ။
သစ်ကုလားအုပ် (Giraffe) – အခြားသူများကို အထင်အမြင်သေးတတ်ပြီး အထက်စီးမှ ဆက်ဆံတတ်သူ
မန်နေဂျာတဦးအနေဖြင့် မည်သည့်တိရစ္ဆာန်မျိုး၏ အကျင့်စရိုက်မျိုးရှိနေသည်ကို ကိုယ့်ကိုယ်ကို ဆန်းစစ်လေ့လာနားလည်ပြီး ပြုပြင်ရန် ကြိုးစားသင့်သည်။
မန်နေဂျာများ စီမံခန့်ခွဲရသည့်ကိစ္စရပ်များ
- ငွေကြေး အရင်းအမြစ်များ (Financial resources)
- လူသား အရင်းအမြစ်များ (Human resources)
- ပစ္စည်း အရင်းအမြစ်များ (Material resources)
- မိမိစီမံကိန်း၊လုပ်ငန်း၏ လုပ်ဆောင်ချက်များ
ဝန်ထမ်းများကို စီမံခန့်ခွဲသည့်အခါ သတိပြုသင့်သည့် အချက်များ
ဝန်ထမ်းများသည် လစာလုံလောက်စွာရရှိပြီး ပျော်ရွှင်သည့်လုပ်ငန်းခွင်မျိုး တွင် အလုပ်ပိုမိုကောင်းစွာ လုပ်သည်ကို သတိပြုရမည်။ ထို့ကြောင့် မန်နေဂျာတဦးအနေဖြင့် ဝန်ထမ်းများအတွက် ကောင်းမွန် သည့်အခြေအနေမျိုးကို ဖန်တီးပေးနိုင်ရန် လိုအပ်ပါသည်။
ပထမဦးစွာ ဝန်ထမ်းများတွင် သင်လိုချင်သည့် အရည်အချင်းများကို စဉ်းစားပါ။
- လုပ်ငန်းအတွက် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ (Technically competent)
- အလုပ်ကြိုးစားသူ (Hard-working)
- စိတ်အားထက်သန်မှုရှိသူ – အဖွဲ့နှင့် လုပ်ငန်းများကို အောင်မြင်အောင်လုပ်ဆောင်ရန် စိတ်ပါဝင်စားသူ (Motivated)
- စမ်းသပ်လုပ်ဆောင်လိုစိတ်ရှိသူ (Initiative-taking)စီမံကိန်းနှင့် လုပ်ငန်းများ ပိုမို တိုးတက် ကောင်းမွန်စေရန်အတွက် အကြံဉာဏ်သစ်၊နည်းလမ်းသစ်များကို ကြံဆတွေးတောတတ်သူ
ဒုတိယအဆင့်အနေဖြင့် ဝန်ထမ်းများကို အထက်ဖော်ပြပါအခြေအနေမျိုးဖြစ်စေရန် –
- လုပ်ငန်းကျွမ်းကျင်စေရန် — သင်တန်းပေးခြင်းနှင့် လုပ်ငန်းလုပ်ဆောင်နိုင်ရန် ပံ့ပိုးကူညီပေးခြင်း
- ပျော်ရွှင်စေရန် — အလုပ်ကို နှစ်သက်ပြီး လုပ်ငန်းခွင်တွင်ပျော်ရွှင်အောင်ဖန်တီးပေးခြင်း
- ချီးကျူးအသိအမှတ်ပြုရန်— မိမိအလုပ်ကို တန်ဖိုးထားပြီး ဂုဏ်ယူအောင် အသိအမှတ်ပြုခြင်း
- တိုးတက်စေရန်(Improving) — အလုပ်တွင် မိမိ၏စွမ်းရည်နှင့် လုပ်ဆောင်နိုင်စွမ်း တိုးတက်နေကြောင်း ယုံကြည်လာစေခြင်း
- အောင်မြင်တိုးတက်နေရန် (Progressing) — အလုပ်၏ အကျိုးရလဒ် အပြောင်းအလဲ ကောင်းများကို တွေ့မြင်အောင် ကူညီပေးခြင်း
