◾ ကိုဗစ်-၁၉ တုန့်ပြန်မှုများနှင့် အုပ်ချုပ်စီမံမှု


တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ် (သို့) ကိုဗစ်-၁၉ကူးစက်ရောဂါ ဖြစ်ပွားမှုသည် ယခုအခါတွင် ၄လကျော်၅လနီးပါး ရှိလာချိန်တွင် ကမ္ဘာပေါ်ရှိ အဆင့်ဆင့်သော အဖွဲ့အစည်းများ၊ အစိုးရများ၏ မူဝါဒဆိုင်ရာ တုန့်ပြန်မှုများနှင့် အုပ်ချုပ်စီမံမှု စွမ်းဆောင်ရည်တို့ကို လေ့လာသုံးသပ်လို့ရလာပြီဖြစ် သည်။ လေ့လာသုံးသပ်မှုများကိုလည်း ပညာရှင်များကပြုလုပ်လျက် စာတမ်းများဆောင်းပါးများ ရေးသားလျက် ရှိကြသည်။


ကိုဘစ်-၁၉ကူးစက်မှုကို တုန့်ပြန်မှုများနှင့် အုပ်ချုပ်စီမံမှု

၂၀၁၄ခုနှစ်က အနောက်အာဖရိကတိုက်နိုင်ငံများမှာ အီဘိုလာကူးစက်ရောဂါ ဖြစ်ပွားသည့်အချိန်က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်ထိရောက်ခဲ့သဖြင့် လူအသေအပျောက်များသည့် အီဘိုလာကူးစက်ရောဂါ ကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သဖြင့် ယခုလို ကမ္ဘာ့ကပ်ဘေး မကျရောက်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် သမ္မတ အိုဘားမားအစိုးရနှင့် ယင်း၏ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဋ္ဌာန (Center for Disease Control and Prevention)မှ ကူးစက်ရောဂါ ကပ်ဘေးနှိမ်နင်းရေး ကျွမ်းကျင်သူများကို ဖြစ်ပွားနေသည့် ဆီရီလီယောင်း၊ လိုက်ဘေးရီးယား အစရှိသည့်နိုင်ငံများကို စေလွှတ်ပြီး ယင်းနိုင်ငံအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အ တွက် အချိန်မီထိန်းချုပ်နိုင်ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO)ကလည်း ထိ ရောက်သည့် အကူအညီများ ပေးအပ်နိုင်ခဲ့သည်။


ကိုဗစ်-၁၉ကပ်ဘေး ဖြစ်ပွားချိန်မှာတော့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးလည်း နာမည်ပျက်ရတော့သည်။ ၂၀၁၉ခုနှစ် ဒီဇင်ဘာ၁၅ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးကူးစက်ခံရသူကို ဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့သည်။ ၂၀၂၀ခုနှစ် ဇန်နဝါရီလ၉ရက်နေ့တွင် ပထမဆုံး ကိုဗစ်-၁၉ ရောဂါဖြင့် အသက်၆၁နှစ်အရွယ်ရှိ လူတစ်ဦးသေဆုံးခဲ့သည်။ ဇန်နဝါရီလ၂၃ရက်နေ့တွင် ဝူဟန်မြို့ကို တရုတ်အစိုးရက ပိတ်ဆို့လော့ဒ်ဒေါင်း ပြုလုပ်ခဲ့သည်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် အချိန်မီ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးကို ထိရောက်သည့် အကြံဉာဏ်များ၊ တားဆီးကာကွယ်ရန် နည်းလမ်းများကို မပေးအပ်နိုင်။ နှာခေါင်းစည်းများကိုပင် ဝတ်ဆင်ခြင်းသည် ကာကွယ်ရန် ထိရောက်သည်ကို သေချာမပြောနိုင်။ တိုင်ဝမ်၊ကိုရီးယား အစရှိသည့်နိုင်ငံများသည် နှာခေါင်းစည်း(masks)များနိုင်ငံများတွင် လူအများ ဝတ်ဆင်ရန် တိုက်တွန်းခြင်း၊ ဖြန့်ဝေခြင်းများပြုလုပ်ခဲ့သည့်အတွက် ကူးစက်မှု သိသိသာသာ နည်းကြောင်းတွေ့ရသည်။ သမ္မ တထရန့်သည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးမထားဘဲ အထင်သေးသည့်ခေါင်းဆောင်မျိုး၊ unilateralism ကိုကျင့်သုံးသည့်ခေါင်းဆောင်ဖြစ်သည့်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် multi- lateral institutions များဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့သည် အင်အားချိနဲ့နေ၍လည်းဖြစ်သည်။ သမ္မတ အိုဘားမားလက်ထက် အီဘိုလာကပ်ဘေးကို ထိရောက်စွာ ထိန်းချုပ်နိုင်သလို မထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံမှခေါင်းဆောင်၏ ဦးဆောင်မှုသည် နိုင်ငံတကာအဆင့် ကမ္ဘာလုံးဆိုင်ရာအဆင့် တွင်မတွေ့ရသလို၊ မိမိနိုင်ငံအတွက်ပင် ဆိုးရွားစွာခေါင်းဆောင်မှုပြုနေသည်၊ အုပ်ချုပ်စီမံမှုပြုနေသည်ကို မြင် တွေ့နေရသည်။


ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို လေ့လာကြည့်လျှင်လည်း ဥရောပသမဂ္ဂ (အီးယူ)၏ ကိုဗစ်-၁၉ကပ်ဘေး တုန့်ပြန်မှုသည် အောင်မှတ်မရဟုဆိုရမည်။ အီတလီနိုင်ငံတွင် ကူးစက်မှုများပြားပြီး ဆေးရုံများ၊ဆရာဝန်များ၊ ဆေးဝါးပစ္စည်း လုံလောက်မှုမရှိ မနိုင်မနင်းဖြစ်နေချိန်တွင် ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းကူညီ ပေးခြင်းမရှိဘဲ၊ နယ်စပ်များကိုပင် ပိတ်ပင်ပစ်ခဲ့သည်။ အီတလီနိုင်ငံ လိုအပ်နေသည့် ဆေးနှင့်ဆေးပစ္စည်းများ ထောက်ပံ့ကူညီမှုမရှိခဲ့သည်ကို တွေ့ရသည်။ အလားတူ စပိန်၊ဗြိတိန်တို့ကိုလည်း ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံ များမှ ပံ့ပိုးကူညီမှုများ မရှိသလောက်ဖြစ်ခဲ့သည်။ တရုတ်အစိုးရကပင် အီတလီနိုင်ငံကို ဆေးဝါးပစ္စည်းနှင့် ကျွမ်း ကျင်ပညာရှင်များ စေလွှတ်ခဲ့သည်။ ဥရောပသမဂ္ဂ၏ အပြန်အလှန် ရိုင်းပင်းကူညီမှု၊ အတူတကွဆိုသည့် စိတ်ဓါတ်များကို ကိုဗစ်-၁၉ကပ်ဘေး ကူးစက်မှုကို အသည်းအသန် ထိန်းချုပ်နေရသည့် နိုင်ငံများတွင် မတွေ့ရ သလိုဖြစ်နေသည်။ ကိုယ်ဖြစ်ကိုယ်ခံဆိုသည့်ပုံစံ ဖြစ်နေခဲ့သည်။ ဗြိတိန်ပင်မဟုတ်ဘဲ အီတလီပါ ဥရောပသမဂ္ဂမှ ထွက်ခွာနိုင်သည့် အခြေအနေ မြင်တွေ့နေရသည်။


နိုင်ငံတစ်နိုင်ငံစီ၏ တုန့်ပြန်မှုများကို လေ့လာကြည့်သည့်အခါတွင်လည်း အာဏာရှင် တရုတ်အစိုးရ၏ အုပ်ချုပ်စီ မံမှု တုန့်ပြန်မှုက အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံများထက် ပိုကောင်းသည်ဟုလည်းမဆိုနိုင်။ ချီးမွန်းသူ များကတော့ ချီးမွန်းနေကြသော်လည်း ပြည်နယ်နှင့်ဝူဟန်မြို့တော်အုပ်ချုပ်ရေးအဖွဲ့တို့၏ အမှန်ကိုကွယ်ဝှက် ထားခဲ့ခြင်းသည် တရုတ်နိုင်ငံသာမက တကမ္ဘာလုံးကို ဒုက္ခတွေ့စေခဲ့သည်။ Hong Kong Science & Techno- logy University, Department of Public Policy မှပါမောက္ခ Donald Low ကသူ၏ဖေ့စ်ဘွတ်စာမျက်နှာ၌ ယခု လိုမှတ်ချက်ပေးခဲ့သည်။


“တရုတ်နိုင်ငံ ဒေသန္တရအုပ်ချုပ်ရေးနှင့် ဗြူရိုကရေစီယန္တရားသည် ကြီးမားသည့် ပြသနာ (Crisis)ကို ဖြေရှင်းရန် အတွက် အလေ့အကျင့်မရှိခဲ့သဖြင့် ကြီးမားသည့် ပြသနာအကျပ်အတည်းနှင့်ရင်ဆိုင်နေရချိန်မှာလည်း နဂိုမူလ လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆက်လက်လုပ်ဆောင်နေတတ်သည်ဟုဆိုသည်။ အထက်လူကြီးမသိအောင် ဖုံးဖိတတ်သည့် အကျင့်များ၊ မကောင်းသတင်းဆိုလျှင် ကွယ်ဝှက်တတ်သည့် အကျင့်များ အရိုးစွဲနေပြီး ပြသနာ ၏ အတိမ်အနက်ကို မသုံးသပ်နိုင်ခြင်းသည် အာဏာရှင်စနစ်အောက် ဗြူရိုကရေစီ၏ ပုံမှန်လုပ်ထုံးလုပ်နည်းလို ဖြစ်နေသည်ဟုဆိုသည်”။


