Posts

▄ ကိုဗစ်-၁၉နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ

ကိုဗစ်-၁၉က ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုမိုအထိနာစေသည်၊ ဆင်းရဲမှုကိုပိုမိုကြီးထွားလာစေနိုင်သည်ကို ပညာရှင်များ ကလေ့လာသုံးသပ်နေကြသည်။ ရောဂါပိုးကူးစက်ခံရသူအများဆုံးတွေ့ရှိရာ နိုင်ငံပေါင်း၃၀တွင် ၁၇နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြသည်။ ဤသည်မှာလည်း အထူးအဆန်းမဟုတ်။ သူဋ္ဌေးအိမ်နှင့်ဆင်းရဲသားအိမ်လိုပင် ဖြစ်သည်။ အဓိကကွာခြားချက်မှာတော့ ဖွံ့ဖြိုးပြီးချမ်းသာသည့်နိုင်ငံများ၏ စီးပွားရေးအဆောက်အအုံနှင့် ကိုဗစ်- ၁၉ကပ်ဘေးကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးနှင့် စီးပွားရေးသက်ရောက်မှုများကို ကုစားရာ၌ သုံးစွဲနိုင် သည့် လက်နက်ကိရိယာများသည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မတူညီခြင်းကြောင့်ဖြစ်သည်။

◾️ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဓိက အားနည်းချက်များမှာတော့-

၁) ကိုဗစ်မတိုင်ခင်ကတည်းက ဆင်းရဲမှုနှုန်း မြင့်မားခြင်းနှင့် မညီမျှမှု (သို့) ဆင်းရဲချမ်းသာကွာဟမှုကြီးမားခြင်း
၂) ကျဘန်းလုပ်သူများနှင့် အသေးစားလုပ်ငန်းများတွင်လုပ်ကိုင်သူများခြင်း (a large informal economy)
၃) အိမ်မှအလုပ်လုပ်ကိုင်နိုင်သူဦးရေ နည်းပါးခြင်း (သို့) Work from Home လုပ်နိုင်သူဦးရေ နည်းပါးခြင်း
၄) အချို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍသည် နိုင်ငံဂျီဒီပီကို အဓိက ပံ့ပိုးရာ လမ်းကြောင်းဖြစ်ခြင်း
၅) ပြည်တွင်း၌ မတည်ငြိမ်မှုများ၊ ဆူပူဆန္ဒပြမှုများနှင့် ပြည်တွင်းစစ်မီးတောက်လောက်နေခြင်း (အချို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်)
၆) အစိုးရယန္တရားသည် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် သေးငယ်၍ အခွန်ဘဏ္ဍာကောက်ခံ ရရှိနိုင်မှု နည်းပါး ခြင်း
၇) အစိုးရ၏ ဘတ်ဂျက်မှဘဏ္ဍာငွေသုံးစွဲနိုင်မှု အကန့်အသတ်ရှိနေခြင်းနှင့်
၈) နိုင်ငံတကာ ဘဏ္ဍာငွေကြေးဈေးကွက်မှ ချေးငွေရယူနိုင်မှု မသေချာမရေရာသည့် အခြေအနေရှိနေခြင်းတို့ ဖြစ်သည်။

◾️ လက်ရှိဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေအနေ

ကိုဗစ်-၁၉ ပထမလှိုင်းဒဏ်ကို ဖွံ့ဖြိုးဆဲနိုင်ငံများ အလွန်အမင်း မခံရဟုသုံးသပ်ကြသော်လည်း စီးပွားရေးရိုက် ခတ်မှုကတော့ အစောပိုင်းကပင် ပြင်းထန်ခဲ့သည်။ အထူးသဖြင့်တော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် မှီခို နေသည့် နိုင်ငံများနှင့် အထည်ချုပ်လုပ်ငန်းများမှ အလုပ်အကိုင်များစွာ ဖန်တီးပေးထားသည့် ဘင်္ဂလားဒေ့ရှ်လို နိုင်ငံများဖြစ်သည်။ ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများအုပ်စု၌ အလယ်အလတ်အဆင့်ရှိ အာဂျင်တီးနား၊မက်ဆီကို၊ ဘရာဇီး တူရကီ၊အင်ဒိုနီးရှားနိုင်ငံများသည် ကြီးမားသည့် ကြွေးမြီပြသနာဖြင့် ရင်ဆိုင်နေရသည်။ ရေနံတင်ပို့သည့် နိုင်ငံ များလည်း ရေနံဈေးနှုန်းများ ကျဆင်းမှုကြောင့် စီးပွားရေးသက်ရောက်မှုကို ပြင်းထန်စွာခံစားနေရသည်။ အထူး သဖြင့်တော့ လက်တင်အမေရိကနိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့် တောင်အာရှနိုင်ငံများသည် ကိုဗစ်-၁၉ဒဏ် အခံရဆုံးဖြစ်သည်ဟုဆိုနိုင်သည်။