- အဖွဲ့၏အစိတ်အပိုင်းတခုအဖြစ် မြင်လာစေရန် — အဖွဲ့၏အပြောင်းအလဲတိုးတက်မှုများ ဖြစ်လာစေရန် တစိတ်တပိုင်းအနေဖြင့် ပါဝင်မှုကို ခံစားမြင်သာစေခြင်းတို့ကို လုပ်ဆောင်သင့် သည်။
မန်နေဂျာတဦး အနေဖြင့် –
- ချဉ်းကပ်နိုင်သူ (Approachable) — ဝန်ထမ်းများ စိုးရိမ်မှု/ပြဿနာတစုံတရာရှိပါက ချဉ်းကပ်နိုင်သူ
- တရားမျှတသူ (Fair) — ဝန်ထမ်းအားလုံးကို တန်းတူညီမျှ မျက်နှာမလိုက်ပဲ ဆက်ဆံနိုင်သူ
- ချီးမြှောက်သူ (Rewarding) — ဝန်ထမ်းများ၏ လုပ်ဆောင်ချက်ကောင်းများကို အသိအမှတ်ပြု ချီးမြှောက်ခြင်း
- စည်းကမ်းရှိသူ (Disciplinary) — စည်းကမ်းမလိုက်နာပါက တရားမျှတစွာ အရေးယူ ပေး နိုင်ခြင်း
- အောက်မှအထက် နားထောင်သူ (Bottom-up) — ဝန်ထမ်းများ၏ အကြံဉာဏ်များကို နားထောင်ခြင်း
- ထောက်ပံ့ပေးသူ (Supportive) — စိတ်ပိုင်းဆိုင်ရာ/နည်းပညာဆိုင်ရာ အကူအညီပေးနိုင်ခြင်း
- တသမတ်တည်းရှိသူ (Consistent) — လူကိုခင်၍မူကိုပြင်ခြင်းအပြုအမူမျိုးမရှိပဲ အားလုံးကို တသမတ်တည်း ဆက်ဆံခြင်း
- နားလည်မှုရှိသူ (Aware/Perceptive) — စီမံကိန်းအတွင်း ဖြစ်နိုင်သည့် ပြဿနာများကို ကြိုတင်မြင်နိုင်ပြီး ဖြေရှင်းပေးလိုစိတ်ရှိခြင်း
မန်နေဂျာများ ပြုလုပ်တတ်သည့် အမှားများ
- လူများကို စီမံခန့်ခွဲရာတွင် တိကျမှန်ကန်သည့် နည်းလမ်း တခုတည်းသာ ရှိသည်ဟု အထင်မှားခြင်း
- ဝန်ထမ်းများနှင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံပြောဆိုမှုမရှိခြင်း
- လစ်ဟာချက်များကို ဂရုမစိုက်ခြင်း
- တာဝန်ခွဲဝေမှု (delegation) မရှိခြင်း သို့မဟုတ် မလုံလောက်ခြင်း
- ဝန်ထမ်းများအား အလုပ်/လုပ်ဆောင်ရသည့်ရည်ရွယ်ချက် ကို အသိပေးရန် မေ့လျော့နေခြင်း
- စည်းကမ်းမလိုက်နာသည့်၊ အလုပ်မလုပ်သည့် ဝန်ထမ်းများကို အလုပ်ဖြုတ်ပစ်ရန် အချိန်ဆွဲ နေခြင်း
- လူသစ်ခန့်ရန် အချိန်အလုံအလောက်မယူခြင်း
- ဝန်ထမ်းများကို အဖွဲ့အတွက်တန်ဖိုးရှိကြောင်း အသိအမှတ်ပြုမပေးမိခြင်း
***************************************အပိုင်း – ၂ ပြီးပါပြီ။ ***************************************





