တရုတ်ဗဟိုအစိုးရသည် ရက်သတ္တပတ်၅ပတ်ခန့် အချိန်လွန်ပြီး ဝူဟန်မြို့တွင် အခြေအနေ အတော်ဆိုးနေချိန်မှ ထိရောက်ပြတ်သားသည့် ဆုံးဖြတ်ချက်များချမှတ်ပြီး ဝူဟန်မြို့ကို လုံးဝပိတ်ဆို့ လော့ဒ်ဒေါင်းလုပ်ပြီး အခြားမြို့ ကြီးများစွာကိုလည်း အသွားအလာများ၊ ကန့်သတ်မှုများပြုလုပ်ခဲ့သည်။ စက်ရုံအလုပ်ရုံ၊ကျောင်းများ၊ဈေးများ၊ ကုန်တိုက်များအပါအဝင် လူစည်းကားသည့်နေရာများကို ပိတ်ပင်ခဲ့သည့်အတွက် ကိုဗစ်-၁၉ကူးစက်မှုကို ကူးစက်ခံရသူပေါင်း ၈သောင်းကျော် သေဆုံးသူဦးရေ ၄ထောင်ကျော် (တရုတ်အစိုးရ၏ ထုတ်ပြန်ချက်အရ)ဖြင့် ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ အာဏာရှင်စနစ်ကြောင့် သတင်းအမှောင်ချမှုများဖြစ်ပွားပြီး တကမ္ဘာလုံး ကပ်ဘေးဖြင့်ယခုထက်တိုင် ရင်ဆိုင်နေရသည်။ တရုတ်အစိုးရသည် အခြားနိုင်ငံများ အချိန်ရရန် သူ့နိုင်ငံကို အနာခံပိတ်ဆို့ပေးသည်ဟု အမှတ်ယူနေသော်လည်း ချီးမွန်းထော်ပနာပြုမှုများရှိနေသော်လည်း ယင်းအနေဖြင့် တာဝန်ခံမှုရှိရန်၊ ကပ်ဘေးနောက်တစ်ကြိမ်ဖြစ်ပွားခဲ့ပါက အချိန်မီ နိုင်ငံတကာကို အသိပေးရန် စနစ်များထူထောင်ပါမည်ဟု ကတိပြုရမည်ဖြစ်သည်။ ၂၀၀၃ခုနှစ် SARS ရောဂါဖြစ်ပွားစဉ်ကလည်း ဘေးဂျင်းမြို့ မြို့တော်ဝန်နှင့်အဖွဲ့သည် သတင်းအမှောင်ချမှုများ၊ဖုံးဖိမှုများရှိခဲ့၍ ဒေသတွင်း တိုင်ဝမ်၊ဟောင်ကောင်၊စင်ကာပူ တို့တွင် ကူးစက်မှုများဖြစ်ပွားခဲ့ရသည်။ ယခုအချိန်သည် ဒုတိယအကြိမ်ဖြစ်သည်။ ထိုအတွက်ကြောင့် တရုတ် အစိုးရအနေဖြင့် နိုင်ငံတကာအလည်တွင် တာဝန်သိသည့် ဇာတ်ကောင်တစ်ဦး (responsible stakeholder) အဖြင့်ပြသရန် လိုအပ်နေပြီဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည်လည်း ယခုကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ဘေး နောက်တစ်ကြိမ် မကြုံတွေ့ရအောင်၊ ဖြစ်ပွားနေသည်ဟု သိရလျှင် အချိန်မီ စုံစမ်းဖေါ်ထုတ်၍ လိုအပ်သည့် သတင်းအချက်အလက်ပေးခြင်း၊ အကူအညီပေးခြင်းစနစ်များကို ယခု ကတည်းက တည်ဆောက်ထားရန်လိုအပ်နေသည်။