လက်တင်အမေရိကနိုင်ငံများသည် ရင်းနှီးမြှုပ်နှံသူများအတွက် ဆုံရှုံးနိုင်မှုအန္တရာယ်များသည့်ဒေသဖြစ်သည်။ “Whenever US sneezes, emerging Latin America catches cold”ဆိုသည့်ဆိုရိုးလည်းရှိသဖြင့် ထိုနိုင်ငံများ မှ ရင်းနှီးမြှုပ်နှံသူများ အလုံးအရင်းဖြင့် ထွက်ခွာခြင်း၊ ချေးငွေအသစ်များ ထုတ်ပေးရန် ငြင်းဆန်ခံရခြင်း၊ ကမ္ဘာ လုံးဆိုင်ရာ ထုတ်လုပ်မှုများ ကျဆင်းသွားသဖြင့် ရေနံအပါအဝင် သံယံဇာတကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းထိုး ကျသွားခြင်းကြောင့် ပို့ကုန်ရငွေ ကျဆင်းသွားခြင်းများကို ထိုနိုင်ငံများလက်ရှိတွင် ခံစားနေရသည်။ လက်တင်အ မေရိကနိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီပြသနာသည် ကြီးမားလှသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ ၂၀၂၀ခု နှစ်၌ ပြန်လည်ပေးဆပ်ရတော့မည့် ကြွေးမြီပမာဏသည် အမေရိကန်ဒေါ်လာ ၅.၆ထွီလီယံရှိသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)က ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကုစားမှုအစီအစဉ်များအတွက် အမေရိကန်ဒေါ်လာ ၂.၅ထွီလီယံ လိုအပ်မည်ဟု ခန့်မှန်းထားခဲ့သည်။ လက်ရှိမှာပင် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း၁၂၀က နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ထံ ချေးငွေဆိုင်ရာ အကူအညီတောင်းခံထားပြီဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလုပ်လက်မဲ့ရာခိုင်နှုန်းသည် တိုးပွားလျက်ရှိပြီး အထက်တွင်ဖေါ်ပြခဲ့သလို အိမ်မှနေ၍ အလုပ်လုပ်ကိုင်နိုင်သူ အရေအတွက်သည် အလုပ်သမားစုစုပေါင်း၏ ၂၀%ခန့်သာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင်တော့ ၄၀%ခန့်ရှိသည်။ အရှေ့၊ အရှေ့တောင်နှင့် အလယ်ပိုင်းဥရောပနိုင်ငံများ၊ အာရှတိုက် အလယ်ပိုင်း၊ တောင်နှင့်အရှေ့ပိုင်းရှိ မြေထဲပင်လယ်ကွေ့နိုင်ငံများအပါအဝင် နိုင်ငံပေါင်း၃၈နိုင်ငံတွင် သုတေသ နပြုလုပ်ချက်အရ ထိုနိုင်ငံများရှိ အလုပ်သမားအင်အား၏ ၃၀%သည် အလုပ်လက်မဲ့ဖြစ်နိုင်သည့် အခြေအနေ၌ ရှိနေသည်။

ထိုအတွက်ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ (အထူးသဖြင့် ဝင်ငွေအလယ်အလတ်ရှိနိုင်ငံများ)အတွက် ကြွေးမြီပြသနာ ဖြေရှင်းရေးသည် အထူးအရေးကြီးနေသည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ အလှူရှင်နိုင်ငံများမှ ကြွေးမြီကုစားမှု အစီအစဉ်များပြုလုပ်မည် အကူအညီပေးအပ်မည်ဟု ကတိပြုနေသော်လည်း အဓိကအဟန့်အတားမှာ ပုဂ္ဂလိက ကြွေးရှင်များဖြစ်သည်။ နိုင်ငံတကာမှ ကိုဗစ်-၁၉ကုစားမှုအစီအစဉ်များအတွက် ပေးအပ်လိုက်သည့် ကြွေးသစ် များသည် အထူးလိုအပ်နေသည့် ဆင်းရဲသားပြည်သူများထံ မရောက်ရှိဘဲ ပုဂ္ဂလိကကြွေးရှင်များ၏ ကြွေးဟောင်း ဆပ်သည့်အထဲပါသွားမည်ကို စိုးရိမ်နေရသည်။ ထို့အတွက်ကြောင့်လည်း တရုတ်အစိုးရအပါအဝင် ချေးငွေ ထုတ်ပေးထားသူများက ပုဂ္ဂလိကကြွေးရှင်များကိုယ်တိုင် ကြွေးမြီပြန်လည်ပေးဆပ်မှုများကို ဆိုင်းငံ့ထားရန် သ ဘောတူညီမှသာ မိမိတို့အနေဖြင့်လည်း ဆိုင်းငံ့ပြီး ထပ်မံထုတ်ချေးနိုင်မည်ဟု တောင်းဆိုနေလျက်ရှိသည်။

◾️ မြန်မာနိုင်ငံနှင့်ကိုဗစ်-၁၉

ဤဆောင်းပါးရေးနေစဉ်မှာပင် ပြည်တွင်းကူးစက်မှုများ များပြားလာပြီး လူဦးရေ၆သန်းကျော်ရှိ ရန်ကုန်မြို့တွင် လည်း ကူးစက်မှုများရှိလာရာ အထူးသတိပြုရတော့မည့် အခြေအနေတွင်ရှိနေသည်။ ပထမလှိုင်းဖြစ်ပေါ်စဉ်က ကူးစက်မှုနှုန်း နည်းပါးပြီး ကောင်းစွာထိန်းချုပ်နိုင်ခဲ့သည်။ အိမ်နီးခြင်း တောင်အာရှနိုင်ငံများတွင် ဖြစ်ပေါ်နေ သည့်ကူးစက်မှုနှုန်းကလည်း ကြောက်ခမန်းလိလိဖြစ်သည်။ ထိုအတွက်ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံစဉ်းစား၍ အရေးယူဆောင်ရွက်ရတော့မည်ဖြစ်သည်။ နိုင်ငံတိုင်း၏ အစိုးရများအနေဖြင့် (အထူးသ ဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအစိုးရများ) အကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည်။ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း ကျန်းမာရေးရှုဒေါင့်မှ သုံးသပ်ရန်လိုအပ်သလို စီးပွားရေးကိုလည်း ထည့်သွင်းမစဉ်းစား၍ မရချေ။ ထိုအခါ မြန်မာ နိုင်ငံအစိုးရအနေဖြင့်လည်း မည်သို့ဆောင်ရွက်သင့်သနည်း။

ယခင်ဆောင်းပါးများ၌ ရေးသားခဲ့သလိုပင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လော့ခ်ဒေါင်းချရန် ခက်ခဲသည်။ အထူးသ ဖြင့် လူနေထူထပ်သည့် မြို့ကြီးများတွင်ဖြစ်သည်။ မိသားစုအများစု နေထိုင်ရာအိမ်များသည် သေးငယ်၍ မိသား စုဝင် များပြားသဖြင့် အိမ်တွင်နေထိုင်ရန် ခက်ခဲသလို လက်ဆေးရန်ရေပင် လွယ်ကူစွာ မရနိုင်သည့် နေရာများ လည်းရှိသဖြင့် လော့ခ်ဒေါင်းလုပ်ခြင်းသည် လက်တွေ့မကျဟု အချို့သော ပညာရှင်များက သုံးသပ်ကြသည်။ တချိန်တည်းမှာပင် ကျဘန်းအလုပ်သမားအင်အားသည် အလုပ်သမားစုစုပေါင်း၏ ၇၀-၈၀%ခန့်ဖြစ်သဖြင့် ၎င်း တို့အနေဖြင့် အလုပ်ထွက်မလုပ်လျှင် ငတ်မည့်အခြေအနေရှိနေသည်။ ထို့အတွက်ကြောင့် နိုင်ငံတော်အနေဖြင့် ရန်ကုန်မြို့ကို အပြီးသတ် လော့ခ်ဒေါင်းလုပ်မထားဘဲ အခြားဒေသများသို့ ဝင်ထွက်ခွင့်ကိုသာ ပထမဆင့်အနေ ဖြင့် ကန့်သတ်ထားခြင်းမျိုး ပြုလုပ်ထားသင့်သည်လားဆိုသည်ကို စဉ်းစားသင့်သည်။ ပြီးလျှင်လက်ရှိ ကူးစက်ခံ ထားရသည်ဟု သံသယရှိသူအားလုံးကို နေအိမ်မှာပင်၂၁ရက်နေထိုင်ရန် ရပ်ရွာလူထု၏ လူသားဆန်သည့် အကူ အညီမျိုးဖြင့် ကန့်သတ်ထားသင့်သည်။ ထို့ပြင် ကူးစက်နိုင်ချေ မြင့်မားသည့် နေရာများ (ဥပမာ စားသောက်ဆိုင် များ၊ဘီယာဆိုင်များ၊ အလှပြင်ဆိုင်များ)ကို ပါဆယ်ရောင်းချခွင့်သာ ပေးထားသင့်သည်။ အသက်အရွယ်ကြီးရင့် သူများကိုလည်း တတ်နိုင်သမျှ နေအိမ်မှာ သီးသန့်နေထိုင်ရန် တိုက်တွန်းထားသင့်သည်။ မလိုအပ်ဘဲ အပြင် ထွက်ခြင်းကိုလည်း တတ်နိုင်သမျှ လျှော့ချရန် ပြည်သူလူထုကို မေတ္တာရပ်ခံထားသင့်သည်။ထိုသို့ဆောင်ရွက် လိုက်ပါက အခြားမြို့များသို့ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။

ပထမဦးစားပေး ဆောင်ရွက်ရန်လိုအပ်သည်မှာတော့ ကူးစက်မှုနှုန်းကို ထိန်းချုပ်ခြင်းဖြစ်သည်။ စီးပွားရေးသက် ရောက်မှုကို ထည့်သွင်းစဉ်းစားရန်လိုအပ်သော်လည်း ကျန်းမာရေးကို ပထမဦးစားပေး ထားရှိရမည်ဖြစ်သည်။ ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်သည့် တောင်ကိုရီးယားလိုနိုင်ငံမျိုးတွင် စီးပွားရေးသက်ရောက်မှုက ကူးစက်မှုများ သည့်နိုင်ငံများထက် သက်သာကြောင်းကို တွေ့ရှိရသည်။ ထို့ကြောင့် နံပါတ်တစ်ဦးစားပေးသည် ကူးစက်မှုကို အလျင်အမြန် ထိန်းချုပ်ရေးဖြစ်သည်။