တရုတ်ပြည်ဖြစ်ပွားနေသည့်အချိန်ထက် ၂လခန့်နောက်ကျ ရောက်ရှိလာသည့် ကိုဗစ်-၁၉ကူးစက်မှုကို တုန့်ပြန် ရာမှာတော့ ဒီမိုကရေစီနိုင်ငံများသည် အတော်နာမည်ပျက်ကြသည်။ ယင်းတို့၏ အုပ်ချုပ်စီမံမှု အတော်ညံ့ဖျင်း ကြောင်း ပြသနေသလိုဖြစ်နေသည်။ သို့သော် သေချာလေ့လာကြည့်လျှင် ဒီမိုကရေစီနိုင်ငံများတွင်လည်း လူပြိန်းကြိုက်နိုင်ငံရေးသမားများ (populists) ဦးဆောင်နေသည့် အမေရိကန်၊အီတလီ၊ဗြိတိန်တို့က အဆိုးဆုံး ဖြစ်နေသည်။ ကျန်းမာရေးပညာ၊ပညာရှင်နှင့် သတင်းအချက်အလက်များကို ဂရုမပြု၊ နိုင်ငံသားများ၏ အကျိုးကို မကြည့် မိမိကိုယ်ကျိုးသာကြည့်သည့် သမ္မတထရန့်လို ပုဂ္ဂိုလ်မျိုးကြောင့် အမေရိကန်နိုင်ငံတွင် မဖြစ်သင့်ဘဲ လူအများသေကြေ ဝေဒနာခံစားကြရသည်။ ဗြိတိန်လည်း ထိုနည်းတူဖြစ်သည်။သို့သော် ဒီမိုကရေစီ အခြေခိုင်ပြီးဖြစ်သည့် အမေရိကန်၊ဗြိတိန်တို့၏ အားသာချက်မှာတော့ အုပ်ချုပ်ရေးအာဏာ ကိုင်ထားသည့် သမ္မတ၊ဝန်ကြီးချုပ်နှင့် ယင်းတို့၏အစိုးရများ လုပ်ချင်သလို လုပ်၍မရခြင်းဖြစ်သည်။ ဖယ်ဒရယ် ဒီမိုကရေစီ အမေရိကန်နိုင်ငံတွင် သမ္မတထရန့်ကဲ့သို့ ထင်ရာစိုင်းများရှိသလို၊ အင်မတန်ဆိုးဝါးသည့် အခြေအနေ၌ အုပ်ချုပ်စီမံမှု စွမ်းဆောင်ရည်ကို အကောင်းဆုံးပြသနိုင်သည့် နယူးယောက်ပြည်နယ် အုပ်ချုပ်ရေး မှူး Andrew Cuomo လိုစံနမူနာယူစရာ ပုဂ္ဂိုလ်များလည်းရှိနေသည်။ ဖယ်ဒရယ်စနစ်ဖြင့်သဖြင့် သမ္မတထရန့် ထင်ရာစိုင်းချင်တိုင်းစိုင်းလို့မရ၊ Andrew Cuomoက မိမိပြည်နယ်သားများ၏ ကျန်းမာရေးလုံခြုံမှုအတွက် တိကျ ပြတ်သားစွာ ဆုံးဖြတ်ချက်များ၊ အရေးယူဆောင်ရွက်ချက်များသည် အံ့မခန်းဖြစ်သည်။ စာရေးသူသည် သူ၏ အချက်အလက်နှင့်တကွ တိတိကျကျ ပြတ်သားစွာ ရှင်းလင်းသည့် နေ့စဉ်သတင်းစာ ရှင်းလင်းပွဲများကို နေ့စဉ်လို ကြည့်မိနားထောင်ဖြစ်ခဲ့သည်။ မူဝါဒဆိုင်ရာ လေ့လာကျင့်သုံးနေသူများအတွက် သူ၏ပြသနာကို ကိုင်တွယ်ဖြေ ရှင်းနေပုံသည် လေ့လာသင်ယူစရာလိုဖြစ်သည်။ အလားတူ ဒီမိုကရေစီနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ တိုင်ဝမ်၊ဟောင်ကောင်တို့၏ ကိုဗစ်-၁၉ထိန်းချုပ်မှုများသည် အမှန်တကယ် ချီးကျူးစရာဖြစ်သည်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးသည် တိုင်ဝမ်အစိုးရထံမှ အကြံဉာဏ်များ မယူခဲ့သဖြင့် ယခုလို အပြစ်တင်ဝေဖန်ခြင်း ခံရသလို တကမ္ဘာလုံးအတွက် နစ်နာခဲ့ရသည်။ ယင်းနိုင်ငံများသည် လော့ဒ်ဒေါင်းလည်းမလုပ် (တောင်ကိုရီးယားပင် တနိုင်ငံလုံးမလုပ်)ဘဲ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်။ အရှေ့အာရှနိုင်ငံများသည် SARS အတွေ့အကြုံရှိခဲ့ ၍ ထိုသို့ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ အမေရိကန်နှင့် ဥရောပတိုက်နိုင်ငံများကတော့ ကပ်ဘေးအန္တရာယ် မကြုံတွေ့ရသည်မှာ ရာစုနှစ်တစ်ခုလောက် ရှိနေပြီဖြစ်သောကြောင့် ကိုဗစ်-၁၉ အန္တရာယ်ကို လျှော့တွက်ခဲ့ခြင်း ဟုအချို့ပညာရှင်များကလည်း သုံးသပ်ကြသည်။ လူဦးရေအရလည်း သက်ကြီးရွယ်အိုများသည့် နိုင်ငံများဖြစ် နေသောကြောင့် အသေအပျောက်များရခြင်းဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။