ဒုတိယဦးစားပေးမှာတော့ လူမှုစီးပွားဖြစ်သည်။ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ အောက်ခြေဝင်ငွေ နည်းပြည်သူများကို အထောက်အပံ့ပေးသည့် အစီအစဉ်များသည် အထိရောက်ဆုံးဖြစ်သည်။ ပုံမှန်ဝင်ငွေရလမ်း မရှိသည့် ကျဘန်းအလုပ်သမားများသည့် အာဖရိကနိုင်ငံများတွင် ငွေကြေးထောက်ပံ့မှု (cash transfer)နှင့် အခြားလူမှုရေးထောက်ပံ့မှုများသည် အထိရောက်ဆုံးဟု လေ့လာသူများကဆိုသည်။ မြန်မာနိုင်ငံတွင်လည်း လက်ရှိ စီးပွားရေးကုစားမှု အစီအစဉ်အောက် အကောင်အထည်ဖေါ်နေသည့် လူမှုထောက်ပံ့ရေး အစီအစဉ်များ ကိုတိုးချဲ့ဆောင်ရွက်သင့်သည်။ ဥပမာ ဧပြီလတွင် ဝင်ငွေနည်းမိသားစုများကို ပစ္စည်းထောက်ပံ့သည့် အစီအစဉ် မျိုး၊ ငွေ၂၀၀၀၀ကျပ် ထောက်ပံ့သည့် အစီအစဉ်များကို ရန်ကုန်မြို့ရှိ ဝင်ငွေနည်းမိသားစုများကို ထပ်မံပေးအပ် ခြင်းမျိုးဖြစ်သည်။ ကျေးလက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့် cash for work အစီအစဉ်များကိုလည်း တိုးချဲ့ဆောင်ရွက်သင့်သည်။ ထိရောက်မှုရှိသည်ဟု ကြားသိနေရသည်။

တတိယစဉ်းစားရမည့်အချက်မှာတော့ အစိုးရ၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာအင်အားကို မည်သို့တိုးချဲ့မည် နည်းဆိုသည်ကိုဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကံကောင်းသည့်အချက်မှာ ကြွေးမြီပြသနာ ကြီးမားစွာရှိမနေ ခြင်းဖြစ်သည်။ သို့သော်လည်း အထက်ဖေါ်ပြပါ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အားနည်းချက်၈ချက်လုံးသည် မြန်မာနိုင်ငံ၌ လည်းရှိနေသလိုဖြစ်နေသည့်အတွက် ပြည်သူလူထုအား ထိရောက်သည့် အကူအညီများပေးအပ်နိုင်ရန် လိုအပ် သည့် ဘဏ္ဍာငွေကြေးရှာဖွေရာတွင် အကန့်အသတ်များရှိနေသည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာငွေကြေးဈေး ကွက်နှင့် ထိတွေ့မှုမရှိသလောက် ဖြစ်သည့်အတွက် ပြင်ပဈေးကွက်မှ အစိုးရချေးယူနိုင်ရန် မလွယ်ကူ။ ထို့ကြောင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)၊ ကမ္ဘာ့ဘဏ်နှင့် တရားဝင်ဖွံ့ဖြိုးမှုဆိုင်ရာ အလှူ ရှင်နိုင်ငံများကိုသား အားကိုးရမည်ဖြစ်သည်။ ထိုအဖွဲ့အစည်းများထံမှ ချေးငွေများ ထပ်မံရရှိရန် ကြိုးပမ်းရတော့ မည်ဖြစ်သည်။

ကိုဗစ်-၁၉သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကျပ်အတည်းကို ဖြစ်စေသည်ဆိုသော်လည်း အခွင့်အလမ်းများကို လည်း ဖန်တီးပေးနိုင်သည်ဟု ပညာရှင်အချို့က သုံးသပ်ကြသည်။ တရုတ်နိုင်ငံတွင် လုပ်ခလစာများသည် ကိုဗစ် မဖြစ်ခင်တည်းက မြင့်တက်နေသည့်အတွက် လုပ်သားအဓိကထား ထုတ်လုပ်ရသည့်စက်ရုံများသည် မြန်မာနိုင် ငံကဲ့သို့ လုပ်အားခသက်သာသည့် နိုင်ငံများသို့ ပြောင်းရွှေ့လိုသည်။ တချိန်တည်းမှာပင် ကိုဗစ်-၁၉ကြောင့် ထုတ် လုပ်ရေးလုပ်ငန်းများ ပြတ်တောက်သွားရခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူ အများအပြားသည် တရုတ်နိုင်ငံ တစ်နိုင်ငံ တည်းမှာပင် ယင်းတို့၏စက်ရုံများအားလုံးကို စုပြုံမထားဘဲ အခြားဒေသတွင်းနိုင်ငံများသို့ ပြောင်းရွှေ့ရန် စဉ်းစား လျက်ရှိသည်။ ထိုအခွင့်အလမ်းကို အမိအရယူနိုင်လျှင် ကိုဗစ်-၁၉အလွန်ကာလတွင် အလုပ်အကိုင် အများအ ပြားဖန်တီးပေးနိုင်မည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများ လာချင်အောင်ဆွဲဆောင်ရန် စည်းမျဉ်းစည်းကမ်းများ ဖြေ လျှော့ခြင်း၊ ပြင်ဆင်ခြင်းတို့ကိုလည်း ဆောင်ရွက်သင့်သည်။ လက်ရှိ မြန်မာနိုင်ငံ၏ Doing Business အဆင့်အ တန်းမြင့်တက်လာသည်ကို ဆက်လက်မြင့်တက်လာအောင် ဆောင်ရွက်ခြင်း၊ ကြန့်ကြာမှုများကို တတ်နိုင်သမျှ လျှော့ချခြင်းများ ပြုလုပ်သွားပါက ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည်ဖြစ်သည်။

ကိုဗစ်-၁၉အလွန်ကာလတွင် ပြန်လည်ထူထောင်ရေးအတွက် တင်ကြိုစဉ်းစားထားသင့်သည်မှာတော့ မြန်မာနိုင် ငံတွင် အမှန်တကယ် လိုအပ်နေသည့် အခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လုပ်ကိုင်ရန် မည်သို့သော စနစ်ဖြင့် ဆွဲဆောင်မည်နည်းဆိုသည်ကိုဖြစ်သည်။ လက်ရှိ စီမံကိန်းဘဏ် ညွှန်ကြားချက်သည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးအတွက် အခြေခံစည်းမျဉ်းမူဘောင်တစ်ခုဖြစ်သော်လည်း ယင်းကိုထပ် မံပြီး ခိုင်မာသည့် ဥပဒေအဖြင့် ပြောင်းလဲ၍ အရင်းအနှီးကြီးမားသည့် အခြေခံအဆောက်အအုံ စီမံကိန်းများအ တွက်ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးရန် လိုအပ်သည်။ ထပ်မံပြီးလည်း နိုင်ငံတော်၏ လက်ရှိပိုင်ဆိုင်မှု များ (public assets)ကို ထိရောက်စွာမည်သို့ ရင်းနှီးမြှုပ်နှံမည်နည်းဆိုသည်ကို စနစ်တကျ မူဘောင်ချမှတ် ဆောင်ရွက်သင့်သည်။ ထိုပိုင်ဆိုင်မှုများကို အရင်းအနှီးအဖြင့် ပြောင်းလဲခြင်းဖြင့် အစိုးရ၏ ဘဏ္ဍာငွေအရအသုံး ကိုဘောင်ကို ချဲ့ထွင်နိုင်မည်ဖြစ်သည်။

နောက်ဆုံးအနေဖြင့် ကိုဗစ်-၁၉အလွန်ကာလတွင် အလျင်အမြန် ပြောင်းလဲရမည့်အရာမှာတော့ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းကြီးများပင်ဖြစ်သည်။ Natural Resource Governance Institute (NRGI)မှ ၂၀၁၆ခုနှစ်က ထုတ်ပြန်ခဲ့သည့် Gilded Gatekeepers: Myanmar’s State-Owned Oil, Gas and Mining Enterprises အရ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်းတစ်ခုတည်းက သူ၏ Other Account (သီးသန့်ငွေစာရင်း)သို့ ၂၀၁၃-၁၄ခုနှစ်တွင် လွှဲပြောင်းခဲ့သည့် ငွေပမာဏသည် အမေရိကန်ဒေါ်လာ၁.၄ဘီလီယံရှိသည်။ ထိုငွေပမာဏကို ၂၀၁၃-၁၄ခုနှစ် ကျန်းမာရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ၇၅၀သန်းနှင့် ပညာရေးအသုံးစရိတ် အမေရိကန် ဒေါ်လာ ၁.၁ဘီလီယံတို့ဖြင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ထို့အတွက်ကြောင့် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးသည် ၂၀၂၀ခုနှစ်အလွန် အစိုးရအတွက် ဦးစားပေးလုပ်ရမည့် မူဝါဒဆိုင်ရာလုပ်ငန်းဖြစ်ပါ သည်။ သို့မှသာလျှင် နိုင်ငံတော်၏ ဘဏ္ဍာငွေအရအသုံးဘောင်ကျယ်လာမည်ဖြစ်ပြီး လိုအပ်သည့် ကိုဗစ်-၁၉ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

◾️ နိဂုံး

ကိုဗစ်-၁၉က ကျွန်တော်တို့ပြည်သူအားလုံးကို သင်ခန်းစာများပေးအပ်နေပါသည်။ ကပ်ဘေးဆိုသည်မှာ အယုတ်အလတ်အမြတ် မရွေးတတ်ပါ။ ထို့အတွက်ကြောင့် ကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုသာ ရှေ့တန်းတင် သည့် အုပ်စုများအနေဖြင့်လည်း ကိုဗစ်-၁၉အလွန်မှာတော့ မိမိတို့၏ရေရှည်အကျိုးစီးပွားအတွက် နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံး အကျိုးစီးပွားကို တတ်နိုင်သမျှ မျှော်ကိုးဆောင်ရွက်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

◾️ ခိုင်ဝင်း

◾️ Ref:

Patrick R. P. Heller and Lorenzo Delesgues (2016); Gilded Gatekeepers: Myanmar’s State-Owned Oil, Gas and Mining Enterprises, NRGI.
Simeon Djankov and Ugo Panniza (Eds)(2020), Covid-19 in Developing Economies; a VoxEU.org eBook, CEPR Press.