မိမိတို့ အာဆီယံဒေသတွင်း နိုင်ငံများကတော့ ကိုဗစ်-၁၉ကူးစက်မှုကို တုန့်ပြန်ရာမှာ အောင်မှတ်ကျော်သည်ဟု ဆိုရမည်။ ပူပြင်းသည့်ရာသီဥတုကြောင့်လည်း ဖြစ်နိုင်သလို၊ အစိုးရများ၏ထိန်းချုပ်နိုင်မှု စွမ်းဆောင်ရည် မဆိုး သောကြောင့်လည်းဖြစ်မည်။ စင်ကာပူနိုင်ငံသာ ချီးကျူးခံရပြီးမှ ယခုအခါ ကူးစက်မှုသောင်းကျော်သွားသဖြင့် ဝေဖန်ခံနေရသည်။ စင်ကာပူ၏ အဓိကအမှား၂ခုသည် နှာခေါင်းစည်းဝတ်ဆင်ခြင်းကို အားမပေးခဲ့ခြင်းနှင့် tracing and quarantine ထိတွေ့ခဲ့သူကိုရှာဖွေဖေါ်ထုတ်ခြင်းနှင့် သီးခြားကန့်သတ်ထားမှုများမှာ အားနည်းချက် များရှိခြင်းကြောင့်ဟု သုံးသပ်ကြသည်။ ဘင်္ဂလားဒေ့ရှ်၊မြန်မာအစရှိသည့်နိုင်ငံများမှ ရွေ့ပြောင်းအလုပ်သမားများ ကို လူသားမဆန်စွာ ဆက်ဆံမှုများကြောင့် (အဆောင်များတွင် လူများပြည့်ကျပ်နေထိုင်စေခြင်း)ဟုလည်း ေ၀ ဖန်ခံနေရသည်။ အိမ်နီးခြင်း အိန္ဒိယ၏ ဖရိုဖရဲ ပြည်တွင်းရွေ့ပြောင်းသမားများ နေရပ်ပြန်ရေးကို အလေးမထား သည့် လော့ဒ်ဒေါင်းသည်လည်း အဝေဖန်ခံခဲ့ရသည်။

စီးပွားပျက်ကပ်ဘေးကို တုန့်ပြန်မှုနှင့် အုပ်ချုပ်စီမံမှု


ကိုဗစ်-၁၉သည် ရောဂါကန္တရကပ်တင်ဖြစ်ပေါ်စေသည်မဟုတ်၊ စီးပွားပျက်ကပ်ကိုပါဖြစ်စေနိုင်သည်ဟု သုံးသပ် ကြသည်။ လက်ရှိအချိန်မှာပင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကြီးက ၂၀၂၀ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုကို အနှုတ်-၃သတ်မှတ်လိုက်ပြီဖြစ်သည်။ အမေရိကန်နိုင်ငံတွင်ဆိုလျှင် အလုပ်လက်မဲ့ ၂၆သန်းရှိသွားပြီ ဟုသိရသည်။


ယခုအကြိမ် ကြုံတွေ့ရမည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု (global recession)သည် ၂၀၀၈ခုနှစ်ကထက် ပိုမိုဆိုးဝါးမည်ဖြစ်သလို၊ ၁၉၃၀ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ် (global depression)လိုပင် ကမ္ဘာလုံး ဆိုင်ရာ စီးပွားကျဆင်းမှုသည် အချိန်ကြာမြင့်နိုင်သလို ကျဆင်းမှုသည်လည်း ပြင်းထန်နိုင်သည်ဟု ပညာရှင်များ ကသုံးသပ်နေကြသည်။ ကိုဗစ်-၁၉ကြောင့်ဖြစ်ပေါ်လာနေသည့် စီးပွားရေးကျဆင်းမှုသည် ကုန်ထုတ်လုပ်ငန်း များ၏ ဗဟိုချက်များမှ ထုတ်လုပ်မှုများပြတ်တောက်ခြင်း (supply shock)ကိုဖြစ်ပေါ်စေသလို၊ စားသုံးသူများ စီးပွားရေးလုပ်ငန်းများ၏ သုံးစွဲမှုများလျှော့ချနေခြင်းကြောင့် ဝယ်လိုအားများလျှော့နည်းလာခြင်း (demand shock)ကိုလည်းဖြစ်စေသည်။ ယခုတခါ ကျဆင်းမှုသည် ၂၀၀၈ခုနှစ်ကကဲ့သို့ ငွေရေးကြေးရေးကဏ္ဍတွင် ဖြစ် ပေါ်ခြင်းမဟုတ်ဘဲ real economy ဟုခေါ်သည့် အမှန်တကယ် ထုတ်လုပ်၊သယ်ပို့၊ ရောင်းဝယ်ဖေါက်ကားနေ သည့်ဈေးကွက်များအတွင်း ဖြစ်ပေါ်ခြင်းကြောင့် နိုင်ငံတကာအသိုက်အဝန်း၏ ပူးပေါင်းဖြေရှင်းခြင်းမရှိပါက အလွန်ဆိုးဝါးသွားနိုင်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။