▄ သမိုင်းတစ်ကျော့ပြန်ခြင်း

သမိုင်းတစ်ကျော့ပြန်တတ်သည်ဆိုသည့်အတိုင်း လက်ရှိအချိန် ကိုဗစ်-၁၉ကပ်ဘေး ခံစားနေရသည့် ကမ္ဘာကြီး သည်လည်း ပထမကမ္ဘာစစ်ပြီးနှင့် ဒုတိယကမ္ဘာစစ်မဖြစ်မီ ကြားကာလနှင့်တူသည်ဟု ပညာရှင်များက သုံးသပ် ကြသည်။ ယင်းတို့က လတ်တလော ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး၊ အလယ်အလတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးလိုလို ကြုံတွေ့နေရသည့် ဂလိုဘယ်လိုက်ဇေးရှင်းနှင့်သက်ဆိုင်သော အခြေအနေ(၃)ခုပေါ် မူတည်ပြီးသုံးသပ်ကြခြင်း ဖြစ်သည်။ လက်ရှိကာလနှင့် ထိုအတိတ်ကာလသည် ကပ်ဘေးဆိုက်ခဲ့ရခြင်းလည်း တူညီသည်။ ပထမကမ္ဘာစစ် ပြီးဆုံးသည့်နှစ် ၁၉၁၈ခုနှစ်၌ စပိန်တုတ်ကွေးဟုခေါ်သည့် ယခုကိုဗစ်-၁၉လို ကပ်ဘေးကြီး ကမ္ဘာပေါ်တွင် ကျ ရောက်ခဲ့သည်။

တူညီသည့် အချက်(၃)ချက်မှာတော့ ဘဏ်များနှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ အကျပ်အတည်းဖြင့် ကြုံတွေ့နေရပြီး ကြွေးမြီြ့ပသနာကြီးထွားနေခြင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံတကာကုန်သွယ်မှု၏ ဘေး ထွက်ဆိုးကျိုးများကို တုန့်ပြန်သည့်အင်အားများကြီးထွားလာခြင်း (ထိုအချိန်တွင် နာဇီပါတီဂျာမဏီတွင်အာဏာ ရခဲ့သလို အီတလီ၌လည်း မူဆိုလီနီ၏ ဖက်ဆစ်ပါတီ အာဏာရလာသည်)နှင့် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံ တကာကုန်သွယ်ရေးကို ထိန်းကျောင်းကြပ်မတ်သည့် နိုင်ငံတကာအဖွဲ့အစည်းများတွင် အားနည်းချက်များရှိနေ ခြင်းနှင့် ယင်းတို့ကို ပီပြင်စွာ ပြုပြင်ပြောင်းလဲခြင်း (သို့) စည်းမျဉ်းစည်းကမ်းအသစ်များ၊ အဖွဲ့အစည်းအသစ်များ မပေါ်ပေါက်နိုင်ခြင်းတို့ဖြစ်သည်။

ယခုလက်ရှိအချိန် ၂၁ရာစုတွင်လည်း ကိုဗစ်-၁၉မဖြစ်မီကပင် ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်ကြသည့် အမေရိကန်နှင့် ဥရောပရှိ နိုင်ငံအများအပြား၏ ကြွေးမြီစုစုပေါင်း ပမာဏသည် အတော်မြင့်မားနေပြီဖြစ်သည်။ အမေရိကန်အစိုး ရ တင်ရှိနေသည့် ကြွေးမြီပမာဏသည် နိုင်ငံဂျီဒီပီကို ကျော်လွန်သွားပြီဖြစ်သည်။ ထို့အတူ အမေရိကန်ရှိ အိမ် ထောင်စုများတွင် တင်ရှိနေသည့် ကြွေးမြီပမာဏကလည်း မနည်းချေ။ အလားတူ ဗြိတိန်အစိုးရ တင်ရှိနေသည့် ကြွေးမြီကလည်း မနည်းချေ။ တချိန်တည်းမှာပင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အလယ်အလတ်အဆင့်ရှိနိုင်ငံများ တင်ရှိ နေသည့် ကြွေးမြီပမာဏ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၆ထွီလီယံကျော်ရှိသည်ဟုသိရသည်။ မည်သည့် နိုင်ငံအုပ်စုဝင်ဖြစ်စေ နိုင်ငံများအလွန်အမင်း ကြွေးတင်ခြင်းက ရေရှည်အတွက်မကောင်းဟု ပညာရှင်များက သမိုင်းအထောက်အထားများ ကိုးကားရေးသားကြသည်။ အထူးသဖြင့်တော့ ဖွံ့ဖြိုးဆဲနှင့် အလယ်အလတ်အဆင့် နိုင်ငံများအတွက် ကြွေးမြီပြသနာက ကြီးမားလွန်းလှသည်။ ကြွေးမြီပြသနာ ဤမျှလောက်ကြီးမားလာရခြင်းမှာ လည်း ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများ သြဇာအာဏာ အဆမတန် ကြီးထွားလာခြင်းကြောင့်ဖြစ် သည်။ ကြွေးပိနေခြင်းက နိုင်ငံများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည်ဟု ပညာရှင်များ ကသုံးသပ်ကြသည်။

ဒုတိယကမ္ဘာစစ်မဖြစ်မီ ၁၉၂၀-၃၀ခုနှစ်များက ဥရောပတိုက်နိုင်ငံများ၊ လက်တင်အမေရိကနိုင်ငံများနှင့် နောက် ဆုံး အမေရိကန်နိုင်ငံတို့တွင် ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ ဘဏ္ဍာရေးအကျပ်အတည်းဖြင့် ရင်ဆိုင် ခဲ့ရသည်မှာ ၂၀၀၈ခုနှစ် အမေရိကန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ဘဏ္ဍာရေးအကျပ်အတည်းလိုပင် နိုင်ငံများ၏ ငွေရေးကြေးရေးဈေးကွက် (capital market) ကို အထိန်းအကွပ်မရှိ ဖွင့်လှစ်ပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ အရင်း ရှင်စနစ်၏ အဓိကပြသနာမှာ ဘဏ္ဍာငွေကြေးဈေးကွက်ကို နိုင်နင်းစွာ ထိန်းကျောင်းနိုင်မှုမရှိဘဲ ယင်းက ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများကို လွှမ်းမိုးချုပ်ကိုင်လာခြင်းဖြစ်သည်။