ထိုအခြေအနေတွင် ဂျီ၂၀အုပ်စုဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းများအား နိုင် ငံတကာတွင် ကျော်ကြားထင်ရှားသည့် စီးပွားရေးပညာရှင်များ (အခြားပညာရှင်များလည်းပါ)က သုတေသန စာတမ်းများ၊ ဆောင်းပါးများ အများအပြား ရေးသားထုတ်ဝေပြီး ကိုဗစ်-၁၉ကပ်ဘေးနှင့် ကျရောက်လာနေသည့် စီးပွားရေးကျဆင်းမှု (recession)ဘေးတို့ကို အထိရောက်ဆုံး တုန့်ပြန်ရန် ဝိုင်းဝန်းတိုက်တွန်းကြသည်။ ဂျီ-၂၀ အုပ်စုဆိုသည်မှာ ၁၉၉၇ခုနှစ် အာရှတိုက်တွင်ဖြစ်ပေါ်ခဲ့သည့် ဘဏ္ဍာငွေကြေးအကျပ်အတည်း (Asian Financial Crisis) အားထိရောက်စွာ တုန့်ပြန်နိုင်ရန် ဘဏ္ဍာရေးဝန်ကြီးများဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံထိပ်သီးခေါင်းဆောင်များလည်း ဦးဆောင်လာခဲ့သည့် အဖွဲ့အစည်းကြီးဖြစ်သည်။ ဂျီ-၂၀ (G-20)အဖွဲ့ဝင်နိုင် ငံအားလုံး၏ ဂျီဒီပီသည် တကမ္ဘာလုံး ဂျီဒီပီ၏ ၉၀ရာခိုင်နှုန်းရှိသဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု သည် အင်မတန် အရေးကြီးသည်။ ဂျီ၂၀လိုပင် ဖွံ့ဖြိုးပြီး အနောက်အုပ်စုဝင် နိုင်ငံ၇နိုင်ငံဖြစ်ဖွဲ့စည်းထားသည့် ဂျီ-၇အုပ်စုသည်လည်း စီးပွားရေးကျဆင်းမှုကို တုန့်ပြန်ရာမှာ အရေးပါသည့် အဖွဲ့အစည်းဖြစ်သည်။ ဥရောပတိုက် တွင်တော့ မည်သို့ပင်ဆိုစေကာမူ အင်အားကြီးပြီး ချမ်းသာသည့်နိုင်ငံများပါဝင်သည့် ဥရောပသမဂ္ဂလည်း ရှိနေ သည်။


ယခုအခါမှာတော့ ဂျီ-၂၀အုပ်စုဝင်နိုင်ငံများ၊ ဂျီ-၇အုပ်စုဝင်နိုင်ငံများနှင့် ဥရောပသမဂ္ဂအားလုံးတို့သည် စီးပွားရေး ပညာရှင် Richard Baldwinနှင့် Beatrice Weder Di Mauro တို့တည်းဖြတ်ပြီး မကြာခင်က ထုတ်ဝေခဲ့သည့် “Mitigating the COVID Economic Crisis: Act Fast and Do Whatever It Takes” စာအုပ်ခေါင်းစဉ်လိုပင် ကိုဗစ်-၁၉ကူးစက်မှုကပ်ဘေးနှင့် ယင်းကြောင့်ဖြစ်ပေါ်လာသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု (global recession)ကို မြန်ဆန်စွာနှင့် ထိရောက်စွာ တုန့်ပြန်ရန် သဘောတူညီလာသည်ကိုတွေ့ရသည်။ ထို့ပြင် တုန့်ပြန် ရန်အတွက် အရင်းအမြစ်များ မည်မျှပင်လိုအပ်စေကာမူ ထိုအရင်းအမြစ်များကို ရသည့်နည်းဖြင့်ရှာဖွေပြီး သုံးစွဲ သွားရန်လည်း သဘောတူညီခဲ့သည်။
ထိုသဘောတူညီချက်များတွင် ပထမဆုံး ကိုဗစ်-၁၉ကပ်ဘေးကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် ကျန်းမာရေးစနစ် ကိုမြှင့်တင်မည့် အစီအစဉ်များဖြစ်သည် ။ တချိန်တည်းမှာပင် လော့ဒ်ဒေါင်းကဲ့သို့သော ကိုဗစ်-၁၉ ထိန်းချုပ်ရေး အစီအစဉ်များ ပြုလုပ်ရခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုများကို အကောင်းဆုံး တုန့်ပြန်သည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ဥပမာ အလုပ်များရပ်ထားရသဖြင့် လစာမပေးနိုင် သည့်ကုမ္ပဏီများ၏ ဝန်ထမ်းများအား အစိုးရများမှ လစာပေးထားခြင်း၊ အိမ်ထောင်စုများသို့ ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ ချေးငွေများ လုပ်ငန်းလည်ပတ်ရန် ငွေလိုနေသည့် ကုမ္ပဏီများ စီးပွားရေးလုပ်ငန်းများကို ထုတ် ပေးခြင်းတို့ဖြစ်သည်။ ရေရှည်တွင်လည်း ဥတုရာသီပြောင်းလဲမှု၊ ကမ္ဘာကြီးပူနွေးမှုတို့ကို ဝိုင်းဝန်းဖြေရှင်းသွား ရန်လည်း ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။


နိုင်ငံတိုင်းသည် မိမိနိုင်ငံအတွင်း ကိုဗစ်-၁၉ကပ်ဘေးနှင့် စီးပွားရေးကျဆင်းမှုကို အစီအစဉ်များ Stimulus Package များချမှတ်ဆောင်ရွက်လျက်ရှိသည်။ အမေရိကန်၊ တရုတ်၊ဂျပန်တို့၏ အစီအစဉ်များသည် အမေရိကန် ဒေါ်လာ ထွီလီယံပမာဏရှိကြသည်။ အီးယူ၏ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုဗစ်-၁၉ကြောင့် အထိခိုက်ဆုံး နှင့် အလိုအပ်ဆုံး အီတလီ၊ပေါ်တူဂီ၊စပိန်နိုင်ငံများကို ထောက်ပံ့မည့် အစီအစဉ်များမှာလည်း ပမာဏ ထွီလီယံ ရှိမည်။ အီးယူဗဟိုဘဏ်မှ အတိုးနှုန်းများလျှော့ချခဲ့သည်မှာလည်း ကိုဗစ်မတိုင်မီကပင်ဖြစ်ပြီး ယခုအခါမှာလည်း အဖွဲ့ဝင်နိုင်ငံအစိုးရများ ထုတ်ရောင်းသည့် ငွေတိုက်စာချုပ်များ၊ လက်မှတ်များကို ဝယ်ယူမည်ဖြစ်သည်။ ဗဟိုဘဏ်များ၏ ငွေကြေးဆိုင်ရာမူဝါဒ (monetary policy)တစ်ခုတည်းကို အသုံးပြုမည်မဟုတ်ဘဲ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒကိရိယာများ (Fiscal Policy Tools)ဖြစ်သည့် လူမှုဖူလုံရေး အထောက်အပံ့များ၊ အခွန်လျှော့ပေါ့ ခြင်းအစရှိသည့် မူဝါဒဆိုင်ရာ ကိရိယာများအားလုံးကို အသုံးချသွားမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံစီ၏ အမျိုးသား မူဝါဒများ (National Policies)သည် အခြားနိုင်ငံများကို မထိခိုက်စေရန် ဂျီ-၂၀၊ဂျီ-၇နှင့် အီးယူနိုင်ငံများ အချင်း ချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဟု ကတိပြုထားကြသည်။ နိုင်ငံတစ်နိုင်ငံခြင်းစီ၏ အမျိုးသားမူဝါဒများ သည် ကမ္ဘာလုံးဆိုင်ရာ မူဝါဒများ၊ ပန်းတိုင်များဖြင့်လည်း ကိုက်ညီရမည်ဖြစ်သည်။
တဖန် ယခုအကြိမ် ကိုဗစ်-၁၉နှင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကို တုန့်ပြန်ရာတွင် ထူးခြားသည့်အချက်မှာတော့ ဖွံ့ဖြိုးဆဲ ဆင်းရဲသည့်နိုင်ငံများကို ထည့်သွင်းစဉ်းစားခြင်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကိုဗစ်-၁၉နှင့် စီးပွားရေး ကျဆင်းမှုကို တုန့်ပြန်နိုင်သည့် အင်အားမရှိကြောင်း ကမ္ဘာ့အင်အားကြီးနိုင်ငံများ နားလည်သဘောပေါက်ကြ သည်။ တချိန်တည်းမှာ မိမိတို့နိုင်ငံများတွင်သာ ကိုဗစ်-၁၉ကို ထိန်းချုပ်နိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆက်လက် ဖြစ်ပွားနေပါက ယင်းတို့၏နိုင်ငံများတွင်လည်း ပြန်လည်ဖြစ်ပွားနိုင်သည်ကို သိရှိထားသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အား နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းများ (အထူးသဖြင့် ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်)မှတဆင့် ကြီးမားသည့် ကျန်းမာရေးနှင့် အခြားပြန်လည်ထူထောင်ရေး အကူအညီများပေးအပ်သွားမည်ဖြစ်သည်။


ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ပေးအပ်မည့် အကူအညီများတွင် ထူးခြားသည့် အစီအစဉ်မှာတော့ ချေးငွေများ ဆိုင်းငံ့ ရန်နှင့် အပြီးပယ်ဖျက်ရန်တို့ဖြစ်သည်။ ချေးငွေထုတ်ပေးထားသည့် ပါရီကလပ်အဖွဲ့ဝင် နိုင်ငံများမှအစိုးရများ၊ ပါရီကလပ်အဖွဲ့ဝင် နိုင်ငံမဟုတ်သည့် တရုတ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကြွေးရှင်များကို ၎င်းတို့ကို ဖွံ့ဖြိုးဆဲနိုင်ငံများ မှပေးဆပ်ရန် ရှိနေသည့်ချေးငွေများကို ယခုနှစ်တွင် ဆိုင်းငံ့ထားရန်နှင့် ကြွေးလျှော်ရန် တိုက်တွန်းတောင်းဆို နေကြသည်။ ၂နိုင်ငံအစိုးရချင်း ချေးယူထားသည့် ချေးငွေများမှာ ဆိုင်းငံ့ရန် သေချာပြီး ပုဂ္ဂလိကကြွေးရှင်များကို လည်း ဆိုင်းငံ့နှင့် ချေးငွေများရှော်ပစ်ရန် (debt relief)တိုက်တွန်းလျက်ရှိသည်။ မဟုတ်လျှင် ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် ယခုပင် ကိုဗစ်-၁၉ကြောင့် ၎င်းတို့ချေးယူထားသည့် ချေးငွေများနှင့် အတိုးတို့ကို ပေးစရာငွေမရှိဖြစ်နေပြီး ထိုအခြေအနေတွင် ကမ္ဘာ့ဘဏ်၊အိုင်အမ်အက်ဖ်တို့မှ ကိုဗစ်-၁၉အတွက် ထုတ်ပေးသည့်ချေးငွေများ ကိုဗစ်-၁၉ တိုက်ဖျက်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် မသုံးစွဲရဘဲ ယခင်ချေးငွေများကို တိုးရင်းပေါင်းဆပ်နေရမည် ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ နိုင်ငံတကာပညာရှင်များ၊ အဖွဲ့အစည်းများမှ ချေးငွေများဆိုင်းငံ့ရန်နှင့် ရှော်ပစ်ရန် တိုက်တွန်းနေခြင်းဖြစ်သည်။


◾ နိဂုံး


အထက်ဖေါ်ပြပါ အချက်များကိုလေ့လာကြည့်လျှင် နိုင်ငံတကာ၊ဒေသတွင်းနှင့် အမေရိကန်၊ဥရောပ၊တရုတ်နှင့် အခြားနိုင်ငံအတော်များများသည် ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ရန် မူဝါဒဆိုင်ရာ တုန့်ပြန်မှုများတွင် များစွာ အားနည်းချက်များရှိနေကြောင်း၊ အုပ်ချုပ်စီမံမှု စွမ်းဆောင်ရည် အားနည်းကြောင်းတွေရသည်။


သို့သော်လည်း ချမ်းသာသည့် အနောက်အုပ်စုနိုင်ငံများဖြင့်ဖွဲ့စည်းထားသည့် ဂျီ-၇၊ အခြားအနောက်အုပ်စုတင် မကဘဲ တရုတ်၊ရုရှား၊ဘရာဇီးလ်၊အိန္ဒိယတို့ပါဝင်သည့် ဂျီ-၂၀နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနေသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုကို တုန့်ပြန်ရာတွင်တော့ ပူးပေါင်းဆောင်ရွက် မှုများ အားကောင်းသလို၊ တနိုင်ငံခြင်းစီ၏ အစီအစဉ်များသည်လည်း မြန်ဆန်ပြီး ထိရောက်မှုရှိနိုင်သည်ဟု ယူဆရသည်။ ထို့ပြင် ဖွံ့ဖြိုးဆဲ ဆင်းရဲသည့်နိုင်ငံများအတွက်လည်း ထည့်သွင်းစဉ်းစားပြီး နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီများမှတဆင့် ပေးအပ်သွားနေပြီဖြစ်သည်။ထို့အတွက်ကြောင့် ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ကိုဗစ်-၁၉ အလွန်မှာလည်း ဆက်လက်ထိန်းသိမ်းထားနိုင်လျှင် ပိုမိုကောင်းမွန်သည့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်စီမံမှု (global governance)မှသည် ပိုမိုကောင်းမွန်သည့် စိမ်းလမ်းသည့် သန့်ရှင်းသည့် မျှတမှုရှိသည့် ကမ္ဘာကြီးဖြစ် ပေါ်လာနိုင်ကြောင်း တင်ပြလိုက်ရပါသည်။


ခိုင်ဝင်း

၂၈ ၊ ဧပြီ ၊ ၂၀၂၀


PDF Download Link :

http://www.mediafire.com/file/98lianoo6yhd1kr/Covid_19_and_Governance_by_Khine_Win.pdf/file?fbclid=IwAR0sqtjxm2vtel0yvAiXSZ67doezz4pHKsHkxUtLq9G2d235tL6LOZkvsg8