Financialization of real economy ဟုဆိုနိုင်သည်။ အထူးသဖြင့် ကာလတိုချေးငွေများ ပုံစံမျိုးစုံဖြင့် နိုင်ငံအတွင်း ဝင်ရောက်လာခြင်း ကနိုင်ငံများအတွက် အန္တရာယ်များလှသည်။ ရေနံ၊သံယံဇာတနှင့် အခြားပို့ကုန်များ ဈေးကောင်းနေလျှင် ပြသနာ မရှိ။ ယင်းတို့ဈေးနှုန်းများ ကျဆင်းပြီဆိုသည်နှင့် ချေးငွေများ၊ အရင်းအနှီးများလည်း ပို့ကုန်အမှီပြုသည့်နိုင်ငံများ မှ အလုံးအရင်းဖြင့် ထွက်ခွာကြတော့သည်။ ပြီးခဲ့သည့် မတ်လနှင့်ဧပြီလအတွင်းမှာပင် emerging economies ဟုခေါ်သည့် မက်ဆီကို၊အာဂျင်တီးနား၊တူရကီ၊ အင်ဒိုနီးရှား၊ချီလီ အစရှိသည့်နိုင်ငံများမှ ဘဏ္ဍာငွေကြေး အရင်း အနှီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀ဘီလီယံခန့် ထွက်ခွာသွားသဖြင့် ကိုဗစ်-၁၉ဖြစ်၍ ယင်းနိုင်ငံများ ငွေလိုနေချိန် ထပ်မချေးငှားတော့သည့်ပြင် တင်ရှိနေသည့် အကြွေးများကို ပြန်တောင်းခြင်းခံနေရပြီဖြစ်သည်။

ထိုကဲ့သို့ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ မတည်ငြိမ်ခြင်း၊ ကုန်ဈေးနှုန်းများ ကျဆင်းခြင်း၊ အလုပ် လက်မဲ့နှုန်းမြင့်မားလာသည့်အခါ နိုင်ငံများသည် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှုအပေါ် ဆန့်ကျင်မှုများ ပြုလုပ်လာကြသည်။ ပထမကမ္ဘာစစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်မီကလည်း စီးပွားရေးကျဆင်းလာ သည့်အခါ အမေရိကန်ပြည်ထောင်စုတွင် ၁၉၃၀ခုနှစ် စီးပွားပျက်ကပ်ဖြစ်ပွားပြီး (၁၉၂၀-၃၀ခုနှစ်များ)ဥရောပနှင့် အမေရိကန်နိုင်ငံတို့တွင် protectionism ဟုခေါ်ဝေါသည့် ကိုယ်ကျိုးစီးပွားကာကွယ်သည့် မူဝါဒများရေပန်းစားခဲ့ သည်။ ကိုယ်ကျိုးစီးပွားကာကွယ်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ပြည်တွင်းစိုက်ပျိုးရေးနှင့် စက်မှုလက်မှု လုပ်ငန်းများ ပြည်ပမှတင်သွင်းလာသည့် အလားတူထွက်ကုန်များ၊ထုတ်ကုန်များနှင့် မယှဉ်ပြိုင်နိုင်မည်ကို စိုးရိမ်ခြင်းကြောင့် အကန့်အသတ်ဖြင့်သာ သွင်းကုန်များကို တင်သွင်းခွင့်ပြုခြင်း (ဥပမာ quota system) သွင်းကုန်ပစ္စည်းများကို အခွန်နှုန်းတိုးမြှင့်ကောက်ခံခြင်းတို့ဖြစ်သည်။ ပြည်ပမှပြောင်းရွှေ့လာသည့် နိုင်ငံခြားသားများ(Immigrants)ကို မုန်းတီးမှုများကလည်း ပိုမိုကြီးထွားလာခဲ့သည်။ ယင်းတို့က မိမိတို့၏ အလုပ်အကိုင်များကို ခိုးယူသွားသည်ဟု စွတ်စွဲပြောဆိုကြသည်။ ယခုလည်း အမေရိကန်-တရုတ် ကုန်သွယ်ရေးပဋိပက္ခ၌ အမေရိကန်နိုင်ငံသားများ၏ အလုပ်အကိုင်များကို တရုတ်အလုပ်သမားများက ရယူသွားကြ၍ မိမိတို့ အလုပ်လက်မဲ့ ဖြစ်ကြရသည်ဟု ထင်မြင်ယူဆချက်များရှိနေသည်။ အလားတူ မက်ဆီကိုနှင့် အခြားနိုင်ငံများမှ တရားဝင်နှင့်တရားမဝင် ပြောင်းရွှေ့လာသူများအပေါ် အမေရိကန် နိုင်ငံသား အုပ်စုဝင်အချို့၏ အမြင်သည် လုံးဝမကောင်းချေ။ ထိုအချက်ကို သမ္မတထရန့်က မဲဆွယ်ရာတွင် ကောင်းစွာအသုံးချခဲ့၍ သမ္မတရာထူးကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ လူမျိုးရေးအစွန်းရောက်မှုများလည်း ကြီးထွားလာခဲ့ရသည်။ အမျိုးသားရေးဝါဒီများလည်း တန်ခိုးထွားခဲ့ရသည်။ အတိတ်ကလည်း ဟစ်တလာ အာဏာရလာခြင်းမှာ အမျိုးသားရေး၊လူမျိုးရေးကို စီးပွားကျဆင်းချိန် အသုံးချခဲ့ခြင်းကြောင့်ဖြစ်သည်။

အတိတ်ကာလ ကမ္ဘာစစ်၂ခုကြားအချိန်၌လည်း နိုင်ငံတကာအဖွဲ့အစည်းများသည် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ကုန်သွယ်ရေး၊ နိုင်ငံများအကြား ငွေကြေးစီးဆင်းမှုတို့ကို ထိရောက်စွာ ထိန်းကျောင်းကြပ်မတ်နိုင်ခြင်း မရှိခဲ့ချေ။ ပထမကမ္ဘာစစ်ပြီး တည်ထောင်ခဲ့သည့် နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations)၊ Bank for International Settlement (BIS)အစရှိသည်တို့မှာလည်း ယနေ့ခေတ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)၊ ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများလိုပင် ကမ္ဘာလုံးဆိုင်ရာ ပြ သနာများကို ထိရောက်စွာ မဖြေရှင်းပေးနိုင်သဖြင့် နိုင်ငံများသည် မိမိနိုင်ငံအကျိုးစီးပွားတစ်ခုတည်းကိုသာ ဗဟို ပြုသည့် မူဝါဒများချမှတ်လာခဲ့ပြီး begger thy neighbors ဟုခေါ်သည့် မိမိအကျိုးရှိရန် သူတစ်ပါးနိုင်ငံကို ဒုက္ခ ဖြစ်စေသည့် ကုန်သွယ်ရေးစည်းမျဉ်းများ၊ အခွန်နှုန်းထားများ သတ်မှတ်ခဲ့ကြသည်။ ကိုလိုနီနိုင်ငံများကိုလည်း တတ်နိုင်သမျှ ခေါင်းပုံဖြတ်ပြီး အင်အားကြီးနိုင်ငံများအကြား ပြင်းထန်သည့် အားပြိုင်မှုများကြောင့် အဆုံးတွင် ဒုတိယကမ္ဘာစစ်မီး တောက်လောင်ရတော့သည်။

ပရင်စတန်တက္ကသိုလ်မှ ပါမောက္ခ ဟဲရိုးဂျိမ်းစ် (Professor Harold James)ကသူ၏ “End of Globalization: Lessons from Great Depression” စာအုပ်၌ ပထမကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ အမေရိကန်နိုင်ငံသည် စူပါပါဝါ ဖြစ်လာသော်လည်း နိုင်ငံတကာရေးရာများကို ထိရောက်စွာ ဖြေရှင်းနိုင်သည့် စွမ်းဆောင်ရည် အမေရိကန်အစိုးရ ၌မရှိခြင်းကြောင့် စီးပွားပျက်ကပ်၊ ဒုတိယကမ္ဘာစစ်တို့ကို မတားဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ထားသည်။


ယနေ့မျက်မှောက်အချိန်တွင်လည်း ကိုဗစ်-၁၉ကပ်ဘေးမဖြစ်မီတည်းက ၂၀၀၈ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်း နောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအခြေအနေများသည် (အထူးသဖြင့် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပတိုက်နိုင်ငံများ) ကမ္ဘာစစ်၂ခုကြားကာလနှင့် တူညီမှုများရှိနေသဖြင့် ယနေ့ထိ အင်အား အကြီးဆုံးနိုင်ငံအဖြင့် ရပ်တည်နေသည့် အမေရိကန်ပြည်ထောင်စု၏ ဦးဆောင်မှုသည် နိုင်ငံတကာပြသနာများ ကိုဖြေရှင်းရန်အတွက် အထူးလိုအပ်နေသည်။ သို့သော်လည်း လက်ရှိကိုဗစ်-၁၉ကာလမှာပင် သမ္မတထရန့် အစိုး ရ၏ ဦးဆောင်မှုသည် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူမဖြစ်စေဘဲ ပဋိပက္ခများကို သာတိုးပွားစေသလို ဖြစ်နေခဲ့သည်။ သို့ဖြစ်၍ လာမည့်နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်ရွေးကောက်ပွဲ သည်လည်း ကမ္ဘာသူကမ္ဘာသားအားလုံးအတွက် အထူးအရေးကြီးလျက်ရှိသည်။

ခိုင်ဝင်း
၅ ၊ စက်တင်ဘာ ၊ ၂၀၂၀ ။

CORONAVIRUS DISEASE 2019 (COVID-19) ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရ၊ ပြည်နယ်/တိုင်း အစိုးရနှင့် ဝန်ကြီးဌာနများမှ အမိန့်စာများ၊ ထုတ်ပြန်ချက်များ၊ လမ်းညွှန်ချက်များနှင့် အသိပညာပေးခြင်းများ

CORONAVIRUS DISEASE 2019 (COVID-19) ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရ၊ ပြည်နယ်/တိုင်း အစိုးရနှင့် ဝန်ကြီးဌာနများမှ အမိန့်စာများ၊ ထုတ်ပြန်ချက်များ၊ လမ်းညွှန်ချက်များနှင့် အသိပညာပေးခြင်းများ